စစ်တပ်က မြန်မာ့ဒီမိုကရေစီကို ဆိုင်းငံ့လိုက်သည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအပြီး တနိုင်ငံလုံးတွင် လက်နက်မဲ့အရပ်သား ဆန္ဒပြသူ ၂၅၀ ကျော်သေဆုံးပြီး ၂၂၀၀ ကျော် အဖမ်းခံထားရချိန်တွင် လုံခြုံရေးတပ်များသည် ရက်စက်ကြမ်းကြုတ်မှုများကို အရှိန်မြှင့်တင်နေသောကြောင့် မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးကာလ အကျပ်အတည်းသည် အပြောင်းအလဲမှတ်တခုသို့ ရောက်လာတော့မည်ဖြစ်သည်။
စစ်တပ်၏ ဖြိုခွဲမှုများအပေါ် နိုင်ငံတကာပြစ်တင်ရှုတ်ချမှု မြင့်မားနေချိန်တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုခေါင်းဆောင်များသည် လက်စားချေခံရမည်ကို ရှောင်ရှားရန် ပုန်းအောင်းနေကြရစဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ထိန်းချုပ်ထားသည့် ဒေသများတွင် စင်ပြိုင်အစိုးရတရပ်ကို တိတ်ဆိတ်စွာ ဖွဲ့စည်းနေသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထ်ိန်းချုပ်ထားသည့် ဒေသများသည် ဖြုတ်ချခံ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အတွက် တိုက်ခိုက်ရေးအခွင့်အလမ်းကို ပေးနိုင်သည့် ဘေးကင်းသောနယ်မြေတခုဖြစ်နေသည်။
စစ်အာဏာသိမ်း ဆန့်ကျင်ရေး လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် တိုးပွားများပြားလာသူများသည် စစ်တပ်လွှမ်းမိုးသည့် နိုင်ငံအလယ်ပိုင်းကို ဆန့်ကျင်နေသည်မှာ ကာလကြာမြင့်ပြီးဖြစ်သော မြန်မာနိုင်ငံ အရှေ့ပိုင်းနယ်စပ်ဒေသများမှ ကရင်၊ ကယားနှင့် မွန်လက်နက်ကိုင်အဖွဲ့များ အထူးသဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထံတွင် ခိုလှုံခွင့် တောင်းခံလာကြသည်။
ထို EAOs များသည် စစ်အာဏာသိမ်းမှုနှင့် အသစ်ဖွဲ့စည်းလိုက်သော စစ်ကောင်စီကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချပြီး CDM လှုပ်ရှားမှု၏ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်အတွက် ကာကွယ်ရန် တပ်များကို မကြာခဏ လှုပ်ရှားခဲ့သည်။
ဥပမာတခုအနေဖြင့် ဆိုရပါက တိုင်းရင်းသားလက်နက်ကိုင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ၎င်းတို့သည် မြန်မာစစ်တပ် သို့မဟုတ် စစ်ကောင်စီ၏ ဖိနှိပ်မှုကိုခံရသည့် မည်သူ့ကိုမဆို အကာအကွယ်ပေး ထောက်ပံ့ထားမည်ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာထားသည်။ CRPH ကို စစ်ကောင်စီက မတရားသင်းအဖြစ် သတ်မှတ်ကြောင်း မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည်။
ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ အဆင့်မြင့်ခေါင်းဆောင်များ၊ နယ်မြေခံစခန်းများမှ ထွက်ပြေးလာသော ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများအပါအဝင် လူ ရာပေါင်းများစွာသည် EAO ထိန်းချုပ်ဒေသများတွင် ခိုလှုံနေကြောင်း Asia Times နှင့် စကားပြောခဲ့သည့် အကူအညီပေးရေးလုပ်သားများက ပြောသည်။ အချို့လူလတ်တန်းစား အတတ်ပညာရှင် အများအပြားသည်လည်း ဝေးကွာသော တိုင်းရင်းသား ဒေသများတွင် ခိုလှုံခွင့်တောင်းကြကြောင်းနှင့် မြို့ပြဒေသတွင် အကြမ်းဖက်မှုမြင့်မားလာသောကြောင့် နောက်ထပ် ထွက်ပြေးလာသူများရှိနိုင်ကြောင်း ၎င်းတို့ပြောသည်။
မြန်မာန်ိုင်ငံ နယ်စပ်ဒေသ ၅ ခုအနက် ၂ ခုသည်သာ ခိုလှုံနိုင်သောနေရာဖြစ်သည်။ အိန္ဒိယသည် ထွက်ပြေးလာသော ရဲများအပါအဝင် ရာနှင့်ချီသောသူများကို လက်ခံထားပြီးဖြစ်ကာ အိမ်နီးချင်း မီဇိုရမ်ပြည်နယ်မှ အရာရှိများကလည်း မည်သူ့ကိုမျှ ပြန်မောင်းထုတ်မည်မဟုတ်ကြောင်း ပြောကြားထားသည်။ စစ်ကောင်စီ ရန်မှ လွတ်ရန် တရုတ်နိုင်ငံဖက်သို့ ပြေးခြင်းသည် လုံခြုံမှုမရှိသလို မြောက်ပိုင်းမှ EAOs များထံမှ လုံခြုံသော အကာအကွယ်လည်း မရနိုင်ပေ။ ၎င်းတို့သည် စစ်အာဏာသိမ်းမှုနှင့် ခပ်ခွာခွာနေသကဲ့သို့ စစ်အာဏာသိမ်းမှုကို လူသိရှင်ကြား ထုတ်ဖေါ်ရှုတ်ချခြင်းလည်း မရှိပေ။
သို့သော် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကမူ ထိုသို့မဟုတ်ဘဲ ဆန္ဒပြခွင့်ကို ထောက်ခံပြီး မြောက်ပိုင်းဒေသများတွင် မြန်မာစစ်တပ်နှင့် တိုက်ပွဲအကြိမ်များစွာ ပြန်ဖြစ်လာခဲ့သည်။
ထို့ကြောင့် အစိုးရနှင့် သဘောထားကွဲလွဲသူများ အစဉ်အလာအားဖြင့် ခိုလှုံရာအဖြစ် ဆယ်စုနှစ်များစွာ တည်ရှိခဲ့သော အရှေ့ဖက်ရှိ ထိုင်းနိုင်ငံနယ်စပ်သာ ကျန်တော့သည်။ ထိုနေရာတွင် ယခင် ကိုယ်စားပြုအဖွဲ့အစည်းဖြစ်သော မြန်မာပြည် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (DAB) သည် ၁၉၉၀ ခုနှစ်များက KNU လွတ်မြောက်ဒေသတွင် ဌာနချုပ်ဖွင့်ခဲ့ဖူးသည်။ ထိုင်းအာဏာပိုင်များကလည်း လူအများ ကူးလာနိုင်ခြေ ရှိသည့်နေရာများတွင် အမိုးအကာ နေရာ ၂၀ တည်ဆောက်ကာ အရေးပေါ်အစီအစဉ်တခုကို ကြေညာထားသည်။
အာဏာသိမ်းပြီး မကြာမီ တည်ထောင်ထားသော NLD လွှမ်းမိုးသည့် စင်ပြိုင်အစိုးရဖြစ်သော CRPH နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော EAO ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်ကော်မတီနှင့် အခြားလက်နက်ကိုင်များ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများအကြားတွင်လည်း ဆွေးနွေးပွဲများ ကျင်းပနေဆဲဖြစ်သည်။
CRPH ကခန့်အပ်ထားသည့် န်ိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က သောကြာနေ့တွင် Myanmar Now သတင်းဌာနသို့ “ဒီလိုအခြေအနေမျိုးမှာ ကျမတို့အားလုံး စုပေါင်းပြီး ဘာလုပ်လို့ရမလဲဆိုတာကို ကျမတို့ဆွေးနွေးနေတယ်။ တသံတည်းထွက်ဖို့ ကြိုးစားနေတယ်။ အတိတ်က သံသယ အနည်းငယ်ကျန်နေသေးတယ်။ ဒီသံသယတွေ ပျောက်သွားအောင် ကျမတို့အားလုံး ဝိုင်းလုပ်ပြီး ယုံကြည်မှု တည်ဆောက်နေတယ်။ အခုတော့ ဘုံရပ်တည်ချက်တချို့ထူထောင်ဖို့ တဖြည်းဖြည်း စတင် လုပ်ဆောင်နေတယ်” ဟု ပြောသည်။
တိုင်းရင်းသားဒေသများတွင် အခြေပြုသည့် အမျိုးသားညီညွတ်ရေး စင်ပြိုင်အစိုးရသည် ပုံစံတမျိုးမျိုးဖြင့် မကြာမီ ပေါ်ပေါက်လာနိုင်သည်။ ပါဝင်ပတ်သက်သူအများအပြားက လွန်ခဲ့သော နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ အစိုးရသစ်ဖွဲ့စည်းရေး အချိန်ဇယားနှင့် ကိုက်ညီစေရန် မတ်လ မကုန်မီ နားလည်မှု တမျိုးမျိုး ရရှိစေလိုကြသည်။ ထိုရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြိုနိုင်ခဲ့သည်။
ယခင် မုန်းတီး သံသယမှုများက ရုန်းမထွက်နိုင်မည့် ပုံစံခွက်တခု တည်ထောင်ခြင်းထက် တူညီသော ဘုံရည်မှန်းချက်များရှိသည့် အဖွဲ့အစည်းအများအပြားပါဝင်နိုင်သော စစ်မှန်သည့် ပူးပေါင်းဆောင်ရွက်မှုမျိုးကို တည်ထောင်ရန် အချို့က အကြံပြုကြသည်။
အတုယူရဖွယ်ရှိသည့် ပုံစံတခုမှာ မကြာသေးမီက ဆန္ဒပြပွဲများကို တနိုင်ငံလုံးတွင် ဆင်နွဲခဲ့သည့် ငယ်ရွယ်တက်ကြွသည့် တိုင်းရင်းလူမျိုးပေါင်းစုံပါဝင်သည့် တိုင်းရင်းသားလူမျိုးများ အထွေထွေသပိတ်ကောင်မတီဖြစ်ပြီး ၎င်းတို့သည် ချိတ်ဆက်ထားသော တော်လှန်ရေးကို ဖေါ်ထုတ်နေပြီဖြစ်သည်။
“ညီညွတ်ခြင်း”ဆိုသည်မှာ မြန်မာနိုင်ငံတွင် ကျိုးနွံနာခံရမှု၏ အခြားဝေါဟာရဖြစ်နေခဲ့ရပြီး ယခုအခါကျမှ မြို့များမှ တိုင်းရင်းသား ဒေသများသို့ ထွက်ပြေးကြရသည့် ဗမာအထက်လွှာများအား ဝိုင်းရံရေး ပုံစံမျိုး ထွက်ပေါ်လာနေခြင်းကြောင့် တိုင်းရင်းသားများအနေဖြင့် မကျေမလည် ဖြစ်ကြရသည်။
CRPH သည် မကြာသေးမီက EAOs အားလုံးကို အကြမ်းဖက်အဖွဲအစည်းနှင့် တရားမဝင်သောအဖွဲ့အစည်း စာရင်းမှ ပယ်ဖျက်ပေးခဲ့ပြီး ကြိုဆိုရမည့် လုပ်ရပ်ဖြစ်သော်လည်း NLD သည် ၂၀၁၆ -၂၀၂၀ အာဏာရထားချ်ိန်တွင် ထိုကဲ့သို့ကောင်းမွန်သော လုပ်ရပ်များ မည်သည့်အတွက် မလုပ်သည်ကို မေးခွန်း ထုတ်ကြသည်။
ထူးခြားသည့်အချက်မှာ ဖယ်ဒရယ်ပြည်ထောင်စုတပ်မတော် ထူထောင်ရေး ခန့်မှန်းချက်သည် လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး တပ်ဖွဲ့တံဆိပ်နှင့် အဓိက ဦးတည်ချက်များကို ဖေါ်ထုတ်ထားပြီးဖြစ်ကာ တပ်သားသစ်များနှင့် ရင်းမြစ်များသာ လိုတော့သော်လည်း ထိုအပိုင်းသည် အခက်ခဲဆုံးအပိုင်းဖြစ်နေသည်။
အချို့သော လူငယ်တက်ကြွလှုပ်ရှားသူများသည် စစ်တပ်က ရက်စက်စွာ ဖြိုခွဲခဲ့သည့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီလိုလားသော အရေးတော်ပုံအပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တည်ထောင်သည့် ပုံစံမျိုးဖြင့် လက်နက်ကိုင်ခုခံရန် အတိအလင်းဆွေးနွေးနေပြီးဖြစ်သည်။
ထိုသို့လုပ်ဆောင်ရန်မှာ လက်ရှိအခြေအနေများအောက်တွင် ခက်ခဲမည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများသည် ၎င်းတို့၏ နယ်စပ်များတွင် လက်နက်ကိုင်ပဋိပက္ခ ပိုမိုကျယ်ပြန့်လာမည်ကို လက်ခံ မခံအပေါ် သံသယရှိသည်။
သို့သော် မှန်ကန်သော အခြေအနေများအောက်တွင် သစ်လွင်စည်းကမ်းကျသော လက်နက်ကိုင် ပုန်ကန်ရေး တပ်ဖွဲ့များပေါ်ပေါက်လာနိုင်သည်။ ရက္ခိုင့်တပ်တော် (AA) နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကို ပုန်ကန်မှုအသစ်များအဖြစ် ၂၀၀၉ ခုနှစ်က KIA ၏ ညွှန်ကြားပြသမှုအောက်တွင် ဖွဲ့စည်းခဲ့ပြီး ထိုအချိန်မှစတင်ကာ ၎င်းတို့သည် မြန်မာနိုင်ငံတွင် တိုက်အားအကောင်းဆုံး EAOs များဖြစ်လာသည်။
မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုပိတ်ဆို့ရန် ကမ္ဘာတဝန်း ပိုမိုတောင်းဆိုလာခြင်းသည် EAOs များနှင့်ပါ သက်ဆိုင်ပြီး ၎င်းတို့အနေဖြင့် ဆက်လက်ခုခံရေး ပြဿနာရှိလာမည်ဖြစ်သည်။ ဒေသတွင်းမှ သေးငယ်သော လက်နက်ဈေးကွက်သည် စစ်ကောင်စီကို ဆန့်ကျင်သည့် မည်သည့်အဖွဲအစည်းသစ်ကိုမျှ ရေရှည်တည်တံ့အောင် ထိန်းသိမ်းပေးနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် EAOs အများအပြားနှင့် စစ်ကောင်စီကို လက်နက်အဓိကပံ့ပိုးနေသော နိုင်ငံနှစ်ခုဖြစ်သည့် တရုတ်နှင့် ထိုင်းက ဆန့်ကျင်လျှင် ပိုခက်မည်။
နိုင်ငံတကာအလှူရှင်များသည် ငြိမ်းချမ်းစွာ ခုခံမှုကို ထောက်ခံရန် ဦးစားပေးကြပြီး လက်နက်ကိုင်အဖွဲ့သစ် ပေါ်ပေါက်လာခြင်းကိုမူ သတိထားကြသည်။ လက်နက်ကိုင်အဖွဲ့သစ် ပေါ်ပေါက်လာခြင်းသည် သတ်ဖြတ်မှုသစ်များကို ဖြစ်ပေါ်စေပြီး မြန်မာစစ်တပ် ပိုမို အမြစ်တွယ်စေမည်ဟု မြင်ကြသည်။
မြန်မာနိုင်ငံ အကျပ်အတည်းသည် ယခုအခါ တင်းပြည့်ကျပ်ပြည့် လူသားချင်းစာနာမှု အကျပ်အတည်းနှင့် လူ့အခွင့်အရေး အရေးပေါ်အခြေအနေဖြစ်နေသည်။ အနောက်နိုင်ငံအလှူရှင်များသည် ဒီမိုကရေစီအတွက် ခုခံမှုကို ထောက်ခံရန် ကျင့်ဝတ်စည်းကမ်းရှိသည်။
အစိုးရလိုလားသည့် ချွတ်ခြုံကျနေသာ လုပ်ငန်းစဉ်အတွက် နှစ်ပေါင်းများစွာကြာအောင် ဒေါ်လာ သန်း ဆယ်ပေါင်းများစွာ ဖြုန်းတီးခဲ့သည့် အနောက်နိုင်ငံအလှူရှင်များကထောက်ပံ့သည့် ပူးတွဲငြိမ်းချမ်းရေး ရန်ပုံငွေ (JPF) သည် စစ်တပ်အတွက်သာ အခွင့်ထူးများ ဖန်တီးပေးခဲ့သည်။ ယခုအခါ အနောက်နိုင်ငံများမှ လှူဒါန်းသော ငွေများကို မြို့ပြတွင် ကျန်ရှိနေသေးသူများရော ပေါ်ထွက်လာနေသော EAO ဒေသများမှ ဘေးကင်းလုံခြုံရာများပါ စစ်ကောင်စီဆန့်ကျင့်ရေး ကွန်ရက်များသို့ အကူအညီပေးရန် ရည်ရွယ်ချက်နှင့် လမ်းကြောင်းပြောင်းလဲရမည်ဖြစ်သည်။
အစားအစာ၊ နေရာထိုင်ခင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းအပါအဝင် လူသားချင်းစာနာမှုလုပ်ငန်းများသည် ယခုအခါတွင် ဦးစားပေးဖြစ်သည်။ သို့သော် တက်ကြွလှုပ်ရှားသူများသည် တနိုင်ငံလုံးမှ လျှို့ဝှက်ကလပ်စည်း ကွန်ရက်များကို ထိန်းသိမ်းထားရန် ဆက်သွယ်ရေးကိရိယာ အထူးသဖြင့် အင်တာနက်နှင့် ဆက်သွယ်ရေးများ အသုံးပြုနိုင်ရန် လိုသည်။
ယခုအခါ ရန်ကုန်မှ ဆုတ်ခွာလာကြပြီဖြစ်သော အနောက်နိုင်ငံများမှ လူသားချင်းစာနာမှု အကူအညီပေးသူများသည် လူမျိုးစုများကို ဝန်ဆောင်မှုပေးနေသည့် အိမ်နီးချင်း ထိုင်းနိုင်ငံမှ ဝန်ဆောင်နေသူများကို ထိရောက်စွာ ကူညီနိုင်မည်ဖြစ်သည်။ သို့သော် အဓိက အာရုံစိုက်ရမည်မှာ မြေပြင်တွင် လတ်တလော လုပ်ငန်းဆောင်ရွက်သူများကို ထောက်ခံအားပေးခြင်းဖြစ်သင့်သည်။
၎င်းတို့မှာ အနည်းငယ်မျှဖြစ်နေသေးပြီး များစွာလိုအပ်နေသေးသည်။ အနောက်နိုင်ငံအလှူရှင်များသည် ထိုစဉ်က နယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့ရေးကို ဖြတ်တောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်အကြိုက်ကို လိုက်ရန် တက်ကြွနေသော အခွင့်ထူးခံ ရန်ကုန်အခြေစိုက်အုပ်စုများက ထိုအဖွဲ့အစည်းများ အစိုးရထံတွင် တရားဝင်မှတ်ပုံတင်ရန် တောင်းဆိုကြသည်။ ထိုသို့ လုပ်ဆောင်ခဲ့ရသည့် အဖွဲ့အစည်းများတွင် ပြည်ပရောက် ပြည်တွင်းမီဒီယာများ ပါဝင်ခဲ့ပြီး ယခုအခါ လွတ်လပ်စွာ သတင်းတင်ပြခြင်းအတွက် ၎င်းတို့ကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေပြီဖြစ်သည်။
နယ်စပ်အခြေစ်ိုက်အုပ်စုများသည် မြန်မာပြည်တွင်းစစ်ကို တုံ့ပြန်ဆောင်ရွက်ခဲ့သည့် နှစ်ပေါင်းများစွာအတွေ့အကြုံကြောင့် မြင့်မားသည့် စွမ်းရည်ရှိပြီး အာဏာသိမ်းမှုနှင့် ဖြိုခွဲမှုကြောင့် နေရပ်စွန့်ခွာရသူများကို အကူအညီပေးနိုင်သည့် ကောင်းမွန်သော အနေအထားတွင် ရှိကြသည်။
ယခုအခါ ရန်ကုန်၊ မန္တလေးနှင့် အခြားနေရာများတွင် ရိုင်းဆိုင်းစွာ ကျင့်သုံးနေသော ဖိနှိပ်မှုနှင့် စစ်အကြမ်းဖက်မှုပုံစံများကို ခံစားနေခဲ့ရပြီးဖြစ်ကာ စစ်ကောင်စီဆန့်ကျင်ရေးကွန်ရက်များအား အကာအကွယ်ပေးထားသောကြောင့် ထပ်မံဒုက္ခမရောက်ရေးအတွက် တိုင်းရင်းသားလူမှုအသိုက်အဝန်းများကို ထောက်ပံ့မပံ့နှင့် အာမခံမခံကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မကြာမီ ဆုံးဖြတ်ရတော့မည်ဖြစ်သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် မြန်မာပြည်သူအားလုံးသည် ပြင်ပမှ ရေရှည်ထောက်ပံ့မှုကို အရေးပေါ်လိုအပ်နေသည်။ ကံဆိုးမိုမှောင်ကျပြီး မျှော်လင့်ချက်ကင်းမဲ့သည့် စစ်တပ်က လိုသလိုလုပ်နေသည့် ငြိမ်းချမ်းရေးအစီအစဉ်များအတွက် အကျိုးမရှိ ဖြုန်းတီးသော အသုံးစရိတ်များ နှစ်ပေါင်းများစွာပေးပြီးနောက် အနောက်နိုင်ငံများသည် လူသားချင်းစာနာမှု အကူအညီများပေးရန် ပျက်ကွက်ပါက ၎င်းတို့၏ ပျက်ကွက်မှုသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုတွင် အမည်မခံသော ပူးပေါင်းဆောင်ရွက်မှု မဟုတ်လျှင်ပင် သစ္စာမဲ့မှုသာ ဖြစ်တော့သည်။
(David Scott Mathieson သည် မြန်မာနိုင်ငံဆိုင်ရာ ပဋိပက္ခ၊ ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေး ပြဿနာများကို လေ့လာတင်ပြနေသည့် လွတ်လပ်သော သုတေသီဖြစ်သည်။ Asia Time ပါ ၎င်း၏ Ethnic armies rescue Myanmar’s democratic forces ကို ဆီလျော်အောင် ဧရာဝတီက ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်ကောင်စီကို တော်လှန်ဖို့ ဖက်ဒရယ်တပ်မတော် ဖွဲ့နိုင်မလား
ဆန္ဒပြလူထုကြား KIA ဗုံးခွဲမည် ဟူသည့် စာများ စစ်တပ်က လိုက်ဖြန့်နေ