ဆောင်းပါး

စစ်ကောင်စီရဲ့ လက်နက်ကိုင်များ ကလေးသူငယ်တွေကို ပစ်မှတ်ထားလာသလား

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်က အသက် ၆ နှစ်နဲ့ ၃ လ အရွယ်သာ ရှိသေးတဲ့ မိန်းကလေးငယ်လေးတဦး စစ်တပ်နဲ့ ရဲ ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းဟာ လူတွေရဲ့ စိတ်နှလုံးကို ဆွဲခါလိုက်ပါတယ်။  

လူလားတောင် မမြောက်သေးတဲ့ ဒီကလေးငယ် ခင်မျိုးချစ်ဟာ မတ်လ ၂၃ ရက် ညနေပိုင်းမှာ လက်နက်ကိုင်ထားတဲ့ စစ်တပ်နဲ့ ရဲက ဖခင်ရဲ့ ရင်ခွင်ထဲက ကလေးငယ်ကို ပစ်သတ်လိုက်တဲ့ ဒီဖြစ်ရပ်ဟာ ကြားသိရသူတိုင်း စိတ်မချမ်းမြေ့ဖွယ် အတိ ဖြစ်ရပါတယ်။

ခင်မျိုးချစ်လေးရဲ့ အစ်မ ပြောဆိုချက်အရ ကလေးဟာ အဖေ့ရင်ခွင်ကနေ “အပါး (အဖေ) ကြောက်တယ်၊ ကြောက်တယ် ဆိုပြီး ပြောတာကို ဘာကြောက်စရာလိုလဲ ပြောပြီး ပစ်သွားတာ” လို့ သိရပါတယ်။

ဝမ်းဗိုက် ကျည်မှန်ပြီး ဒဏ်ရာရထားတဲ့ ကလေးငယ် အသက်ရှင်ဖို့ ဖခင်ဟာ လက်နက်ကိုင်အဖွဲ့ရဲ့ အလစ် နောက်ဖေး ပေါက်ကနေ ထွက်ပြေးကာ ဆေးရုံတင်ဖို့ လုပ်ပေမယ့် သွေးချင်းချင်းရွှဲနေတဲ့ ကလေးငယ်ဟာ ဆေးရုံတောင် မရောက် လိုက်ခဲ့ရပါဘူး။ 

ဒီလို အပြစ်မဲ့ ကလေးငယ်ကို ပစ်သတ်လိုက်တဲ့ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ လုပ်ရပ်ဟာ ရာဇဝတ်မှုတခုဖြစ်ပြီး  ကုလသမဂ္ဂက  အာဏာသိမ်းချိန်မှ စကာ မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တရားစွဲနိုင်ဖို့ သက်သေ အထောက်အထား စုဆောင်းကောက်ယူနေချိန်မှာ ခင်မျိုးချစ်ဆိုတဲ့ ကလေးငယ် သတ်ခံရတဲ့ ဖြစ်ရပ်က  အကောင်ဆုံး သက်သေ ဖြစ်သွားနိုင်ပါတယ်။

 

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသူတွေ ၃၀၀နီးပါး ရှိနေပြီ ဖြစ်ပြီး အများစုဟာ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြား လူငယ်လူရွယ်တွေ ဖြစ်ကာ ဒီအထဲမှာ အရွယ်မရောက်သေးတဲ့ ကလေး ၂၂ ဦးလည်းပါဝင်ပါတယ်။ ခင်မျိုးချစ် ကလေးတော့ အသက်အငယ်ဆုံး ကလေး ငယ်ဖြစ်ပါတယ်။

စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ငယ်တွေပါ ပါဝင်လာခဲ့တာကတော့ အာဏာသိမ်းပြီး ၂၀ ရက်မြောက်နေ့ကတည်းက ဖြစ်ပါတယ်။ 

ပထမဆုံး တယောက်ကတော့ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သင်္ဘောကျင်းအနီးမှာ ဒဏ်ရာရသူ တဦး ကို ကူညီဖို့ကြိုးစားရင်း ဦးခေါင်းထိမှန် သေဆုံးခဲ့ရတဲ့ အသက် ၁၆ နှစ်အရွယ် မောင်ဝေယံထွန်း ဖြစ်ပါတယ်။  

ဒီလို ပစ်ခတ်ခံရသူတွေအနက် ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်နေတဲ့သူတွေရှိသလို တချို့ကလည်း အကြောင်းမဲ့ ပစ်သတ်ခံခဲ့ရ တာ ဖြစ်ပါတယ်။ 

မတ် ၂၁ ရက်နေ့မှာ ဝမ်းဗိုက်ကျည်ထိပြီး သေဆုံးခဲ့ရတဲ့ အသက် ၁၆ နှစ်အရွယ် မောင်ဇော်မျိုးထက်ဆိုရင် စစ်သားနဲ့ရဲတွေ လမ်းထဲဝင်လာချိန် လက်ဖက်ရည်ဆိုင် တံခါးပေါက်ကနေ ထွက်ကြည့်တဲ့အချိန်မှာ ပစ်သတ်ခံခဲ့ရတာပါ။ 

မောင်ဇော်မျိုးထက်ဟာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့ကနေ သူသေဆုံးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်က လက်ဖက်ရည်ဆိုင် တဆိုင်မှာ အလုပ်လာလုပ်တာ ၂ ရက်ပဲ ရှိပါသေးတယ်။ 

ထို့အတူ အသက် ၁၄ နှစ်သာ ရှိသေးတဲ့ မောင်ထွန်းထွန်းအောင်လည်း ချမ်းမြသာစည်၊ မြရတနာရပ်ကွက်အတွင်း ဝင်ရောက်ပစ်ခတ်မှုမှာ သေဆုံးခဲ့သူ ဖြစ်ပါတယ်။ 

သေဆုံးခဲ့တဲ့ ကလေးတွေထဲမှာ မခင်မျိုးချစ် အပါအဝင် မိန်းကလေးငယ် ၃ ဦး ပါပြီး ကလေးငယ် အများစုကတော့ ၁၆ နှစ် အရွယ်တွေ ဖြစ်ပါတယ်။ အများစုဟာ ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ်ခံခဲ့ရတာပါ။ 

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ရဲစခန်းအနီးမှာ သေဆုံးခဲ့တဲ့ အသက် ၁၇ နှစ်ကျော် မောင်ခန့်ညားဟိန်း ဆိုရင် ဆေးတက္ကသိုလ် တက်ရောက်ရမယ့်သူပါ။ သူ့ရဲ့ သေဆုံးမှုကြောင့် သူ့မိခင်ဟာ အရူးမီးဝိုင်း ဖြစ်ခဲ့ရပါတယ်။

“ကိုယ်မစားရက်ဘူး။ ကိုယ်မဝတ်ရက်ဘူး။ ငါတို့ လင်မယား ပင်ပန်းခံပြီး လုပ်ပေးခဲ့တာ”လို့ သူ့သားလေးကို နှမြောတသ စွာနဲ့ မိခင်ဖြစ်သူဟာ လာသမျှလူကို ပြောပြနေပါတယ်။ 

ခုတော့ သူမရဲ့ မျှော်လင့်ချက်တွေဟာ သူ့ရဲ့ ချစ်လှစွာသော သားလေးနဲ့အတူ အဆုံးသတ်သွားခဲ့ပါပြီ။ 

မောင်ခန့်ညားဟိန်းဟာ ဦးခေါင်းကို ကျည်မှန်ရုံမျှမကဘဲ တာမွေရဲစခန်းထဲ ဆွဲခေါ်သွားခံရပြီး ဆေးကုသမှု မရခဲ့တာကြောင့် သေဆုံးခဲ့ရတာပါ။

စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့ဟာ မခင်မျိုးချစ်တို့လို၊ မောင်ထွန်းထွန်းအောင်တို့လို ကလေးငယ်တွေကို ရန်ကုန်လို၊ မန္တလေးလို မြို့ကြီးတွေမှာကို ဗြောင်ကျကျ ပစ်ခတ်သတ်ဖြတ် ကျူးလွန်နေတာ ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ ၁၀ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှာ ၉ ဦး သေဆုံးခဲ့ရပြီး စစ်ကိုင်း၊ ပဲခူးနဲ့ မကွေးတိုင်း ဒေသ ကြီးတွေမှာ ၁ ဦးဆီ သေဆုံးခဲ့ပါတယ်။ 

ရန်ကုန်မှာ သေဆုံးခဲ့တဲ့ ၉ ဦးအနက် ၈ ဦးဟာ မတ်လ ၁၄ ရက်နေ့ တရက်တည်းမှာ သေဆုံးခဲ့တာဖြစ်ပြီး အဲဒီထဲက ထက် ဝက်လောက်ဟာ လှိုင်သာယာမြို့နယ်ကို ပြင်းပြင်းထန်ထန် အကြမ်းဖက်ဖြိုခွင်းခဲ့စဉ်က သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကလေးသူငယ်တွေပါ ပစ်သတ်ခံလာရတာနဲ့ ပတ်သက်လို့ Save The Children လို ကလေးသူငယ်ဆိုင်ရာ နိုင်ငံ တကာ အဖွဲ့အစည်းတွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန်လာပါတယ်။ 

“ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူတွေအပေါ် အလွန်ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ ကလေးသူငယ်တွေကို ပစ် မှတ်တွေ ထားနေတဲ့အတွက် ကျွန်ုပ်တို့ အလွန်ပင် ထိတ်လန့်မိပါတယ်” လို့ Save The Children က ထုတ်ပြန် ထားပါ တယ်။

သူတို့ ထုတ်ပြန်ချက်မှာ ကလေးသူငယ်များရဲ့ သေဆုံးမှုတွေဟာ ၎င်းတို့ကို ထိခိုက်နစ်နာမှုတွေကနေ လုံခြုံအောင် ကာ ကွယ်ပေးထားရမယ့် နေအိမ်တွေမှာ ရှိနေစဉ်မှာပဲ အသတ်ခံရခြင်း ဖြစ်တာကြောင့် စိုးရိမ်ဖွယ် အခြေအနေ ဖြစ်နေပါတယ်၊ ကလေးသူငယ်များစွာ နေ့စဉ်နီးပါး အသတ်ခံနေရခြင်းဟာ လုံခြုံရေးအင်အားစုတွေက လူ့အသက်အပေါ် လုံးဝ လျစ်လျူရှု ထားတာကို ပြသနေပါတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီလို ကလေးငယ်တွေကို သတ်ဖြတ်နေတာကို အမြန်ဆုံး ရပ်တန့်သင့်ပြီလို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြော ပါတယ်။ 

ကလေးသူငယ်တွေကို တမင်ရည်ရွယ်ပြီး ပစ်ခတ်မှုတွေဟာ ကလေး တဦးတယောက်ချင်းရဲ့ အခွင့်အရေးကို ချိုးဖောက်ရုံ သာမကဘဲ မိသားစုနဲ့ ပတ်ဝန်းကျင်ကိုပါ ဆိုးဆိုးရွားရွား ရိုက်ခတ်နေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးအောင်မျိုးမင်း က မှတ်ချက်ပြုပါတယ်။  

သူက “ကလေးတွေကို ကာကွယ်မှု ပေးရမယ့်အစား အခုလို သတ်ဖြတ်မှုတွေ ဖြစ်နေတာ။ ကာကွယ်ပေးရမယ့် အခြေ အနေမျိုး မဟုတ်ဘဲနဲ့ မတရား သတ်ဖြတ်နေတာကို ရပ်တန့်ပေးဖို့အတွက် အပြင်းအထန် တောင်းဆိုပါတယ်” လို့လည်း ဆိုပါတယ်။ 

စစ်အာဏာရှင်စနစ် စတင်လာတာနဲ့ တပြိုင်နက် ကလေးငယ်တွေရဲ့ အခွင့်အရေးတွေအပေါ် ထိခိုက်ခံစားရမှုတွေဟာ တဖြည်းဖြည်း များပြားလာသလို သတ်ဖြတ်ခံရမှုတွေသာမက စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့ရဲ့ ရိုက်နှက်ဖမ်းဆီးခံရတဲ့၊ နှိပ်စက်ခံရတဲ့ ကလေးငယ် အရေအတွက်ကလည်း တိုးနေပါတယ်။ 

“စစ်အာဏာရှင်ဟာ အပြစ်မရှိတဲ့ ကလေးတွေကို သတ်ဖြတ်ခြင်းနဲ့ ၎င်းရဲ့ ရက်စက်မှုကို ဆက်လက် ပြသနေပါတယ်။ အာ ဏာသိမ်းပြီးချိန်ကစလို့ ကလေးပေါင်း ၂၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်သလို ယမန်နေ့ကလည်း နောက်ထပ်ကလေး ၁ ယောက် အသတ်ခံခဲ့ရပါတယ်။ ထိတ်လန့်ဖွယ် အကြမ်းဖက်ခြင်းဟာ ဒီမိုကရေစီမဟုတ်ပါ” လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း မှတ်ချက်ပြု ထုတ်ပြန်ထားပါတယ်။ 

Save The Children ကတော့ “အကျဉ်းထောင်တွေဟာ ကလေးတွေ ရှိနေရမယ့် နေရာမဟုတ်ပါဘူး။ အထူးသဖြင့် အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကြောက်တရား၊ ဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေကို ရင်ဆိုင်ကျော် ဖြတ်နေရတဲ့ ကလေးတွေအတွက် ထိန်းသိမ်းခံရခြင်းဟာ အလွန့်အလွန်ကို စိတ်ဒဏ်ရာရဖွယ် ဖြစ်တယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီ လက်အောက်ခံ စစ်သားနဲ့ရဲတွေရဲ့ လက်မရွံ့တမ်း သတ်ဖြတ်မှုတွေကြောင့် တချို့ ကလေးငယ်တွေဟာ မိဘမဲ့ ဖြစ်သွားခဲ့ရသလို တချို့ကလေးငယ်တွေဟာ မိသားစုကို ချန်ထားရစ်ပြီး လူ့လောကကြီးထဲကနေ အရင် ထွက်ခွာသွား နှင့်နေရပြီ ဖြစ်ပါတယ်။ 

သွားနှင့်သူတွေထဲက တချို့ကတော့ စစ်အာဏာရှင်ကို တိုက်ပွဲဝင်ရင်း သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမှာ သေဆုံးခဲ့တဲ့ ၁၆ နှစ်သား မောင်သီဟဇော်ဟာ ဖြတ်သွားတဲ့ စစ်ကားကို လက်သုံးချောင်းထောင်ပြပြီး စစ်အာဏာရှင်အလိုမရှိ ကြွေးကြော်ခဲ့လို့ ပစ်သတ်ခံခဲ့ရတာပါ။ 

စစ်အာဏာရှင်ကို တော်လှန်လို့ပဲ ဖြစ်ဖြစ်၊ အကြောင်းမဲ့ ပစ်သတ်ခံရတာပဲ ဖြစ်ဖြစ် လက်နက်မဲ့ ကလေးငယ်တွေကို ပစ်ခတ်သတ်ဖြတ်နေတာဟာ လူ့အခွင့်အရေးကို အကြီးမားဆုံး ချိုးဖောက်နေတာပဲ ဖြစ်ပါတယ်။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေအပြင် မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအရ ကလေးငယ်တွေကို စစ်ပွဲဖြစ်နေတယ် ဆို ရင်တောင် ပစ်သတ်ခွင့်မရှိပါဘူး။ 

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ တရားဥပဒေကို ထိန်းကျောင်းနိုင်တဲ့ အဖွဲ့အစည်း မရှိတော့သလို အုပ် ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတွေ အကုန်လုံးဟာလည်း ပျက်သုဉ်းနေခဲ့ပြီ ဖြစ်ပါတယ်။

ဦးအောင်မျိုးမင်းက “ဖွဲ့စည်းပုံ အခြေခံဥပဒေမှာရော မြန်မာနိုင်ငံ ကလေးသူငယ်ဆိုင်ရာ ဥပဒေမှာရော ဖော်ပြထားပြီးသား ပါ။ ဒါပေမယ့် အခုအချိန်မှာ ဥပဒေက ရှိနေပေမယ့် တရားဥပဒေကို အကာအကွယ်ပေးနိုင်မယ့် တရားရုံးတွေ မရှိဘူး” လို့ ဆိုပါတယ်။

ဒီလို ဆိုးရွားလှတဲ့အဖြစ်တွေ အဆုံးသတ်ဖို့က ကလေးငယ်တွေကိုသာမက မြန်မာနိုင်ငံသားတွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ဖို့၊ အာဏာသိမ်း စစ်ကောင်စီအနေနဲ့ အာဏာကို စွန့်လွှတ်ဖို့ နည်းလမ်း တခုပဲ ရှိပါတယ်။ 

မခင်မျိုးချစ်ရဲ့ အစ်မက “ဒီလိုမျိုး ကိုယ့်ညီမလေးကို နိုင်ထက်စီးနင်း လုပ်တယ်။ သားသမီးချင်း ကိုယ်ချင်းမစာဘူးပေါ့။ ဒီ ကလေးရယ်လို့ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းကို ဒီလိုမျိုး နိုင်ထက်စီးနင်း လုပ်ပြီး အနိုင်ကျင့် မတရား ဖိနှိပ်ချုပ်ချယ်မှုတွေ ဖြစ်နေတာကို ရပ်တန်းကနေ ရပ်စေချင်ပါပြီ” လို့ ပြောဆိုလိုက်ပါတယ်။

You may also like these stories:

တိုင်းရင်းသားတပ်များက မြန်မာ့ဒီမိုကရေစီအင်အားစုများကို ကယ်ဆယ်နေ

တိတ်ဆိတ် ဟစ်ကြွေး နှစ်ဆယ့်လေး

စစ်အာဏာသိမ်းမှုကို AA ရှုတ်ချ

Did you find apk for android? You can find new Free Android Games and apps.
Loading