ရွေးကောက်ပွဲ မသမာမှုများ ရှိသည် ဟုဆိုကာ ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ပြည်သူ လူ ထုတရပ်လုံးက ပြင်းပြင်းထန်ထန် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ ယင်းသို့ ဆန္ဒပြမှုများကို အာဏာသိမ်း စစ်ကောင်စီက ၎င်း ၏ လက်အောက်ခံ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အသုံးပြုပြီး အကြမ်းဖက်ဖြိုခွဲမှုများ ပြုလုပ်လျက် ရှိသည်။
ထိုသို့ ပြုလုပ်ရာတွင် မတ်လ ၂၉ ရက်ထိ လူပေါင်း ၄၀၀ ကျာ် သေဆုံးခဲ့ရာတွင် အရွယ်မရောက်သေးသည့် ကလေးနှင့် ဆယ်ကျော်သက် အများအပြားပါ သတ်ဖြတ်ခံခဲ့ရသည်။ ယခု မှတ်တမ်းသည် ဖေဖော်ဝါရီလ ၁ ရက်မှ မတ်လ ၂၇ ရက်အတွင်း စစ်အာဏာ ရှင်ကို ဆန့်ကျင်တော်လှန်ရင်း သူရဲ ကောင်းဆန်ဆန် သေဆုံးခဲ့ရသည့် ဆယ်ကျော်သက်များအတွက် ဂုဏ်ပြုမှတ်တမ်း ဖြစ်သကဲ့သို့၊ စစ်အာဏာရှင်၏ ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်မှုကို ခံခဲ့ရသော ကလေးနှင့် ဆယ်ကျော်သက်များအတွက် ဝမ်းနည်း မှတ်တမ်းလည်း ဖြစ်ပါသည်။
ယခု ဖော်ပြပါထားသော ကလေးနှင့် ဆယ်ကျော်သက် ၃၂ ယောက် မှတ်တမ်းသည် ဧရာဝတီမှ အတည်ပြု ထားသည့် စာရင်းဖြစ်ပြီး အတည်မပြုနိုင်သေးသည့် သေဆုံး ကလေးနှင့် ဆယ်ကျော်သက်များလည်း ရှိနေသေးသည်။
မောင်ဝေယံထွန်း (၁၆ နှစ်)
သေဆုံးရက်စွဲ – ဖေဖော်ဝါရီ ၂၀ ရက်
နေရာ – မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး
သေဆုံးဖြစ်စဉ် – ကုန်စိမ်းလှည်းတွန်းပြီး မိဘကို လုပ်ကျွေးနေသူ မောင်ဝေယံထွန်းသည် မန္တလေး သင်္ဘောကျင်းတွင် ဖမ်းဆီးခံရသူများ ပြန်လည် လွတ်မြောက်ရေး ဆန္ဒပြနေသူများကို စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲရာ ဒဏ်ရာရသူများ ကို ကုန်စိမ်းတင်လှည်းဖြင့် လူနာများကို ခေါက်တုန့်ခေါက်ပြန် သယ်ဆောင်ပြီး လူနာတင်ယာဉ်များဆီ ပို့ဆောင်ပေးနေခဲ့ သည်။ ထိုစဉ် ပေါင်ကို သေနတ်မှန်သည့် လူနာကို လှည်းဖြင့် ထပ်မံ သွားရောက် ခေါ်ဆောင်စဉ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် များက ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်ခံရခြင်း ဖြစ်သည်။ ဖုန်းနှင့် ဆိုင်ကယ်ဝယ်ရန် သူ စုဆောင်း ထားသည့် ငွေကို သူ့ရက် လည်အတွက် အသုံးပြုခဲ့ရသည်။ မောင်ဝေယံထွန်းသည် မြန်မာနိုင်ငံ စစ်အာဏာရှင် တော်လှန်း ရေးတွင် သေဆုံးခဲ့သည့် အသက် မပြည့်သေးသည့် ကလေးငယ်များ အနက် ပထမဆုံး သူရဲကောင်း ဖြစ်သည်။
မောင်စိုး(ခ) စည်သူစိုး (၁၆ နှစ်)
သေဆုံးရက်စွဲ – ဖေဖော်ဝါရီ ၂၈ ရက်
နေရာ – ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့
သေဆုံးဖြစ်စဉ် – ပဲခူးတံတားထိပ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု ကြောင့် မျက်နှာကို ကျည်ထိမှန် သေဆုံးခဲ့သည်။
မောင်သီဟဇော် (ခ) နောင်နောင် (၁၆ နှစ်)
သေဆုံးရက်စွဲ – မတ်၂
နေရာ – တောင်တွင်းကြီးမြို့၊ မကွေးတိုင်းဒေသကြီး
သေဆုံးဖြစ်စဉ် – တောင်တွင်းကြီးမြို့နယ် ဆတ်သွားတိုက်နယ် အုပ်ချုပ်ရေးမှူးရုံး ဖွင့်ပြီး ရန်ကုန်-ပြည်ကားလမ်းအတိုင်း ပြန်လာသည့် စစ်ကားများကို ဆတ်သွားကျေးရွာအနီး၊ တောစိမ်းကျေးရွာထိပ် ကားလမ်းဘေးတွင် ထိုင်နေသည့် လူငယ် များက လက်သုံးချောင်း ထောင်ပြကာ စစ်အာဏာရှင် အလိုမရှိ ကြွေးကြော်စဉ် သေနတ်ဖြင့် လိုက်ပစ်သည့်အတွက် ဦးခေါင်းကျည်ထိ သေဆုံးခဲ့ခြင်းဖြစ်သည်။
မောင်နေမျိုးအောင် (ခ) ကုလားလေး (၁၆ နှစ်)
သေဆုံးရက်စွဲ – မတ် ၃
နေရာ – ပြည်ကြီးတံခွန်မြို့နယ် မန္တလေးတိုင်းဒေသကြီး
သေဆုံးဖြစ်စဉ် – မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု ပြုလုပ် နေစဉ် စစ်ကောင်စီက အကြမ်းဖက် ဖြိုခွင်းမှုကြောင့် လက်မောင်းနှင့် ရင်ဘတ်ကို ကျည်ဖောက်ထွက်ပြီး သေဆုံးခဲ့ရခြင်း ဖြစ်သည်။
မောင်မင်းခန့်ကျော် (ခ) ဖိုးသဲ ( ၁၇ နှစ်)
သေဆုံးရက်စွဲ – မတ် ၃
နေရာ – မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
သေဆုံးဖြစ်စဉ် – စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်ထောင်စုလမ်း၊ ဘုရားနီဘုရားအနီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် ပင်မသပိတ်စစ်ကြောင်းကို ဖြိုခွဲရာတွင် ဝမ်းဗိုက်ကျည်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်။
မောင်ခန့်ညားဟိန်း (၁၇နှစ်)
သေဆုံးရက်စွဲ – မတ် ၁၄
နေရာ – တာမွေမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး
သေဆုံးဖြစ်စဉ် – စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားသည့် လူငယ်များကို တာမွေမြို့နယ်ရဲစခန်း (စခန်း ၄၀) အတွင်းမှ တမင် ချိန်ရွယ်ပစ်ခတ်ခဲ့ခြင်းကြောင့် ဆေးတက္ကသိုလ် ပထမနှစ်ကျောင်းသား မောင်ခန့်ညားဟိန်း ဦးခေါင်းကို ကျည်ထိမှန်ခဲ့ကာ ဆေးကုသခွင့် မပေးဘဲ စခန်းအတွင်း ဆွဲခေါ်သွားသဖြင့် သေဆုံးသွားခဲ့သည်။
မဇူးဝင့်ဝါ (၁၅ နှစ်)
သေဆုံးရက်စွဲ – မတ် ၁၄
နေရာ – တောင်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
သေဆုံးဖြစ်စဉ် – ဒိုင်းအဖွဲ့တွင် ပါဝင်သူ ဖြစ်ပြီး ဒဏ်ရာရသူတဦးကို သွားရောက် ကူညီရင်း ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ သည်။ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြစဉ် အဖမ်းခံရပြီး နှိပ်စက်ခံရသော်လည်း အသက်မပြည့် ပြန်လွတ်ပြီးနောက် ၃ ရက်မြောက်နေ့တွင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ လည်တွင် ပလပ်စတစ် လည်ဆွဲကတ်အတွင်း အသက်၊ နေရပ်လိပ်စာနှင့် “သမီးသေသွားခဲ့ရင် မကယ်ပါနဲ့။ သမီးကို ထားပြီး နိုင်အောင် ကြိုးစားကြပါ။ ဒီတိုက်ပွဲအောင်ရင် သေပျော်ပါပြီ။ ကမ္ဘာ မကြေဘူး” ဆိုသည့် သေတမ်းစာကို သူ့လက်ရေးဖြင့် ထည့်သွင်းရေးသားထားသည်။
မောင်ကျော်ဇေယျာထွန်း (၁၇ နှစ်)
သေဆုံးရက်စွဲ – မတ် ၁၄
နေရာ – ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
သေဆုံးဖြစ်စဉ် – ရွှေပြည်သာ အထက ၁ ကျောင်းရှေ့ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ဒိုင်းကိုင်အနေဖြင့် ရှေ့ ဆုံးမှ ပါဝင်ရာ စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ဒိုင်းပေါက်ထွက် ဦးခေါင်းနှင့် ပေါင်ကို ထိမှန် သေဆုံး ခဲ့သည်။
မောင်လှိုင်းဂျက်မောင် (၁၆ နှစ်)
သေဆုံးရက်စွဲ – မတ် ၁၄
နေရာ – ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
သေဆုံးဖြစ်စဉ် – ရွှေပြည်သာ အထက ၁ ကျောင်းရှေ့ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ဒိုင်းကိုင်အနေဖြင့် ရှေ့ဆုံးမှ ပါဝင်ရာ စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ဦးခေါင်းကျည်ထိ သေဆုံးခဲ့သည်။
မောင်မင်းမင်းဦး (၁၇ နှစ်)
သေဆုံးရက်စွဲ – မတ် ၁၄
နေရာ – ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
သေဆုံးဖြစ်စဉ် – ဆိုင်ကယ်စီးနင်းလာသည့် မောင်မင်းမင်းဦးကို ၄၁ လမ်း၊ ၈၃ နှင့် ၈၄ ကြားတွင် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ပြီး ရုပ်အလောင်းကို စစ်ကားဖြင့် သယ်ဆောင်သွားခဲ့ရာ မိဘများက ရဲစခန်းသို့ အကြိမ်ကြိမ် သွား ရောက် စုံစမ်းသော်လည်း သတင်း တစုံတရာ မရရှိဘဲ မတ်လ ၁၆ ရက်နေ့မှ သေဆုံးကြောင်း အကြောင်းကြားခဲ့သည်။ ပိုင်ရှင်မဲ့ အလောင်းအဖြစ် သတ်မှတ်ပြီး အလောင်းဖျောက်ဖျက်ပစ်ခဲ့သဖြင့် မိသားစုမှာ အလောင်းမပါဘဲ သင်္ဂြိုဟ်ခဲ့ရသည်။
မောင်ကြယ်စင်ဟိန်း (ခ) ကြယ်ကြယ် (၁၆ နှစ်)
သေဆုံးရက်စွဲ – မတ် ၁၄
နေရာ – လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
သေဆုံးဖြစ်စဉ် – ၉ တန်းကျောင်းသား မောင်ကြယ်စင်ဟိန်းသည် ဒိုင်းကာအဖွဲ့တွင် ပါဝင်ပြီး မတ်လ ၁၄ ရက်၌ လှိုင်သာ ယာကို စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းစဉ် ကျဆုံးခဲ့သည်။ လှိုင်သာယာ ၁ ထိပ်နှင့် ဘီအိုစီ တလျောက် နှစ်ဖက် ညှပ်ပစ်စဉ် မိန်းကလေးတဦး ကျည်ထိသည်ကို သွားရောက် သယ်ဆောင်သည့် မောင်ကြယ်စင်ဟိန်းကို ဦးခေါင်းချိန်ရွယ် ပစ်ခတ်ခံရခြင်း ဖြစ်သည်။ သေဆုံးသွားသည့် ခန္ဓာကိုယ်ကို ပြန်လည် ကောက်ယူခွင့်မရသဖြင့် မိသားစုမှာ အလောင်းမပါ ဘဲ သင်္ဂြိုဟ်ခဲ့ရသည်။
မောင်အောင်နိုင်ဝင်း (၁၇ နှစ်)
သေဆုံးရက်စွဲ – မတ် ၁၄
နေရာ – လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
သေဆုံးဖြစ်စဉ် – လူအများအပြား သေဆုံးခဲ့ရသည့် မတ်လ ၁၄ ရက်က စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက လှိုင်သာယာမြို့နယ်ကို ရက်ရက်စက်စက် အကြမ်းဖက် ဖြိုခွင်းစဉ် သေဆုံးခဲ့ရသည်။
မောင်ဖြိုးကိုကို (၁၇ နှစ်)
သေဆုံးရက်စွဲ – မတ် ၁၄
နေရာ – လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
သေဆုံးဖြစ်စဉ် – စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် တပ်ဖွဲ့များက လှိုင်သာယာမြို့ကို ရက်ရက်စက်စက် အကြမ်း ဖက် ဖြိုခွင်းစဉ် သေဆုံးခဲ့ရသည်။
မောင်သန့်ဇင်ဦး (၁၇ နှစ်)
သေဆုံးရက်စွဲ – မတ် ၁၄
နေရာ – လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
သေဆုံးဖြစ်စဉ် – စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များက လှိုင်သာယာမြို့ကို ရက်ရက်စက်စက် အကြမ်း ဖက် ဖြိုခွင်းစဉ် သေဆုံးခဲ့ရသည်။
မောင်ရန်မျိုးအောင် (၁၇ နှစ်)
သေဆုံးရက်စွဲ – မတ် ၁၅
နေရာ – မြင်းခြံမြို့ ၊ မန္တလေးတိုင်းဒေသကြီး
သေဆုံးဖြစ်စဉ် – မြင်းခြံမြို့တွင် မတ်လ ၁၅ ရက်က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြစဉ် ရင်ဘတ်ကျည်ထိ သေဆုံးခဲ့ရ ခြင်း ဖြစ်သည်။
မောင်အောင်မျိုးဇော် (၁၇ နှစ်)
သေဆုံးရက်စွဲ – မတ် ၁၅
နေရာ – မြင်းခြံမြို့၊ မန္တလေးတိုင်းဒေသကြီး
သေဆုံးဖြစ်စဉ် – ၁၀ တန်းကျောင်းသား မောင်အောင်မျိုးဇော်သည် မြင်းခြံမြို့တွင် မတ်လ ၁၅ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြစဉ် ရင်ဘတ်ကျည်ထိ သေဆုံးခဲ့ရခြင်းဖြစ်ပြီး အလောင်းကို ည ၇ နာရီခွဲမှ ပြန်ပေးခဲ့ခြင်း ဖြစ်သည်။
မသီတာအေး (ခ) မီးမီး (၁၆ နှစ်)
သေဆုံးရက်စွဲ – မတ် ၁၅
နေရာ – သပိတ်ကျင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး
သေဆုံးဖြစ်စဉ်- သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာရှိ နေအိမ်တွင် သူငယ်ချင်းများနှင့် ထိုင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် များက ရွာအနီး တောင်ကုန်းပေါ်မှ လှမ်း၍ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာ ၂ ချက်ရပြီး သေဆုံးခဲ့ရသည်။
မောင်အောင်ကောင်းထက် (၁၅ နှစ်)
သေဆုံးရက်စွဲ – မတ် ၂၀
နေရာ – သာကေတမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
သေဆုံးဖြစ်စဉ်- သာကေတမြို့နယ် ၆ ရပ်ကွက် ရွှေပြည်သာ အရှေ့လမ်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဝင်ရောက် ပစ်ခတ်မှုကြောင့် မျက်နှာပေါက်ထွက် သေဆုံးခဲ့ရသည်။
မောင်ဇော်မျိုးထက် (၁၆ နှစ်)
သေဆုံးရက်စွဲ – မတ် ၂၁
နေရာ – ချမ်းအေးသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး
သေဆုံးဖြစ်စဉ်- ပဲခူးမြို့ နတ်တလင်း ဇာတိသား ဖြစ်သည့် မောင်ဇော်မျိုးထက်သည် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် ရှိ ပြည်ကျော်ဈေးနှင့် မျက်နှာချင်းဆိုင် စီယာတိုင် ကဖေးဆိုင်တွင် အလုပ်လုပ်လာလုပ်သည်မှာ ၂ ရက်သာ ရှိသေးချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဆိုင်ရှေ့တွင် သေဆုံးခဲ့ရသည်။
မောင်ထွန်းထွန်းအောင် (၁၄ နှစ်)
သေဆုံးရက်စွဲ – မတ် ၂၂
နေရာ – ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး
သေဆုံးဖြစ်စဉ်- ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာတိုက်တန်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက် ပစ်ခတ်မှုကြောင့် မိမိနေအိမ်တွင်ပင် တံခါးပိတ်နေသည့် မောင်ထွန်းထွန်းအောင်၏ ရင်ဘတ်ကို ကျည်ထိမှန် သေဆုံးခဲ့ရ သည်။
မခင်မျိုးချစ် (၆နှစ်၃လ)
သေဆုံးရက်စွဲ – မတ် ၂၃
နေရာ – ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး
သေဆုံးဖြစ်စဉ်- ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်တွင် နေအိမ်တံခါးများကို ရိုက်ချိုးဖျက်ကာ ဖခင်ရင်ခွင်ထဲ ကြောက်ရွံ့စွာ တိုးဝင်နေသည့် အသက် ၆ နှစ် ၃ လသာရှိသေးသည့် မခင်မျိုးချစ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ခြင်းကြောင့် ဝမ်းဗိုက်ကျည်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်။
မောင်မိုးထက်ဝိုင်း ( ၁၅ နှစ်)
သေဆုံးရက်စွဲ – မတ် ၂၃
နေရာ – ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး
သေဆုံးဖြစ်စဉ်- ချမ်းမြသာစည်မြို့နယ်ရှိ သီဟမင်း လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်နေစဉ် အောင်ပင်လယ်ရပ်ကွက် လမ်းမအတွင်းသို့ ဝင်လာသည်ကိုတွေ့၍ တံခါးထပိတ်စဉ် ဦးခေါင်းကျည်ထိ သေဆုံးခဲ့ခြင်း ဖြစ်သည်။
မောင်ဖိုးထီ (ခ) မောင်နိုင်းနိုင်း (၁၆ နှစ်)
သေဆုံးရက်စွဲ – မတ် ၂၄
နေရာ – ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး
သေဆုံးဖြစ်စဉ်- ချမ်းမြသာစည်မြို့နယ်တွင် ည ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက် အကြမ်းဖက် ပစ်ခတ်မှုကြောင့် မြို့သစ် ၆၆ လမ်းနှင့် မနော်ဟရီလမ်းထောင့်အနီးတွင် ဦးခေါင်းကျည်ထိ သေဆုံးခဲ့သည်။
မောင်စိုင်းဝေယံ (၁၃ နှစ်)
သေဆုံးရက်စွဲ – မတ် ၂၄
နေရာ – မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
သေဆုံးဖြစ်စဉ်- မင်္ဂလာတောင့်ညွန့် မြို့နယ် မီးရထားဝင်းအတွင်းရှိ နေအိမ်အနီးတွင်ပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဦးခေါင်းထိမှန်သေဆုံးခဲ့ပြီး ရုပ်အလောင်းကိုပါ ယူဆောင်သွားရာ နောက်တနေ့မှ အလောင်းကို ပြန်လည်ရရှိခဲ့သည်။
မောင်ထူးမြတ်ဝင်း (၁၂ နှစ်)
သေဆုံးရက်စွဲ – မတ် ၂၇
နေရာ – ရွှေဘိုမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
သေဆုံးဖြစ်စဉ်- ရွှေဘိုမြို့ရှိ နေအိမ်တွင် ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်း အကြမ်းဖက် ပစ်ခတ်စဉ် ပြတင်းပေါက်မှ ဝင်လာသည့် ကျည်မှာ ဝမ်းဗိုက်ကိုထိမှန် သေဆုံးခဲ့ရသည်။ ထူးမြတ်ဝင်း၏ ရှင်ပြု အလှူလုပ်ရန် ရည်ရွယ် ရိုက်နှက်ထားသည့် ယပ်တောင်များကို နာရေးအတွက် အသုံးပြုခဲ့ရသည်။
မပန်းအိဖြူ (၁၃ နှစ်)
သေဆုံးရက်စွဲ – မတ် ၂၇
နေရာ – မိထ္ထီလာမြို့၊ မန္တလေးတိုင်းဒေသကြီး
သေဆုံးဖြစ်စဉ်- မိထ္ထီလာရှိ တော်ဝင်နန်းအနီး ဒဟတ်တန်း နေအိမ်တွင် အိမ်အလုပ်များ လုပ်ကိုင်နေသည့် ၇ တန်း ကျောင်းသူ မပန်းအိဖြူသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် နေအိမ်ကာ ဝါးကပ်ကို ဖောက်ဝင်လာသည့် ကျည်ကြောင့် ရင်ဘတ်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်။
မအေးမြတ်သူ (၁၁ နှစ်)
သေဆုံးရက်စွဲ – မတ် ၂၇
နေရာ – မော်လမြိုင်မြို့၊ မွန်ပြည်နယ်
သေဆုံးဖြစ်စဉ်- စတုတ္ထတန်း အောင်မြင်ထားသူ မအေးမြတ်သူသည် မော်လမြိုင်မြို့ရှိ ဇေယျာ ၂ ရပ်ကွက် နေအိမ်ရှေ့ တွင် ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဦးခေါင်းထိမှန် သေဆုံးခဲ့သည်။
မောင်ဟိန်းဝင်းထွန်း (၁၄ နှစ်)
သေဆုံးရက်စွဲ – မတ် ၂၇
နေရာ – မြင်းခြံမြို့၊ မန္တလေးတိုင်းဒေသကြီး
သေဆုံးဖြစ်စဉ်- မြင်းခြံမြို့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် မောင်ဟိန်းဝင်းထွန်းသည် စစ်အာ ဏာရှင်များ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် လည်ပင်းကျည်ထိ သေဆုံးခဲ့ရသည်။
မောင်ဝေဖြိုးနောင် (ခ) မိုဟာမက်အလီ (၁၆ နှစ်)
သေဆုံးရက်စွဲ – မတ် ၂၇
နေရာ – အမရပူရမြို့၊ မန္တလေးတိုင်းဒေသကြီး
သေဆုံးဖြစ်စဉ်- မောင်ဝေဖြိုးနောင်သည် အမရပူရမြို့ ဘုန်းအိုးကျေးရွာသို့ လာရောက် အကြမ်းဖက်ပစ်ခတ်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များလက်ချက်ဖြင့် ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့သည်။
သွာဟာလ် (ခ) မောင်ထက်မြက်သွင် (၁၆နှစ်)
သေဆုံးရက်စွဲ – မတ် ၂၇
နေရာ – ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး
သေဆုံးဖြစ်စဉ်- မောင်ထက်မြက်သွင်သည် ပုသိမ်မြို့နယ်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွင် ရှေ့တန်း မှ ဒိုင်းကာ အနေဖြင့် ပါဝင်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်ကျည်ထိ သေဆုံးခဲ့ရ သည်။
မောင်မျိုးဟန် (၁၆ နှစ်)
သေဆုံးရက်စွဲ – မတ် ၂၇
နေရာ – ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး
သေဆုံးဖြစ်စဉ်- ပုသိမ်မြို့ဘန့်ဘွေးကုန်းလမ်းတွင် မတ်လ ၂၇ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်း ဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အထက(၂)ပုသိမ် ဒသမတန်းမှ မောင်မျိုးဟန်သည် ချိုင်းအောက် ကျည်ထိမှန် သေဆုံး ခဲ့သည်။
မောင်ရဲရင့်နိုင် (၁၆ နှစ်)
သေဆုံးရက်စွဲ – မတ် ၂၇
နေရာ – မူဆယ်မြို့၊ ရှမ်းပြည်နယ်
သေဆုံးဖြစ်စဉ်- ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မောင်ရဲရင့်နိုင်ကို ပစ်သတ်ခဲ့ပြီး မိသားစုကိုပင် အသိမပေးဘဲ အလောင်းဖျောက်ဖျက် သင်္ဂြိုဟ်ခဲ့သည်။
You may also like these stories:
စစ်ကောင်စီရဲ့ လက်နက်ကိုင်များ ကလေးသူငယ်တွေကို ပစ်မှတ်ထားလာသလား
ကလေးတွေကို သတ်ဖြတ်မှုက ကမ္ဘာမှာ ရာဇဝတ်မှုတွေလို့ သတ်မှတ်ထားတယ်
စစ်ကောင်စီက မျှော်လင့်ချက်ကြီးသည့် တိုင်းပြည်အနာဂတ်ကို လမ်းမများပေါ်တွင် သတ်ဖြတ်နေ