ဆောင်းပါး

အိန္ဒိယရဲ့ မြန်မာအပေါ်ရပ်တည်ချက် ဒီမိုကရေစီရေးအတွက်တဲ့လား

Want create site? Find Free WordPress Themes and plugins.

ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို ရှုတ်ချပြီး ဖမ်းဆီးထားသောခေါင်းဆောင်များကို လွှတ်ပေးရန် ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတမ်းကိုယ်စားလှယ်က တောင်းဆိုခြင်းဖြင့် အိန္ဒိယသည် မြန်မာနှင့်ပတ်သက်သည့် ၎င်း၏ရပ်တည်ချက်ကို ရှင်းလင်းစွာ ဖော်ပြသည်။

ထိုမှတ်ချက်များကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးပိတ်ပွဲတွင် ပြောကြားခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတမ်းကိုယ်စားလှယ် တီ အက်စ် တီရူမာတီက တွစ်တာတွင် ဧပြီ ၁ ရက်နေ့က ရေးသားသည်။ ထိုသို့ပြောကြားခြင်းသည် မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် အပြင်းထန်ဆုံးပြောကြားချက်ဖြစ်သည်။ လွန်ခဲ့သော ၂ လအတွင်း မြန်မာနိုင်ငံတွင် မကြုံစဖူး သွေးချောင်းစီးနေပြီး လွန်ခဲ့သောအပတ်အထိ သေဆုံးသူအနည်းဆုံး ၅၅၀ ကျော်ရှိသည်။

နယူးဒေလီသည် ၎င်း၏ မဟာမိတ်ဖြစ်သော အမေရိကန်ပြည်ထောင်စု၏ ဖိအားပေးမှုကြောင့် သဘောထားပြောင်းလာသည်ဆိုသည့် ခန့်မှန်းပြောဆိုချက်များလည်း ရှိနေသည်။ သို့သော် အိန္ဒိယ နိုင်ငံ၏ တုံ့ပြန်မှုသည် နောက်ကျလွန်းပြီး အားနည်းလွန်းနေသည်။ ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေနိုင်ငံဖြစ်သည့် အိန္ဒိယသည် မြန်မာစစ်ကောင်စီကို တိတ်တဆိတ်ထောက်ခံနေခြင်းကြောင့် ရက်ပေါင်းများစွာ ဝေဖန်ခံရပြီးနောက်မှသာ ထိုသို့ပြောဆိုခြင်းလည်းဖြစ်သည်။ မတ်လ ၂၇ ရက်နေ့တွင် အိန္ဒိယနိုင်ငံသည် ၎င်းတို့၏ စစ်သံမှူးကို စေလွှတ်ပြီး မြန်မာနိုင်ငံမြို့တော် နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်စေခဲ့သည်။

ထိုနေ့တွင်ပင် မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း အရက်စက် အကြမ်းကြုတ်ဆုံး သတ်ဖြတ်မှုအဖြစ် အရပ်သား ၁၀၀ ကျော်ကို ပစ်သတ်ခဲ့ကြောင်း စွပ်စွဲခံရသည်။

အိန္ဒိယအပြင် အခြားနိုင်ငံ ၇ နိုင်ငံဖြစ်သော တရုတ်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် ရုရှားတို့ကလည်း ထိုစစ်ရေးပြ အခမ်းအနား တက်ရောက်ကြသည်။ အန္ဒိယနိုင်ငံ၏ သဘောထားနှင်ပတ်သက်ပြီး အိန္ဒိယ မီဒီယာများက ပြင်းထန်သော အယ်ဒီတာ့ အာဘော်များ ရေးသား ဝေဖန်ကြသည်။

ထိုအခမ်းအနားကို မတက်ရန် အိန္ဒိယ၏ အနီးကပ်ဆုံး မဟာမိတ်နှင့် ကမ္ဘာ့ဒုတိယအကြီးမားဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုက ပြောကြားထားသည့်အချက်ကို မသိသည်မှာ မဖြစ်နိုင်ပေ။ ရှေ့လာမည့်ရက်များတွင် အိန္ဒိယနိုင်ငံကို ဦးနှောက်ခြောက်စေမည့် မေးခွန်းမှာ အမေရိကန် ဦးဆောင်သည့် တရုတ်ဆန့်ကျင်ရေး လေးနိုင်ငံအုပ်စု (QUAD) တွင် ပါဝင်ရန် နယူးဒေလီက မူဝါဒချမှတ်ထားချိန်တွင် အာဏာရှင် တရုတ်နိုင်ငံနှင့် မည်သို့ ကွဲကွဲပြားပြား ရပ်တည်မည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။

လေးနိုင်ငံလုံခြုံရေးဒိုင်ယာလော့ (QUAD) ဆိုသည်မှာ အာရှပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံသြဇာ ထူတောင်ခြင်းကို တုံ့ပြန်ရန် ဖွဲ့စည်းထားသည့် အမေရိကန်ဦးဆောင်သည့် အစီအစဉ်ဖြစ်သည်။ အမေရိကန်၊ ဂျပန်၊ သြစတြေးလျနှင့် အိန္ဒိယတို့ပါဝင်သော ထိုအုပ်စုသည် ပထမဆုံး ထိပ်သီးဆွေးနွေးပွဲကို လွန်ခဲ့သောလက ကျင်းပခဲ့ပြီး အကျိုးစီးပွားတူညီသည့် ဒေသတွင်းနှင့် ကမ္ဘာ့ပြဿနာများကို ဆွေးနွေးကာ လွတ်လပ်ပွင့်လင်း အားလုံးအကျုံးဝင်သည် အင်ဒိုပစိဖိတ်ဒေသတခု ထိန်းသိမ်းထားရေး ပူးပေါင်းဆောင်ရွက်မည့် လက်တွေ့နယ်ပယ်များနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့သည်။

အိန္ဒိယ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော မပြတ်သားသည့် သဘောထားမှာ ၎င်း၏ သေနင်္ဂဗျူဟာ အကျပ်အတည်းမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး အရပ်သားများကို အကြီးအကျယ် အကြမ်းဖက် သတ်ဖြတ်ခြင်း အပေါ် အိန္ဒိယက ဆက်လက်နှုတ်ဆိတ်နေခြင်းသည် နိုင်ငံတကာ အသိုက်အဝန်းအတွက် စိတ်ပျက်စရာ သင်္ကေတများကို ပေးပို့နေပြီး ထိုအချက်သည် ဝါရှင်တန်အနေဖြင့် မှတ်သားထားရမည့် အချက်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ထားသော အစိုးရကို ဗိုလ်ချုပ်များက လွန်ခဲ့သောလက စစ်အာဏာသိမ်းမှုနှင့် ဆက်လက်ဖြစ်ပေါ်နေသော သွေးချောင်းစီးမှုကို ပြစ်တင်ရှုတ်ချရာတွင် တသမတ်တည်းရှိသည်။

စစ်ကောင်စီကို တင်းကျပ်လိုက်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့သည် မြန်မာဗိုလ်ချုပ်များနှင့် မြန်မာ့စီးပွားရေးတွင် အကြီးအကျယ်နေရာယူထားသည့် စစ်တပ်၏ လုပ်ငန်းစုကြီးနှစ်ခုဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) နှင့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက် (MEHL) တို့အပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်သည်။

ဒုက္ခသည် အကျပ်အတည်း

တချိန်တည်းတွင် အိန္ဒိယနိုင်ငံသည် အိမ်နီးချင်းမြန်မာနိုင်ငံမှ ဒုက္ခသည်များ အလုံးအရင်းဖြင့် ဝင်ရောက်ခြင်းကို တားဆီးရန် အစောပိုင်းကကြေညာထားသည့် တင်းကျပ်သော စည်းကမ်းချက်များကို ဖြေလျှော့လိုက်သည်။

မြန်မာနိုင်ငံနှင့် ကုန်းနယ်နိမိတ်ခြင်း ကီလိုမီတာ ၁၆၀၀ ထိစပ်နေသည့် အိန္ဒိယ အရှေ့မြောက်ဒေသသည် မြန်မာနိုင်ငံမှ ဒုက္ခသည်များ အဆက်မပြတ် ဝင်ရောက်မှုကို လက်ခံနေရသည်။ မတ်လ ၁၈ ရက်နေ့အထိ မီဇိုရမ်ပြည်နယ်တခုတည်းတွင်ပင် လူ ၁၀၀၀ ကျော် လက်ခံထားရကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တဦး၏ အဆိုအရသိရသည်။ အလားတူစွာပင် မဏိပူရ ပြည်နယ်သည်လည်း မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများကြောင့် ဝင်ရောက်လာသူများကို လက်ခံနေရသည်။

နောက်ဆုံးထုတ်ပြန်သည့် ညွှန်ကြားချက်တွင် အိန္ဒိယ ဖက်ဒရယ်အစိုးရက ပြည်နယ်အစိုးရများအနေဖြင့် မြန်မာ ဒုက္ခသည်များကို စာရင်းကောက်ပြီး မြန်မာနိုင်ငံတွင် အခြေအနေပြန်လည်ကောင်းမွန်သည်အထိ နေထိုင်ခွင့် ပေးရန် ညွန်ကြားထားသည်။ အစောပိုင်းက ဖက်ဒရယ်အစိုးရက အိန္ဒိယသည် ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်နှင့် ၁၉၆၇ တွင်ထုတ်ပြန်သည့် ထိုသဘောတူညီချက်၏ စည်းမျဉ်းများကို လက်မှတ်ရေးထိုထားခြင်း မရှိကြောင်း အရှေ့မြောက်ဒေသရှိ ပြည်နယ်များကိုပြောကြားကာ ဒုက္ခသည်များ ဝင်ရောက်ခြင်းကို ဟန့်တားရန်ပြောသည်။

သို့သော် မီဇိုရမ်ပြည်နယ်သည် ဗဟိုအစိုးရ၏ အမိန့်ကို အာခံပြီးနောက် ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်သန်ဂါက ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီထံ စာရေးပြီး ဖက်ဒရယ်အစိုးရ၏ ညွှန်ကြားချက်သည် လက်ခံနိုင်ဖွယ်မရှိကြောင်း ပြောသည်။

“အိန္ဒိယအနေဖြင့် ဂရုတစိုက်လုပ်ကိုင်ရမည့် နိုင်ငံခြားရေးမူဝါဒ ပြဿနာများ ရှိသည်ကို မိမိနားလည်သည်။ သို့သော် မိမိတို့အနေဖြင့် လူသားချင်းစာနာမှု အကျပ်အတည်းကို လျစ်လျူရှုခြင်းမပြုနိုင်ပေ” ဟု သူ ရေးသားသည်။ ပြည်နယ်နယ်စပ်တလျှောက်တွင် အများအပြားနေထိုင်ကြသော ချင်းတိုင်းရင်းသားများနှင့် မီဇိုတိုင်းရင်းသားများသည် လူမျိုးစုတူကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်က ရေးသားသည်။

“၎င်းတို့ခံစားနေရသော ဒုက္ခများကို မီဇိုရမ်ပြည်နယ်အနေဖြင့် လျစ်လျူမရှုနိုင်။ မိမိတို့ ခြံဝင်းအတွင်း မိမိတို့ရှေ့တွင် ဖြစ်ပေါ်နေသည့် လူသားချင်းစာနာမှု အကျပ်အတည်းကို အိန္ဒိယအနေဖြင့် မသိကျိုးကျွံပြု မနေနိုင်ပေ” ဟုလည်း သူရေးသားထားသည်။

အိန္ဒိယနှင့်မြန်မာအကြား ချုပ်ဆိုထားသည့် ကုန်းနယ်နိမိတ်ဖြတ်ကျော်ခွင့် ၂၀၁၈ ခုနှစ် သဘောတူညီချက်အရ နှစ်နိုင်ငံနိုင်ငံသားများကို နယ်စပ်ကိုဖြတ်ကျော်ကာ နယ်စပ်မှ ၁၆ ကီလိုမီတာအတွင်းတွင် ၁၄ ရက် နေထိုင်ခွင့် ရကြသည်။

Adani အုပ်စု အရှုပ်တော်ပုံ

နယူးဒေလီက မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ရပ်တည်ချက် မပြတ်သားမှုကို ရှင်းလင်းရန် ကြိုးစားနေချိန်တွင် အိန္ဒိယ၏ Adani အုပ်စုသည် လူ့အခွင့်အရေးချိုးဖေါက်မှုများကြောင့် အမေရိကန် ပိတ်ဆို့အရေးယူမှု ခံနေရသည့် စစ်ကောင်စီထိန်းချုပ် ကုမ္ပဏီသို့ ဒေါ်လာ ၅၂ သန်းအထိ ပေးနေကြာင်း ဒေါသထွက်စရာ သတင်းတပုဒ်ကို သြစတြေးလျ ABC သတင်းဌာနက ထုတ်ပြန်လိုက်သည်။

ABC သတင်းဌာန၏ သတင်းသည် လူ့အခွင့်အရေး ရှေ့နေများနှင့်တက်ကြွလှုပ်ရှားသူများထံမှ ပေါက်ကြားလာသော စာရွက်စာတမ်းများကို အခြေခံပြီး ရန်ကုန်တွင် ကုန်သေတ္တာစခန်းတည်ဆောက်ရန် အဆိုပြုသည့် စီးပွားရေး ကိစ္စများကို ဖေါ်ပြထားသည်။ Adani ဆိပ်ကမ်းမှ ထိပ်တန်းခေါင်းဆောင်များ ၂၀၁၉ ခုနှစ်တွင် မြန်မာစစ်တပ်အကြီးအကဲနှင့်တွေ့ဆုံသည့် ဗီဒီယိုကိုလည်း ထိုသတင်းတွင် တင်ပြထားသည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအပြီး Adani အုပ်စုက ၂၀၁၉ ခုနှစ်က ဒေါ်လာ သန်း ၂၉၀ ကုန်ကျသည့် ဆိပ်ကမ်းတည်ဆောက်ခွင့်တွင် စစ်ခေါင်းဆောင်များနှင့် ဆက်ဆံခဲ့သည်ဆိုသောအချက်ကို ငြင်းဆန်သော ကြေညာချက်တခု ထုတ်ပြန်ခဲ့သည်။

ဒေါ်လာ ၈၀ ဘီလီယံ ပ်ိုင်ဆိုင်သော Adani အုပ်စုသည် ဝန်ကြီးချုပ်မိုဒီ၏ ဇာတိပြည်နယ်ဖြစ်သော ဂူဂျာရတ်ပြည်နယ် အာမက်ဒါဘက်တွင် ရုံးချုပ်ဖွင့်လှစ်ထားသည့် အိန္ဒိယ နိုင်ငံစုံလုပ်ငန်းစုကြီးဖြစ်သည်။ ထိုလုပ်ငန်းသည် စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ ဆိပ်ကမ်းများမှသည် ကာကွယ်ရေး၊ အိမ်ခြံမြေနှင့်လေဆိပ်များ အထိ နယ်ပယ်စုံတွင် ရင်းနှီးမြှုပ်နှံသော လုပ်ငန်းဖြစ်သည်။

ထိုအိန္ဒိယလုပ်ငန်းကြီးသည် ပြည်တွင်းပြည်ပတွင် အငြင်းပွားမှု အများအပြားကို ဖြစ်စေသောလုပ်ငန်းဖြစ်သည်။

မိုဒီအစိုးရသည် ထိုလုပ်ငန်းကို မျက်နှာသာပေးရန် လုပ်ဆောင်နေသည်ဟု အတိုက်အခံ ကွန်ဂရက်ပါတီက စွပ်စွဲပြီးနောက် အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနသည် ထိုလုပ်ငန်းနှင့် ရေငုတ်သင်္ဘောအကြီးစား တည်ဆောက်ရေး အစီအစဉ်ကို ယခုနှစ် ဇန်နဝါရီလတွင် ပယ်ချခဲ့ရသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Did India ‘Change Its Stand’ on Myanmar Under US Pressure? ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ ဆွေးနွေးမည်

“ပိုက်လိုင်းများ ကာကွယ်ရန်” တရုတ်တပ်များ မြန်မာနယ်စပ်တွင် ချထား

မြန်မာသို့ ရုရှားမှ (လက်နက်ခဲယမ်းများနှင့်အတူ) အချစ်များ

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည် ရရှိရေး အမေရိကန်နှင့် မဟာမိတ်များ ကတိပြု

Did you find apk for android? You can find new Free Android Games and apps.
Loading