မြန်မာနိုင်ငံတွင် တင်းမာမှုလျှော့ချရန်အတွက် ဆောင်ရွက်ပေးနိုင်သည့် အဆိုပြုချက်တရပ်ကို မြန်မာ့ အိမ်နီးချင်း တရုတ် နိုင်ငံက မကြာသေးခင် ရက်ပိုင်းက တင်ပြလာသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြီးခဲ့သည့် မတ်လ ၇ ရက်ကပင် မြန်မာ့အရေး ဖြေရှင်းရန် အချက် ၃ ချက်ပါသော အဆိုပြုချက် တရပ်ကို တရားဝင် ပြောကြားထားသည်။
မြန်မာပြည်သူများက တရုတ်နိုင်ငံအပေါ် အာဏာသိမ်း စစ်ခေါင်းဆောင်များဘက်က ရပ်တည်သည်ဆိုသည့် ရှုမြင်မှုများနှင့် မြန်မာစစ်ဗိုလ်ချုပ်များကလည်း တရုတ်နိုင်ငံကို မလိုလားဟု သတင်းများ ထွက်ပေါ်နေစဉ်မှာပင် နိုင်ငံခြားရေးဝန်ကြီးက ထိုသို့ ပြောကြားလာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်အထိ ရဲနှင့် စစ်တပ်၏ လက်ချက် ကြောင့် အရပ်သား ၅၀ ကျော်သေဆုံးပြီး လူ ၁၈၀၀ ကျော် အဖမ်းခံထားရသည်။ အာဏာသိမ်းမှုနှင့် ပတ်သက်၍ အမေရိ ကန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံများက ပြင်းပြင်းထန်ထန် ဝေဖန်ကာ အရေးယူ ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့သော်လည်း တရုတ်နိုင်ငံက မည်သည့် လှုပ်ရှားမှုမှ ထင်ထင်ရှားရှား မပြသခဲ့ပေ။
အဘယ်ကြောင့် ယခုအခါတွင်မှ တရုတ်နိုင်ငံဘက်က ထိုသို့ ထုတ်ပြောလာရသနည်း။ စဉ်းစားစရာ ရှိလာသည်။
အဆိုပါ အချက်နှင့်အတူ ဒေသတွင်း အင်အားကြီးတရုတ်နိုင်ငံ၏ အဆိုပြုချက်ကို မြန်မာ စစ်ဗိုလ်ချုပ်များအပါအဝင် မတူညီသော အစုအဖွဲ့ အသီးသီးက အလွယ်တကူ လိုက်နာကြမည်လော၊ ထိုသို့ မဟုတ်ဘဲ မလိုက်နာပါက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း ဆိုသည့် အချက်များလည်း ကျွဲကူးရေပါ ဆိုသလိုပင် စဉ်းစားစရာ ဖြစ်လာသည်။
တရုတ်၏ အဆိုပြုချက်
နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာ့အရေးနှင့် ပတ်သက်၍ အချက် ၃ ချက်ပါဝင်သည့် တရုတ်နိုင်ငံ၏ သဘောထားကို ပြောဆိုထားခြင်း ဖြစ်သည်။
ပထမအချက်မှာ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ အုပ်စုအားလုံး၏ သဘောထားကွဲလွဲမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်အတွင်းမှ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖြေရှင်းပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆက်လက် လုပ်ကိုင်ရန် ဖြစ်သည်။
ဒုတိယအချက်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN) ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေးနှင့် အားလုံး သဘောတူသော ဆုံးဖြတ်ချက် ချမှတ်ရေးမူကို ဆုပ်ကိုင်ပြီး ASEAN နည်းလမ်းဖြင့် ကြားဝင် စေ့စပ်ကာ ဘုံသဘောတူ ညီနိုင်သည့်အချက် ရှာဖွေခြင်းကို တရုတ်က ထောက်ခံသည် ဆိုသည့် အချက် ဖြစ်သည်။
ယင်းအချက်သည် မြန်မာနိုင်ငံ အချုပ်အခြာအာဏာနှင့် ပြည်သူများ၏ ဆန္ဒကို လေးစားသည့်အခြေခံတွင် တရုတ်နိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့် ထိတွေ့ဆက်ဆံ၍ တင်းမာမှုများ လျှော့ချရေးအတွက် အပြုသဘောပါဝင်ရန် အဆင်သင့် ရှိသည်ဆိုသည့် အချက်ပင် ဖြစ်ကြောင်း ဝမ်ယိက ရှင်းပြသည်။
တတိယအချက်မှာ တရုတ်နှင့် မြန်မာသည် အေးအတူ ပူအမျှ အနာဂတ်ကို ခွဲဝေပိုင်ဆိုင်သည့် လူမှုအသိုက်အဝန်း တခု ဖြစ်သဖြင့် တရုတ်နိုင်ငံသည် တရုတ်- မြန်မာ ဆက်ဆံရေး တိုးတက်စေရန် ကတိကဝတ်ကို တုံ့ဆိုင်းနေမည် မဟုတ်ဘဲ မြန်မာနိုင်ငံအခြေအနေ မည်သို့ဖြစ်စေကာမူ ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်သည့် လမ်းကြောင်းမှ ပြောင်းလဲမည် မဟုတ် ဆိုသည့် အချက်ဖြစ်သည်။
ထို့ပြင် ဝန်ကြီးက မြန်မာ့နိုင်ငံအရေးအတွက် လတ်တလော ဦးစားပေးမှာ နောက်ထပ် သွေးထွက်သံယိုဖြစ်မှုများနှင့် ပဋိပက္ခများကို တားဆီးပြီး တင်းမာမှုများ အမြန်ဆုံးပြေလျော့ရေး ဆောင်ရွက်ရန် ဖြစ်ကြောင်း တရုတ်နိုင်ငံ ဥပဒေပြု လွှတ်တော် နှစ်ပတ်လည် ညီလာခံ၏ သီးခြား သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
တရုတ်က ဘာကြောင့် အဆိုပြုတာလဲ
နိုင်ငံရေး လေ့လာသုံးသပ်သူတဦးကမူ တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့် ပတ်သက်ပါက ယခင်ကတည်းကပင် ၎င်း၏ အကျိုးစီးပွားကို အခြေခံကာ မြန်မာနိုင်ငံအတွင်းရှိ မတူညီသော အုပ်စုအားလုံးနှင့် ကောင်းမွန်သည့် ဆက်ဆံရေးများ တည်ဆောက်ထားလေ့ ရှိကြောင်း ပြောဆိုသည်။
သို့သော်လည်း မြန်မာနိုင်ငံတွင်းရှိ တပ်မတော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် တရုတ်၏ ထိုကဲ့သို့သော မပြတ်သားသည့် လုပ်ရပ်ကို သိပ်မနှစ်သက်ကြကြောင်း ၎င်းက ဆိုသည်။
မြန်မာစစ်ကောင်စီက ငှားရမ်းထားသော အစ္စရေး- ကနေဒီယန်ကပြား လော်ဘီသမား Ben Menashe ကလည်း မြန်မာ စစ်ဗိုလ်ချုပ်များသည် အာဏာသိမ်းပြီးနောက် နိုင်ငံရေးမှ စွန့်ခွာရန် စိတ်အားထက်သန်နေပြီး အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး တိုးတက်ချင်ကာ တရုတ်နှင့် ခပ်ခွာခွာနေလိုကြောင်း Foreign Lobby Report သို့ မတ်လ ၅ ရက်က ပြောဆို ထားသည်။
တဖက်တွင်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုကို ရှုတ်ချရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဆွေးနွေးခဲ့ ရာတွင် တရုတ်နှင့် ရုရှား၏ ကန့်ကွက်မှုကြောင့် ဆုံးဖြတ်ချက် မထွက်ခဲ့သည့်အပေါ်မှာလည်း မြန်မာပြည်သူများက မကျေမနပ်ဖြစ်နေပြီး တရုတ်ကုန် ပစ္စည်းများ မသုံးရေး သပိတ်မှောက်သည် အထိ ဖြစ်နေသည်။
ထိုကဲ့သို့ မြန်မာနိုင်ငံအတွင်းရှိ အာဏာသိမ်းစစ်တပ်နှင့် ပြည်သူများကြား သံသယဖြင့် ကြားညှပ်နေသည့် အခြေအနေတွင် တရုတ်နိုင်ငံကလည်း မနေသာတော့ဘဲ ၎င်းတို့၏ ရပ်တည်ချက်သဘောထားကို ထုတ်ပြန် ကြေညာလာရခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူတဦးက ပြောသည်။
“အဲဒီလို အသံတွေ ကြားလာရတဲ့အခါမှာ တရုတ်ကလည်း သူ့ရဲ့ ရပ်တည်ချက်ကို ရှင်းလင်းအောင် ဖော်ပြလာရတော့ တာပေါ့။ သူပေးချင်တဲ့ သတင်းစကားကတော့ သူ့အနေနဲ့ ဗမာပြည် အပေါ်ထားတဲ့ သဘောထားက ပြောင်းလဲမှာမဟုတ် ဘူး။ ဘယ်သူ့ဘက်မှ မလိုက်ဘူး။ အကောင်းဆုံး သွေးထွက်သံယို ကိစ္စတွေ မဖြစ်ဘဲနဲ့ ဖြေရှင်းချင်တယ်။ ဖြေရှင်းပေးမယ် ဆိုတာပေါ့” ဟု ၎င်းက မှတ်ချက်ပေးသည်။
တရုတ်နိုင်ငံဘက်က ထိုသို့ အဆိုပြုထားသော်လည်း မြန်မာ စစ်ဗိုလ်ချုပ်များ အပါအဝင် မြန်မာပြည်သူများက တရုတ်နိုင်ငံ၏ အဆိုပြုချက်ကို လက်ခံကာ ညှိနှိုင်းဆွေးနွေးကြမည်လော ဆိုသည့် အချက်ကမူ ယတိပြတ်ပြောဆိုရန် ခက်ခဲကြောင်း နိုင်ငံရေး လေ့လာသူတဦးက ပြောသည်။
“အခုက တဖက်နဲ့တဖက် အပြုတ်တိုက်ရေးပဲ လုပ်နေတဲ့ အခြေအနေပါ။ ဗမာပြည်မှာက ကိုယ့်ဘက်က သာနေတယ်လို့ ယူဆရင် ဆွေးနွေးမှု လုပ်လေ့ သိပ်မရှိဘူး။ အားနည်းနေတဲ့အခါမှသာ ငါတို့ကသာ ဆွေးနွေးချင်တာ တဖက်က မဆွေး နွေးချင်ကြဘူးဆိုပြီး ပြောကြတာ” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံအတွင်းမှာလည်း စစ်ကောင်စီနှင့် ဆွေးနွေးရေးကို လက်မခံသင့်ဘဲ ဆန့်ကျင်သင့်သည် ဆိုသည့် အမြင်များ ရှိနေသည်။
နိုင်ငံတကာ ဆက်ဆံရေး ပညာကျွမ်းကျင်သူ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက တရုတ်နိုင်ငံ၏ အဆိုပြုချက်သည်၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို အသိအမှတ်ပြုထားပြီး အာဏာသိမ်း စစ်ကောင်စီနှင့် ဆွေးနွေးရန် တိုက်တွန်းထားသည့် သဘော ဖြစ်နေကြောင်း၊ အသက်ဆုံးရှုံးခံကာ ဆန္ဒပြနေသည့် မြန်မာပြည်သူများ၏ သဘောထားနှင့် ဆန့်ကျင်နေသဖြင့် လက်ခံနိုင်စရာ မရှိကြောင်း ပြောသည်။
မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံအတွက် အမြတ်အစွန်း များစွာရနိုင်သော စီမံကိန်းများ ရှိနေစဉ်တွင် တရုတ်နိုင်ငံက စစ်ကောင်စီဘက်ကို ယိမ်းလိုက်ပါက ပြည်သူများ၏ ဆန့်ကျင်မှုကို ခံရနိုင်သောကြောင့် ယခုကဲ့သို့ အဆိုပြု ပြောဆိုလာခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။
“မြန်မာ့နိုင်ငံရေးကို ပြည်တွင်းရေး ပါလို့ ပြောနေပေမယ့် အခုကျတော့ မြန်မာ့ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ပြောတာဆိုတာတွေ ရှိနေပါတယ်။ ဟိုတရက်ကဆိုရင် စစ်ကောင်စီက လူတွေနဲ့ တွေ့တဲ့ လျှို့ဝှက်စာ ထွက်လာတဲ့ အချိန် မှာ မြောက်ပိုင်းအဖွဲ့တွေကို သူထောက်ပံ့ထားတယ်ဆိုတဲ့ သဘောတွေ၊ မြောက်ပိုင်းအဖွဲ့တွေဆီက သတင်းတွေ သူရယူနေတယ်ဆိုတဲ့ သဘောတွေ တွေ့ရပါတယ်။ သူက ယုံကြည်ရတဲ့သူ မဟုတ်ပါဘူး” ဟု ဒေါက်တာ စိုင်းခိုင်မျိုးထွန်း က မှတ် ချက်ပေးသည်။
မြန်မာ စစ်ဗိုလ်ချုပ်များအနေနှင့် ၎င်းတို့ အာဏာတည်မြဲရေး အထိနာလာသောကြောင့် တရုတ်နိုင်ငံ၏ တင်ပြချက်ကို လိုက်နာကောင်း လိုက်နာလာ နိုင်သော်လည်း မြန်မာပြည်သူများအနေနှင့်မူ တရုတ်၏ ရပ်တည်ချက်ကို လက်ခံရန် မဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။
တရုတ်၏ အဆိုပြုချက်ကို ငြင်းပယ်ရင် ဘာဖြစ်မလဲ
တရုတ်နိုင်ငံ၏ အဆိုပြုချက်ကို အာဏာသိမ်း စစ်ကောင်စီအပါအဝင်၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကမူ တစုံတရာ တုံ့ပြန်ပြော ဆိုမှု မရှိသေးပေ။
မည်ကဲ့သို့ တုံ့ပြန်လာမည်ကို ဆက်လက် စောင့်ကြည့်ရဖွယ် ရှိသည်။ သို့သော်လည်း နောက်ဆက်တွဲ ထည့်သွင်းစဉ်းစား ထားရမည်က တရုတ်၏ အဆိုပြုချက်ကို လက်မခံပါက မည်ကဲ့သို ဆက်ဖြစ်နိုင်သနည်း ဆိုသည့် အချက်ပင် ဖြစ်သည်။
အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ နိုင်ငံရေး လေ့လာသူတဦးကမူ တရုတ်နိုင်ငံသည် ၎င်းတို့၏ အဆိုပြုချက်ကို မလိုက်နာပါ ကလည်း မည်သို့မျှ ထူးထူးခြားခြား တုံ့ပြန်လိမ့်မည် မဟုတ်ကြောင်း ပြောသည်။
“ကျနော် သတိထားမိသလောက်တော့ သူတို့ ပြောတာ၊ တင်ပြတာကို မလိုက်နာဘူး ဆိုရင်လည်း ဘာမှတော့ ဖိအားပေးတာ ဘာညာမလုပ်ဘူး။ သို့သော်လည်း ဘယ်အချိန်မှာ လုပ်တတ်သလဲဆိုတော့ သူတို့ အကျိုးစီးပွားကို ဗြောင်ကန်လာပြီ ဆိုရင် သူတို့က တနည်းနည်းနဲ့ ပညာပေးတတ်တယ်” ဟု ၎င်းက ပြောသည်။
သမ္မတ ဦးသိန်းစိန် အုပ်ချုပ်မှုကာလက မြန်မာနိုင်ငံ၌ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသော မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖော်နေမှုကို မြန်မာဘက်က တဖက်သက် ဆိုင်းငံ့လိုက်သောအခါ တရုတ်နိုင်ငံဘက်က ပညာပြခဲ့သည်ဟု နိုင်ငံရေး လေ့လာသူတဦးက ဥပမာပေး ပြောဆိုသည်။
“စိတ်တော့ ဆိုးတာပေါ့။ ဒါပေမယ့် ဘာမှမပြောဘူး။ တဖက်က AA (ရခိုင်စစ်တပ်) တို့လို ချို့ချို့ငဲ့ငဲ့နဲ့ ကချင်မှာ သင်တန်း တက်နေရတဲ့ အဖွဲ့ကို လာကွ ဆိုပြီး လက်ဖျောက်တီးပြီး လက်နက်တွေ ထောက်ပံ့ပေးလိုက်တယ်။ အဲဒီမှာ AA က နေ့ချင်း ညချင်း အင်အားကြီး သွားတယ်။ မင်းအောင်လှိုင်လည်း ဘာမှ မတတ်နိုင်တော့ဘူး။ ပထမတော့ ရခိုင်ကို ဝင်လာတဲ့ AA ကို၂ ရက် ၃ ရက်အတွင်း ချေမှုန်းပစ်မှာလိုလို ဘာလိုလိုနဲ့ အခုတော့ လက်ခံလိုက်ရတယ်။ ပြောချင်တာက တရုတ်မှာ ကိုင်ထားတဲ့ ဝှက်ဖဲတွေ ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံအနေနှင့် ဒေသတွင်း အင်အားကြီး တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ဆန့်ကျင်နေခြင်းထက် တရုတ် နိုင်ငံနှင့် ပူးပေါင်းကာ မြန်မာဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အကျိုးရှိရန် ဆောင်ရွက်ခြင်းက ရေရှည်တွင် ပို၍ အလုပ်ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူတဦးက မှတ်ချက်ပေး ပြောဆိုသည်။
You may also like these stories:
မြန်မာစစ်တပ် အကြမ်းဖက်နေမှု ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ
တရုတ် မဟုတ်ဘဲ အနောက်နှင့် ဆက်ဆံရေးကောင်းလိုဟု စစ်ကောင်စီ လော်ဘီ ပြော
စစ်တပ်က အစ္စရေး-ကနေဒီယန် လော်ဘီသမားကို ဒေါ်လာ ၂ သန်းပေး ငှားရမ်း
စစ်အာဏာသိမ်းအပြီး ဂျပန်-မြန်မာ ဆက်ဆံရေး ဘာလဲ ဘယ်လဲ