ဆောင်းပါး

မြန်မာတို့နှင့် လောကီအစီအရင်များ

မြန်မာအများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သော်လည်း လောကီအစီအရင်များကို ယုံကြည်ကြသည်မှာ မလွဲမသွေ ပင်ဖြစ်သည်။

မိမိတို့ ကံဇာတာ အကောင်းအဆိုးကို ဗေဒင်ကိန်းခန်းအရ ကြည့်ကာ အညံ့များ ပျောက်စေရန် (ဝါ) သက်သာစေရန် ၊ လုပ်ငန်းဆောင်တာများ အောင်မြင်စေရန်၊ ရာထူးဌာန္တရ တည်မြဲ တိုးတက်စေရန် ဓာတ်ဆင်၊ ဓာတ်ရိုက်၊ ယတြာချေ ခြင်းများကို ပြုလုပ်ကြသည်မှာ အထင်အရှားပင်ဖြစ်သည်။

ဗေဒင်ပညာဆိုသည်က အနာဂတ်ကို ကြိုတင်တွက်ချက် ဟောပြောသော ပညာရပ်ဖြစ်သလို ယတြာက ဗေဒင်ကိန်း ခန်းအရ ကျရောက်လာမည့် ဘေးအန္တရာယ်များ ရှောင်ခွာကင်းစေရန် ပြုလုပ်ခြင်းဖြစ်သည်။

ယတြာကောင်းလျှင် မင်းလောင်းပင် ပျောက်နိုင်သည်ဆိုသည့် ရှေးစကားရပ်ပင် ရှိသည် မဟုတ်ပါလော။

ဘုရား၊ တရား၊ သံဃာကို ဦးထိပ်ထားကာ ဘုရားတရားနှင့် တွဲဖက်၍ စီမံရသော ယတြာရှိသကဲ့သို့ တချို့ လည်း လောကီနည်း သက်သက်ဖြင့်သာ စီရင်သည့် အစီအမံများလည်း ရှိသည်ကို တွေ့ရသည်။

သာမန်ပြည်သူမှ အစ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သည့် သူအထိ လူမှုဘဝတွင် အိမ်ဆောက်ခြင်း၊ မင်္ဂလာဆောင်ခြင်း၊ ခရီးသွားလာခြင်း၊ ကြံစည်ခြင်း၊ နာမည်ပေးခြင်း စသည်တို့ပင်လျှင် အခါပေးသည့် ဗေဒင်ကိန်းခန်း၊ ယတြာ၊ လောကီ အစီအရင်နှင့် မကင်းပေ။

မြန်မာ့လူဘောင်တွင် ဗေဒင်၊ ယတြာ လောကီ အစီအမံများ ရောယှက်နေရာ ယနေ့ဖြစ်ပေါ် နေသည့် စစ်တပ် အာဏာ သိမ်းမှု၌ ရှမ်းပြည်အရှေ့ပိုင်းမှ ဝစီပိတ် ဆရာတော် ဆိုသူက အခါပေးသည်ဆိုသော သတင်းများ ထွက်ပေါ်နေသည်က ထင်ရှားသော သာဓကပင်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အောင်မြေနင်းခဲ့သည့် ရွှေဘိုမြို့ မဟာအောင်မြေဗိမ္မာန်တော်(Win Net Myanmar)

ယင်း ဝစီပိတ်ကိုယ်တော် အခါပေးသည်ဆိုသော “ခေတ်ကို ပြောင်းရင် ခေါင်းကိုပစ်”ဆိုသည့် ကက်ကင်းဆန်ဆန် စကားရပ်က လူထုကြား ပျံ့နှံခဲ့သလို၊ လက်တွေ့တွင်လည်း ဆန္ဒပြသူများ၏ ဦးခေါင်းများကို သာ ချိန်ရွယ်ပစ်ခတ်မှုက လည်း ရှိနေသည်။

ဝစီပိတ်ကိုယ်တော်ပြောသည်ဆိုသည့် ကက်ကင်းဆန်ဆန် စကားရပ်က မည်မျှမှန်သည်ကို မသိသော်လည်း ယင်း တန်ပြန်ရန် “တပ်ကိုပြောင်းချင် တောင်းကိုပစ်”ဆိုသည့် စကားလည်း လူထုကြားက ထွက်လာပြန်သည်။

ယင်းသတင်းများကို အတည်မပြုနိုင်သေးသော်လည်း “မပြေးသော်လည်း ကန်ရာရှိ” ဆိုသလို ထင်ရှားသည်က ဝစီပိတ်ကိုယ်တော်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစုနှင့် တရင်းတနှီး နေထိုင်သလို၊ ၂၀၂၀ ခု ဖေဖေါ် ဝါရီ ၂၇ ရက် ရှေးဟောင်းနယ်မြေ ပုဂံရှိ ထီးလိုမင်းလို စေတီအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထီးတင်သည့်အခါ ယင်း ဝစီပိတ်မှ ကမကထပြုခဲ့ခြင်းက ထင်ရှားသည်။

အဆိုပါ ဝစီပိတ်ကိုယ်တော် ဆိုသည်က ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့က သီလဓမ္မကုန်းသာ တောရကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တကောဝိဒ ဆိုသူဖြစ်သည်။

သူတို့နှစ်ဦး ထီးတင်သည့် ဘုရားမှာ “ထီးလိုမင်းလို”ဘွဲ့အမည်ရသည့်အတွက် ထီးနန်းနှင့် သက်ဆိုင်သည်မှာ ဧကန် ဖြစ်သလို ရွေးကောက်ပွဲ မတိုင်ခင် အောက်တိုဘာလက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွှေဘိုမြို့ အောင်မြေ ဘုရား သို့ သွားရောက်ကာ အောင်မြေနင်းခဲ့ခြင်းကလည်း ထီးနန်းနှင့်ပင် သက်ဆိုင်သည့် ယတြာဟု ယူဆရမည်ဖြစ် သည်။

ရတနာသိင်္ဃ ခေါ် ရွှေဘိုမြို့ရှိ အောင်မြေနေရာမှာ တတိယ မြန်မာနိုင်ငံထူထောင်သည့် အလောင်းမင်းတရား ဦးအောင် ဇေယျ စစ်ထွက်သည့်အခါ ရန်အပေါင်းကို အောင်မြင်စေရန် အဓိဋ္ဌာန်ပြုသည့် ဘူမိနက်သန်နေရာဖြစ်၏။

ဤသို့ လုပ်ဆောင်နိုင်ရန် အချိန်တွက်၍ အခါတိုင်လှည့် အကြံပေးသူ ရှိမှသာ ဖြစ်မည်။ ရှေးအခါကမူ အဆိုပါ ကိစ္စများ ကို ဘုန်းတော်ကြီးများ၊ လူပုဂ္ဂိုလ်များ၊ ပုဏ္ဏား ပုရောဟိတ်များက ပြုလုပ်ကြသည်။

ထီးနန်းလုရန် ကြံစည်ကြိုးစားသည့် မင်းညီမင်းသားများက ဗေဒင်နက္ခတ် တတ်ကျွမ်းသည့် ဆရာတော်များ၊ လူဝတ် ကြောင် များနှင့် တိုင်ပင်ကာ ဗေဒင်နက္ခတ်အလိုအရ အချိန်အခါကို ရွေးချယ်တွက်ချက်၍ ဆောင်ရွက်ရခြင်း ဖြစ်ပြီး မင်းတုန်းမင်းလက်ထက် မြင်ကွန်း၊ မြင်းခုံတိုင်မင်းသားများ ပုန်ကန်မှုကို ကြည့်မည်ဆိုပါက အထင်အရှားတွေ့ရ မည်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အချိတ်ထမီများ

မြင်းကွန်း၊ မြင်းခုံတိုင်ပုန်ကန်မှုတွင် ဗေဒင်ကိန်းခန်းတွက်ချက်၍ အခါပေးသူမှာ စလေစာဆို ဦးပုည ဖြစ်ပြီး နောက်ပိုင်း တွင် ကွပ်မျက်ခံခဲ့ရသည်။ ထို့အတွက် အခါပေး ဦးပုညဟု ယနေ့တိုင် အမည်တွင်ခဲ့သည်။

အလားတူ ဘိုးတော်ဘုရား(ဗဒုံမင်း)သည် ထီးနန်းရရန် ကြံဆောင်ရာတွင် စားတော်ဆန်ဖွပ်ရွာတွင် သီတင်းသုံးနေ သည့် စည်သာသူမြတ်ကို ပင့်၍ အခါတောင်းသည်မှာ ထင်ရှားသလို၊ ၁၈၃၇ခုနှစ် သာယာဝတီမင်းသားက နောင်တော် ဖြစ်သူ ဘကြီးတော်မင်းကို ပုန်ကန်သောအခါ ဗေဒင်ပညာတတ်ကျွမ်းသည့် သမီးတော် စုဖုရားကြီးနှင့် တိုင်ပင်၍ အကြံဉာဏ်တောင်းခဲ့သည်မှာ ထင်ရှားသည်။

သို့သော် ဗေဒင်ယတြာဆိုသည်က အသုံးပြုသူ၏ ဉာဏ်ပညာဖြင့် ယှဉ်၍ ကောက်ယူမှု အပေါ်တွင် မူတည်သည် ကိုလည်း ဤသို့ တွေ့ရ၏။

မြန်မာ့သမိုင်းတွင် ၇ ရက်သာ ထီးနန်းစံရသည့် ဖောင်းကာစားမောင်မောင်အား ၎င်းကိုးကွယ်သော ဆရာတော်က ဗေဒင်အရ ထီးနန်းစည်းစိမ်နှင့် အသက်ရှင်လိုသော် မြို့ အနောက်ဘက်က ကုက္ကိုပင်ကို သတ်ရမည်ဟု ယတြာပေး သဖြင့် ဖောင်းကားစားမောင်မောင်က မြို့အနောက်ဘက်ရှိ ကုက္ကိုပင်များ ခုတ်ခဲ့စေခဲ့သည်။

သို့သော် ဆရာတော် ဆိုလိုသည်က ကုက္ကိုလ်ပင်နှင့် နံတူသည် တနင်္လာသား ဗဒုံမင်းသားကို သုတ်သင်ခိုင်းခြင်း ဖြစ်သော်လည်း ပရိယာယ်နားမလည် ဖောင်းကားစားက နံတူ ကုက္ကိုပင်ကို ခုတ်သဖြင့် ကျိန်းကျေကာ ဘိုးတော် ဘုရား (ဗဒုံမင်း)က မောင်မောင်ကို သတ်ကာ ဘုရင်အဖြစ် ရောက်ရှိခဲ့ရသည်။

ထိုသို့ ရှေးမြန်မာမင်းများကတည်းက ယုံကြည်ခဲ့သည့် ဗေဒင်၊ ယတြာသည် ယနေ့တိုင် စစ်ခေါင်းဆောင်များ အပေါ်လွှမ်းမိုးနေဆဲဟု ဆိုရမည်။

လွတ်လပ်ရေးရယူသည့် ၁၉၄၈ခု ဇန်နဝါရီ ၄ရက် နံနက် ၄နာရီ ၂၀မိနစ် အချိန်ကို ဗေဒင်နက္ခတ်ဖြင့် ညှိကာယူခဲ့သည် ဟုဆိုကြသလို အာဏာရှင် ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရလက်ထက်က မြန်မာနိုင်ငံ ဝေဒသုတေသန အဖွဲ့မှ ဆရာမြိုင်ကဲ့သို့ ဝေဒပညာရှင် ဆရာကြီးများကို ဗေဒင်နက္ခတ် ကိန်းခန်းများတွက်ချက်ခိုင်းကာ ယတြာများ ပြု လုပ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ငွေကြေးနှင့် ပတ်သက်၍ ကိုးနဝင်းကျေ စေရန် ကိုးဆယ်ကျပ်တန်၊ ၄၅ကျပ်တန်တို့ ထုတ်သဖြင့် သုံးစွဲ သူများ ကိုးလိုးကန့်လန့်ဖြစ်ရသလို သူ၏ အစိုးရအဖွဲ့လည်း ၁၉၈၈ခုနှစ်တွင် ပြုတ်ကျခဲ့သည်။

နဝတ၊ နအဖ စစ် အစိုးရများ လက်ထက်မှ ဦးသိန်းစိန် အစိုးရတိုင် ဒေါက်တာဖေဉာဏ် ဆိုသည့် ဝေဒပညာရှင်ကို လက်ကိုင် ထားခဲ့ကြသည်။

ဦးနေဝင်းလက်ထက် မဟာဝိဇယစေတီ တည်ခြင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နေပြည်တော်တွင် ရွှေတိဂုံစေတီနှင့် ပုံစံတူ ဥပ္ပါတသန္တိ စေတီတော်တည်ခြင်း၊ စစ်ကိုင်းကောင်းမှုတော်ဘုရားကို ထုံးသင်္ကန်းမှ ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေတိဂုံစေတီ ထီးတော်ပြန်တင်ခြင်းများက ယတြာအရ ပြုလုပ်ကြောင်း ယုံကြည်ရသည်.

ထို့အပြင် ဦးသိန်းစိန်အစိုးရလက်ထက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ဝင်များသည် အချိတ်ထမီဆင်ကြီးများ ကိုယ်ဆီဝတ်ကာ အခမ်းအနားတက်ရောက်ခဲ့ခြင်းကလည်း ယတြာချေခြင်း ဖြစ်ကြောင်း ရေးသားမှုများရှိခဲ့သည်။

ဦးသိန်းစိန်နှင့် အချိတ်ထမီများ

မြန်မာတို့သည် ဗေဒင်ယတြာကိုသာမက ဇမ္ဗူဒိတ် နိမိတ်ဆိုသလို ဇမ္ဗူဒီပါ လကျ်ာတောင်ကျွန်း နိမိတ်ထွန်း ဆိုသည့် စကားကို စွဲမှတ်ယူကာ အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း သာမက သိုက်၊ အင်းအိုင်၊ ခါးလှည့်၊ လက်ဖွဲ့၊ ဂါထာမန္တရား၊ ပီယ စသည်တို့ကိုလည်း ယုံကြည်ကြပြန်သည်။

“အတိတ်”ဆိုသည်က ပစ္စုပ္ပန်၌ ဖြစ်ပျက်သည်ကို အခြေတည် ကောက်ယူ၍ အနာဂတ်၌ မည်သို့ဖြစ်ပေါ်မည်ကို ကြို တင်တွက်ဆ ဟောခြင်းကို ခေါ်ပြီး၊ “နိမိတ်”မှာ အကြောင်းတစုံတရာ တွေ့မြင်ရခြင်းကို ညှိနှိုင်းဆင်ခြင်၍ အနာဂတ် တွင် မည်သို့ ဖြစ်မည်ကို ဟောခြင်းမျိုးဖြစ်သည်။

အတိတ်၊ နိမိတ် ကောက်ယူပုံနှင့် ပတ်သက်၍ ရှေး မွန်၊ မြန်မာတို့ လက်ထက်ကတည်းကရှိခဲ့ကြောင်းကို ရာဇဓိရာဇ် အရေးတော်ပုံကျမ်းတွင် ဖော်ပြထားသလို၊ ဘိုးတော်ဘုရားလက်ထက် အယူတော်မင်္ဂလာဦးနိုးမှာ အတိတ်၊ နိမိတ် ကောက်ယူရာတွင် ထင်ရှားသည့် ပညာရှင်ဖြစ်သည်။

“တဘောင်”ဆိုသည်မှာ ရှေ့ကာလ၌ မည်သို့ဖြစ်မည်ကို အကြောင်းဆောင်၍ ပေါ်လာသည့် သီချင်းဖြစ်ပြီး လက်ရှိတွင် “တပေါင်းစစ်ချီ ဒေါင်းစစ်သည် သောင်းချီ တက်လိမ့်မည်၊ နဂါးတက်မင်း ပြည်တော်ဆင်း မိစ္ဆာမင်းဆက် ပြုတ်လိမ့် မည် ထိုနေ့အခါ ပြည်မြန်မာ၊ သာယာဝပြောမည်”ဟု Facebook ပေါ်တွင် လူတော်တော်များများ ရေးတင်နေကြသည် မှာ တဘောင်ဟုပင် မှတ်ယူနိုင်ပြီး၊ ရွှေဘော်ကျွန်းဆရာတော်ကြီးက ၁၉၉၂နှစ်က ရေးခဲ့သည်ဟု သိရသည်။

ရှေးမြန်မာမင်းများ လက်ထက်ကတည်းက တဘောင်ရှိခဲ့ပြီး အနီးစပ်ဆုံးကို ဆောင်ရပါမူ “အင်းကို ဟင်္သာ ဆင်းမည်၊ ဆင်းမည့်ဟင်္သာ မုဆိုးလေးနဲ့ ပစ်မည်၊ ပစ်မည့် မုဆိုး ထီးရိုးရိုက်မည်၊ ထီးရိုးကို မိုးကြိုးပစ်မည်” ဆိုသည့် ကုန်းဘောင် ခေတ်တွင် ပေါ်ခဲ့သည် တဘောင်ဖြစ်သည်။

ယင်းတဘောင်ကို ကောက်ယူ၍ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် ဂျပန်အကူအညီဖြင့် တော်လှန်ရာတွင် စနေနံ ထီးရိုးကို မိုးကြိုးပစ်မည်ဆိုသည့် တဘောင်အရ ဗိုလ်မှူးကြီး ဆူဇူကီးကို ဗိုလ်မိုးကြိုးဟု အမည်ပေးကာ အင်္ဂလိပ် ကို နံနှိမ်လိုက်ခြင်းဖြစ်သည်။

“စနည်း”ဆိုသည်က မိမိ၏ အလိုဆန္ဒနှင့် ညှိနှိုင်းချင့်ချိန်ရန်၊ ရှေးဦးစွာ ကြားရသော လူတို့ ပြောဆိုသည့် စကားသံကို မှတ်ယူခြင်းဖြစ်သည်။

တဘောင်ကြားလိုသော် မြောက်အရပ်သို့ သွားရမည်၊စနည်းကို ကြားလိုသော်တောင်အရပ်သို့ သွားရမည် ဆိုသည် အတိုင်း “စနည်းကိုတောင်၊ တဘောင်ကိုမြောက်” ဟု မှတ်ယူရမည်။

“ဘဝေါ” ဆိုသည်က ဘုရားပုထိုးများ၊ ရောင်ခြည်တော်လွှတ်ခြင်း၊ ဆင်းတုတော် မျက်ရည်ယိုခြင်း၊ ချွေးထွက်ခြင်း၊ ကျောင်း၊ နန်းတော်ပြဿတို့ကို မိုးကြိုးခခြင်း၊ အရောင်ထွက်ခြင်း၊ လကို ကြယ်ဝပ်ခြင်း၊ ကြယ်တံခွန်လွှတ်ခြင်း၊ နက္ခတ်အခိုးလွှတ်ခြင်း ၊ ဥက္ကာပျံခြင်း၊ ဥပါကျခြင်း၊ ကြာသာပတေးဂြိုလ်ဖောက်ခြင်း၊ လကို ကြာသာပတေး၊ သောကြာ ကြယ် ချဉ်းကပ်ခြင်း၊ လကို သေကြာဂြိုလ်ဖောက်ခြင်း၊ ပျားစွဲခြင်း၊ လင်းတနားခြင်း၊ ကျားဝင်ခြင်း၊ စသည့် ထူးကဲသော ဖြစ်စဉ်များကို ခေါ်သည်။

“သိုက်”ဆိုသည်က သိုက်စာကို ဆိုလိုခြင်းဖြစ်ပြီး ရွှေတိဂုံဘုရားသိုက်စာ၊ ဇဂရုဗြာဟ္မဏ ပုဏ္ဏားက ရေးခဲ့၍ ညောင်ရမ်းခေတ်တွင် နတ်စက် ရောင်ဆရာတော်က ဖြည့်စွက်ပြင်ဆင်ခဲ့သည့် နတ်စက်ရောင် ဇာဂရု သိုက်စာမှာ ထင်ရှားသည်။

ပမာဆောင်ရသော် နတ်စက်ရောင် သိုက်စာတွင်

၁၈၀၀ လေးလှံစွဲကာ၊ ကိန်းကိုရှာ၊ ကာကာယာယီ ပြုလတံ။

၁၈၀၁ မဝံစကောင်း၊ လတပေါင်း၊ တပ်ပေါင်း ချီလေ၊ ဗိုလ်ခြေအများ သေလတံ၊

၁၈၀၂ လျှင် စစ်ကြီး၊ သွေးချောင်းစီး ပြည်ကြီး အသစ်ဖြစ်လတံ ဟုပါရှိ သဖြင့်

ဘိုးတော်ဘုရားသည် ၁၈၀၂ ခုနှစ်တွင် စစ်ကြီးဖြစ်ပွားမည့် အန္တရာယ်မှ ကင်းဝေးစေရန် မင်းကွန်းအရပ် သို့ ယာယီထွက်စံကာ ယတြာကိန်းခန်းချေသည်ဟု တွေ့ရသည်။

အင်းအိုင်၊ ခါးလှည့်၊ လက်ဖွဲ့ ဆေးဝါးအတတ်ပညာမှာလည်း ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ယုံကြည်စွာ ပြုလုပ်လေ့ ရှိကြပြီး၊ ရှေးခေတ် မြန်မာ့တပ်မတော် စစ်ချီရာတွင် အောင်စည်အောင်မောင်းနှင့် အတူ အင်းအိုင် ဂါထာမန္တန်မှာ မပါမဖြစ်သော အရာများဖြစ်သလို မြို့ရွာများ အထူးသဖြင့် မင်းနေပြည်တော် တည်ဆောက်ရာတွင် အစီအရင်များအဖြစ် ထည့်သွင်းလုပ်ဆောင်သည်။

လူပုဂ္ဂိုလ်တဦးချင်းအနေဖြင့်မူ အစွမ်းသတ္တိထူးရရှိရန်၊ သေနတ်ဓား၊ လှံလက်နက် ဘေးအန္တရာယ်မှာ ကင်းဝေးစေရန်၊ အနာရောဂါနှင့် စုန်းကေ၀ ပယောဂ ကိစ္စများ နိုင်နင်းစေရန် ယုံကြည်စွာဖြင့် လက်မောင်း၊ လည်ပင်း၊ လက် စသည် တို့တွင် ချိတ်ဆွဲကြသည်။

ကိုးနဝင်းကျေစေရန် ဦးနေဝင်းလက်ထက် ထုတ်ခဲ့သည့် ၉၀ကျပ်တန်နှင့် ၄၅ ကျပ်တန်

အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သေနတ်ခါးထိုးထားသော်လည်း လက်တွင် အန္တရာယ်ကင်း လက်ဖွဲ့ ကြိုးတချောင်း ချည်နှောင်ထားသည့် မြင်ကွင်းမှာ လတ်တလော ရယ်စရာအဖြစ် လူပြောများနေပြီး၊ ဤ လက်ဖွဲ့ကြိုးက ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ နယ်သို့ သွားရောက်စဉ် တြိဂံတိုင်း စစ်ဌာနချုပ်အတွင်းရှိ ဆရာတော်တပါးက ပေးအပ်လိုက်သည့် လက်ဖွဲ့ကြိုး ဖြစ်နိုင်သည်။

ဤသို့ အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ သိုက်၊ အင်းအိုင်၊ ခါးလှည့်၊ လက်ဖွဲ့၊ ဂါထာမန္တရား၊ ပီယ၊ ဗေဒင်၊ ယတြာ များကိုသာမက ရှေးမြန်မာတို့သည် ကျိန်စာတိုက်ခြင်း၊ ဆုတောင်းခြင်း၊ နှံနိမ်ခြင်း စသည်တို့အပေါ် ယုံကြည်ကြောင်း
သမိုင်းအရသိရသည်

ကျိန်စာတိုက်ခြင်းနှင့် ပတ်သက်၍ ပုဂံခေတ် ကျောက်စာများတွင် အများဆုံးတွေ့ရပြီး မိမိလှူဒါန်းထားသည့် ဘုရား ကျောင်းကန်၊ ကျွန်နှင့် ပစ္စည်းဥစ္စာများကို ဖျက်ဆီးပါက ဘုန်းမကြီး၊ အသက်မရှည်၊ ငရဲ၊ အဝိစိ ကျပါစေဆိုကာ ကျိန် ဆိုမှုများမှာ အထင်အရှားရှိပြီး၊ သိင်္ခသူ သမီးကျောက်စာတွင် လေ့လာနိုင်သည်။

လက်ရှိ စစ်အာဏာသိမ်းခေါင်းဆောင်များ၏ အဓမ္မ လုပ်ရပ်များနှင့် ပတ်သက်ပြီး ပြည်သူများက တန်ခိုးကြီး ထင်ရှား သည့် နေရာများတွင် ကျိန်စာတိုက်မှုများရှိနေရာ ဖေဖေါ်ဝါရီ ၁၈ရက်က ရှေးဟောင်း ပုဂံမြေမှ ဒေသခံများက စုပေါင်း၍ သပိတ်မှောက် ဘုရားမှ ထီးလိုမင်း လို ဘုရားအထိ စုဝေးချီတက်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မိသားစုများ အပေါ် ကျိန်စာတိုက်ပွဲကြီး လုပ်ခဲ့သည်မှာ ထင်ရှားသည်။

ဆုတောင်းခြင်းဆိုသည်က ဘုရားတွင် မှန်သော သစ္စာစကားကို တိုင်တည် မိမိတို့ လိုရာပြည့်စေရန် ဆုတောင်း ခြင်းဖြစ်သည်။

ရာဇဝင်၌ မွန်ဘုရင်ရာဇဓိရာဇ်က ဆင်စီး၊ မြင်းစီးကျင့်၍ စစ်ကစားနည်း လေ့လာနေသော သားတော် ဘောလော ကျန်းဒေါကို မိမိအား ပုန်ကန်မည်ကို စိုး၍ သတ်ဖြတ်စဉ် ဘောလောကျန်းဒေါမှ “ကျွန်ုပ်သည် အပြစ်မရှိဘဲ ခမည်း တော်က အကြောင်းမဲ့ ကွပ်မျက်စေသည်၊ သည်ဘဝစုတေခဲ့သော် အင်းဝပြည်၌ မင်းသားဖြစ်ရပါလို၏၊ ကျွနု်ပ်ကြီးပြင်း ၍ အရွယ်ရောက်သော် ခမည်းတော် ရာဇဓိရာဇ်နှင့် စစ်ကစားရပါ လို၏” မှန်သောသစ္စာစကားကို ဆို၍ ဆုတောင်းပြီး သတ်သေခဲ့ခြင်းက ထင်ရှားသည်။

ဘောလောကျန်းဒေါ၏ ဆုတောင်းမှာ ပြည့်သည်ဟု ဆိုရမည်၊ ကွယ်လွန်ပြီးနောက် မြင်စိုင်းမြို့စား မင်းဆွေနှစ် (နောင် အင်းဝဘုရင်မင်းခေါင်)နှင့် မယား ရှင်မိနောက်တို့ထံတွင် ပဋိသန္ဓေတည်ကာ ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည့် စစ်ဘုရင် မင်းရဲကျော်စွာ ဖြစ်လာပြီး၊ ယခင်ဘဝက ဖခင်တော်စပ်သူ မွန်မင်း ရာဇဓိရာဇ်နှင့် စီးချင်းထိုးကြသည့် အဖြစ်သို့ ရောက် ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင်လည်း စစ်တပ်က လက်နက်ဖြင့် အာဏာသိမ်းမှုအပေါ် ဓမ္မနှင့် အဓမ္မ ယှဉ်ပြိုင်မှု အဖြစ် လူ အများက ရှု့မြင်ကြပြီး၊ တိုင်တည်စကားဆို၍ ယခုဘဝနှင့် သံသရာတိုင် ရေမြေသစ္စာစူးစေရန် ဆုတောင်းမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

နှံနိမ်ခြင်းဆိုသည်က ပုဂ္ဂိုလ်တဦး တယောက်အား ဘုန်းကံနိမ့်ကျသွားစေရန် စီရင်ခြင်းဖြစ်သည်။

ထင်ရှားသည်က မွန်မင်းသား ဘောလောကျန်းဒေါ ကွယ်လွန်ပြီးနောက် မင်းရဲကျော်စွာအဖြစ် အင်းဝမိဖုရား ရှင်မိ နောက်ထံ ပဋိသန္ဓေတည်စဉ် မိခင်ဖြစ်သူက ဒလမှ သရက်သီး၊ မုတ္တမမှ မြေသင်းခဲ၊ ခေါင်းဆေးကျွန်းမှ ရေအေးတို့ကို ထူးဆန်းစွာ ချဉ်ခြင်းတပ်သဖြင့် မွန်တို့ထံ တောင်းခံရာ ရာဇဓိရာဇ်က အမတ်ဒိန်၊ သမိန်ဗြဇ္ဇတို့နှင့် တိုင်ပင်၍ “ခုနှစ်အိမ် အောက်က မသန့်သော ဗွက်ရည်ကို အကြည်ထား၍ အမွှေးနံသာဖြင့် ထုံ၍ ပေးခြင်း၊ မသန့်သောမြေကို အလားတူ စီရင်၍ မြေသင်းခဲ အဖြစ်ပေးခြင်း၊ ရေအိမ်အနီးပေါက်သော သရက်ပင်မှ သရက်သီးယူ၍ မသန့်သော အဝတ်ဖြင် ထုတ်၍ပေးခြင်း” ပြုလုပ်၍ မွေးလာမည့် ကလေးအား ဤနည်းဖြင့် နံနှိမ်ခဲ့သည်။

ယခုကာလတွင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပုံများကို ခြေဖြင့် နင်းခြင်း၊ တံတွေးဖြင့် ထွေးခြင်း၊ ထမီဖြင့် အုပ်ခြင်း၊ အမျိုးသမီးများ ရာသီသွေးပေါ်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများဖြင့် အုပ်ခြင်း၊ စစ်တပ်နှင့် ရဲတို့ သွားရာ လမ်းတလျှောက် ထမီများ တန်းကာ နည်းမျိုးစုံဖြင့် နံနှိမ်မှု ပြုလုပ်ကြသည်။

ထိုသို့ ပြုလုပ်ခြင်းမှာ ခေတ်၏ အခြေအနေနှင့် ဆီလျော်မှု မရှိဟု ပြောဆိုဝေဖန်မှုများ ရှိသော်လည်း စစ်ကောင်စီဝင် များအနေဖြင့် စိတ်မသက်မသာ ဖြစ်ရသည်မှာ အမှန်ဖြစ်သလို သူတို့၏ လက်နက်ကိုင်များကလည်း ထမီတန်းအောက် မှာ ဖြတ်ရမည်ကို မဝံ့မရဲ ဖြစ်နေကြသည်မှာ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။

ဤနေရာတွင် အလျဉ်းသင့်၍ ဖော်ပြလိုသည်က NLD အစိုးရလက်ထက် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ပြုလုပ်ခဲ့ သည့် ဘုရားထီးတင်ခြင်း၊ အောင်မြေနင်းခြင်း လုပ်ရပ်များသည် ပဒေသရာဇ်ခေတ်တွင် ဆိုပါက ထီးနန်းရအောင် ကြံစည်မှုဖြင့် ဘုရင့်အမျက်တော်ရှကာ ရာဇဝတ်သင့်မည့် ကိစ္စမျိုးပင်ဖြစ်သည်။

ဥပမာဆောင်ရသော် ကုန်းဘောင်ခေတ် သာယာဝတီမင်းလက်ထက်က ဒဂုံဟုခေါ်သည့် ရန်ကုန်မှ အမရပူရ နေပြည် တော်သို့ ရေကြောင်းဖြင့် ဆန်၍ ပြန်ချီရာ မင်းဘူးမြို့အနီး ရွာသာရွာတွင် စခန်းချစဉ် သားတော်ကြီး ရှေ့တပ်ဗိုလ်ချုပ် ပြည်မင်းသား သီဟမဟာ သီဟသူရ ဓမ္မရာဇာက ဖခင် သာယာဝတီမင်းထံ ခွင်မပန်ဘဲ ရွှေစက်တော် ဘုရား သွားဖူး ရာ ထီးနန်းရရေးအတွက် ဘုရားတွင် ဆုပန်သည်ဟု ယူဆ၍ ရာထူးမှချကာ အကျယ်ချုပ်သဘော ထားရှိပြီး နောင် တွင် ကွပ်မျက်ခဲ့သည်။

ရန်ကုန်မြို့ သာကေတမြို့နယ်မှ ထမီခံတပ်(ဧရာဝတီ)

ဤသည်က ရှေးမြန်မာတို့၏ အတိတ်၊ နိမိတ်၊ တဘောင်၊ ဗေဒင် ယတြာကိန်းခန်း၊ ဆုတောင်းခြင်း စသည်တို့ အပေါ် ယုံကြည်မှုများဖြစ်သည်။

သို့သော် တဘောင်အရ နိမိတ်မကောင်းသည်ကို မယုံသဖြင့် ယတြာချေပြီး စစ်ထွက်ခဲ့ရာ ရှုံးနိမ့်ခြင်းနှင့် ကြုံရသည့် အဖြစ်များလည်းရှိခဲ့သည်။

ဘိုးတော်ဘုရား လက်ထက် ၁၇၈၅ ခုနှစ်တွင် ယိုးဒယားသို စစ်မချီမီ အရေးတော် အောင် မအောင် သိစေရန် အယူတော်မင်္ဂလာ အမတ်ကို တဘောင်စနည်းနာစေရာ ယိုးဒယားဈေး အတွင်းမှ ကြားရသည့် တဘောင်မှာ

ဘာမထီ၊ မချီလျှင် နေညွှန်မျိုး၊ စိုးရခေါင်က

တသာကီ၊ စာမရီ ချီထွက်လျှင်၊ ရတက်တော်ပူ ဗျာငွေ့၊

တွေ့လိမ့်နောင်တ။ ဟုဖြစ်သည်။

ယင်းတဘောင်ကို အယူတော်မင်္ဂလာအမတ်က ကောက်ယူရာတွင် ယိုးဒယားသို့ စစ်ချီလျှင် အရေးနိမ့်မည် နောင်တရ မည် စိတ်နှလုံး ညှိုးနွမ်းရမည်ဟု၍ ဖြစ်သည်။

သို့သော် ဘိုးတော်ဘုရားက မလိုက်နာဘဲ ယတြာချေ၍ စစ်ချီသည့်အခါ အရေးနိမ့်၍ ပြန်လာရသဖြင့် ယတြာသည် အသုံးမဝင်ကြောင်း တဘောင်စနည်းကဲ့သို့ စိတ်မချရကြောင်း ရှင်ဘုရင်ကိုယ်တိုင် ဝန်ခံခဲ့ရသည်

ထို့အတွက် အရေးကိစ္စ တခုကြုံ၍ ယတြာချေသည်ဆိုသော်လည်း မအောင်မြင်သည့် အခါများလည်း ရှိနိုင်သည်ဟု မှတ်ယူရမည်။

အင်္ဂလိပ်- မြန်မာ တတိယစစ်ဖြစ်မည့် ၁၈၈၅ ခုနှစ်တွင် သီပေါမင်း၏ ဇာတာကို ပညာရှိများက စစ်ဆေးရာ အားလုံး သော ဒသာ၊ ကြမ္မာ၊ အာယုစန်းတော်တို့ မညီမညွတ်ပျက်ယွင်းနေသဖြင့် ဗုဒ္ဓယတြာ၊ လောကီယတြာ များစွာ ပြုလုပ်ခဲ့သော်လည်း အကျိုးအကြောင်း မကိုက်ညီသည့်အခါ ထီးနန်းကျကာ ပါတော်မူခဲ့ရသည်မှာ သတိပြုစရာပင် ဖြစ်လေသည်။

ကိုးကား- ရှေးခေတ် မြန်မာ့တပ်မတော်နှင့် လောကီပညာ ယုံကြည်မှု သမိုင်း(မြမြ)

မှာတော်ပုံ- သခင်ကိုယ်တော်မှိုင်း

ကုန်းဘောင်ရှာပုံတော်- ဦးညိုမြ

ကျွန်းဦးတည့် သန်လျက်ခုံ- ဒဂုန်ခင်ခင်လေး

You may also like these stories:

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုဂံ “ထီးလိုမင်းလို” စေတီအား ထီးတော်တင်

Loading