နိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသော အစိုးရထံမှ ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းပြီးနောက် မြန်မာစစ်ကောင်စီသည် စစ်မျက်နှာအားလုံးတွင် ရုန်းကန်နေရသည်။ ၂ လကျော်ကြာပြီဖြစ်သော်လည်း စစ်ကောင်စီသည် ၎င်းတို့ အကျွမ်းကျင်ဆုံးဖြစ်သည့် မိမိနိုင်ငံသားကို မိမိပြန်သတ်ပြီး ဆန္ဒပြပွဲများတွင် လူ ၅၇၀ ကျော်ကို သတ်ဖြတ်ခြင်းမှအပ ကျန် စွမ်းဆောင်ရည်များမှာ ညံ့ဖျင်းနေသည်။
စစ်ကောင်စီ၏ ဖမ်းဆီးမှု၊ နေအိမ်မှ နှင်ထုတ်မှုများက အဟန့်အတားမဖြစ်ဘဲ လွန်စွာများပြားလှသော နိုင်ငံဝန်ထမ်းများသည် အလုပ်မဆင်းဘဲ ဆက်လက် သပိတ်မှောက်နေကြသည်။ ရပ်ကွက် အုပ်ချုပ်ရေး ရုံများသည်လည်း မီးရှို့ခံနေရသည်။
ဝါဒဖြန့်ချိရေး စစ်မျက်နှာတွင်လည်း စစ်ကောင်စီသည် မရှုမလှဖြစ်ကြောင်းကို CNN သတင်းဌာနကို မေးကြည့်လျှင် သိနိုင်သည်။
CNN နှင့်တွေ့ဆုံမေးမြန်းစဉ်အတွင်း နိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် မှတ်ချက်တခုကြောင့် စစ်ကောင်စီပြောခွင့်ရသူသည် ပြည်သူ့ဒေါသ သင့်ရသည်။ ထိုတွေ့ဆုံမေးမြန်းခန်းတွင် စစ်ကောင်စီပြောခွင့်ရသူက နိုင်ငံလွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းက သူ၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် မိုက်မဲသူဖြစ်သည်ဟု ထင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
CNN သတင်းဌာနမှ န်ိုင်ငံတကာ သတင်းထောက်ချုပ် ကလယ်ရစ်ဆာ ဝါ့ဒ် ဦးဆောင်သော သတင်းအဖွဲ့သည် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် အစောင့်အကြပ်ခံပြီး န်ိုင်ငံတွင်ဖြစ်ပျက်နေသည်များကို သတင်းယူရန် မြန်မာနိုင်ငံသို့ လွန်ခဲ့သော အပတ်က ရောက်ရှိလာခဲ့သည်။
ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် တနိုင်ငံလုံးက စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်ကြပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ် သုတ်သင်ရေးကို တောင်းဆိုကြသည်။ ထိုတောင်းဆိုမှုကို တုံ့ပြန်သောအားဖြင့် စစ်ကောင်စီက နိုင်ငံတဝန်း ဆန္ဒပြသူများကို ဖြိုခွဲရာတွင် ကလေးများအပါအဝင် လူ ၅၇၀ ကျော်ကို ပစ်သတ်လိုက်သည်။
လွန်ခဲ့သော နှစ် ၇၀ က နိုင်ငံကို တည်ထောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းသည် ယခု သက်ရှိထင်ရှားရှိပြီး မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပျက်နေသည်များကို တွေ့ရလျှင် တုန်လှုပ်မည် ထင်ပါသလားဟု ဝါ့ဒ်က စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို တနင်္ဂနွေနေ့က ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် မေးသည်။
စစ်ကောင်စီပြောခွင့်ရသူက စကားပြန်မှတဆင့် “သူ့နေရာမှာ ကျနော်သာဆို ငါ့သမီး မိုက်လိုက်တာလို့ ပြောမှာပဲ” ဟုပြောကြောင်း ပြင်ပသို့ ပေါက်ထွက်လာသော ထိုတွေ့ဆုံမေးမြန်းခန်း ဗီဒီယိုအရ သိရသည်။
ထိုဗီဒီယိုတွင် ဝါ့ဒ်သည် ထိုအဖြေကြောင့် သိသိသာသာ အံ့အားသင့်သွားပြီး “ငါ့သမီး မိုက်လိုက်တာ” ဟူသောစကားကိုသာ ပြန်ရွတ်နေမိသည်။
ထိုအဖြေသည် သူမျှော်လင့်ထားသည့် အဖြေမဟုတ်ကြောင်း ထင်ရှားသည်။
အခြေအနေကို ပိုမိုဆိုးရွားသွားစေသည်မှာ သူ တည်ထောင်ခဲ့သော စစ်တပ်က အရပ်သားများကို သတ်ဖြတ်ခြင်းအား ဗိုလ်ချုပ်အောင်ဆန်းက မည်သို့တုံ့ပြန်မည် ထင်သနည်းဟူသော မေးခွန်းကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဖြေဘဲ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ကာလကြာမြင့်စွာ လုပ်နေသည့် တိုက်ခိုက်မှုကိုသာ ညံ့ဖျင်းစွာ ပြုလုပ်သည်။ ထိုတိုက်ခိုက်မှုမှာ ငြီးငွေ့စရာကောင်းလောက်အောင် ဖန်တရာတေနေသည့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသားတယောက်ဖြစ်သော ကွယ်လွန်သူ ဗြိတိန်န်ိုင်ငံသား မိုက်ကယ်အဲရစ်နှင့် အိမ်ထောင်ပြုသည် ဆိုသည့်အချက်ပင်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံတွင် နိုင်ငံခြားသားနှင့် အိမ်ထောင်ကျသူ မည်သူမဆိုကို နိုင်ငံတွင် ခေါင်းဆောင်မှု ရာထူးခြင်းမှ တားမြစ်ထားသောကြောင့် သူ့သမီး နိုင်ငံခြားသားနှင့် အိမ်ထောင်ပြုခြင်းကို ဗိုလ်ချုပ်အောင်ဆန်းက လက်ခံလိမ့်မည် မဟုတ်ကြောင်း သူပြောသည်။ ထို ဖွဲ့စည်းပုံအခြေခံ ဥပဒေကို စစ်အုပ်စုကရေးဆွဲခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၅၉(စ) ကို ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်အောင် ရည်ရွယ်ထည့်သွင်းခဲ့ကြောင်း လူအများအပြားက ယုံကြည်ကြသည်။
သို့သော် တွေ့ဆုံမေးမြန်းမှုသည် အဆိုးဆုံး အခြေအနေသို့ ဆက်လက်ရောက်ရှိသွားသည်။
မေးခွန်းနှင့် လုံးဝမဆိုင်သည့် အဖြေကို ဖြေလိုက်ရသောကြောင့် စိတ်မသက်မသာဖြစ်သွားပြီး စစ်ကောင်စီပြောခွင့်ရသူက လုံး၀ တိကျမှုမရှိသည့် အဖြေတခုကို ထပ်ပေးပြန်သည်။
“နိုင်ငံခြားသားနဲ့အိမ်ထောင်ပြုတဲ့သူ သမ္မတမလုပ်ရဘူးဆိုတာက ကျနော်တို့ ထွင်ထားတာ မဟုတ်ဘူး။ ဒါက ဗိုလ်ချုပ်အောင်ဆန်း ကြီးကြပ်ရေးဆွဲတဲ့ ၁၉၄၇ ဖွဲ့စည်းပုံမှာ ပါတာ” ဟု သူပြောသည်။
၁၉၄၇ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းပုံ ပုဒ်မ ၄၉ တွင် သမ္မတရာထူးအတွက် အရည်အချင်းများကို ဖေါ်ပြထားပြီး နိုင်ငံခြားသား ဇနီး၊ ခင်ပွန်း နှင့်ပတ်သက်သည့် မည်သည့်ပြဋ္ဌာန်းချက်မျှ မပါဘဲ နိုင်ငံသားတယောက်သည် သူ သို့မဟုတ် သူမနှင့် မိဘနှစ်ပါးလုံးသည် ပြည်ထောင်စုအတွင်း မည်သည့်နယ်မြေမဆိုတွင် မွေးဖွားသူ မဟုတ်လျှင်နှင့် ပြည်ထောင်စုလွှတ်တော်သို့ ရွေးကောက်ခံရန် အရည်အချင်းပြည့်မီခြင်း မရှိလျှင် မည်သူမျှ သမ္မတရာထူး ရွေးကောက်ခံခွင့် မရှိစေရဟုသာ ဖေါ်ပြထားသည်။
ရွေးကောက်ခံ ပုဂ္ဂိုလ်တဦး၏ အရည်အချင်းကို ဖွင့်ဆိုရာတွင်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၇၄ က ပြည်ပသြဇာအာဏာကို သစ္စာခံခြင်း သို့မဟုတ် လိုက်နာခြင်း သို့မဟုတ် ပြည်ပအစိုးရတခု၏ အုပ်ချုပ်ခံ သို့မဟုတ် နိုင်ငံသား သို့မဟုတ် နိုင်ငံသားအခွင့်အရေးများ ခံစားခွင့်ရှိသော မည်သူမဆိုကိုသာ တားမြစ်ထားသည်။
ထိုတွေ့ဆုံမေးမြန်းမှု ဗီဒီယို ပြင်ပတွင် ပျံ့နှံ့သွားပြီးနောက် မြန်မာပြည်သူတို့၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားသော ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို လူမှုကွန်ရက်တွင် အများပြည်သူကလှောင်ပြောင်ကြသည်မှာ အံ့သြဖွယ် မဟုတ်တော့ပေ။ အကယ်၍ တစုံတဦးသည် မိုက်မဲသည် ဆိုလျှင် ထိုသူသည် တွေ့ဆုံမေးမြန်းသူက မေးသော မေးခွန်းများကို မဆိုင်သည့် စကားများဖြင့် ဖြေရုံသာမက ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံကိုပင် စိတ်ကူးယဉ် ကိုးကားသော ဗိုလ်မှူးချုပ်သာဖြစ်သည်ဟု လူမှုကွန်ရက်တွင် သူ့ကို ရေးသားဖေါ်ပြ လှောင်ပြောင်နေခဲ့ကြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Spokesman: Daw Aung San Suu Kyi’s Father Would Think Her ‘Stupid’ ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်၏ အမှုများကို ရှေ့နေ ၈ ဦးဖြင့် ဆောင်ရွက်မည်
ဆန္ဒပြသူတွေကို သူတို့က ရာဇဝတ်သားတွေလို မြင်ကြတယ်
အထီးကျန်မှုများစွာနှင့် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ တပ်မတော်နေ့
ကလေးတွေကို သတ်ဖြတ်မှုက ကမ္ဘာမှာ ရာဇဝတ်မှုတွေလို့ သတ်မှတ်ထားတယ်