ရင်းနှီးမြှုပ်နှံသူများကြား တရားဝင်မှုရရှိရန် စစ်အာဏာပိုင်များ၏ ကြိုးပမ်းမှုများကို အဓိကကျသည့် နိုင်ငံခြား စီးပွားရေးလုပ်ငန်းများက ငြင်းဆန်ခဲ့ကြသည့်တိုင် မြန်မာစီးပွားရေးလုပ်ငန်းများ အနေဖြင့် စစ်အာဏာသိမ်းမှုကို မည်သို့တုံ့ပြန်ရမည် ဆိုသည်နှင့် ပတ်သက်၍ ကွဲပြားနေကြသည်။
ဥရောပ၊ အမေရိကန်၊ ဗြိတိန်၊ အီတလီနှင့်ပြင်သစ်ကုန်သည်ကြီးများအသင်း အစရှိသည့် အနောက်တိုင်း စီးပွားရေး လုပ်ငန်းများက စစ်အစိုးရ၏ဖိတ်ကြားချက်ကို မတ်လ ၄ ရက် နေ့တွင် ပယ်ချခဲ့သည်။ တချိန်တည်းမှာပင် ထိုင်း၊ ဟောင်ကောင်၊ ဂျပန်နှင့် တရုတ် ကဲ့သို့သော အာရှ၏ အဓိကစီးပွားရေး အုပ်စုများက စစ်အာဏာသိမ်းမှုနှင့် ဆန္ဒပြသူများအား ပြင်းထန်သော ဖြိုခွင်းနှိမ်နင်းမှုများအပေါ် စိုးရိမ်ကြောင်း ကြေညာချက် တစုံတရာ ထုတ်ပြန်ခဲ့ခြင်း မရှိသေးပါ။
လွတ်လပ်သော စောင့်ကြည့် လေ့လာရေးအဖွဲ့ တခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ မတ်လ ၃ ရက်နေ့ အထိ လူ ၅၀ ကျော် သေဆုံးခဲ့ရခြင်းနှင့်အတူ လက်နက်မဲ့ ဆန္ဒပြ အရပ်သားများအပေါ် စစ်အစိုးရ၏ ရက်စက်စွာနှိမ်နင်းမှုအား ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချမှုများ မြင့်တက်လာနေသည့် အချိန်တွင် အနောက်တိုင်း ကုန်သည်ကြီးများ၏ ငြင်းဆန်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
သြစတြေးလျ စီးပွားရေးလုပ်ငန်း အဖွဲ့ ဖြစ်သည့် AustCham Myanmar က မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အစိုးရသို့ ပြန်လည် ရောက်ရှိရေး လှုပ်ရှားနေသော ပြည်သူများအား အကြမ်းဖက်ခြင်း မြင့်တက်လာမှုအပေါ် ၎င်းတို့က အလေးအနက် စိုးရိမ်ကြောင်း မတ်လ ၃ ရက်နေ့တွင် ပြောကြားခဲ့သည်။
မြန်မာ့အရေးလေ့လာသည့် အမည်မဖော်လိုသူ စာနယ်ဇင်းသမားတဦးက “ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ အနေနဲ့ အခုအချိန်မှာ ပါဝင်ရမယ့် အဓိက အခန်းကဏ္ဍတခု ရှိပါတယ်။ စစ်တပ်ပိုင် လုပ်ငန်းစု ၂ ခု နဲ့ ဆက်နွယ်နေတဲ့ ပြည်တွင်းနဲ့ ပြည်ပ စီးပွားရေးလုပ်ငန်းတွေက သူတို့ရဲ့ ဆက်သွယ်မှုတွေကို ဖြတ်တောက်သင့် ပါတယ်” ဟု ဆိုသည်။
အမျိုးမျိုးသော နိုင်ငံခြား စီးပွားရေးလုပ်ငန်းများက စစ်တပ်ပိုင်မြန်မာ့စီးပွားရေး ဦး ပိုင်လီမိတက် (MEHL) နှင့် မြန်မာ့ စီးပွား ရေး ကော်ပိုရေးရှင်း (MEC) တို့နှင့် ဖက်စပ်လုပ်ကိုင် နေကြသည်။ ဂျပန်ဘီယာကုမ္ပဏီကြီး Kirin က အာဏာသိမ်းချိန် နောက် ပိုင်း MEC နှင့် လက်တွဲဖြုတ်ခဲ့သည်။
“ပုဂ္ဂလိကဘဏ် ဝန်ထမ်းတွေက လူထုအာဏာ ဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်လာ တာကြောင့် ဒီလှုပ်ရှားမှုက စစ်တပ်ပိုင် ဘဏ်တွေသာမက ဘဏ်စနစ် တခုလုံးကို ချိနဲ့ သွားစေခဲ့ပါတယ်။ နောက်ဆုံးမှာ ဒီလှုပ်ရှားမှုက စစ်တပ်ပိုင် ဒါမှမဟုတ် ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေက ဝန်ထမ်းတွေတောင် ပါဝင်လာတဲ့ အထိ တစတစ ကြီးထွားသွားနိုင်ပါတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
ပြည်တွင်း စီးပွားရေးလုပ်ငန်း အများအပြားက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပွင့်ပွင့်လင်းလင်း ထောက်ခံခဲ့ကြသည်။ ၎င်းတို့ထဲတွင် မြန်မာစစ်တပ်မှ ထုတ်လုပ်သော ဘီယာများကို ပြန်ပေးခဲ့သော ထိပ်တန်း လက်လီ အရောင်း လုပ်ငန်း City Mart လည်း အပါအဝင် ဖြစ်သည်။
အသေးစား ရောင်းချသူများကလည်း စစ်တပ် ကုန်အမှတ်တံဆိပ်များကို ရောင်းချရန် ငြင်းဆန်ခဲ့ကြပြီး စားသုံးသူများကလည်း သပိတ်မှောက်မှု ပိုမိုပြင်းထန်လာသည်။ မြန်မာပြည် မြို့အချို့တွင် မြန်မာဘီယာများကို သွန်မှောက်ခြင်း၊ ခြေဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
အင်တာနက်အပေါ် အမှီပြုသော ဖွံ့ဖြိုးစလုပ်ငန်းများကလည်း စိုးရိမ်တကြီး တုံ့ပြန်မှုများ ရှိလာသည်။
စစ်တပ်၏ တဖက်သက် လုပ်ဆောင်လာသော ဆိုက်ဘာလုံခြုံရေးဥပဒေကို စီးပွားရေးအသိုင်းအဝိုင်းက ပြင်းပြင်း ထန်ထန် ကန့်ကွက်ခဲ့ကြသည်။ အဆိုပါ ဥပဒေက နိုင်ငံအတွင်း လုပ်ငန်းလုပ်ကိုင်ရာတွင် ၎င်းတို့၏ စွမ်းရည်ကို ထိခိုက်ပျက်ပြား လိမ့်မည်ဟု အဆိုပါ အဖွဲ့အစည်းများ ပြောသည်။
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ UMFCCI နှင့် နိုင်ငံခြားကုန်သည်ကြီးများက ဝေဖန် သည့် ကြေငြာချက်များ ထုတ်ပြန်ခဲ့ကြသည်။
ရန်ကုန်မြို့အခြေစိုက် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ဒါရိုက်တာ Vicky Bowman က “တာဝန်ယူမှုရှိသော စီးပွားရေးဆိုတာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးက ရရှိတဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပြီးတော့ အရပ်ဘက်အဖွဲ့အစည်းနဲ့ မျှဝေပါတယ်” ဟု ပြောသည်။
“လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် နည်းပါးတဲ့ နေရာမှာ လာဘ်ပေးလာဘ်ယူမှုနဲ့ ဆိုးရွားတဲ့ စီးပွားရေး အလေ့အထတွေ ပိုများပါတယ်။ အဲဒီ ၂ ခုလုံးက စီးပွားရေးအတွက် မကောင်းပါဘူး။”
နိုင်ငံခြား ဆက်သွယ်ရေး အော်ပရေတာများမှာလည်း ပိုမို၍ ကြားညပ်လာရသည်။ အစောပိုင်းတွင် နော်ဝေ အခြေစိုက် ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် Telenor က ဖေဖော်ဝါရီ ၁ ရက်နေ့ မှစ၍ အင်တာနက် ဆက်သွယ်မှုကို အခါအားလျော်စွာ ဖြတ်တောက်ရန် စစ်တပ်၏ ညွှန်ကြားချက်များနှင့် ပတ်သက်၍ ၎င်း၏ ဖောက်သည်များ ထံသို့ ပုံမှန် ထုတ်ပြန်ပေးခဲ့သည်။
သို့သော် “အာဏာပိုင်များထံမှ ကျွန်ုပ်တို့ရရှိသော ညွှန်ကြားချက်များကို ထုတ်ဖော်ပြောကြားရန် မဖြစ်နိုင်တော့ကြောင်း” ဖေဖော်ဝါရီ ၁၄ ရက် နေ့ တွင် တယ်လီနောက ကြေငြာခဲ့သည်။
မတ်လ ၅ ရက် နေ့တွင် ၎င်းအနေဖြင့် “ မြန်မာနိုင်ငံမှ တယ်လီဖုန်း ဆက်သွယ်ရေး ဖောက်သည် အားလုံးအတွက် လတ်တလောနှင့် ဖြစ်ပေါ်ဆဲ ဝန်ဆောင်မှု ပြတ်တောက်မှုများနှင့် ဖောက်သည်များသို့ ကြိုတင် အသိပေးနိုင်ခြင်း မရှိသည့် အတွက် ဝမ်းနည်းမိပါကြောင်း” ကုမ္ပဏီ ထုတ်ပြန်ခဲ့သည်။
အခြားဆက်သွယ်ရေး အော်ပရေတာများ ဖြစ်သော ကာတာမှ Ooredoo၊ စစ်တပ်ပိုင် Mytel နှင့်အစိုးရပိုင် MPT တို့က အလားတူ ပွင့်လင်းမြင်သာမှု ပြသသည်ကို မတွေ့ရကြောင်း ဝေဖန်သူများက မှတ်ချက်ချသည်။
Coca-Cola၊ Facebook၊ Telenor နှင့် Heineken စသည့် နိုင်ငံတကာ ကုမ္ပဏီများ အပါအဝင် ကုမ္ပဏီပေါင်း ၁၆၀ ကျော် (ပြည်တွင်းကုမ္ပဏီ ၁၁၅ ခုနှင့် အပြည်ပြည်ဆိုင်ရာကုမ္ပဏီ ၄၇ ခု) တို့က “ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အရေးပေါ် အခြေအနေ ကြေငြာခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံမှ အခြေအနေများနှင့်ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်မှုများ တိုးလာကြောင်း” ဖော်ပြသည့် ပူးတွဲကြေငြာချက် တစောင်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
လတ်တလောတွင် အကြမ်းဖက်မှုများ မြင့်တက်လာခြင်းနှင့်အတူ စီးပွားရေးလုပ်ငန်းများ အနေဖြင့် ၎င်းတို့ ဝန်ထမ်းများ၏ လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်သင့်သည်ဟု Vicky Bowman က ပြောသည်။ ပူးတွဲ ကြေညာချက် ထွက်ပေါ်လာရေး မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က ကူညီပေးခဲ့ခြင်း ဖြစ်သည်။
“အလုပ်ရှင်တွေက သူတို့ ဝန်ထမ်းတွေရဲ့ နိုင်ငံသား လွတ်လပ်ခွင့်ကို ကာကွယ်ပေးဖို့ သေချာအောင် လုပ်သင့်ပါတယ်။ တကယ်လို့ အလုပ်သမားတွေက သူတို့ရဲ့ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးပြီး နိုင်ငံသားတွေ အနေနဲ့ ဆန္ဒပြချင်တယ်ဆိုရင် သူတို့ကို ခွင့်ပြုသင့်ပါတယ်။ လစာနဲ့ ဖြစ်စေ သို့မဟုတ် လစာမဲ့ ဖြစ်စေ ခွင့်ပေးခြင်း နည်းလမ်းမျိုး ဆိုရင်တောင်ပေါ့” ဟု သူကပြောသည်။
တချိန်တည်းမှာပင် နိုင်ငံ၏ ထိပ်တန်း စီးပွားရေး အဖွဲ့အစည်းဖြစ်သော ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံမှု တစုံတရာ ဆက်လက်ရှိနေပြီး စစ်အစိုးရကို တရားဝင်မှု အတိုင်းအတာတခုအထိ ပေးခဲ့သည်။
UMFCCI ဥက္ကဌ ဦးဇော်မင်းဝင်းက မတ်လ ၂ ရက်နေ့တွင် စစ်အစိုးရက ခန့်အပ်ထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်နိုင်ဦးနှင့် အတူ ၂၇ ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများ၏ အွန်လိုင်း အစည်းအဝေး တခုသို့ တက်ရောက်ခဲ့သည်။
ပြည်တွင်း မီဒီယာတခုဖြစ်သည့် The Voice ၏ အဆိုအရ ဝန်ကြီးနှင့် UMFCCI တို့ကြားတွင် မတ်လ ၃ ရက်နေ့က ပြုလုပ်ရန် စီစဉ်ထားသော အွန်လိုင်း ဆွေးနွေးပွဲသို့ တက်ရောက်သူ နည်းပါးလွန်း၍ ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီး ၂ ရက်အကြာတွင် UMFCCI ခေါင်းဆောင်များက စစ်အစိုးရနှင့် တွေ့ဆုံခဲ့ပြီး ဝန်ထမ်းများကို အလုပ်ပြန်လုပ်ရန် ဖိအားပေးမှုကြောင့် အရှက်တကွဲဖြစ်ပြီးနောက် ၎င်း၏ ရုံးကို ပိတ်ထားခဲ့ရသည်။ ထိုစွပ်စွဲချက်ကို သူတို့က ငြင်းဆန်ခဲ့သည်။
အွန်လိုင်းပေါ်တွင် ကျယ်ပြန့်စွာ မျှဝေခဲ့ကြသော Facebook မှ ပို့စ်တခုတွင် အင်တာနက် သုံးစွဲသူများက UMFCCI ခေါင်းဆောင်များနှင့် သူတို့၏ စီးပွားရေးလုပ်ငန်းများကို ရှုတ်ချရန်နှင့် သပိတ်မှောက်ရန် အများပြည်သူကို တောင်းဆိုခဲ့ကြသည်။ ပစ်မှတ်ထားခံရသူများထဲတွင် ရသာချို ပိုင်ရှင် ဦးဝေဖြိုး၊ သူရိန်ဝင်းနှင့် နဂါးပျံလက်ဖက်ခြောက် ပိုင်ရှင် ဦးအေးဝင်းနှင့် ရွှေသံလွင် ကုမ္ပဏီနှင့် SkyNet ရုပ်မြင်သံကြားဌာန ပိုင်ရှင် ဦးကျော်ဝင်းတို့ ပါဝင်သည်။
ဝေဖန်မှုများအတွက် ပစ်မှတ်ထားခံရသည့် အခြားသူများမှာ Diamond Capital Star Group ပိုင်ရှင် ဦးကိုကိုကြီးနှင့် Grand Royal ဝီစကီ အုပ်စု၏ ပိုင်ရှင် ဦးအောင်မိုးကျော် တို့ဖြစ်သည်။ အာဏာသိမ်းသူများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများမြင့်တက်လာခြင်း နှင့် ပတ်သက်၍ စိုးရိမ်မှု တိုးပွားလာကြောင်း ပူးတွဲကြေညာချက်ကိုလည်း သူတို့က တယောက်မျှ လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပါ။
စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ တိတ်ဆိတ်နေကြဆဲ အာရှကုမ္ပဏီများလည်း ပိုမို၍ ပစ်မှတ်ထားခံလာကြရသည်။
လက်စားချေမည်ကို စိုးရိမ်သောကြောင့် ၎င်း၏ အမည်ကို မဖော်ပြရန် တောင်းဆိုခဲ့သော အကြီးတန်း စီးပွားရေး အမှုဆောင် အရာရှိတဦးက “ဆန့်ကျင်မှုကို ထောက်ခံဖို့ ဒီမှာရှိတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကတောင်မှ သူတို့ စီးပွားရေးနဲ့ ရင်းပြီး စွန့်စားနေပေမယ့် အကျပ်အတည်း ကာလအတွင်းမှာ ထိုင်းနိုင်ငံက CP Group၊ ရွှေတောင်နှင့် Grand Royal တို့လို ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံသူတွေက လုံးဝတိတ်ဆိတ်နေတာကို တွေ့ရတာက အံ့သြစရာပါပဲ” ဟု ပြောသည်။
“ဒီအကျပ်အတည်း ကာလအတွင်းမှာ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ အမှန်တရား အတွက် ထွက်ပြောဖို့ တာဝန်ရှိပါတယ်။ စားသုံးသူတွေနဲ့ ဝန်ထမ်းတွေမှာ စီးပွားရေးလုပ်ငန်းတွေကို စိစစ်ဖို့ အခွင့်အရေး ရှိပါတယ်။ တာဝန်မဲ့တဲ့ ရင်းနှီးမြှုပ်နှံသူ တွေကို သင်ခန်းစာ ပေးသင့်ပါတယ်” ဟု အဆိုပါ အမှုဆောင်က ပြောသည်။
ထို သဘောထားကို လမ်းများပေါ်တွင်လည်း ဖော်ပြနေသည်။ “စီးပွားရေးလုပ်ငန်းတွေက မတရားမှုတွေနဲ့ ပတ်သက်လို့ ရပ်တည်ချက် ခိုင်မာသင့်တယ်။ လက်နက်ကိုင်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံနေရတဲ့အချိန်မှာ သူတို့က စားသုံးသူ ပြည်သူလူထုနဲ့ အတူ မရပ်တည်ဘူးဆိုရင် ဒီစီးပွားရေးလုပ်ငန်းတွေဟာ ပြည်သူလူထုရဲ့ လူမှုရေး ပြစ်ဒဏ်ခတ်ခြင်းနဲ့ ရင်ဆိုင်ရလိမ့်မယ်” ဟု ဆန္ဒပြသူ တဦးက ပြောသည်။
“စားသုံးသူ သပိတ်မှောက်ခြင်းကို ခံရတာက ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေး ထိန်းသိမ်းထားဖို့ထက် ပေးဆပ်ရမယ့် တန်ဖိုး အများကြီး ပိုများတယ်ဆိုတာကို စီးပွားရေးလုပ်ငန်းတွေ သိထားသင့်ပါတယ်။”
(Asia Times ပါ Dominic Oo ၏ Business revolt brewing in coup-crippled Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ပြည်တွင်းပြည်ပ ကုမ္ပဏီများ စစ်အာဏာသိမ်းမှုကို ရှုတ်ချ
စစ်ကောင်စီခေါင်းဆောင်၏ သားသမီးများ အမေရိကန် အရေးယူပိတ်ဆို့
စစ်ကောင်စီနှင့် ဆွေးနွေးရန် ပြည်တွင်း ပြည်ပ စီးပွားရေးအဖွဲ့အစည်းများ ငြင်းပယ်