တာဟန်းခံတပ်ကို စစ်ကောင်စီရဲ့ တပ်က တိုက်ခိုက်သိမ်းယူလိုက်ပြီးနောက် တော်လှန်ရေး လူငယ်တွေဟာ အသက် ဘေးလွတ်ရာကို လူစုခွဲပြီး ထွက်ပြေးနေကြရပါတော့တယ်။
တော်လှန်ရေး လူငယ်တွေဟာ သူတို့ရဲ့ ခံတပ်ကို ဆုံးရှုံးလိုက်ရသလို စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ရဲ ဘော်ရဲဘက် ၈ ဦးရဲ့ ရုပ်အလောင်းတွေကို ခံတပ်မှာပဲ ပစ်ထားခဲ့ရပြီး ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။
“သူတို့က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တော့ အကုန် ထွက်ပြေးရတာ။ တယောက်ဆို ပြတ်ထွက်သွားတဲ့ သူ့လက်ကို တောင် ပြန်မကောက်နိုင်ဘူး” လို့ ဒေသခံ အမျိုးသား တဦးက ပြောပါတယ်။
လူငယ် ၁၀ ဦး ထက်မနည်း ဒဏ်ရာ ရရှိထားပြီး အချို့ကတော့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံရတာကြောင့် စစ်ဆေးရုံမှာ ရောက်ရှိနေပေမယ့် လူငယ်အချို့ကတော့ ဒဏ်ရာပြင်းထန်စွာနဲ့ပဲ တောတွင်းထဲက လုံခြုံတဲ့နေရာမှာ ပုန်းနေကြရဆဲပါ။
တာဟန်းခံတပ်က စစ်ကိုင်းတိုင်း ကလေးမြို့က တာဟန်း ရပ်ကွက်ထဲမှာ တည်ရှိပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် နေတဲ့ လူငယ်တွေက၂၄ နာရီ စခန်းချထားပြီး နိုင်ငံတော် အာဏာကို အမြန်စွန့်လွှတ်ပေးဖို့ ဆန္ဒထုတ်ဖော်နေကြတာတဲ့ မြို့ရဲ့ ပင်မ သပိတ်စခန်းကြီးလည်း ဖြစ်ပါတယ်။
ဒေသခံ ချင်း၊ ဗမာ စတဲ့ လူငယ်တွေဟာ Kalay Civil Army ဆိုတဲ့ တပ်ဖွဲ့ငယ်တခုကို ဖွဲ့ပြီး သူတို့ သပိတ်စခန်းကို အလွယ် တကူ ဖြိုခွင်းမခံရအောင် အမဲလိုက် တူမီး သေနတ်၊ လေသေနတ်၊ ဂတ်စ်သေနတ်တွေကို ကိုင်ပြီး တလကျော်ကြာ ခုခံ တိုက်ခိုက်နေတဲ့ နေရာလည်း ဖြစ်သလို စစ်တပ်ကတော့ မီးကျိုးမောင်းပျက်လို့ ခေါ်ရမယ့် လက်နက်တွေကိုင်ထားတဲ့ လူငယ်တွေရဲ့ တာဟန်းခံတပ်ကိုရဖို့ လာတိုက်ခိုက်နေခဲ့တာ ရက်သတ္တပတ် ကျော် ကြိုးစားခဲ့ရတာပါ။
မတ်၂၉ ရက်ကဆိုရင်လည်း တာဟန်းမှာ လူထုနဲ့စစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်လို့ စစ်တပ်ဘက်က သေဆုံးသူတွေ ရှိသ လို လူထုဘက်ကလည်း ၅ ဦး သေဆုံးခဲ့ပါတယ်။
ဧပြီ ၃ ရက်မှာဆိုရင် စစ်တပ်နဲ့ ရဲဘက်က ၉ ဦးကို Kalay Civil Army က ဖမ်းဆီးလိုက်ပြီး ရဲဘက်က ဖမ်းထားတဲ့ အရပ် သား ၇ ဦးနဲ့ သုံ့ပန်းချင်း အလဲအလှယ်လုပ်တဲ့အထိ တာဟန်းခံတပ်က အင်အားကောင်းခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဧပြီ ၇ ရက် မနက်ခင်းမှာတော့ လူငယ်တွေ ပင်ပန်းလို့ အိပ်မောကျနေချိန် စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဖျက်အားပြင်းတဲ့ လက်နက်တွေနြ့ ဝင်တိုက် တာကြောင့် တာဟန်းခံတပ်ကို ဆုံးရှုံးလိုက်ရတာပါ။
တာဟန်းခံတပ်ကနေ ထွက်ပြေးလာတဲ့ တော်လှန်ရေး လူငယ်တဦးက “ကျနော်တို့ အိပ်ပျော်နေတဲ့ အချိန်မှာ သူတို့က လက်နက်ကြီးတွေနဲ့ ဆက်တိုက် ၁၀ ချက်ကျော်တယ် ပစ်တာ။ ကျနော်မြင်ခဲ့တာက ၅ ဦးကတော့ ပွဲချင်းပြီး နေရာမှာပဲ ဆုံးသွားတယ်။ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားလို့ သူတို့ ဘယ်သူတွေလဲ ဆိုကိုတောင် ကျနော်တို့ အတည်မပြုနိုင်သေးဘူး” လို့ ဆိုပါတယ်။
ဧပြီ ၇ ရက် မနက် ၅ နာရီကနေ ၇ နာရီအထိ စစ်တပ်က တာဟန်းခံတပ်ကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ပစ်ခတ်ရာမှာ အဓိကရုဏ်းနှိမ်နင်းရေးမှာ သုံးတဲ့ လက်နက်တွေကို အသုံးပြုတာမျိုး မဟုတ်ဘဲ စစ်တပ်ချင်း တိုက်ခိုက်ရာ မှာ ရန်သူ့စစ်စခန်းကို ချေမှုန်းသလိုမျိုး ရိုင်ဖယ်၊ စက်လတ်၊ လောင်ချာ၊ ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
တာဟန်းခံတပ်မှာ ပွဲချင်းပြီး ဆုံးပါးသွားသူ ၈ ဦး ရှိပြီး အဲဒီထဲက ၁ဦးကတော့ အာကာမိုးသူ လို့ အမည်ရတဲ့ တက္ကသိုလ် ကျောင်းသားတဦးပါ။ ဒီ့အပြင် တာဟန်းခံတပ်ကို ဖြိုခွင်းရဲ့ ကလေးမြို့ကို လှည့်ကင်းလှည့်တဲ့ စစ်သားတွေရဲ့ ပစ်ခတ်မှု ကြောင့်လည်း နောက်ထပ် အမျိုးသား ၃ ဦး သေဆုံးခဲ့ပါသေးတယ်။
မြို့တွင်းမှာ ပစ်ခတ်ခံရတဲ့ ၃ ဦးဆိုရင် တဦးက လူငယ်တွေကို ကယ်ဆယ်ရေး လုပ်နေတုန်း ပစ်ခတ်ခံရတာ ဖြစ်သလို တဦးက နှစ်ခြင်းဘုရားကျောင်းနားမှာ လမ်းလျှောက်နေတုန်း ပစ်ခတ်ခံရတာ ဖြစ်ပြီး ကျန်တဦးကတော့ အိမ်မှာ မွေးထား တဲ့ ဝက်တွေကို အစာကျွေးဖို့ ပြင်ဆင်နေတုန်းမှာ ပစ်ခတ်ခဲ့ရတာပါ။
နာရီပိုင်းအတွင်းမှာပဲ အရပ်သား ၁၁ ဦးကို ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
ရပ်ကွက်ထဲက လူနေအိမ်ခြံဝင်းတွေ အတွင်းကိုလည်း ရိုင်ဖယ်တွေ ကိုင်ဆောင်ထားတဲ့ စစ်သားတွေက ခုန်ဝင်လာပြီး အရပ်သားတွေကို ပစ်ခတ်ဖို့ ပုန်းခိုနေခဲ့ကြပါသေးတယ်။
တာဟန်းခံတပ်ကို ဖြိုခွင်းတာနဲ့ ပတ်သက်လို့လည်း ဆူပူအကြမ်းဖက်သူတွေက လမ်းပိတ်ဆို့ထားတာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အတားအဆီးတွေကို သွားရောက် ဖယ်ရှားခဲ့ရတာလို့ပဲ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
တကယ်တမ်း မြေပြင်မှာတော့ လူထုသပိတ်စခန်းကို ရန်သူ့စခန်းအား ချဉ်းကပ်တဲ့အသွင်နဲ့ မနက်ဝေလီဝေလင်းမှာ ဝိုင်း ပိတ်ဆို့ပြီး ဗုံးပစ်လောင်ချာတွေနဲ့ ၁၀ ချက်ထက် မနည်း ထုပြီး သေနတ်နဲ့လည်း တရစပ် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီက သူ့ရဲ့ စစ်သားတွေ မြေပြင်မှာ လူထုကို ဘယ်လိုပြုမူတယ်ဆိုတာကို သတင်းထုတ်ပြန် ချက်တွေ မှာ ထိန်ချန်ထားပြီး လူထုကပဲ တဖက်သတ် ရန်လို အကြမ်းဖက်နေတဲ့ ပုံစံမျိုးတွေကိုပဲ ထုတ်ဖော်နေတာ ဖြစ်ပါတယ်။
တာဟန်းရပ်ကွက်ထဲ စစ်ဆင်ရေး လုပ်နေတဲ့ စစ်သားနှစ်ဦးရဲ့ ဓာတ်ပုံမှတ်တမ်းထဲမှာဆိုရင် ရှေ့က စစ်သားတဦးက ရိုင် ဖယ်နဲ့ လောင်ချာ တွဲထားတဲ့ EMER K-3/W Grenade Launcher အမျိုးအစား ကိုင်ဆောင်ထားတာကို တွေ့ရပါတယ်။
ဒေသခံတွေ ရိုက်ယူထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေထဲမှာ စစ်သားတွေဟာ ပေါက်ကွဲအားပြင်းထန်တဲ့ Energa ဗုံးသီးတွေကို ကိုင်ဆောင်ထားတာတွေလည်း တွေ့မြင်ရပါတယ်။
စစ်သားတွေ အသုံးပြုတဲ့ လက်နက်ခဲယမ်းတွေ လူထုအပေါ် ပြုမူ ပစ်ခတ်တာတွေကို ကြည့် ရင် စစ်ကောင်စီရဲ့ ထုတ်ပြန် ချက်တွေထဲမှာ ဖော်ပြထားသလို အဓိကရုဏ်း နှိမ်နင်းတာမျိုးကို လုပ်နေတာ မဟုတ်ပါဘူး။စစ်အာဏာရှင်ကို ဆန့်ကျင် သမျှ အားလုံးဟာ စစ်မြေပြင်က ရန်သူအဖြစ် သတ်မှတ်ခံရပြီး ချေမှုန်း ခံနေတာပဲ ဖြစ်ပါတယ်။
တာဟန်းရပ်ကွက်တွင်း ပစ်ခတ်ခံရပြီးနောက်မှာတော့ မြေပြင်မှာ စက်လတ်သေနတ် (Machine Gun) နဲ့ ပစ်ခတ်ထားတဲ့ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်း စက်ရုံထုတ် ကျည်ခွံတွေ ၄၀ မမ ဗုံးသီးလောင်ချာခွံတွေ ပြန့်ကျဲပြီး ကျန်နေခဲ့တာတွေ ကတော့ သူတို့ ဘယ်လို လူသတ် လက်နက်တွေကို အသုံးပြုခဲ့တယ် ဆိုတဲ့ ငြင်းမရတဲ့ သက်သေတွေပဲ ဖြစ်ပါတယ်။
တိုက်ခိုက်ခံခဲ့ရတဲ့ လူငယ်တွေက သူတို့ကို RPG နဲ့ ပစ်ခတ်တယ်လို့လည်း ဆိုပါတယ်။ RPG အသုံးပြုခြင်း ရှိ မရှိကိုတော့ ဧရာဝတီက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ခံတပ်စခန်း ဖြိုခွင်းခံလိုက်ရလို့ ထွက်ပြေးသွားတဲ့ လူငယ်တွေကိုလည်း လိုက်လံ ဖမ်းဆီးဖို့ မြို့တွင်းက အခြားနေရာတွေ မှာ လူစုလူဝေး မရှိလာဖို့အတွက်လည်း စစ်တပ်က စက်သေနတ် တပ်ဆင်ထားတဲ့ ကား ၄ စင်းနဲ့ လှည့်ပတ်နေခဲ့ပါတယ်။
တာဟန်းမှာ အဖိခံနေရတာကို လျော့ကျအောင် လူငယ်အချို့က မြို့တွင်း လမ်းမတွေပေါ်မှာ တာယာကွင်းတွေကို မီးပုံရှို့ တာ စစ်ယာဉ်တန်းတွေ စစ်ကူအလွယ်တကူ သွားလာမရအောင် လမ်းတွေကို ပိတ်ဆို့တာမျိုး ပြုလုပ်တာကြောင့်လည်း လူငယ် ၁၈ ဦး ထပ် ဖမ်းဆီးခံလိုက်ရပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်တွေထဲမှာ လမ်းသွားလမ်းလာတွေလည်း ပါဝင်ပေမယ့် စစ်ကောင်စီက သတင်း ထုတ်ပြန်ရာမှာတော့ “အကြမ်းဖက် လက်နက်မျိုးစုံ ကိုင်ဆောင်ထားတဲ့ ဆူပူအကြမ်းဖက်သူများ” ဆိုပြီး ရေးသားဖော်ပြပါတယ်။
ဖမ်းဆီးခံရတဲ့ အမျိုးသား ၁၈ ဦးကိုလည်း ကလေးမြို့တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနဲ့ တောင်ဇလပ် ရပ်ကွက်က ကျန်စစ် သားလမ်းပေါ်မှာ ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့တပ်ဖွဲ့တွေကို လူအင်အား ၁၀၀ ခန့်က မနက် ၈နာရီကနေ နေ့လယ် ၁နာရီထိ ဝိုင်းဝန်း တိုက်ခိုက်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါသေးတယ်။
လူငယ် ၁၈ ဦးနဲ့အတူ ဂတ်စ်သေနတ်၊ တူမီးသေနတ်၊ လက်လုပ်သေနတ် စုစုပေါင်း ၃၁ လက်နဲ့ အတူ လက်လုပ်ဗုံး၊ လေး ခွ၊ ဂျင်ကလိ၊ ကျောက်ခဲနဲ့ မီးလောင်အောင် ဖောက်ခွဲအသုံးပြုရတဲ့ Molotov ပုလင်းတွေကိုလည်း စစ်ကောင်စီတပ်တွေ ဟာ သိမ်းဆည်းမိခဲ့ကြောင်း ကြေညာထားပါတယ်။
စစ်တပ်က သူ့ရဲ့သတင်းထုတ်ပြန်ချက်ထဲမှာ အဓိကရုဏ်းနှိမ်နင်းရေး လုပ်ငန်းစဉ်များနဲ့အညီ လုပ်ကိုင်တယ်လို့ ရေးသား ထားပြီး၊ တောင်ပေါ် ရိုးရာဓလေ့အတိုင်း အမဲလိုက်ရာမှာ သုံးတဲ့ လက်နက်တွေကိုင်ထားတဲ့ တော်လှန်ရေး လူငယ် တွေကို အကြမ်းဖက်သမားတွေအဖြစ် စစ်ကောင်စီက ပုံဖော်ပေမယ့်၊ ဒီလူငယ်တွေကို ဖြိုခွင်းဖို့ စစ်တပ်က တကယ့် စစ်မြေပြင်မှာ သုံးတဲ့ ချေမှုန်းရေး လက်နက်မျိုးတွေကို သုံးတာကြောင့် ခရုခါးတောင်းကျိုက် ဖမ်းတယ်လို့တောင် ဆိုရမှာပါ။
မြေပြင်က ဒေသခံတွေနဲ့ တော်လှန်ရေးလူငယ်တွေ ပြောဆိုချက်အရဆိုရင်တော့ တာဟန်းခံတပ်ကို ဖြိုခွင်းခံရပြီးကတည်း က ကစဉ့်ကလျား ပြေးနေခဲ့တာကြောင့် Kalay Civil Army အဖွဲ့ဝင်တွေကတောင် ပြန်လည် ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့တာ တောင် မရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီက တာဟန်းခံတပ်ကို ဖြိုခွင်းစဉ်မှာ သူရဲ့တပ်သားတွေ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိတာ ရှိတယ်လို့ ဆိုထားပေ မယ့် သူတို့ ပစ်ခတ်လိုက်လို့ သေဆုံးသွားတဲ့ အရပ်သားတွေ အကြောင်းကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။
စစ်တပ်က တာဟန်းခံတပ်ကို ဖြိုခွင်းလိုက်နိုင်ပေမယ့်၂၁ ရာစုရဲ့မြန်မာ့နွေဦးတော်လှန်ရေးမှာတော့ တာဟန်းဟာ စစ် အာဏာရှင်ကို ရရာ လက်နက်နဲ့ အန်တုရဲတဲ့ သတ္တိခဲ လူငယ်တွေရဲ့ သမိုင်း တမျက်နှာစာ ဖြစ်ပါတယ်။
လက်နက်ခဲယမ်း အင်အားသာလွန်လို့ ခံတပ်ကို ဖြိုခွင်းနိုင်ပေမယ့် ကလေးမြို့က လူငယ်တွေရဲ့ စစ်အာဏာရှင်ကို တော် လှန်နေတဲ့ စိတ်ဓာတ် ပျက်စီးသွားအောင် ဖြိုဖျက်နိုင်ခြင်း မရှိပါဘူး။
လူငယ်တွေဟာ ပြေးနေ ပုန်းနေရပေမယ့် စစ်တပ်ကို တုံ့ပြန်ဖို့ ပြန်ပြင်ဆင်နေကြပါတယ်။ ဧရာဝတီက ဆက်သွယ်မေးမြန်း ထားတဲ့ လူငယ်တွေက စစ်အာဏာရှင်ကို အရှုံးပေးမှာ မဟုတ်သလို ဆက်လက် တိုက်ပွဲ ဝင်နေဦးမှာလို့ ပြောဆိုကြပါ တယ်။
Kalay Civil Army မှာ ပါဝင်နေတဲ့ လူငယ်တဦးက “ဒီလောက်နဲ့တော့ မပြီးသွားပါဘူး။ ကျနော်တို့ ပြန်ချမှာ။ စစ်အာဏာ ရှင်စနစ် ပြုတ်ကျတဲ့အထိ ဆန့်ကျင်နေမှာ” လို့ ပြောပါတယ်။
You may also like these stories:
တန့်ဆည်တွင် ပြည်သူ ၆ ဦး သေဆုံး၊ ပြန်လည်ခုခံမှုကြောင့် စစ်တပ်ဘက်ကလည်း ထိခိုက်မှုရှိ
ကလေးမြို့ စစ်တပ်ပစ်ခတ်မှု သေဆုံးသူ ၁၁ ဦးရှိ
ရပ်ကွက်ရုံးမီး ကူငြှိမ်း၍ ဖမ်းခံရပြီး သေဆုံးသူကို မီးသတ်ကားတိုက်၍ဟု ဆေးစာရေး