ဆောင်းပါး

မြန်မာစစ်အာဏာသိမ်းမှု သို့မဟုတ် အမှောင်ခေတ်သို့ ပြန်သွားခြင်း

နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ ရွေးကောက်ခံလွှတ်တော်သစ်သည် ကျမ်းသစ္စာ ကျိန်ဆိုရန် စီစဉ်ထားသည်။

သို့သော် မြန်မာစစ်တပ်နှင့် ရွေးကောက်ခံကိုယ်စားလှယ်များအကြား ဆယ်စုနှစ်တခုကြာ လှိုင်းထန်သော အာဏာခွဲဝေခဲ့မှုအပြီး စစ်တပ်က အာဏာသိမ်းလိုက်သည်။ ထိုနောက် စစ်တပ်သည် နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်အတိုင်ပင်ခံနှင့် သမ္မတ ဦးဝင်းမြင့်ကို အရေအတွက် အတိအကျ မသိရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် စစ်တပ်ကို ဝေဖန်သည့် အခြားသူများနှင့် အတူ ဖမ်းဆီးလိုက်သည်။

စစ်တပ်သည် တနှစ်ကြာ အရေးပေါ်အခြေအနေကိုလည်း ကြေညာပြီး ဗိုလ်ချုပ်ဟောင်းမြင့်ဆွေကို ခေတ္တသမ္မတအဖြစ် ခန့်အပ်ကာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို စစ်တပ်အကြီးအကဲ ဗိိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သို့ လွှဲပြောင်း ပေးအပ်လိုက်သည်။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပသော ရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟု အခြေအမြစ် မခိုင်လုံသော စွပ်စွဲချက်များဖြင့် စစ်တပ်က အာဏာသိမ်းသည်။ ထိုရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပေါ် မဲအပြတ်အသတ်ဖြင့် ၂၀၁၅ ခုနှစ်ကအတိုင်း တောင်ပြိုကမ်းပြို နိုင်သည်။

ထိုစစ်အာဏာသိမ်းမှုကြောင့် ဆယ်စုနှစ်တခုကြာ အကန့်အသတ်ဖြင့် ပြုလုပ်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အဆုံးသတ်သွားသည်။ ထို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမတိုင်မီက မြန်မာနိုင်ငံသည် သွေးထွက်သံယို များပြားသည့် တိုင်းရင်းသားအခြေပြု ပြည်တွင်းစစ်နှင့် ဆယ်စုနှစ် ၅ ခုကြာ စစ်အုပ်ချုပ်ရေးကို ကြုံတွေ့ခဲ့ရသည်။

၂၀၁၁ ခုနှစ်ရောက်မှသာ စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော အရပ်သားအရာရှိများနှင့် အာဏာခွဲဝေသည့် အစီအစဉ်ကို သဘောတူခဲ့ခြင်းဖြစ်သည်။ နေအိမ်တွင် အကျယ်ချုပ် ၁၅ နှစ်နေထိုင်ခဲ့ရသော လူသားချင်းစာနာမှုဝါဒီ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ်က နိုဘယ်ငြိမ်းချမ်းရေးဆုဖြင့် ဂုဏ်ပြုခဲ့သော်လည်း ရိုဟင်ဂျာ မွတ်ဆလင်များကို လူမျိုးတုန်းသတ်ဖြတ်ရာတွင် စစ်တပ်ပါဝင်ပတ်သက်မှုကို ခုံခံကာကွယ်သောကြောင့် ၂၀၁၉ ခုနှစ်တွင် ဂုဏ်သိက္ခာ ညှိုးနွမ်းရပြန်သည်။

မြန်မာနိုင်ငံအနာဂတ်သည် မည်သို့ရှိမည်နည်း။ အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှု ဖိအားသည် ဖမ်းဆီးခံ NLD ခေါင်းဆောင်များ လွတ်မြောက်ရေးနှင့် မူလအခြေအနေ ပြန်လည်ရောက်ရှိရေး လုပ်ဆောင်လာစေရန် စစ်ကောင်စီကို ဖိအားနိုင်မည်လား။ စစ်အာဏာသိမ်းမှုနှင့်ပတ်သက်သော တရုတ်နိုင်ငံ၏ မပြတ်သားသော တုံ့ပြန်မှုသည် မြန်မာနိုင်ငံ အနာဂတ်နှင့် အာရှ ပထဝီနိုင်ငံရေး တည်ငြိမ်မှုအတွက် မည်သို့ အဓိပ္ပါယ် သက်ရောက်နေသနည်း။

တံလျပ်ရေထင်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအနာဂတ်သည် ရှည်လျားကြမ်းတမ်းကာ အပေါ်ယံအပြောင်းအလဲသာဖြစ်ပြီး စစ်မှန်ယုံကြည်ရသည့် ဒီမိုကရေစီ အပြောင်းအလဲ မဟုတ်ကြောင်း မကြာခဏ ဖေါ်ပြကြသည်။

နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လွှတ်တော်နေရာအားလုံး၏ လေးပုံတပုံကို စစ်တပ်အတွက် သီးခြားထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စစ်တပ်ကို တချက်လွှတ်အာဏာ ပေးထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် လွှတ်တော်မဲများ အားလုံး၏ ၇၅ ရာခိုင်နှုန်း ရရှိရမည်ဖြစ်သည်။

ဖွဲ့စည်းပုံက စစ်တပ်အနေဖြင့် သူတို့ကြိုက်သည့် မည်သည့်အချိန်မဆို အာဏာသိမ်းရန် ခွင့်ပြုထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားပြီး သြဇာကြီးမားသည့် ဝန်ကြီးဌာန သုံးခုကို စစ်တပ်က ချုပ်ကိုင်ထားသည်။

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၁ ခုနှစ်က အရပ်သားတပိုင်း အစိုးရထူထောင်ခြင်းနှင့် အာဏာခွဲဝေသော အစိုးရပုံစံသည် စစ်တပ်ခေါင်းဆောင်မှုနှင့် NLD ကို အဆင်မပြေသော ပူးတွဲအုပ်ချုပ်ရေးတွင် ပိတ်မိနေစေသည်။

အစိုးရသည် အချို့သော ဒီမိုကရေစီတိုးတက်မှုနှင့် အနောက်ဒီမိုကရေစီများနှင့် ပေါင်းကူးတံတားကို တည်ဆောက်ခဲ့သော်လည်း စစ်အုပ်စုသည် မည်သည့်အခါကမျှ အာဏာကို စွန့်လွှတ်ထားခြင်း မရှိပေ။ ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲတွင် NLD က တဖက်သတ်နိုင်ခဲ့ခြင်းသည် မဖြေရှင်းနိုင်သော အာဏာတိုက်ပွဲကို ပိုမိုဆိုးရွားစေသည်။

ပိုမို ရန်လိုလာသော စစ်တပ်နှင့် အလုပ်လုပ်ရန် ဒေါ်အောင်ဆန်းစုကြည်က အကောင်းဆုံး အားထုတ်ခဲ့သော်လည်း စစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမအပေါ် လူထုထောက်ခံမှုကို ပိုမိုကြောက်ရွံ့လာသည်။

လူမျိုးစုသုတ်သင်သည်ဆိုသည့် အချက်ကို ငြင်းဆန်သောကြောင့် ပြည်ပတွင် သိက္ခာကျဆင်းရသော်လည်း ပြည်တွင်းတွင် ထောက်ခံမှု ပိုမိုရရှိစေသည်။ လွန်ခဲ့သော နိုဝင်ဘာလက ရွေးကောက်ပွဲတွင် သိမ်းကြုံးအနိုင်ရပြီး ၂၀၁၅ ခုနှစ်ကထက်ပင် အခြေအနေကောင်းကာ ထိခိုက်လွယ်သော အာဏာချိန်ခွင်လျှာကို တိမ်းစောင်းသွားစေသည်မှာ အံ့သြဖွယ် မဟုတ်ပေ။

သို့သော် ထိုသို့ သိမ်းကြုံးအနိုင်ရခြင်းသက်သက်သည် စစ်တပ်အနေဖြင့် ယခုလောက်လုပ်ရန် တွန်းအားပေးမည် မဟုတ်ကြောင်း အချို့က ဆွေးနွေးကြသည်။

၂၀၂၀ ခုနှစ်အတွင်း စစ်ခေါင်းဆောင်များနှင့် ရွေးကောက်ခံအရာရှိများအကြား မကြုံဖူးသော တင်းမာမှုများကို သုတေသီများ ထောက်ပြသည်။ NLD သည် စစ်တပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်ထူးများကို ကန့်သတ်ရန် ရည်ရွယ်သော ဖွဲ့စည်းအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိုလည်း လုပ်ကိုင်ခဲ့သည်။

အစ မကောင်းခဲ့သော်လည်း ထိုသင်္ကေတဆန်သော အားထုတ်မှုသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြုပြင်ပြောင်းလဲရေးလုပ်ရန် ဆန္ဒကို ဖေါ်ပြနေပြီး ယင်းသည် စစ်တပ်က ၎င်းတို့ဖြေရှင်းထားသည်မှာ ကြာမြင့်ပြီဟု ယူဆသည့် ပြဿနာအပေါ် ဆွေးနွေးမှုများကို လူထုအကြား အသက်သွင်းပေးလိုက်သည်။

ထို့အပြင် NLD သည် NLD မဟုတ်သော လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုကိုလည်း စည်းရုံးနိုင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်နေရာ အနိုင်ရမှုကိုလည်း ၇၉ ရာခိုင်နှုန်းမှာ ၈၃ ရာခိုင်နှုန်းသို့ တိုးမြှင့်နိုင်ခဲ့သည်။ (စစ်တပ်ကယူထားသော ၂၅ ရာခိုင်နှုန်းမပါ။)

ထို့ကြောင့် စစ်တပ်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အလားအလာများကို မကြုံစဘူး ရင်ဆိုင်လာပြီး အာဏာခွဲဝေမှုပုံစံသည် လက်တွေ့အသုံးပြုနိုင်သည့် ရွေးချယ်မှု မဟုတ်တော့ကြောင်း ယူဆလာခဲ့သည်။

ရှေ့လာမည့် လအနည်းငယ်အတွင်း၌သာ စစ်ကောင်စီက ၎င်း၏ နိုင်ငံရေးအခန်းကဏ္ဍနှင့် ပတ်သက်ပြီး မည်သို့ပြန်လည်ချိန်ညှိမည်ကို ဖေါ်ပြမည်ဖြစ်သည်။

နိုင်ငံတကာတုံ့ပြန်မှု၏ သက်ရောက်မှု

အနောက်အင်အားကြီးနိုင်ငံများက စစ်ကောင်စီကို ပြင်းထန်သော အရေးယူပိတ်ဆို့မှုများ၊ အကူအညီများ ဆိုင်းငံ့ခြင်း၊ ကုန်သွယ်ရေး ပိတ်ပင်ခြင်း စသည်တို့ဖြင့်ခြိမ်းခြောက်ပြီး ဖမ်းဆီးထားသူများကို ပြန်လွှတ်ရန် တိုက်တွန်းသည်။ သို့သော် သမိုင်းအရဆိုပါက ၎င်းတို့သည် လမ်းကြောင်းပြောင်းသွားသည်အထိ ဖိအားပေးနိုင်သည့် အလားအလာမရှိပေ။

ပထမအချက်အနေဖြင့်ဆိုရပါက မြန်မာစစ်ခေါင်းဆောင်များသည် အင်အားချိနဲ့စေသော စီးပွားရေးပိတ်ဆို့အရေးယူမှုများသည် သာမန်ပြည်သူများကို ထိခိုက်စေလျှင်ပင် ခံနိုင်သော မှတ်တမ်းရှိသည်။ ဒုတိယအချက်မှာ ရိုဟင်ဂျာလူနည်းစုကို လူမျိုးတုန်းသတ်ဖြတ်ရာတွင် ပါဝင်ပတ်သက်သောကြောင့် ဗိုလ်ချုပ်မင်းအောင်လှိုင်းကို အမေရိကန် ဘဏ္ဍာရေးဌာနက ၂၀၁၉ ခုနှစ်ကပင် အထူးသတ်မှတ်န်ိုင်ငံသားများစာရင်းတွင် ထည့်သွင်းထားပြီးဖြစ်သည်။

နောက်ထပ်အရေးယူပိတ်ဆို့မှုများကြောင့် မြန်မာစစ်တပ်အကြီးအကဲကို ထပ်မံထိခိုက်စရာ မရှိသလောက်ပင်ဖြစ်သည်။ တတိယအချက်မှာ အနောက်နိုင်ငံများသည် မြန်မာနိုင်ငံကို တရုတ်ဖက်သို့ ပိုမိုနီးကပ်သွားမည်ကို စိုးရိမ်ပြီး သူ၏အစိုးရကို အရေးယူပိတ်ဆို့မှု လုပ်မည် မဟုတ်ကြောင်း မြန်မာစစ်တပ်အကြီးအကဲက လောင်းကြေးထပ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် အနောက်အင်အားကြီးနိုင်ငံများသည် ၎င်းတို့နှင့် တရုတ်နိုင်ငံ ကစားနေသည့် လက်ရှိ စစ်အေး စစ်တုရင်ကစားပွဲတွင် အရေးပါသော ပွန်းတကောင်ဆုံးရှုံးနေသည်။

လက်တွေ့တွင်လည်း စစ်အာဏာသိမ်းမှုနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ တုံ့ပြန်မှုသည် မပြတ်မသားဖြစ်နေသည်။ မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နှင့် ဒုတိယအကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူအဖြစ် တရုတ်က မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုကို အစိုးရအဖွဲ့အတွင်း အပြောင်းအလဲဟုသာ သတ်မှတ်သည်။ အရှေ့တောင်အာရှနိုင်ငံများအသင်းအနေဖြင့်လည်း ထိုအတိုင်းသာ သဘောထားရန် အချက်ပြနေသည်။

ခြုံငုံသုံးသပ်ရပါက အနောက်နိုင်ငံများနှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်းထံမှ စစ်တပ်ကို ဖိအားပေးပြီး ပွင့်ပွင့်လင်းလင်း ရှုတ်ချမှုများကို မျှော်လင့်နိုင်မည် မဟုတ်ပေ။

ပြည်တွင်းစစ်ကို ကြိုတင်ခန့်မှန်းရမည်လော

သို့သော် မြန်မာနိုင်ငံအတွက် အရာအားလုံး ဆုံးရှုံးသည်တော့မဟုတ်ပေ။ ကြီးမားလှသော လူအများစုက NLD ကို ထောက်ခံမဲပေးခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို သိသိသာသာ လူထုထောက်ခံမှုရှိပြီး မဲဆန္ဒရှင်များသည် ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသည့် ခေါင်းဆောင်များက အုပ်ချုပ်သည်ကို ခံယူလိုကြသည်။

ထို့အပြင် သံတမန်ရေးရာ အထီးကျန်မှု ရာစုနှစ်တဝက်အပြီးနောက် ပြည်သူများသည် ခက်ခက်ခဲခဲ ရယူထားသည့် နှိုင်းယှဉ်ချက်အားဖြင့် လွတ်လပ်မှုကို အသားကျနေပြီဖြစ်သည်။ အင်တာနက်၊ မိုဘိုင်းဖုန်း၊ လူမှုကွန်ရက်တို့ဖြင့် လူလားမြောက်လာသော မျိုးဆက်သစ်ကြောင့် တင်းကျပ်သော စစ်အုပ်ချုပ်ရေးသို့ ပြန်သွားခြင်းသည် စစ်ကောင်စီအတွက် အန္တရာယ်များလှသည်။

ထို့အပြင် မီဒီယာများ အာရုံစိုက်မှု ပိုမိုများပြားလာခြင်းနှင့် လူမှုမတည်ငြိမ်မှု အလားအလာက အဓိက ရင်းနှီးမြှုပ်နှံသူများအတွက် စိတ်ပူပန်စရာဖြစ်လာစေခြင်းတို့သည် စစ်တပ်ဖိနှိပ်မှုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။

အတိတ်က ကျောင်းသားများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများသည် စစ်တပ်ကို ဆန့်ကျင်လှုပ်ရှားရာတွင် အံ့သြစရာ ကျွမ်းကျင်မှု ရှိကြသည်။ ထို့ကြောင့် ကျယ်ပြန့်သော လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုများသည် စစ်တပ်၏ ဖိနှိပ်ခံရမှုကို ကြံ့ကြံ့ခံနေနိုင်သည်။

လတ်တလောတွင်မူ အချို့ အရပ်သားခေါင်းဆောင်များကို ထိန်းသိမ်းထားသည်။ နိုင်ငံတဝှမ်းလုံးတွင် အင်တာနက်နှင့် ဖုန်းဝန်ဆောင်မှုများကို ဖြတ်တောက်သည်။ ဆန္ဒပြစုဝေးမှုများကို တားဆီးရန် အဓိက မြို့ကြီးများတွင် ကြီးမားသည့် လုံခြုံရေးတပ်များကို ချထားသည်။

ထို့ကြောင့် မြန်မာလက်နက်ကိုင်တပ်များသည် ရှည်ကြာလှသော ကာလအတွင်း သူတို့ ယခင်ကအတိုင်း ပြုကျင့်ခဲ့သလို စိတ်ထင်တိုင်း လုပ်ချင်သော်လည်း လုပ်ခွင့်မရ။ မည်သို့ဆိုစေကာမူ အရပ်သားများ၏ ဆန့်ကျင်မှုက ပို ထိရောက်ပြီး ပို ကျယ်ပြန့်လေ လက်နက်ကိုင်တပ်များက ဖိနှိပ်ရန် ပို လိုအပ်လေဟု ယူဆနိုင်သည်။

သို့သော် ပိုမိုအန္တရာယ်များသည့် ဖြစ်ရပ်တခုကလည်း ပိုနီးကပ်လာသည်။ အချုပ်အခြာ ပိုင်နက်အတွင်း လူမျိုးစု ၁၃၅ ခုကို အသိအမှတ်ပြုထားသော မြန်မာနိုင်ငံတွင် လူမျိုးရေး ဘာသာရေး ကွဲပြားမှုများဖြင့်ပြည့်နှက်နေသည်။ ယင်းကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေး စစ်တပ်ကို ဆယ်စုနှစ် ၇ ခုကြာ တိုက်ပွဲဝင်နေသည့် အင်အားကြီးမားပြီး စနစ်ကျသည့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုမျိုးစုံရှိနေခြင်းက ပြသနေသည်။

ထိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြားသည် စစ်အာဏာသိမ်းခြင်းကို မထောက်ခံသည်မှာ အံ့သြစရာ မဟုတ်ပေ။ စစ်အာဏာသိမ်းမှုသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်ဟု ၎င်းတို့မြင်သည်။ ထိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်က မြန်မာနိုင်ငံတွင် ဖယ်ဒရယ်ပြည်ထောင်စုကို အနာဂတ်တွင် ထူထောင်ရန် ရည်ရွယ်သည်။ ပျောက်ကြားတိုက်ခိုက်မှု ဆယ်စုနှစ်များစွာပြီးနောက် ဒီမိုကရေစီ အကူးအပြောင်း၏ အကြီးမားဆုံး အောင်မြင်မှုများအနက် တခုမှာ မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် အများအပြား လက်မှတ်ရေးထိုးထားသည့် ခက်ခဲလှသော အပစ်အခတ်ရပ်စဲရေးကို ရယူနိုင်ခြင်းဖြစ်သည်။

ရွေးကောက်တင်မြှောက်သော အစိုးရတရပ်သည်သော ထိုကဲ့သို့သော အောင်မြင်ပြီးမြောက်မှုမျိုးကို လုပ်ဆောင်နိုင်သည်ဟု ယူဆရသည်။ စစ်ကောင်စီသည် တရားမဝင် နိုင်ငံကို ထိန်းချုပ်ထားသော်လည်း ငြိမ်းချမ်းရေးကိစ္စကို ယုံကြည်လက်ခံနိုင်ဖွယ် ဆောင်ရွက်နိုင်မည့် အလားအလာမရှိပေ။

အသစ်ဖွဲ့စည်းလိုက်သည့် တရားမဝင်သော စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်များ၏ ကာလရှည်ကြာပြီဖြစ်သော ခွဲထွက်ရေး မျှော်မှန်းချက်များကို ပြန်လည်မီးမွှေးပေးပြီး ငုတ်လျှိုးနေသော လူမျိုးစုရေး၊ ဘာသာရေး သွေးကွဲမှုများကို ပြန်လည် အသက်သွင်းပေးနိုင်သောကြောင့် လက်ရှိအချိန်တွင် ထိခိုက်လွယ်ပြီးဖြစ်နေသော ချိန်ခွင်လျှာသည် စစ်အာဏာသိမ်းမှုကြောင့် အခြေအနေ ပိုမိုဆိုးရွားသွားမည်ကို သုတေသီများ ပူပန်ကြသည်။

ထိုသို့ဖြစ်ပါက တင်းပြည့်ကျပ်ပြည့် ပြည်တွင်းစစ်တခု မြန်မာနိုင်ငံတွင် ပြန်လည်ဖြစ်လာပြီး အရှေ့တောင်အာရှဒေသတခုလုံး၏ တည်ငြိမ်မှုအတွက် ပြင်းထန်သော အကျိုးဆက်များ ပေါ်ပေါက်လာမည်ဖြစ်သည်။

အနာဂတ်အတွက် အကဲဖြတ်ချက်

မြန်မာနိုင်ငံ၏ စနစ်တွင်ပါလာသော မညီမျှမှု၊ ဆင်းရဲနွမ်းပါးမှု ကျယ်ပြန့်ခြင်း၊ ပျောက်ကြားအုပ်စု ဒါဇင်ပေါင်းများစွာ ပါဝင်သော ပဋိပက္ခ၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေး အပြင်းအထန် ကျဆင်းနေခြင်းတို့ အားလုံးစုပေါင်းလိုက်သောအခါ ငုပ်လျှိုးနေသော တင်းမာမှုများကို ပိုမိုဆိုးရွားစေနိုင်သည်။ ထိုနိုင်ငံရေးအကျပ်အတည်းသည် မြန်မာနိုင်ငံ လိုအပ်သော နောက်ဆုံးအရာသာ ဖြစ်သည်။

နိုင်ငံတဝန်း ကျယ်ပြန့်သည့် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှု၊ လူထုမငြိမ်သက်မှုများနှင့် ပျောက်ကြားစစ် စသည့် ပြည်တွင်းအကြောင်းရင်းခံများသည် စစ်ကောင်စီက ထပ်မံချမှတ်မည့် ဆုံးဖြတ်ချက်များအပေါ် သြဇာသက်ရောက်နိုင်ပြီး နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများနှင့် အရေးယူပိတ်ဆို့မှုများသည် ထိုသို့ဖြစ်စေမည့် အလားအလာ မရှိပေ။

ရေတိုတွင် မြန်မာနိုင်ငံ၏ အနာဂတ်သည် ပြည်သူများ၏ လက်ထဲတွင်သာ ရှိနေနိုင်ပြီး လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုကို မည်မျှကြာအောင် ဆက်ထိန်းထားနိုင်ခြင်း ရှိမရှိ အပေါ်မူတည်နေသည်။ ရေရှည်တွင် အဓိက ပြဿနာမှာ စစ်ကောင်စီက နိုင်ငံအပေါ် ချုပ်ကိုင်မှုအချို့ကို စွန့်လွတ်ရန် စိတ်ပါ မပါနှင့် မည်သည့်အချိန်တွင် စိတ်ပါမည်ဆိုသော ကိစ္စဖြစ်သည်။

လတ်တလောတွင်မူ ဖွဲ့စည်းပုံအခြေခံဥပဒေ အကာအကွယ်နှင့် တချက်လွှတ် အာဏာများကို အကြီးအကျယ်ရထားသည့်ကြားမှ ဒီမိုကရေစီနည်းကျရွေးကောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် အာဏာခွဲဝေရန် စစ်ကောင်စီက စိတ်မပါခြင်းသည် တိုင်းပြည်အနာဂတ်အတွက် မကောင်းလှဟုသာ သုံးသပ်တင်ပြအပ်ပါသည်။

(Global Risk Insights ပါ Myanmar Coup: a Return to the Dark Ages? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

မြန်မာပြည်ကို ကယ်တင်ရန် တာဝန်နှင့် အခွင့်အရေး

လူသားမျိုးနွယ်ကို ကျူးလွန်သော ရာဇဝတ်မှုမြောက်နိုင်ဟု ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ပြော

R2P နဲ့ မြန်မာ့နွေဦးတော်လှန်ရေး

Loading