လှိုင်သာယာမြို့နယ်ကလမ်းမကြီးတွေပေါ်မှာ ဒီနေ့မနက် ကားတွေဆိုင်ကယ်တွေနဲ့ ပြည်နှက်လို့နေပါတယ်။ တက္ကစီတွေပေါ်မှာဆိုရင်လည်း အဝတ်အစားအိတ်တွေ၊ အိုးခွက်တွေနဲ့ အပ်ချုပ်စက် တချို့ တွေ့ရသလို ဆိုင်ကယ်တွေပေါ်မှာ ဆိုရင်လည်း အလားတူပစ္စည်းမျိုးတွေပါပဲ။
အကုန်လုံးက လှိုင်သာယာကို စွန့်ခွာပြီး နေရပ်ရင်းဒေသတွေကို ပြန်နေကြတာဖြစ်ပါတယ်။ သင်္ကြန်ကာလလို အခါကြီးရက်ကြီး မတိုင်မီ ကိုယ့်ဒေသကို ပြန်ကြတဲ့မြင်ကွင်းမျိုးကို ပြန်မြင်လိုက်ရသလိုပါပဲ။ အခုအခြေအနေကတော့ အဲ့သလို မဟုတ်ဘဲ ခြားနားနေပါတယ်။ ပြန်နေကြသူတွေရဲ့ မျက်နှာတွေမှာ စစ်တလင်းပြင်ကို စွန့်ခွာသွားကြတော့မယ့် အလား စိုးရိမ်ထိတ်လန့်မှုတွေ တွေ့နေရပါတယ်။
လုပ်သားမြို့တော်လို့ တင်စားခေါ်နေကြတဲ့ လှိုင်သာယာဟာ အရင်တုန်းက စက်ရုံ အလုပ်သွားချိန်နဲ့ အလုပ်ဆင်းချိန်တွေမှာ ဖွေးဖွေးလှုပ်စည်နေတဲ့မြို့ပါ။ ကိုဗစ်ကာလမှာပင် Mask ကိုစီနဲ့သွားလာမှုတွေနဲ့ စည်ကားနေဆဲဖြစ်ပါတယ်။ အခုတော့ မြို့ပျက်သဖွယ် ပြောင်းလဲသွားခဲ့ရပါတယ်။
ဒီလိုအခြေအနေတွေရဲ့ လက်သည်တရားခံကတော့ စစ်တပ်ပါ။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်တော့ တတိုင်းပြည်လုံးကပြည်သူတွေက လွတ်လပ်မှုတွေ၊ မျှော်လင့်ချက်တွေ၊ တရားမျှတမှုတွေကို သေနတ်ပြပြီး လုယူလိုက်သလို လှိုင်သာယာမှာမဲပေးခဲ့သူတွေကလည်း ထပ်တူခံစားခဲ့ကြရပါတယ်။
ဒါကြောင့် တိုင်းပြည်တဝန်း စစ်အာဏာရှင် ဆန္ဒပြပွဲတွေ ဖြစ်ခဲ့သလို လှိုင်သာယာမှာလည်း ဆက်တိုက် လုပ်ဆောင်ခဲ့ကြပါတယ်။ မတ်လ ၁၄ ရက်နေ့ကတော့ လှိုင်သာယာက သပိတ်စစ်ကြောင်းတွေကို လက်နက် အပြည့် ကိုင်ဆောင်ထားတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေဟာ စစ်မြေပြင်လို ပစ်ခတ်သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တဲ့ အတွက် ဆန္ဒပြ ပြည်သူ ၅၀ ဝန်းကျင်လောက် သေဆုံးခဲ့ရပါတယ်။
ဒါတင်မကသေးဘဲ တခြားမြို့နယ်တချို့နဲ့အတူ လှိုင်သာယာမြို့နယ် ကိုစစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။ အဲဒီနောက်မှာတော့ အနယ်နယ် အရပ်ရပ်ကနေ လှိုင်သာယာက စက်ရုံ၊ အလုပ်ရုံတွေမှာ ဝမ်းရေး အတွက် လာရောက် အလုပ်လုပ်ကိုင်နေကြရသူတွေဟာ အသက်လုံခြုံရေး အတွက် နယ်ကိုပြန်နေကြတာဖြစ်ပါတယ်။
ဒေသခံ ပြည်သူတဦးက “ပြည်သူ လူထုတွေကို လက်နက်အင်အားနဲ့ တိုက်ခိုက်နေတော့ မနေရဲတော့ဘူး။ နေရပ်ပြန်ရတာပေါ့လေ။ သူတို့က လက်နက်နဲ့ ခြိမ်းခြောက်နေတော့ ပြည်သူတွေက အလုပ်အကိုင်က ဘယ်လိုမှ ဆင်းလို့ မရတော့ဘူး။ ဆင်းရင်လည်း ပစ်သတ်ခံရမှာလေ” လို့ ဆိုပါတယ်။
လှိုင်သာယာမြို့နယ် တခုလုံးမှာ မီးခိုးငွေ့တွေ၊ ယမ်းငွေ့တွေ၊ မီးလောင်ကျွမ်းထားတဲ့ ကားတွေ၊ စက်ရုံတွေ၊ အထပ်ထပ် ပိတ်ဆို့ထားတဲ့ လမ်းတွေကို မြင်တွေ့နေရသလို အထုပ်အပိုး ကိုယ်စီနဲ့ အခက်အခဲကြားက ကိုယ်ချစ်တဲ့ တိရစ္ဆာန်ငယ် လေးတွေကို ပွေ့ပိုက်ပြီး လွတ်ရာကို ပြောင်းရွှေ့ထွက်ပြေးနေပြီ ဖြစ်တဲ့ လူတွေကိုလည်း မြင်တွေ့ရမှာပါ။
စစ်တပ်ရဲ့အတောမသတ် ပစ်ခတ်မှုတွေကြားမှာ အချို့တွေက ပြောင်းရွှေ့ထွက်ပြေးကြပေမယ့်လည်း အချို့ကတော့ ဆက်လက် နေထိုင်နေဦးမှာပါ။
“လှိုင်သာယာကို စစ်မိန့်ပေးတဲ့နေ့က စပြီးတော့ သူတို့ကိုယ်သူတို့ မလုံခြုံတော့ဘူးလို့ ခံစားရတယ်။ ကျနော်တို့လည်း မလုံ ခြုံပါဘူး။ ဒါပေမယ့် ကိုယ်က ဒီမှာကို စောင့်မှရမှာမို့လို့ စောင့်နေခဲ့တာ။ ကျနော်တို့လည်း ပြန်ချင်တာပေါ့” လို့ ဒေသခံ အမျိုးသား တဦးက ဆိုပါတယ်။
ဒီလို စွန့်ခွာ ထွက်ပြေးမှုတွေကြောင့် စက်ရုံလုပ်ငန်းတွေ မလည်ပတ်နိုင်ဖို့ ပိုမို သေချာလာသလို အလုပ်လက်မဲ့နှုန်းတွေ လည်း အဆမတန် တိုးလာမယ့် အခြေအနေတွေ ရှိနေပါတယ်။
အလုပ်သမားအဖွဲ့အစည်း တခုမှ ပြောရေး ဆိုခွင့်ရှိသူတဦးက “ကောလဟလ ဒါမှမဟုတ် အရေးပေါ်ကာလဆိုင်ရာ အခြေ အနေတွေကြောင့်မို့လို့ ပြန်တဲ့ အလုပ်သမားတွေ များလာပြီဆိုရင် သူတို့နေရာမှာ အစားထိုးဖို့အတွက် အလုပ်သမား အင် အားက အပြည့်အစုံ မရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အလုပ်သမားပေါင်း သိန်းနဲ့ ချီပြီးတော့ ပြန်တယ်လို့ သိရတယ်” လို့ ဆိုပါတယ်။
“အလုပ်သမားပေါင်း သိန်းနဲ့ချီပြီးတော့ ပြန်တာက နိုင်ငံ့ရဲ့ စီးပွားရေးအပေါ် တနည်းတဖုံတော့ ထိခိုက်သွားမှာ ဖြစ်တယ်” လို့ သူက ဆက်ပြောပါတယ်။
Martial Law ထုတ်ပြန်ထားတဲ့ လှိုင်သာယာနဲ့ ရွှေပြည်သာမှာရှိတဲ့ စက်ရုံအလုပ်ရုံတွေရဲ့၆၀ ရာခိုင်နှုန်းလောက်က ပိတ် သိမ်းထားရပြီလို့ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့တွေထံကနေ စုံစမ်း သိရှိရပါတယ်။ လက်ရှိ အရေအတွက်ထက်လည်း ထပ်မံ ပိတ်သိမ်းလာနိုင်ဖွယ် ရှိနေပါတယ်။
အလုပ်သမားတွေ နေရပ်ကို စွန့်ခွာထွက်ပြေးရတာကြောင့်တင် မဟုတ်ဘဲ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်း ကနေ သွေဖယ်ပြီး စစ်အာဏာသိမ်းမှုတွေ စတင်လိုက်ကတည်းက ဒီလိုအခြေအနေတွေကို ကြိုမျှော်လင့်ထားရမှာ ဖြစ် သလို စီးပွားရေး ပိတ်ဆို့မှု ပြဿနာတွေကိုလည်း ကြုံတွေ့လာရဦးမှာလို့ အလုပ်သမား အဖွဲ့အစည်းတွေရော အလုပ်ရှင် တွေကပါ သုံးသပ်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် လုပ်ငန်း အခြေအနေတွေထက် အလုပ်သမားတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးက ပိုအရေးကြီးတယ်လို့ လုပ် ငန်းရှင်တဦးက ဆိုပါတယ်။
“လုပ်ငန်းရှင်ဘက်တော့ ကိုယ့်ရဲ့ စက်ရုံနဲ့ ကျန်ခဲ့တဲ့ဝန်ထမ်းတွေ အန္တရာယ် မဖြစ်အောင် ဒါကိုပဲ ဦးတည်ပြီး တော်တော် များများက လိုက်လုပ်နေရတဲ့ အနေအထားဖြစ်တယ်။ လုံခြုံတဲ့ နေရာကို ပို့ရတာပေါ့။ လုပ်ငန်းဆိုတာက ဒီအချိန်မှာ သိပ် အရေးမကြီးတော့ဘူး။ အသက်အန္တရာယ် လုံခြုံရေးကို အဓိက လုပ်ရတာပေါ့” လို့ သူက ဆိုပါတယ်။
လက်ရှိ အခြေအနေ အရပ်ရပ်ကြောင့် နိုင်ငံတကာ အမှတ်တံဆိပ်တွေဆီက ကုန်အမှာစာ မရတာတွေ၊ ကုန်ပစ္စည်း ထပ် မအပ်တော့တဲ့ အခြေအနေတွေကိုလည်း ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ယနေ့အချိန် အထိ စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေတဲ့ ပြည်သူလူထု ကို လျစ်လျူရှုပြီး သူတို့ နှုတ်က တွင်တွင်ပြောနေတဲ့ စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖယ် လျှောက်လှမ်း နေတုန်းပါ။
ပစ်ခတ်မှုတွေကို မြို့နယ်တိုင်းနီးပါးမှာ ပြုလုပ်နေပြီး သေဆုံးသူဦးရေကလည်း တရိပ်ရိပ် မြင့်တက်နေပါတယ်။ ရပ်ဆိုင်းနေ ရတဲ့ လုပ်ငန်းပေါင်းများစွာ ရှိသလို လစာတောင် မရတော့တဲ့ ဝန်ထမ်းတွေ တဖြည်းဖြည်း တိုးပွားလာပါတယ်။ ဒ့ါပြင် လှိုင် သာယာက စွန့်ခွာထွက်ပြေးရပြီဖြစ်တဲ့ အလုပ်သမားတွေလို အလုပ်လက်မဲ့ ဖြစ်ရတဲ့ အလုပ်သမား အရေအတွက်ဟာ လည်း သန်းနဲ့ချီ တိုးလာဦးမှာပဲ ဖြစ်ပါတယ်။
“ဒီပုံစံအတိုင်းသာ စစ်တပ်က အာဏာ ဖက်ပြီးတော့ ဆုပ်ကိုင်ထားမယ်ဆိုရင် အလုပ်သမားပေါင်း သန်းနဲ့ချီပြီးတော့ အလုပ် လက်မဲ့တွေ ဖြစ်သွားနိုင်တယ်။ အလုပ်လက်မဲ့ ဖြစ်တာရဲ့ တိုက်ရိုက် အချိုးကျစွာပဲ နိုင်ငံရဲ့ စီးပွားရေးက အင်မတန်မှ နှေး ကွေးသွားမှာ ဖြစ်ပါတယ်” လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးက ဆိုပါတယ်။
စစ်ကောင်စီဟာ ဘယ်လို အကြောင်းကြောင့် အာဏာသိမ်းတယ် ဆိုပေမယ့် ပြာပုံပဲ ကျန်တဲ့ နိုင်ငံ့စီးပွားရေး အခြေအနေ ကို ရင်ဆိုင်ကြုံတွေ့ရမှာပါ။ ဒါပေမယ့် စစ်ကောင်စီကတော့ ဘယ်သူတွေ ဘယ်လို ဒုက္ခရောက်နေပါစေ အာဏာသိမ်းမှုကို သက်ဆိုးရှည်မယ့် အစီအမံသစ်တွေ ထပ်မံ ချနေဆဲပဲ ဖြစ်ပါတယ်။
You may also like these stories:
လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတချို့ မီးလောင်
အလုပ်သမား အားလုံး “အလုပ်ရပ်” အာဏာဖီဆန်ရေး သပိတ် စတင်
ဆန္ဒဖော်ထုတ်သည့် အလုပ်သမားများကို မခြိမ်းခြောက်ဖို့ ILO ပြော