ဆောင်းပါး

ဆန္ဒပြသူတွေကို သူတို့က ရာဇဝတ်သားတွေလို မြင်ကြတယ်

Want create site? Find Free WordPress Themes and plugins.

ဗိုလ်ကြီးထွန်းမြတ်အောင်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မှ ပူလောင်သော ပလက်ဖေါင်းပေါ်တွင် ခါးကိုကုန်းလိုက်ပြီး ကျည်ဆံအခွံတခုကို ကောက်ယူလိုက်သည်။ ပျို့အန်ချင် စိတ်များ လည်ချောင်းထဲတွင် တလိပ်လိပ် တက်လာသည်။ ရိုင်ဖယ်သေနတ်များသုံးပြီး လူအစစ်များကို ကျည်ဆံအစစ်များနှင့် ပစ်ခတ်နေကြောင်း ထိုကျည်ဆံခွံအရ သူသိလိုက်ရသည်။

မတ်လအစောပိုင်း ထိုညတွင် Facebook ကို သူဖွင့်ကြည့်ပြီး ရန်ကုန်မှ အရပ်သားအများအပြားကို စစ်ကောင်စီ တပ်က ပစ်သတ်ကြောင်း သူသိလိုက်ရသည်။ ထိုစစ်သားများသည် သူကဲ့သို့ပင် စစ်ဝတ်စုံ ဝတ်ထားသူများဖြစ်ကြောင်းလည်း သူသိသည်။

ရက်အတန်ကြာသောအခါ မြန်မာနိုင်ငံတဝှမ်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် အမည်ဆိုး ကျော်ကြားလှသော အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်မှ ထိုစစ်ဗိုလ်သည် စခန်းမှထွက်လာပြီး တပ်မှ ထွက်ပြေးသည်။ ယခုအခါ သူ ပုန်းအောင်းနေရသည်။

“ကျနော်က စစ်တပ်ကို အရမ်းချစ်တယ်။ ဘဝတူစစ်သားတွေကို ကျနော်ပြောချင်တာကတော့ နိုင်ငံနဲ့စစ်တပ်အကြား ရွေးချယ်ရမယ်ဆိုရင် နိုင်ငံကိုပဲ ရွေးကြပါဆိုတာပါ” ဟု သူပြောသည်။

အင်အား ၅ သိန်းရှိသော အမြဲတမ်းစစ်တပ်ဖြစ်သည်ဆိုသည့် မြန်မာစစ်တပ်သည် လူသတ်ရန် မွေးဖွားလာသည့် စက်ရုပ်စစ်သားများဖြစ်ကြောင်း မကြာခဏ ဖေါ်ပြလေ့ရှိကြသည်။ မြန်မာအရပ်သားခေါင်ဆောင်များကို လွန်ခဲ့သောလက ဖြုတ်ချကာ တနိုင်ငံလုံးတွင် ဆန္ဒပြပွဲများဖြစ်စေပြီးနောက် မြန်မာစစ်တပ်၏ ရိုင်းစိုင်းမှုသည် ပိုမိုဆိုးရွားလာပြီး လူပေါင်း ၅၀၀ ကျော်ကို ပစ်သတ်ကာ ထောင်နှင့်ချီသော အခြားသူများကို ဖမ်းဆီး၊ နှိပ်စက်၊ တိုက်ခိုက်နေသည်။

ဖေဖေဓဝါရီလ ၁ ရက်နေ့နောက်ပိုင်း လူသေဆုံးမှုအများဆုံးဖြစ်သော မတ်လ ၂၇ ရက်နေ့တွင် လုံခြုံရေးတပ်များက လူ ၁၀၀ ကျော်ကို ပစ်သတ်ကြောင်း ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။ ထိုသို့ပစ်သတ်ခံရသူများတွင် ၁၃ နှစ်နှင့် ၅ နှစ်အရွယ် အပါအဝင် ကလေး ၇ ဦးပါဝင်သည်။

အာဏာသိမ်းပြီးနောက် တပ်မှ ထွက်ပြေးလာသူ အရာရှိ ၂ ဦးအပါအဝင် အရာရှိ ၄ ဦးကို တွေ့ဆုံမေးမြန်ခြင်းသည် မြန်မာန်ိုင်ငံကို ဆယ်စုနှစ် ၆ ခုကြာလွှမ်းမိုးထားသော အဖွဲ့အစည်းတခု၏ ရှုပ်ထွေးလှသော ရုပ်ပုံလွှာကို ပုံဖေါ်ထားသည်။ ၎င်းတို့သည် နိုင်ငံ (နှင့် ဘာသာရေးတခုကို) အုပ်ထိန်းစောင့်ရှောက်သူဖြစ်ကြောင်းနှင့် ၎င်းတို့မရှိပါက ထိုနိုင်ငံသည် ကြေမွသွားမည်ဖြစ်ကြောင်း အခြေခံစစ်သင်တန်းတက်ချိန်မှစပြီး စစ်သားများကို သင်ကြားထားသည်။

၎င်းတို့သည် နိုင်ငံအတွင်း အခွင့်ထူးခံ နယ်ပယ်တခုကို သိမ်းပိုက်ထားကြပြီး ကျန်လူမှု အသိုက်အဝန်းမှ သီးခြားဖြစ်သော ထိုလောကတွင် စစ်သားများသည် အရပ်သားပြည်သူများအထက် များစွာမြင့်မားသည်ဟု ထင်အောင် လုပ်ထားသည့်အတွေးအခေါ်ကို မှီဝဲ နေထိုင်၊ လုပ်ကိုင်၊ ဆက်ဆံကြသည်။ ၎င်းတို့ကို စစ်တန်းလျှားနှင့် ဖေ့ဘွတ်တွင် အထက်အရာရှိများက စောင့်ကြည့်နေသည်ကို အဆိုပါအရာရှိများက ပြောသည်။ နေ့စဉ် ပုံမှန် ရိုက်သွင်းနေသည့် ဝါဒဖြန့်ချိရေးက နေရာတိုင်း မြို့ပြလမ်းများတွင်ပင် ရန်သူများ ရှိနေသည်ဆိုသည့် အသိကို ဖြစ်စေသည်။

ထိုသို့ အကြိမ်ကြိမ် ဝါဒဖြန့်ခံရသောကြောင့် တစထက်တစ ပိုမိုဆိုးရွားလာသည့် သက်ရောက်မှုမှာ တယူသန်သည့် လောကအမြင်ဖြစ်ပြီး ထိုအမြင်အရ လက်နက်မဲ့အရပ်သားများကို သတ်ရန်ပေးသောအမိန့်များကို မေးခွန်းမထုတ်ဘဲ လိုက်နာရန်ဖြစ်သည်။ ထို စစ်သားများသည် စစ်အာဏာသိမ်းမှု နှင့်ပတ်သက်ပြီး တစုံတရာ မကျေနပ်ကြောင်းပြောကြသော်လည်း တပ်ပြိုကွဲခြင်း မဖြစ်နိုင်ကြောင်း သူတို့သတ်မှတ်ကြသည်။ ထို့ကြောင့် ရှေ့လာမည့်ရက်များ၊ လများအတွင်း သွေးထွက်သံယိုမှုများ ပိုမိုဖြစ်နိုင်သည်။

“စစ်သားအများစုက ဦးနှောက်ဆေးခံထားရတယ်” ဟု ဝက်စ်ပွိုင့် စစ်တက္ကသိုလ်ကဲ့သို့ မြန်မာနိုင်ငံမှ ဂုဏ်သတင်း ကြီးလှသော စစ်တက္ကသိုလ်ကျောင်းဆင်း ဗိုလ်ကြီးတဦးကပြောသည်။ New York Times နှင့်စကားပြောခဲ့သည့် အခြားသူနှစ်ဦးကဲ့သို့ပင် လက်စားချေမည်ကို စိုးရိမ်သောကြောင့် သူ၏ အမည်ကို ဖေါ်ပြခြင်း မရှိပါ။ သူသည် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။

“ကျနော်က တိုင်းပြည်ကိုကာကွယ်ဖို့ တပ်မတော်ထဲကို ဝင်ခဲ့တာ၊ ကိုယ့်ပြည်သူကို ကိုယ်တိုက်ဖို့မဟုတ်ဘူး။ စစ်သားတွေက ကိုယ့်ပြည်သူကို ကိုယ်ပြန်သတ်နေတာ တွေ့ရတာ အရမ်းဝမ်းနည်းဖို့ ကောင်းတယ်” ဟု သူပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်ကတည်းကပင် မြန်မာစစ်တပ်သည် စစ်တိုက်ရန် အသင့်ရှိနေပြီး ကွန်မြူနစ် ပြောက်ကျားများ၊ တိုင်းရင်းသား ပုန်ကန်မှုများ၊ စစ်တပ်၏ ဖြိုခွင်းမှုကြောင့် တောတွင်းသို့ ထွက်ပြေးလာရသည့် ဒီမိုကရေစီလိုလားသူများကို တိုက်ခိုက်နေသည်။ စစ်တပ် ဖိနှိပ်မှုကို ဆယ်စုနှစ်ပေါင်းများစွာခံရသော တိုင်းရင်းသား လူနည်းစုအများအပြားကို စတေးပြီး စစ်တပ်၏ ကိုးကွယ်မှုဆန်သော အကန့်အသတ်များအတွင်း ဗုဒ္ဓဘာသာ ဗမာတိုင်းရင်းသား လူများစုကို အရေးပေးသည်။

ရန်သူသည် အတွင်းတွင်လည်း ရှိနိုင်သည်။ စစ်တပ်၏ မျက်မုန်းကျိုးသော ပစ်မှတ်တခုမှာ လွန်ခဲ့သောလက အာဏာသိမ်းမှုတွင် ဖြုတ်ချဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။ သူမ၏ ဖခင် ဗ်ိုလ်ချုပ်အောင်ဆန်းသည် စစ်တပ်ကို တည်ထောင်ခဲ့သည်။

ယနေ့တွင်လည်း စစ်တပ်၏ရန်သူများသည် ပြည်ပမှမဟုတ်ဘဲ ပြည်တွင်းမှသာဖြစ်နေပြန်သည်။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ သို့မဟုတ် သပိတ်များတွင်ပါဝင်ခဲ့သော ပြည်သူ သန်းပေါင်းများစွာဖြစ်သည်။

တပ်မတော်နေ့ တဖြစ်လဲ ဖက်ဆစ်တော်လှန်ရေးနေ့က စစ်အာဏာသိမ်းမှုကို လှုံဆော်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မိန့်ခွန်းတခုပြောပြီး ပြည်သူလူထုကို အန္တရာယ်အားလုံးမှ ကာကွယ်ရန် ကတိပြုသည်။ တင့်ကားများနှင့် ဘဲငန်းသွားသွားသော စစ်သားများသည် ယခင် စစ်အုပ်စုက တည်ဆောက်ထားသည့် ကတုတ်ကျင်းမြို့ဖြစ်သော နေပြည်တော်ရှိ လမ်းမကျယ်ကြီးများတွင် ချီတက်နေစဉ် လုံခြုံရေးတပ်များသည် ဆန္ဒပြနေသူများနှင့် ဘေးမှ ရပ်ကြည့်နေသူများကို ခွဲခြားခြင်းမရှိဘဲ ပစ်ခတ်သောကြေင့် မြို့ပေါင်း ၄၀ ကျော်တွင် အကြမ်းဖက်ခံခဲ့ရသည်။

“စစ်တပ်ရဲ့ အမိန့်မနာခံဘဲ ဆန့်ကျင်ကန့်ကွက်ရင် ရာဇဝတ်သား ဖြစ်လို့ သူတို့က ဆန္ဒပြသူတွေကို ရာဇတ်ကောင်တွေလို့ မြင်ကြတယ်” ဟု ဗိုလ်ကြီးထွန်းမြတ်အောင်ပြောသည်။ “စစ်သားအများစုက သူတို့တသက်တာလုံး ဒီမိုကရေစီဆိုတာကို မမြည်းစမ်းခဲ့ဘူးဘူး။ သူတို့က အမှောင်ထဲမှာနေကြတုန်းပဲ ” ဟုလည်း သူပြောသည်။

စစ်တပ်သည် အာဏာသိမ်းမှုမတိုင်မီ ၅ နှစ်ကာလအတွင်း အာဏာအချို့ကို ရွေးကောက်ခံအစိုးရနှင့် ခွဲဝေခဲ့သော်လည်း နိုင်ငံကို ဆက်လက်ချုပ်ကိုင်ထားသည်။ စစ်တပ်တွင် ၎င်းတို့ပိုင် လုပ်ငန်းစုကြီးများရှိသည်၊ ဘဏ်များရှိသည်၊ ဆေးရုံးများရှိသည်၊ ကျောင်းများရှိသည်၊ အာမခံလုပ်ငန်းများရှိသည်၊ အစုရှယ်ယာ ပိုင်ဆိုင်ခွင့်များရှိသည်၊ မိုဘိုင်းဖုန်းကွန်ရက်နှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများရှိသည်။

စစ်တပ်သည် ရုပ်သံထုတ်လွှင့်ရေးလုပ်ငန်များ၊ စာအုပ်ထုတ်ဝေရေးလုပ်ငန်းများနှင့် ရုပ်ရှင်လုပ်ငန်းတခုကို စီမံအုပ်ချုပ်ကာ “သူရဲကောင်းတို့ပျော်ရာမြေ” “ အချစ်တပွဲ စစ်ပွဲတရာ” စသည့် စိတ်အားတက်ကြွဖွယ်ရာများကို တင်ဆက်သည်။ စစ်တပ် အကအဖွဲ့များ၊ ရိုးရာဂီတအဖွဲများနှင့် အမျိုးသမီးများ မည်သို့ သင့်တင့်လျှော်ပတ်စွာ ဝတ်ဆင်ရမည်ကို အကြံပေးသည့် ဆောင်းပါးများလည်း ရှိသည်။

အရာရှိအများစုနှင့် ၎င်းတို့၏ မိသားစုများသည် စစ်တပ်ဝင်းများအတွင်း နေထိုင်ကြပြီး ၎င်းတို့၏ လှုပ်ရှားမှုအားလုံးကို စောင့်ကြည့်ခံနေရသည်။ အာဏာသိမ်းပြီးချိန်မှ စတင်ပြီး ၎င်းတို့သည် ခွင့်ပြုချက်မရဘဲ ထိုအဆောက်အအုံများမှ ၁၅ မိနစ်ထက်ပိုပြီး ပြင်ပသို့ သွားလာနိုင်ခြင်း မရှိပေ။

“ဒီလို အခြေအနေမျိုးကိုတော့ ခေတ်သစ်ကျေးကျွန်စနစ်လို့ ပြောရမှာပဲ” ဟု အာဏာသိမ်းမှုအပြီး ထွက်ပြေးလာသော အရာရှိတဦးပြောသည်။ “အထက်အရာရှိတွေရဲ့ အမိန့်တိုင်းကို လိုက်နာရတယ်။ တရားလား မတရားလား မေးခွန်းထုတ်လို့ မရဘူး” ဟုလည်း သူပြောသည်။

စစ်အရာရှိများ၏ သားသမီးများသည် အခြားစစ်အရာရှိများ၏ သားသမီးများ သို့မဟုတ် စစ်ဖက် အဆက်အသွယ်ဖြင့် အကျိုးအမြတ်ခံစားနေရသော လုပ်ငန်းရှင်သူဌေးကြီးများမှ ပေါက်ဖွားလာသူများနှင့် လက်ထပ်ကြသည်။ များသောအားဖြင့် ခြေလျှင်တပ်စစ်သားများသည် နောက်ထပ်ခြေလျှင်တပ်စစ်သား မျိုးဆက်တခုကို မွေးဖွားပေးသည်။ လွန်ခဲ့သောလက အာဏာသိမ်းခဲ့သည့် စစ်ကောင်စီ၏ အသိုက်အဝန်းမှာ အပြန်အလှန် ဆက်စပ်နေသော မိသားစုများ၏ အစုအဝေးဖြစ်သည်။

နိုင်ငံရေး ပွင့်လင်းသော လွန်ခဲ့သည့် ၅ နှစ်အတွင်းမှာပင် လွှတ်တော်များ၏ ၂၅ ရာခိုင်နှုန်းကို အစိမ်းရောင်ဝတ် စစ်သားများက နေရာယူထားခဲ့ကြသည်။ သူတို့သည် အခြားလွှတ်တော်ကိုယ်စားလှယ်များနှင့် မရောနှော သို့မဟုတ် မည်သည်ကိုမျှ မဲမပေးခဲ့ကြပေ။ တအုပ်စုတည်း ထီးထီးချည်းသာ နေခဲ့သည်။ အရေးပါသော ဝန်ကြီးဌာနများကိုလည်း စစ်တပ်လက်ထဲ၌သာ ထားခဲ့သည်။

“ကျနော်က ပြည်သူ့ဝန်ထမ်းဖြစ်ရတာကို ပျော်ပေမယ့် စစ်တပ်ထဲမှာ ရှိတယ်ဆိုတာက စစ်ခေါင်းဆောင်တွေရဲ့ ကျေးကျွန်ဖြစ်တယ်လို့ အဓိပ္ပါယ်ရနေတယ်” ဟု ရန်ကုန်ရှိ စစ်ဖက်ဆရာဝန်တဦးကပြောသည်။ “ကျနော်က ထွက်ချင်ပေမယ့် ထွက်လို့ မရဘူး။ ကျနော်ထွက်ရင် သူတို့က ကျနော့်ကို ထောင်ထဲထည့်မယ်။ ကျနော် ထွက်ပြေးရင် ကျနော့်မိသားစုတွေကို နှိပ်စက်မယ်” ဟု သူပြောသည်။

စစ်အာဏာသိမ်းမှုအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်းအား စစ်ခေါင်းဆောင်များက မည်သည့်အတွက် လျှော့တွက်ခဲ့ကြောင်း ပြင်ပလောကနှင့် သီးခြားနေသော စစ်တပ်၏ သဘောသဘာဝက ရှင်းပြနေသည်။ စိတ်ဓါတ်စစ်ဆင်ရေးအတွက် လေ့ကျင့်ပေးထားသော အရာရှိများသည် ဒီမိုကရေစီရေးလှုပ်ရှားမှုအပေါ် ထင်ယောင်ထင်မှားဖြစ်စေမည့် မဟုတ်တန်းတရားများကို စစ်သားများနှစ်သက်သည့် ဖေ့ဘွတ်စာမျက်နှာတွင် ပုံမှန်တင်ကြောင်း လူမှုကွန်ရက် ကျွမ်းကျင်သူများနှင့် နယူယောက်တိုင်းမ်နှင့်တွေ့ဆုံခဲ့သော အရာရှိများအနက် တဦးကပြောသည်။

ထိုသို့ မဲမဲမြင်ရာ ရန်သူထင်ပြီး အကြောက်လွန်နေသော လောကတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က စစ်တပ်လက်ဝေခံ ပါတီကို လွန်ခဲ့သော နိုဝင်ဘာလ ရွေးကောက်ပွဲများ အကြီးအကျယ် အနိုင်ရခြင်းအား ရွေးကောက်ပွဲမသမာမှုအဖြစ် လွယ်ကူစွာ ပုံဖေါ်နိုင်သည်။

ရေနံဖြင့် ကြွယ်ဝချမ်းသာနေသည့် စော်ဘွားများက ငွေကြေးထောက်ပံ့ထားသည့် မွတ်ဆလင်အုပ်စု တစုသည် မြန်မာနိုင်ငံမှ လူများစု၏ ဗုဒ္ဓဘာသာယုံကြည်မှုကို ဖျက်ဆီးရန် ကြိုးစားနေသည်ဟု စွပ်စွဲခံရသည်။ အစ္စလာမ်ကို တိုက်ဖျက်ရန် စစ်တပ်နှင့် သံဃာ ညီညွတ်ရမည်ဟု ၎င်းတို့ ခြေရင်းတွင် ဝတ်ပြုကိုးကွယ်သူများအကြား စစ်ဗိုလ်ချုပ်များ အားထားသော သြဇာကြီမားသည့် ဗုဒ္ဓဘာသာ ဘုန်းကြီးများကလည်း ဟောကြားကြသည်။

မြန်မာစစ်တပ်၏ အဆိုအရ လောဘဇော မသတ်နိုင်သော အနောက်တိုင်းသည် မြန်မာနိုင်ငံကို အချိန်မရွေး သိမ်းပိုက်နိုင်သည်။ ကျုးကျော်သိမ်းပိုက်မှုကို ကြောက်ရွံ့ခြင်းသည် စစ်ခေါင်းဆောင်များ ယခုရာစု အစောပိုင်းတွင် မြို့တော်ကို ကမ်းရိုးတန်းအနီး ရန်ကုန်မှ ကုန်းတွင်းပိတ် လွင်ပြင်ဒေသ နေပြည်တော်သို့ ရွှေ့ပြောင်းရသည့် အကြောင်းရင်းတခုဟု ယူဆရသည်။

“အခုစစ်သားတွေက သူတို့ဟာ နိုင်ငံကို ပြည်ပကျူးကျော်မှုကနေ ကာကွယ်နေတယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ပြည်သူတွေကို သတ်နေတာ” ဟု တာဝန်ထမ်းဆောင်ဆဲ ဗ်ိုလ်ကြီးကပြောသည်။ သူ၏တပ်မသည် ဒေသထွက်နေသော ပြည်သူများကို အင်အားသုံးနှိမ်နင်းရန် မြို့ကြီးတမြို့တွင် ဖြန့်ချထားခံရသော တပ်မများတွင် ပါဝင်သည်။

ထိုကြောက်စရာ ကျူးကျော်သိမ်းပ်ိုက်မှုသည် လေကြောင်း ရေကြောင်းမှ ကျူးကျော်မှုဟု တသွေမတိမ်း ယူဆရန် မလိုဘဲ ပြည်ပသြဇာဆိုသည့် လက်မည်းကြီးဟုလည်း ယူဆနိုင်သည်။ အမေရိကန် ပရဟိတ သမားနှင့် ဒီမိုကရေစီလိုလားသူ ဂျော့ချ်ဆိုးရော့စ်သည် တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများကို ငွေပုံပေးပြီး တိုင်ပြည်ကို ဖျက်ဆီးနေသူအဖြစ် စစ်တပ်အသိုက်အဝန်းများတွင် စွပ်စွဲခံရသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်သူများကိုလည်း ပြည်ပက ငွေကြေးထောက်ပံ့နေသည့်သဘော စစ်တပ်ပြောခွင့် ရသူတဦးက သတင်းစာရှင်းလင်းပွဲတခုတွင် ပြောသည်။

စစ်တက္ကသ်ိုလ်တွင် ပထမနှစ် တက်ရောက်စဉ် ၁၉၈၈ ခုနှစ်က ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသူများအား စစ်သားများ၏ ဦးခေါင်းများကို ဖြတ်ပစ်သော သွေးဆာနေသည့် သတ္တဝါများအဖြစ် သရုပ်ဖေါ်သည့် ရုပ်ရှင်တခု ပြသခံရကြောင်း ဗိုလ်ကြီး ထွန်းမြတ်အောင်ပြောသည်။ အမှန်တရားမှာ ထောင်ပေါင်းများစွာသော ဆန္ဒပြသူများနှင့် အခြားသူများကို စစ်တပ်က ထိုနှစ်တွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

သူ့ လူတယောက်၏ မျက်လုံးကို မကြာသေးမီက ဆန္ဒပြသူတဦးက ပစ်လိုက်သည့် လေးခွမှန်ကြောင်း ဗိုလ်ကြီးထွန်းမြတ်အေးပြောသည်။ သို့သော် ထိခိုက်သေဆုံးမှုသည် အခြားဖက်တွင် တဖက်စောင်းနင်းဖြစ်နေကြောင်း သူဝန်ခံသည်။

စစ်တပ်၏ ဖေ့ဘွတ်တွင် တင်သည့် အကြောင်းအရာများတွင် စစ်သားများကို မီးလောင်ဗုံးကိုင်ဆောင်ထားသည့် အကြမ်းဖက်ဆန္ဒပြသူများက ဝိုင်းထားသည်ကို တင်သည်။ သို့သော် ဆေးဝန်ထမ်းများကို တိုက်ခိုက်၊ ကလေးများကို သတ်ဖြတ်ကာ ဘေးမှရပ်ကြည့်သူများကို လေးဖက်ထောက်သွားစေရန် အတင်းအကျပ် လုပ်ခဲ့သည်မှာ ထိုတပ်များပင်ဖြစ်သည်။

နယူးယောက်တိုင်းမ်နှင့် စကားပြောခဲ့သည့် စစ်သားများ၏ အဆိုအရ မိုဘိုင်းဖုန်းမှ အင်တာနက်အသုံးပြုမှု ဖြတ်တောက်လိုက်ခြင်းမှာ အများပြည်သူကို အင်တာနက်အသုံးပြုမှု ပိတ်ပင်ရန်ဖြစ်သကဲ့သို့ ၎င်းတို့၏ အမိန့်များကို မေးခွန်းထုတ်စပြုလာသော တပ်ဖွဲ့ဝင်များကို အဆက်အသွယ်ဖြတ်တောက်ရန်လည်း ရည်ရွယ်သည်ဟု သိရသည်။

အာဏာသိမ်းပြီးမကြာမီက စစ်သားအနည်းငယ်သည် ဖေ့ဘွတ်တွင် ပြည်သူလူထုနှင့် သွေးစည်းချစ်ကြည်မှုကို ဖေါ်ပြခဲ့သည်။ “စစ်တပ်ကရှုံးနေပြီ။ ပြည်သူတွေ လက်မလျှော့နဲ့” ဟု ယခုအခါ ပုန်းအောင်းနေရသော ဗ်ိုလ်ကြီးတဦးက ဖေ့ဘွတ်တွင် ရေးသည်။ “နောက်ဆုံးမှာ အမှန်တရားက အောင်ပွဲခံရမယ်” ဟုလည်း သူရေးသည်။

စစ်တပ်၏ ပြည်သူလူထုနှင့် ကင်းကွာမှုက အခြားကိစ္စတခုကိုလည်း အကျိုးပြုနေသည်။ စစ်တပ်သည် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် စစ်မျက်နှာပေါင်းစုံတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းဆိုသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အများစုပါဝင်သည့် ရန်သူများနှင့် တိုက်ခိုက်နေသည်။ တပ်ပြေးနည်းပြီး သစ္စာခံများရန်အတွက် တင်းကျပ်ပြီး အချင်းချင်းယိုင်းပင်းသည့် စိတ်ဓါတ် လိုအပ်သည်။

ထိခိုက်သေဆုံးမှုများသည် မြန်မာနိုင်ငံတွင် နိုင်ငံတော်လျှို့ဝှက်ချက်ဖြစ်သောကြောင့် ထုတ်ပြန်ကြေညာခြင်း မရှိပေ။ သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်က အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် သေဆုံး စစ်သားစာရင်းကဲ့သို့ နယူးယောက်တိုင်းမ်က ဖတ်ရှုခဲ့ရသည့် ပေါက်ကြားလာသော စာရွက်စာတမ်းများအရ နှစ်စဉ် စစ်သားအနည်းဆုံး ရာပေါင်းများစွာ သေသည်။

စစ်ပွဲတွင် သေဆုံးသော စစ်သား၏ ကျန်ရစ်သူအမျိုးသမီးကို လူပျို စစ်သားများက မဲနှ်ိုက်ယူရသည်ကို မကြာခဏဆိုသလို တွေ့ဖူးကြောင်း တာဝန်ထမ်းဆောင်ဆဲ ဗ်ိုလ်ကြီးပြောသည်။ ထိုသို့သော အမျိုးသမီးသည် သူ၏ ယောင်္ကျားသစ် မည်သူဖြစ်မည်ဆိုသည်ကို ရွေးချယ်ခွင့် မရှိသလောက်ပင်ဖြစ်ကြောင်း သူပြောသည်။

“စစ်သားအများစုက ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်နေပြီး သူတို့အတွက် စစ်တပ်က တခုတည်းသော ကမ္ဘာပဲ” ဟုလည်း သူပြောသည်။

အကြမ်းအားဖြင့် မြန်မာနိုင်ငံ လူဦးရေ၏ ၃ ပုံ ၁ ပုံခန့်ရှိသော တ်ိုင်းရင်းသားလူနည်းစုများသည် အုပ်စုလိုက်သတ်ဖြတ်မုဒိန်းမှုများ အပါအအဝင် လူမျိုးတုန်းသတ်ဖြတ်သော လုပ်ရပ်များ ကျူးလွန်သည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက စွပ်စွဲခံထားရသည့် စစ်တပ်ကို ကြောက်ရွံ့နေရသည်။ ထိုသို့သော လုပ်ရက်များအနက် နာမည်ဆိုး အကျော်ကြားဆုံးမှာ ရိုဟင်ဂျာမွတ်ဆလင်များကို ကျူးလွန်သည့် အမှုများဖြစ်သော်လည်း စစ်တပ်သည် ကရင်၊ ကချင်နှင့် ရခိုင် အပါအဝင် အခြားတိုင်းရင်းသားများကိုလည်း ပစ်မှတ်ထားခဲ့သည်။

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်တွင် အမှတ် ၇၇ ခြေမြန်တပ်မတိုက်ခိုက်နေစဉ်က အမျိုးမျိုးသော တိုင်းရင်းသားပြည်သူများ၏ မနှစ်မြို့မှုကို သူခံစားရကြောင်း ဗ်ိုလ်ကြီး ထွန်းမြတ်အေးပြောသည်။ ချင်းတိုင်းရင်းသားတဦးဖြစ်သောကြောင့် ဗမာလူများစုအပေါ် ၎င်းတို့၏ ကြောက်ရွံ့မှုကို နားလည်နိုင်ကြောင်း သူပြောသည်။

သူသည် လူမသေစေဘဲ ဒဏ်ရာရရုံသာ ပစ်သည်ဟု ပြောသော်လည်း ဗိုလ်ကြီးထွန်းမြတ်အေးမှာ ရှေ့တန်းစစ်မျက်နှာတွင် ၈ နှစ်နေခဲ့ဖူးသည်။ ထိုတချိန်လုံးတွင် တိုင်းရင်းသားလူနည်းစုကျေးရွာ အုပ်စု တစုတည်းနှင့်သာ ခင်မင်သော ဆက်ဆံရေးရှိခဲ့ဖူးကြောင်း သူပြောသည်။

“စစ်သားတွေ သူတို့အပေါ် လုပ်ထားဖူးတာတွေကြောင့် ပြည်သူတွေက စစ်သားတွေကို မုန်းကြတယ်” ဟု သူပြောသည်။

သို့သော် စစ်တပ်က သူ့ကို ကယ်ခဲ့ဖူးသည်။ သူအသက် ၁၀ နှစ်အရွယ်တွင် သူ့အမေ ကွယ်လွန်သည်။ သူ့အဖေက အမြဲမူးနေသည်။ သူ့ကို တိုင်းရင်းသားလူနည်းစုကျောင်းသားများ၏ အဆောင်နေကျောင်းသို့ ပို့ပြီး ထိုကျောင်းတွင် သူ စာတော်သည်။ သူသည် စစ်တက္ကသိုလ်တွင် ရူပဗေဒနှင့် အင်္ဂလိပ်စာ လေ့လာခဲ့သည်။

“စစ်တပ်က ကျနော့်မိသားစု ဖြစ်လာခဲ့တယ်။ စစ်ဝတ်စုံကို ဝတ်ထားရင် ကျနော်က အလိုလိုပျော်နေတာ” ဟု သူပြောသည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အရုဏ်မတက်မီ တိတ်ဆိတ်ငြိမ်သက်နေသော ရန်ကုန်တွင် ဗိုလ်ကြီး ထွန်းမြတ်အောင်သည် စစ်ထရပ်ကားပေါ်သို့ အိပ်ချင်မူးတူးဖြင့် တက်ပြီး စစ်ခမောက်ကို ကြိုးသိုင်းလိုက်သည်။ စစ်အာဏာသိမ်းမှုအကြောင်း အခြားစစ်သားတယောက်က တီးတိုးပြောလိုက်ချိန်အထိ မည်သည်တို့ဖြစ်ပျက်နေသည်ကို သူမသိပေ။

“အဲဒီအချိန်မှာ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက် ဆုံးရှုံးသွားပြီလို့ ကျနော် ခံစားလိုက်ရတယ်” ဟု သူပြောသည်။

ရက်အတန်ကြာသောအခါ သူ၏ဗိုလ်မှူးက ရာဘာမဟုတ်သော ကျည်အစစ်များပါသည့် ကျည်ဆံသေတ္တာတလုံး ကိုင်လာသည်ကို သူတွေ့သည်။ ထိုညက သူ ငိုမိသည်။

“စစ်သားအများစုက ပြည်သူတွေကို ရန်သူလို့ပဲမြင်တယ်ဆိုတာ ကျနော် သဘောပေါက်သွားတယ်” ဟု သူပြောသည်။

(The New York Times သတင်းစာပါ Hannah Beech ရေးသားသော Inside Myanmar’s Army: ‘They See Protesters as Criminals’ ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

ကြောက်ရွံ့ခြင်းက စစ်တပ်မကွဲအောင် စွဲကပ်ထားသည်

အထီးကျန်မှုများစွာနှင့် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ တပ်မတော်နေ့

ကလေးတွေကို သတ်ဖြတ်မှုက ကမ္ဘာမှာ ရာဇဝတ်မှုတွေလို့ သတ်မှတ်ထားတယ်

Did you find apk for android? You can find new Free Android Games and apps.
Loading