ဆောင်းပါး

အထီးကျန်မှုများစွာနှင့် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ တပ်မတော်နေ့

Want create site? Find Free WordPress Themes and plugins.

မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ကာလဟု ဆိုသည့် ၂၀၁၀ခုနှစ် နောက်ပိုင်းကျင်းပသော တပ်မတော်နေ့ပေါင်း များစွာအနက် ယခုနှစ် ကျင်းပသည့် ၇၆ နှစ်မြောက် တပ်မတော်နေ့မှာ လူစုံ တက်ရောက်နိုင်ခြင်း မရှိသည့် အထီးကျန် မှုများစွာဖြင့် လုပ်ခဲ့ရသည့် နေ့အဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်သည်။

ယခင်နှစ်များစွာကကဲ့သို့ အလွှာအသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်နိုင်ခြင်း မရှိသလို၊ အများဆုံး နိုင်ငံခြား သံတမန် ၈ ဦး၊ ပြည်သူ့ စစ် အသွင်ပြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တချို့ နှင့် တပ်မတော်ကို ထောက်ခံသော အဖွဲ့အစည်းတချို့ မှလွဲ၍ ပုဂ္ဂလိက မီဒီယာသမားလည်း အနည်းငယ်သာ တက်ရောက်သည်ကို တွေ့ရသည်။

စစ်အာဏာသိမ်းပြီးနောက် ပြုလုပ်ရသည့် တပ်မတော်နေ့ အခမ်းအနားကို အတတ်နိုင်ဆုံး စည်ကား သိုက်မြိုက်အောင် ကျင်းပမည်ဟု ရည်ရွယ်သော်လည်း ယင်းနေ့မှာပင် စစ်အာဏာရှင်ကို ဆန္ဒပြသူ ၉၀ခန့် သေဆုံးခဲ့ရသဖြင့် စံချိန်တင် ခဲ့သည်ဟု ဆိုရမည်။

စစ်အာဏာသိမ်းပြီးနောက် တနိုင်ငံလုံး သေဆုံးသူ ရာနှင့်ချီ ရှိသဖြင့် အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများက ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၏ အာဏာသိမ်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဝေဖန် အပြစ်တင် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြု လုပ်နေချိန်နှင့် တိုက်ဆိုင်စွာ ရုရှားက ဒု ကာကွယ်ရေး ဝန်ကြီးအဆင့် လာရောက်ပြီး တပ်မတော်နေ့ကို တက်ရောက် ဂုဏ်ပြုခြင်းက အာဏာသိမ်း စစ်ကောင်စီသည် မိမိ၏ လက်နက်ထီးရိပ်အောက်တွင် ရှိကြောင်း ပြသခြင်းဖြစ်သည်။

“မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှ မှာ ရုရှားအတွက် ယုံကြည်စိတ်ချရပြီး မဟာဗျူဟာမြောက် အရေးပါတဲ့ မဟာမိတ်ဖြစ် တယ်”ဟု ရုရှား ဒု ကာကွယ်ရေး ဝန်ကြီးအလက်ဇန္ဒား ဖိုမင်က ပြောကြောင်း ရုရှားနိုင်ငံပိုင် သတင်းဌာန TASS က ဖော်ပြခဲ့သည်။

သို့သော် အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ အိန္ဒိယတို့ပါဝင်သည့် စစ်ရေးမဟာမိတ်အဖွဲ့ကလည်း မြန်မာ့ရေပိုင်နက်အနီး စစ်ရေးလေ့ကျင့်နေချိန် ရုရှား ဒု ကာကွယ်ရေး ဝန်ကြီး ရောက်ရှိကာ တပ်မတော်နေ့ အခမ်းအနားတက်ရောက်ခြင်းက ထူးခြားသည်ဟု ဆိုရမည်။

တပ်မတော်နေ့ အခမ်းအနားတက်ရန် ရုရှား ဒု ကာကွယ်ရေး ဝန်ကြီး အလက်ဇန္ဒား ဖိုမင် သည် ယမန်နေ့ မတ် ၂၆ရက်က နေပြည်တော်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး သူနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံပြည်သူ့ကောင်စီဥက္ကဋ္ဌနှင့် သမ္မတ၏ သတင်း ပြန်ကြားရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဖြစ်သူ ပေဗယ် ဂူဆက်၊ Moscow Buddhist Society၏ အကြီးအကဲ Bair B.TSYMPILOV ၊ ရုရှားနိုင်ငံ စစ်ဘက်၊ အရပ်ဘက် မှအရာရှိကြီးများ ပါဝင်ကြောင်း သိရသည်။

ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် လာအိုစသည့် နိုင်ငံများမှ စစ်သံမှူးများ တက် ရောက်ခဲ့သော်လည်း ယခင်နှစ်များကဲ့သို့ အခြားနိုင်ငံများမှ စစ်သံမှူးများ တက်ရောက်ခဲ့ခြင်း မရှိပေ။

ရုရှား ကာကွယ်ရေး ဒုဝန်ကြီး အလက်ဇန္ဒားဖိုမင်ကိုယ်တိုင် တပ်မတော်နေ့သို့ လာတက်ခြင်းသည် မြန်မာနှင့် ရုရှားနိုင်ငံတို့ ကြားရှိ ထူးခြားသည့် မဟာမိတ် ဆက်ဆံရေးဖြစ်၍ ယခုအချက်ကို ဂုဏ်ယူကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ယနေ့ အခမ်းအနားတွင် ပြောဆိုခဲ့သည်ဟု တပ်မတော်နေ့ကို တက်ရောက်ခဲ့ သည့် သေနင်္ဂအင်စတီကျူ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။

“ရုရှားလာတယ်ဆိုတာက တပ်မတော်နေ့ကို ပိုပြီးတော့ ဂုဏ်တက်သွားအောင် Honorable လာလုပ်သွားတဲ့ သဘောပဲ။ ရုရှားလာရောက်တဲ့အတွက် မြန်မာနဲ့ ရုရှားကြားထဲက ရင်းနှီးခိုင်မာတဲ့ ဆက်ဆံရေးနဲ့ နဂိုကတည်းက ဂုဏ်ဒြပ်ရှိပြီးသား တပ်မတော်နေ့တရပ်ဟာ ရုရှားလာလိုက်တဲ့အတွက် ပိုလှသွားတဲ့ သဘောပါပဲ”ဟု ဦးသိန်းထွန်းဦးက ပြောသည်။

အခြားနိုင်ငံရေး အကဲခတ်များကမူ တပ်မတော်နေ့တွင် ရုရှားကာကွယ်ရေး ဒုဝန်ကြီး ရှိနေ၍သာ မြန်မာ၏ အထီးကျန်မှုကို သက်သာစေခဲ့ခြင်း ဖြစ်ပြီး ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းခဲ့စဉ်ကလည်း မြန်မာကို ထိုင်းနိုင်ငံက စတင် အသိအမှတ်ပြု ခဲ့ခြင်းကို ယခုပုံစံက အမှတ်ရစေခဲ့ကြောင်း ပြောဆိုကြသည်။

ယခု ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ထိုင်းနိုင်ငံသို့ အရင်ဆုံး သွားရောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မြန်မာစစ်တပ်နှင့် ဆက်ဆံရေး ကောင်းမွန်သည့် ထိုင်းနိုင်ငံက မြန်မာစစ်ကောင်စီ၏ ပထမဆုံး နိုင်ငံခြား ခရီး စဉ်နှင့် ပတ်သက်၍ ရှင်းလင်းတိကျသည့် ထုတ်ပြန်ချက်မျိုး မထုတ်နိုင်ခဲ့ပေ။

သို့သော် ယခု ရုရှားကာကွယ်ရေး ဒုတိယ ဝန်ကြီး၏ မြန်မာတပ်မတော်နေ့ ခရီးစဉ်မှာ မြန်မာ စစ်ကောင်စီကို ရုရှားနိုင်ငံက လူသိရှင်ကြား အသိအမှတ်ပြုသည့် ထောက်ခံသည့် ပုံစံမျိုး ဖြစ်ပေါ်လာစေကြောင်း သုံးသပ်ကြသည်။

“ရုရှားနဲ့ သူတို့ရဲ့ ဆက်ဆံရေးဟာ အရမ်းကောင်းတယ်ဆိုတာ ပေါ်လွင်တယ်။ တရုတ်ထက်တောင်မှ ပိုကောင်းတယ်ဆိုတာ ပေါ်လွင်တယ်။ အမေရိကန်နဲ့ သူနဲ့က တရုတ်လိုမျိုး အမြဲတန်း ထိပ်တိုက်တွေ့နေတာ မဟုတ်ပေမယ့် ကုလသမဂ္ဂမှာ သူ ကလည်း အရေးကြီးတဲ့ နိုင်ငံပဲ”ဟု ရန်ကုန်မြို့ မှ နိုင်ငံရေး လေ့လာသူတဦးက ပြောသည်။

မြန်မာအရပ်ဘက် ခေါင်းဆောင်များသည်လည်း ရုရှားနှင့် တရုတ်တို့နှင့် ဆက်ဆံရေးတွင် တရုတ်နိုင်ငံကို ပိုမို အလေးထား ဆက်ဆံခဲ့ကြသော်လည်း တပ်မတော်ခေါင်းဆောင်များက ၂၀၁၀ ခု နောက်ပိုင်းမှ စတင်ကာ တရုတ်နှင့် ခပ်ခွာခွာ ဆက်ဆံ ရေး မူဝါဒကို ကျင့်သုံးလာပြီး စစ်လက်နက်ပစ္စည်းတွင်လည်း ရုရှားနှင့် အနောက်အုပ်စုထံမှသာ ရရှိရန် ပိုမို ကြိုးစားခဲ့ သည် ကို တွေ့သည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်များကို တရုတ်က နောက်ကွယ်မှ လက်နက်များ ထောက်ပံ့နေခြင်း၊ မုံးကိုး၊ လောက် ကိုင်ကဲ့သို့သော တိုက်ပွဲများတွင် မြန်မာစစ်တပ်အနေဖြင့် များစွာ ခက်ခက်ခဲခဲ ကိုင်တွယ်ခဲ့သည့် အခြေအနေလည်း ရှိခဲ့သည်။

တဖက်တွင်လည်း နိုင်ငံတကာ မျက်နှာစာတွင် အားရှိသည့် တရုတ်နှင့် ရုရှားနိုင်ငံတို့ အခန်းကဏ္ဍမှာလည်း အရေးကြီး သည့် သဘောမျိုးရှိရာ လက်ရှိ အာဏာသိမ်း စစ်ကောင်စီသည် တရုတ်နှင့် ရုရှားနိုင်ငံတို့နှင့် ဆက်ဆံရေး ကောင်းရန် ဆန္ဒပြင်းပြနေပုံရသည်။

“ရုရှားနဲ့ မြန်မာနဲ့က အရေးကြီးတဲ့ မဟာမိတ်တွေအဖြစ် နေလာပြီးသား ဖြစ်တယ်။ သေချာတာက ရုရှားသည် မြန်မာဘက် ကို ပိုပြီး စိတ်ဝင်စားလာတာ တွေ့ရတယ်။ နီးနီးကပ်ကပ်ကိုဆောင်ရွက်လာတာက ကမ္ဘာ့နိုင်ငံရေး အခြေအနေ အပြောင်း အလဲ ဖြစ်လာတာက တပိုင်း၊ မြန်မာရဲ့ မဟာဗျူဟာအရ အရှေ့တောင်အာရှမှ အရေးပါလာမှုကြောင့်ပါပဲ”ဟု ဦးသိန်းထွန်းဦးက ပြောသည်။

ထို့ပြင် ယနေ့ ကျရောက်သည့် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် စစ်ကောင်စီက တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ များကို ဖိတ်ကြားခဲ့သော်လည်း အများစုမှာ တက်ရောက်ခြင်း မရှိခဲ့ပေ။

ဖိတ်ကြားခံရသည့် လက်နက်ကိုင် အဖွဲ့ များထဲမှ ကရင် အမျိုးသား အစည်းအရုံး (KNU) သည် စစ်ကောင်စီ၏ တပ်မတော် နေ့ အခမ်းအနားကို မတက်ရုံသာကမ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ များ အခြေစိုက်သည့် ဖာပွန်ခရိုင်ထဲမှ သီးမူထား တပ်စခန်းကို တက်ရောက် သိမ်းပိုက်ခဲ့သေးသည်။

ယခုနှစ် တပ်မတော်နေ့ကို တိုင်းရင်းသား အဖွဲ့ အစည်းများ အနေဖြင့် ယခင်က ပြည်သူ့စစ်များ၊ NCA စာချုပ် မစမီက တည်းက ရှိခဲ့သည့် ပြည်သူ့စစ် အဖွဲ့ဝင်များ၊ ပြည်သူ့စစ် အသွင်ပြောင်းထားသည့် အဖွဲ့များ၊ နယ်ခြားစောင့်တပ် အသွင် ပြောင်းထားသည့် အဖွဲ့ များ တက်ရောက်ကြောင်း သိရသည်။

ယခုနှစ် တပ်မတော်နေ့တွင် လွတ်လပ်ရေး မရမီ ဘီအိုင်အေခေတ်၊ ဘီဒီအေခေတ် စသည့် ခတ်အဆက်တွင် တပ်မ တော်က စတင်သုံးစွဲခဲ့သည့် ယာဉ်ယန္တရား အဟောင်းများကို ပြန်လည် ပြုပြင်ပြီး စစ်ကြောင်းတခု အနေဖြင့် ပြသခြင်း မျိုးလည်း ပါဝင်ခဲ့သည်။

မနေ့က မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၇ ဦး၏ ရုပ်ထုများကို ဖွင့်ပွဲ ဖြင့် ပြုလုပ် ဖွင့်လှစ်ခဲ့ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဟောင်းများ၏ မိသားစုဝင်များကိုလည်း ဖိတ်ကြားခဲ့ရာ ပထမဆုံး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်း၏ မိသားစုဝင်များ တက်ရောက်ခဲ့သည်ဟု သိရသည်။

တပ်မတော်နေ့ ဆိုသည်မှာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ရက်က ဖက်ဆစ်ဂျပန်ကို တော်လှန်သော နေ့ကို အစွဲပြု၍ သတ်မှတ်ခြင်းဖြစ်ပြီး၊ ဂျပန်ကိုတော်လှန်ရာတွင် ဗမာပြည် ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ၊ တပ်မတော်နှင့် လူထုတို့ လက်တွဲ တော်လှန်သဖြင့် တော်လှန်ရေးနေ့ဟုသာ သုံးနှုန်း ခေါ်ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် တပ်မတော်နေ့ ပြောင်းလဲခဲ့သဖြင့် သမိုင်းပျောက်ကာ မူလရည်ရွယ်ရင်းမှ သွေဖယ်သွားသည်ဟု ဝေဖန်မှုများ ရှိနေသည်။

You may also like these stories:

ဖျာပုံ CDM စည်ပင်ဝန်ထမ်းများ ရုံးပြန်တက်ရန် ဖိအားပေးခံရ

မုံရွာတွင် ရဲ ၂ ဦး၏ အလောင်းတွေရှိမှုနှင့် ပတ်သက်၍ ဖမ်းထားသူများ ငွေဖြင့် ပြန်ရွေးခိုင်းနေ

မြန်မာ့ CDM လှုပ်ရှားမှု ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမည်စာရင်း တင်သွင်းခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading