မတ်လ ၂၄ ရက်။ လမ်းတွေပေါ်မှာ လူမရှိ၊ ကားမရှိ၊ ဆိုင်ကယ်မရှိ၊ ဆိုင်တွေမဖွင့်၊ စီးပွားရေး လုပ်ငန်းတွေ အားလုံးပါ ပိတ်ထားလို့ လူသူကင်းမဲ့နေတဲ့ မြို့ ပျက်ကြီးတခုအလား တိတ်ဆိတ်ခြောက်ကပ်လို့ နေပါတယ်။
ဒါဟာ မြန်မာနိုင်ငံမှာ စစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချပြီး အာဏာသိမ်းယူ လိုက်တဲ့နောက်ပိုင်း ၅၂ ရက်မြောက်နေ့မှာ ပထမဆုံးတွေ့မြင်ရတဲ့ မြင်ကွင်းတခုလို့ ဆိုနိုင်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းကစလို့ နေ့စဉ်နဲ့အမျှ နိုင်ငံတဝှမ်း မြို့တွေရဲ့ လမ်းမထက်မှာ စစ်အာဏာရှင်ကို တော်လှန်နေ တဲ့ ပုံသဏ္ဍာန်မျိုးစုံ လူထုလှုပ်ရှားမှုတွေ၊ တို့အရေး ကြွေးကြော်သံတွေ၊ အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့တွေ ရဲ့ ပစ်သံခတ်သံတွေနဲ့ လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့ပေမယ့် ဒီကနေ့ (မတ် ၂၄ ရက်) မှာတော့ စစ်အာဏာရှင်စနစ်ကို လက်မခံ တဲ့ ပြည်သူလူထုက တိတ်ဆိတ်ငြိမ်သက်မှုနဲ့အတူ ၎င်းတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြသခဲ့ကြပါတယ်။
Silent Strike လို့ ခေါ်တဲ့ အသံတိတ်သပိတ် သို့မဟုတ် တိတ်ဆိတ်ခြင်းဖြင့် ဆန္ဒပြခြင်းဆိုတဲ့ လှုပ်ရှားမှုဟာ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြမှုတွေကစလို့ အရုဏ်ဦးသပိတ်၊ လူမဲ့သပိတ်၊ ဝိညာဉ်သပိတ်၊ ညသပိတ်တွေအဆုံး မြန်မာပြည်သူလူထုရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေထဲက တခုဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုဟာ မြို့တွေ ပုံမှန်အတိုင်း လည်ပတ်နေပြီ၊ တိုင်းပြည်ကို ပုံမှန်အတိုင်း စီမံအုပ်ချုပ်နေပြီဆိုတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ မဟုတ်မမှန် ဝါဒဖြန့်မှုတွေကို ချေဖျက်ဆန့်ကျင်ပြဖို့ အဓိက ဖြစ်တယ်လို့ လှုပ်ရှားမှုကို ဦးဆောင်တဲ့ လူ ငယ်တွေက ပြောပါတယ်။
ဒါ့အပြင် အားလုံး အိမ်ထဲမှာနေပြီး အပြင်မထွက်ခြင်းဖြင့် ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ငြိမ်သက်တိတ်ဆိတ်ပေး ရာ ရောက်သလို ကုန်ခမ်းသွားတဲ့ အင်အားတွေကို ပြန်လည်ဖြည့်တင်းရာ ရောက်တယ်လို့လည်း ဆိုပါတယ်။
မတ်လ ၂၄ တရက်တည်းကို ဈေးဆိုင်တွေ၊ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ရပ်နားတာအပြင် ကျန်းမာရေးကိစ္စကလွဲပြီး တနေ့ တာလှုပ်ရှားမှု မပြုလုပ်ကြဘဲ တိတ်ဆိတ်စွာ ဆန္ဒဖော်ထုတ်မယ့် Silent Strike မှာ ပူးပေါင်းပါဝင်ပေးဖို့ လွန်ခဲ့တဲ့ ၂ ရက် လောက်ကမှစပြီး လူမှုကွန်ရက်စာမျက်နှာမှာ တိုက်တွန်းနှိုးဆော်မှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။
ဒီလို နှိုးဆော်ရာမှာလည်း မတ် ၁၅ ရက်ကစပြီး အာဏာသိမ်း စစ်ကောင်စီက မိုဘိုင်းအင်တာနက်တွေကို ဖြတ်တောက် ထားခဲ့တာကြောင့် အကန့်အသတ်တွေ ကြားကနေပဲ လှုံ့ဆော်ခဲ့ရပါတယ်။
သတင်းအချက်အလက် ပျံ့နှံ့မှု အားနည်းချက်ကြောင့် Silent Strike လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မနေ့က ညပိုင်းအထိကိုပဲ အပြန်အလှန် ငြင်းခုန်မှုတွေ၊ စိုးရိမ်မှုတွေ ရှိခဲ့ကြပေမယ့် ဒီကနေ့မှာတော့ ပြည်သူတွေရဲ့ ညီညွတ်မှုနဲ့အတူ တိတ်ဆိတ်ခြင်း ကနေ အကျယ်လောင်ဆုံး ဟစ်ကြွေးနိုင်ခဲ့တာကို တွေ့မြင်လိုက်ရပါတယ်။
အာဏာသိမ်း စစ်ကောင်စီအနေနဲ့ မိုဘိုင်းအင်တာနက်ကို ပိတ်ပြီး သတင်းအမှောင်ချဖို့ ရည်ရွယ်နေပေမယ့် လူထုက တယောက်နဲ့တယောက် အချင်းချင်း လက်ဆင့်ကမ်းပြီး သတင်းအချက်အလက် မျှဝေရင်း စစ်အာဏာရှင်အုပ်စု မဖြစ်စေ ချင်တဲ့ Silent Strike ကို အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။
မနေ့ညကဆိုရင် ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်၊ ရပ်ကွက် တချို့မှာ “မိဘပြည်သူများ ခင်ဗျား .. မနက်ဖြန် (မတ် ၂၄ ရက်) မိဘပြည်သူများအနေဖြင့် ဈေးများ၊ ဆိုင်များ၊ သွားလာလှုပ်ရှားမှုများကို ပုံမှန်အတိုင်း ပြုလုပ်ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်” ဆိုပြီး စစ်ကောင်စီရဲ့ လက်ပါးစေတွေဟာ အသံချဲ့စက်နဲ့ လိုက်လံနှိုးဆော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
သို့ပေမယ့် မတ်လ ၂၄ ရက်နေ့မှာတော့ အာဏာသိမ်း စစ်ကောင်စီရဲ့ ရုံးစိုက်ရာ နေပြည်တော်ကစလို့ ရန်ကုန်၊ မန္တလေး၊ မုံ ရွာ၊ ပြည်၊ သီပေါ၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ပုသိမ်၊ ထားဝယ်၊မြိတ်၊ ဖလမ်း၊ မူဆယ် စတဲ့ နိုင်ငံတဝှမ်းက ပြည်သူတွေဟာ ဆိုင်ပိတ်၊ အ လုပ်ပိတ်၊ လမ်းပေါ်မထွက်ဘဲ အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ရင်း စစ်အာဏာရှင်ကို အလိုမရှိကြောင်း ပြသခဲ့ပါတယ်။
ဒါ့အပြင် City Mart, Ocean, Makro တို့လို ကုန်တိုက်ကြီးတွေ၊ နာမည်ကြီး စားသောက်ဆိုင်ကြီးတွေ၊ ဈေးကြီးတွေကစလို့ လမ်းဘေးမှာဖွင့်တဲ့ ဈေးဆိုင်လေးတွေအဆုံး ဒီကနေ့တရက် ပိတ်ထားခြင်းဖြင့် ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တာကို လည်း တွေ့မြင်ရပါတယ်။
Silent Strike လှုပ်ရှားမှု အထမမြောက်စေဖို့ ဒီကနေ့မှာ အာဏာသိမ်း စစ်ကောင်စီဟာ စစ်တပ်ပိုင် မြဝတီဘဏ်တချို့နဲ့ မန္တလေးဘူတာကြီးမှာ ပင်စင်လစာ ထုတ်ပေးတာ၊ ဆန္ဒပြလူငယ်တွေကို ရုံးထုတ်တဲ့နေ့ မတိုင်ခင် ကြိုပြီးပြန်လွှတ်ပေးတာ၊ ကာကွယ်ဆေးထိုးဖို့ အကြောင်းကြားပြီး နီးစပ်ရာလိုက်ခေါ်တာ စသဖြင့် လမ်းမပေါ် လူတွေရှိနေအောင် ကြိုးစားခဲ့ပါသေး တယ်။
သတင်းအချက်အလက် မရတာကြောင့်ဖြစ်စေ၊ အကြောင်းတခုခုကြောင့်ဖြစ်စေ လူတချို့ လမ်းပေါ်မှာ ရှိနေခဲ့ပေမယ့်၊ ညနေ ပိုင်းမှာ တချို့နေရာဒေသတွေမှာ ပြန်စည်လာတယ်ဆိုပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် အသံတိတ် သပိတ်ဟာ အောင်မြင်တဲ့ ကမ်ပိန်းတခု ဖြစ်တယ်လို့ လှုပ်ရှားမှုမှာ ပါဝင်သူတွေက ယူဆပါတယ်။
အာဏာသိမ်း စစ်ကောင်စီက တိုင်းပြည်ဟာ ပုံမှန်အနေအထားအတိုင်း ဖြစ်နေပြီး ၎င်းတို့ အုပ်ချုပ်လို့ရတဲ့ အခြေအနေတခု ဖန်တီးချင်နေပေမယ့် ပြည်သူလူထု အနေနဲ့ မြို့ရဲ့ယန္တရားတွေကို ရပ်တန့်ပစ်လိုက်လို့ရတယ်ဆိုတဲ့ ဒီနေ့လှုပ်ရှားမှုကနေဆင့် လူထုရဲ့ ညီညွတ်မှုအားဟာ စစ်ကောင်စီအတွက် ထိုးနှက်ချက်တခု ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။
မနေ့ညက လူမှုကွန်ရက်စာမျက်နှာ တက်လာတဲ့ အပြင်ထွက်ပြီး ပုံမှန်အတိုင်း သွားလာလှုပ်ရှား၊ ရောင်းဝယ်ဖောက်ကား ဖို့ ပြောဆိုတဲ့ ဗီဒီယိုဖိုင်ဟာ စစ်အာဏာရှင်အုပ်စုရဲ့ အတော်လေး ဖရိုဖရဲဖြစ်နေတဲ့ အနေအထား ဖြစ်နေပါတယ်။
လူထုက လမ်းပေါ်ထွက်တဲ့အချိန်မှာ လမ်းပေါ်မထွက်ဖို့၊ လူစုလူဝေး မလုပ်ဖို့ တားဆီးရသလို လူထုက အိမ်ထဲမှာပဲနေပြီး မြို့ ရဲ့ လည်ပတ်နေတဲ့ ယန္တရားတွေ အကုန်လုံးကို ရပ်တန့်ဖို့ ပြင်တဲ့အချိန်မှာလည်း အပြေးအလွှား လော်စပီကာနဲ့ လာရောက် ပြောဆိုရတဲ့ အနေအထားဟာ အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ တိုင်းပြည်ကို နိုင်နိုင်နင်းနင်းနဲ့ ငြိမ်ဝပ်ပိပြားအောင် အုပ် ချုပ်ချင်ပေမယ့် လူထုကို နိုင်အောင် အုပ်လို့မရတဲ့ အခြေအနေမျိုးမှာ ရှိနေတယ်ဆိုတာ မီးမောင်းထိုးပြနေပါတယ်။
မြို့ကြီးတခုလုံးကို စည်ကားအောင် လုပ်နိုင်တာ၊ မြို့ကြီးတခုလုံးကို တိတ်ဆိတ် ခြောက်ကပ်အောင်၊ တစပြင်လိုဖြစ်အောင် လုပ်နိုင်တာတွေဟာ အဖွဲ့အစည်းတခုက မဟုတ်ဘဲ ပြည်သူတွေရဲ့ ညီညွတ်မှုအင်အားနဲ့ စွမ်းဆောင်နိုင်မှု ဖြစ်တယ်ဆိုတာ ကို ဒီကနေ့ Silent Strike လှုပ်ရှားမှုက သက်သေပြနိုင်ခဲ့ပါတယ်။ ။
You may also like these stories:
CRPH ဦးဆောင်သူများကို ဖမ်းဆီးရမိရေး Interpol ထံအကြောင်းကြားထားဟု စစ်ကောင်စီထုတ်ပြန်
စစ်ကောင်စီ၏ ဦးဖြိုးမင်းသိန်း ဗီဒီယိုဖိုင် ထုတ်ပြန်မှု လူများ မယုံကြည်ကြ
တပ်မတော်နေ့ အခမ်းအနား အပစ်ရပ်အဖွဲ့အများစု တက်မည်မဟုတ်