ဆောင်းပါး

စစ်ကောင်စီနဲ့ အလံမလှဲတဲ့ ပြည်သူ

Want create site? Find Free WordPress Themes and plugins.

စစ်ကောင်စီက အာဏာသိမ်းခဲ့တာ ရက်ပေါင်း ၇၀ ရှိခဲ့ပါပြီ၊ အာဏာသိမ်းပြီး ၉ ရက်မြောက်နေ့ကစလို့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ ဝင်တွေဟာ နေ့စဉ် ရက်ဆက် နိုင်ငံအနှံ့ ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးမှုတွေကို ပြုလုပ်နေပါတယ်။

သေဆုံးသူ ၇၀၀ ခန့် ရှိပြီဖြစ်သလို ဖမ်းဆီးခံရသူလည်း ၃ထောင်နီးပါး ရှိခဲ့ရာ ဒီအခြေအနေကို ကြည့်ရင် အာဏာသိမ်း စစ် ဗိုလ်ချုပ်တွေဟာ မြန်မာနိုင်ငံမှာ ပြည်သူတွေ အပေါ် အကြောက်တရားနဲ့ အုပ်ချုပ်ရင် ငြိမ်ဝပ်သွားမှာပဲ လို့ ယူဆထားဟန် ရှိပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ ပြည်သူကို ကြောက်စိတ်သွင်းနိုင်ရင် အုပ်ချုပ်နိုင်ပြီ ဆိုတဲ့ တထစ်ချ ယူဆချက်ကို ၂၀၂၁ ဒီနေ့ ခေတ် လူငယ်တွေက ပြောင်းပြန်လှန်ပစ်လိုက်တယ်လို့ ဆိုရမှာပါ။

အစပိုင်းမှာ လူစုလူဝေးနဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို စစ်ကောင်စီက နေပြည်တော်၊ မန္တလေး၊ မော်လမြိုင် စတဲ့မြို့ တွေမှာ ပစ်ခတ်ပြီး နှိမ်နင်းမှုကို ပြလိုက်ပေမယ့် ဆန္ဒပြမှု အရှိန် အဟုန်ဟာ လုံးဝရပ်မသွားခဲ့ပါဘူး၊ နောက်ပိုင်းမှာတော့ ဆန္ဒပြ သူတွေဟာ စစ်တပ်နဲ့ ရဲ ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကို ကာကွယ်နိုင်အောင် အတားအဆီးတွေ၊ ဒိုင်းတွေနဲ့ ကာကွယ် ခုခံလာပါတယ်။

ဒါပေမယ့် ပြည်သူက လုပ်တဲ့ အတားအဆီးတွေ၊ ဆန္ဒပြသူတွေ ကိုင်ဆောင်တဲ့ ဒိုင်းတွေဆိုတာက စစ်ရေးအရ ပိုပိုသာသာ ထိရောက်တဲ့ အရာတွေ မဟုတ်ပေမယ့်လည်း စစ်ကောင်စီကတော့ စစ်မြေပြင်မှာ ကျင့်သုံးတဲ့ ပုံစံအတိုင်း ချေမှုန်းရေး ရိုင်ဖယ်တွေ၊ စက်သေနတ်တွေ၊ ပေါက်ကွဲအား ပြင်းထန်တဲ့ လက်နက်တွေနဲ့ ပစ်ခတ်တာကြောင့် ပြည်သူတွေရဲ့ အထိအခိုက် အကျအဆုံး မြင့်ခဲ့ရပါတယ်။

ပြည်သူတွေကတေ့ လက်နက်မရှိပေမယ့် စည်းလုံးညီညွတ်မှု ဆိုတဲ့ စိတ်နဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေကို ပြင်းပြင်း ထန်ထန် ဖိနှိပ်ရင် တခြားသောမြို့တွေက ပြည်သူတွေဟာ အသက်အိုးအိမ် စည်းစိမ် မငဲ့ကွက်ပဲ စီတန်းလှည့်လည်ခြင်း ကြွေးကြော်သံ အော်ဟစ်ခြင်း စတဲ့ အာရုံလွှဲပြောင်းပေးတဲ့ ဗျူဟာကိုပဲ သုံးခဲ့တာပါ။

စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေကို ပြင်းပြင်းထန်ထန် ခုခံခဲ့တဲ့ ရန်ကုန်မြို့က လှိုင်သာယာမှာဆိုရင် တနေ့တည်း လူ ၃၀ နီးပါး သေဆုံးခဲ့သလို၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ တွံတေး၊ ဒလ စတဲ့ မြို့နယ်တွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။

အထက်မြန်မာပြည်ကို ကြည့်မယ်ဆိုရင်လည်း မန္တလေးက အောင်ပင်လယ်၊ စိန်ပန်း စတဲ့ နေရာတွေကို စစ်ကောင်စီက အငြိုးတကြီးနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ ပြုလုပ်နေသလို မုံရွာ၊ ကလေး၊ တမူး၊ တန်ဆည်၊ တောင်ကြီး၊ မော်လမြိုင်၊ ပြည်၊ ထားဝယ်၊ မြိတ်စတဲ့ မြို့တွေမှာ လည်း သတ်ဖြတ်ခဲ့ပါတယ်။

တပ်မတော်နေ့လို့ ခေါ်ကြတဲ့ တော်လှန်နေ့မှာပဲ မြန်မာတပြည်လုံး လူ ၁၀၀ကျော် သတ်ဖြတ်ခဲ့ပါတယ်။

မတ်လ ၂၈ရက်က တွေ့ရသည့် ရန်ကုန်တိုင်း သာကေတမြို့နယ် သုမနလမ်းခံတပ်သပိတ်

စစ်ကောင်စီရဲ့ ပြည်သူတွေ အပေါ် အဆိုးဆုံး သတ်ဖြတ်မှုကိုတော့ ဧပြီ ၉ ရက်က ဖြစ်ခဲ့တဲ့ ပဲခူးမြို့ မဂ္ဂတစ်လမ်းမကြီးပေါ်က
ဆန္ဒပြသူတွေရဲ့ စခန်းတွေကို အင်အားအလုံးအရင်းနဲ့ ပစ်ခတ်ဖြိုခွဲမှု ဖြစ်ပါတယ်၊ ဒီဖြိုခွင်းမှုမှာ စစ်ကောင်စီရဲ့ တပ်တွေဟာ အင်အားပြင်းတဲ့ လက်နက်တွေကို သုံးခဲ့သလို၊ ဒဏ်ရာရသူတွေကို လူမဆန်စွာပဲ ဆေးကုသခွင့် မပေးခဲ့တဲ့အတွက် သေဆုံးဦးရေဟာ ၈၀ကျော်အထိ မြင့်လာခဲ့ခြင်းဖြစ်ပါတယ်။

တိုင်းရင်းသားဒေသတွေမှာလည်း မြစ်ကြီးနား၊ ဖားကန့် ပြည်သူတွေရဲ့ ဆန္ဒပြမှုကို ပစ်ခတ်တဲ့အတွက် ကချင်လွတ်လပ် ရေးတပ်မတော် (KIA)က သတိပေးရတဲ့အပြင် စစ်ဆင်ရေးတွေပါ လုပ်ဆောင်ခဲ့ရတာကြောင့် တိုက်ပွဲတွေ ဖြစ်နေပါတယ်။

တချို့တိုင်းရင်းသားဒေသတွေမှာတော့ အထူးသဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့၊ တမူးမြို့ က ပြည်သူတွေ ကိုယ်တိုင် ခုံခံနေရ ပြီး ကလေးမြို့က ချင်းနဲ့ ဗမာလူငယ်တွေဟာ KCA လို့ခေါ်တဲ့ Kalay Civil Army ကိုတောင် ဖွဲ့စည်းပြီး ရရာလက်နက်နဲ့ ခုခံတဲ့အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေဟာ နောက်ဆုတ် ရရုံမျှမက ဖမ်းဆီးခံထားရသူတွေတောင် အလဲအလှယ် လုပ်ခဲ့ရတာကြောင့် လက်နက်အင်အား လူအင်အား သုံးပြီး ဧပြီလ ၇ ရက်မှာ ဖြိုခွဲခဲ့ရပါတယ်။

ကလေးမြို့က တာဟန်းခံတပ် ဖြိုခွဲခံရြ့ပီးမှာ အနီးဝန်ကျင်က ညီနောင်မြို့ဖြစ်တဲ့ တမူးမြို့က ပြည်သူတွေက သတိရှိရှိ လုံခြုံရေးကို စောင့်ရှောက်နေရာ ဧပြီ ၁၀ရက်နေ့မှာတော့ ဆိုင်ကယ်စီးသွားသူ တချို့ကို စစ်ကောင်စီ တပ်တွေက ပစ်ခတ်တဲ့အတွက် ပြည်သူနဲ့ထိပ်တိုက်တွေ့ ရာ စစ်တပ်နဲ့ ရဲ စုစုပေါင်း ၁၈ ဦးခန့် သေတယ်လို့ ဒေသတွင်း အဖွဲ့ အစည်းတွေက ဆိုပါတယ်။

အလားတူ ကသာခရိုင် ပင်လယ်ဘူးမှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြပြည်သူတွေရဲ့ ခုခံမှု အရှိန်အဟုန်တွေဟာ စစ်ကောင်စီရဲ့ တပ်ဖွဲ့ တွေကို နောက်တွန့် သွားစေခဲ့သလို ဖောင်းပြင်နဲ့ ဝန်းသို ကနေတောင် စစ်ကူခေါ်ယူခဲ့ရပါတယ်။ ဒါပေမယ့်လည်း မြို့ဝင် လမ်းကြောင်းတွေတိုင်းကို သစ်ပင်တွေ ခုတ်လှဲပြီး ဒေသခံတွေရဲ့ ပိတ်ဆို့ ခုခံထားမှုကြောင့် စစ်ကူဟာ အချိန်မီ မြို့ထဲကို ဝင်ရောက် မလာနိုင်ခဲ့ပါဘူး။

ဒီပွဲမှာ ဒေသခံဘက်က ကျဆုံးမှုတွေရှိခဲ့သလို စစ်ကောင်စီဘက်ကလည်း ထိခိုက်မှုတွေ ရှိခဲ့ရုံမက စစ်ကောင်စီ ရဲ့ အုပ်ချုပ်ရေး ယန္တရား ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုဟာ အထွေထွေအုပ်ချုပ်ရေးမှူးရုံး မီးလောင်ပြာကျမှုနဲ့ အဆုံးသတ်သွားရပါ တယ်။

အဲဒီလိုပဲ စစ်ကိုင်းတိုင်း တန့်ဆည်မြို့လေးကို ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဧပြီ ၇ ရက် တနေ့လုံး တရစပ် ဖိအား ပေး ပစ်ခတ်နေရုံမက ရေဦးလို နီးစပ်ရာမြို့တွေက တပ်ကူခေါ်ရပါသေးတယ်။ ပြည်သူတွေဘက်က သေဆုံးမှုတွေ ရှိခဲ့ပေ မယ့် မိမိရပ်ရွာကို အကြမ်းဖက် စစ်ကောင်စီက လွယ်လွယ်ကူကူ မထိန်းချုပ်နိုင်အောင် အတတ်နိုင်ဆုံး ခုခံကာကွယ်ခဲ့ပါ တယ်။

ဒီလို ကျော်ကြားလှတဲ့ ခုခံစစ်တွေမှာ ဒေသခံပြည်သူတွေ အများဆုံး အသုံးပြုခဲ့တဲ့ လက်နက်က တူမီးသေနတ်နဲ့ လေးခွ တွေ မိုလိုတော့ဗ်တွေ လောက်ပါပဲ။ ဒီလက်နက်တွေကို အရင်က အမဲလိုက်ရုံသာ သုံးခဲ့ရပေမယ့် ခုတော့ ကိုယ့်ရပ်ရွာက မိသားစုတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ပေးဖို့အတွက် အသုံးချနေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ချေမှုန်းရေး ရိုင်ဖယ်တွေ၊ အီနာဂါ ဗုံးသီးတွေ ပေါက်ကွဲအား ပြင်းထန်တဲ့ လက်နက်တွေ သုံးပေမယ့် ဒေသခံတွေရဲ့ အနိုင်မခံစိတ်ဓာတ်နဲ့ ကိုင်ဆွဲထားတဲ့ ၁၉ ရာစုလက်နက်တွေကို မကျော်လွှားနိုင်ခဲ့ဘူးလို့ တောင်ဆိုရမှာပါ။

စစ်ကောင်စီဘက်က အသေအဆုံးတွေ ဒဏ်ရာရတာတွေ ရှိလာပြီဆိုတာကို အတည်ပြုတဲ့ သတင်းတရပ်ကိုလည်း ဧပြီလ ၇ ရက်က မြဝတီရဲ့ ည ၈ နာရီသတင်းမှာ ထုတ်ပြန်သွားရာ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်၂၆ ဦး ကျဆုံးပြီး ရာချီ ဒဏ်ရာရထား တယ်လို့ ကြေညာထားပေမယ့် မြေပြင် အနေအထားတွေအရ အဲဒီထက် ပိုနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ပြည်သူဟာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ လက်နက်အင်အားအရ မယှဉ်သာနိုင်ခဲ့ပါဘူး။ ဒါပေမယ့် မြေပြင် အနေအထား ကျွမ်းကျင်မှုတွေ၊ စည်းလုံးညီညွတ်မှုတွေနဲ့ စိတ်ဓာတ်အင်အား တက်ကြွမှုတွေမှာ အံ့မခန်း သာလွန်နေပါ တယ်။

တဖက်မှာတော့ စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေရဲ့ ပြည်သူကို အရမ်းကာရော ပစ်သတ်နေတဲ့ လုပ်ရပ်တွေကို ကြည့်ရင် စိတ်ဓာတ်ပိုင်းဆိုင်ရာ အရေးနိမ့်နေမှုကို ပြနေသလို ကလေးငယ်ကအစ အမျိုးသမီးပါ မကျန် မြင်သမျှ ပစ်ခတ်မှု၊ လုယက်မှု၊ လူမဆန်စွာ နှိပ်စက်ညှင်းပမ်းမှု စတဲ့ အမြိုမြို့ အရွာရွာမှာ ဖြစ်နေတဲ့ သတင်းတွေကို ကြည့်မယ်ဆိုရင် စစ်ကောင်စီရဲ့ တပ်တွေဟာ စည်းကမ်းသေဝပ်တဲ့ စစ်တပ်လို့ မခေါ်နိုင်တာကတော့ ဧကန်ပါ။

ဒီလိုသတ်ဖြတ်ပြနေပေမယ့် အုပ်ချုပ်ရေး ယန္တရားကို တည်ဆောက်နိုင်စွမ်း လုံးဝမရှိသေးပါဘူး။ ဒါတင် မကပါဘူး စစ်တပ်ကို စွန့်ခွာထွက်ပြေးနေတဲ့ သတင်းတွေက အဆက်မပြတ် ထွက်ပေါ်နေပါသေးတယ်။

မြို့တမြို့ချင်းဆီကို ထိန်းသိမ်းနိုင်လောက်တဲ့ အင်အား မရှိတာကြောင့် တမြို့နဲ့ ရင်ဆိုင်ရတိုင်း အနည်းငယ် တည်ငြိမ်တဲ့ မြို့ဆီက အင်အားကို ဖဲ့ပြီး စစ်ကူ ပို့နေရသလို စစ်သားတွေရဲ့ဇနီးမယား ရဲမေတွေကိုပါ လက်နက်ကိုင်စေပြီး နှိမ်နင်းရေးမှ သုံးတဲ့ ဓာတ်ပုံတွေကို တွေ့နေရပါတယ်။

ဒါကြောင့်လည်း သူတို့ဟာ တိုက်ပွဲဖြစ်တိုင်း နောက်ကို ဆုတ်ပြီး စစ်ကူ စောင့်နေရသလို၊ ချောင်ပိတ် မမိရအောင် ခုခံနေရတဲ့ အခြေအနေပါ။

ဒီလိုအခြေအနေတွေကြောင့် လက်နက်အင်အား သာပေမယ့်လည်း ဓမ္မနဲ့ အဓမ္မတိုက်ပွဲမှာ ပြည်သူဟာ စိတ်ဓာတ်အရာ ကို စစ်ကောင်စီက ကျော်လွန် မရဘူးဆိုတဲအကြောင်း တင်ပြလိုက်ပါတယ်။

You may also like these stories:

စစ်ကောင်စီ တပ်တွေကို တမူးဒေသခံတွေ ဘယ်လိုခုခံခဲ့သလဲ

ဟူးကောင်းချိုင့်ဝှမ်းမှ ယုဇနကုမ္ပဏီ သိမ်းထားသောမြေများ ဒေသခံများ ပြန်ယူ

နိုင်ငံရေးမှုဖြင့် ဖမ်းဆီးထားသူများကို ထောင်တွင်း တရားရုံးများဖြင့် ကြားနာ စစ်ဆေးနေ

Did you find apk for android? You can find new Free Android Games and apps.
Loading