ဆောင်းပါး

အာဏာသိမ်း စစ်ခေါင်းဆောင်များ၏ အဓိကပစ်မှတ်

အရာခပ်သိမ်းသည် ခေါင်းဆောင်နှင့် ခေါင်းဆောင်မှုပေါ်တွင်မူတည်သည် မှန်လျှင် မြန်မာ့ နွေဦးတော်လှန်ရေး၏ အောင်မြင်ခြင်း မအောင်မြင်ခြင်းသည်လည်း ဦးဆောင်သည့် ခေါင်းဆောင်များ နှင့် ခေါင်းဆောင်မှုပေါ်တွင် မူတည်လျှက်ရှိသည်ဟု ကောက်ချက်ချရမည်။ ယင်းကို အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက သိမြင်သုံးသပ် ထားဟန်တူသည်။ ထို့ကြောင့် နွေဦးတော်လှန်ရေး၏ ခေါင်းဆောင်များသည် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၏ အဓိကပစ်မှတ် ဖြစ်လာကြသည်။

ခေါင်းဆောင်များကို ပစ်မှတ်ထားခြင်း

ပြည်သူ့ ခေါင်းဆောင်များကို ဖမ်းဆီးချုပ်နှောင်ထားလျှင် မိမိတို့ အာဏာသိမ်းမှု အောင်မြင် လိမ့်မည်ဟု အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက ယုံကြည်မျှော်လင့်ထားကြသည်။ သို့ဖြစ်၍ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးချုပ်နှောင်ခြင်းဖြင့် အာဏာသိမ်း မှုကို အစပြိုးခဲ့ပါသည်။ ပြီးနောက် နိုင်ငံရေး ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများကို တယောက်ပြီးတယောက် ဖမ်းဆီးအရေးယူသည်။

နိုင်ငံရေးခေါင်းဆောင်များသာမက လွှမ်းမိုးမှုရှိသော အနုပညာကြယ်ပွင့်များ၊ သပိတ်ခေါင်း ဆောင်များနှင့် ပြည်သူများကိုလည်း တဦးပြီးတဦး လိုက်လံဖမ်းဆီးလျှက်ရှိပါသည်။ သြဇာလွှမ်းမိုး မှုရှိသော ခေါင်းဆောင် များမရှိလျှင် (သို့) ခေါင်းဆောင်များကို ထိမ်းချုပ်ထားနိုင်လျှင် ပြည်သူတို့၏ တော်လှန် ရေးသည် အောင်မြင်မှုမှ ကျရှုံးခြင်းသို့ ပြောင်းလဲရောက်ရှိသွားနိုင်သည်ကို တွက်ချက် ထားဟန်တူ သည်။

ဤသို့ ဖြင့် ရဲရင့်ပြီး သြဇာလွှမ်းမိုးမှုရှိသော ခေါင်းဆောင်များကို ပစ်မှတ်ထားကာ ခြိမ်းခြောက် ၍ တမျိုး၊ ဖမ်းဝရမ်းထုတ်ကာ တဖုံ၊ ရှာဖွေ ဖမ်းဆီး ထိန်းသိမ်းရန် ကြိုးစားနေကြပါသည်။ အာဏာ သိမ်း အကြမ်းဖက်စစ်အုပ်စုသည် ခေါင်းဆောင်များကို ပစ်မှတ်ထား တိုက်ခိုက်သည့်နည်းလမ်းကို အသုံးပြုခြင်းဖြင့် ပြည်သူတို့၏ အာဏာရှင် တော်လှန်ရေးသည် တဖြည်းဖြည်း ဆုတ်ရုတ်အားနည်း ကျရှုံး သွားလိမ့်မည်ဟု ယုံကြည်မျှော်လင့် လျှက်ရှိပါသည်။

အတွေ့ အကြုံရင့်ကျင့်ပြီး ပညာအမျှော်အမြင်ရှိသည့်အပြင် သြဇာလွှမ်းမိုးမှုရှိသော ခေါင်းဆောင်များသည် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုအား တုန်လှုပ်ခြောက်ခြားစေသည်မှာ ဧကန်အမှန်ပင်ဖြစ်ပါသည်။

လက်ရှိ လူထု အရေးတော်ပုံမှ မွေးဖွားပေးလိုက်သည့် မန္တလေးမြို့က လူငယ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်း

ခေါင်းဆောင်မှုပစ်မှတ် ထိမှန်ခြင်း

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၏ ဝရမ်းထုတ်ခြင်းနှင့် ဖမ်းဆီးအရေးယူသည့်နည်း လမ်းသည် အတိုင်းအတာ တခုအထိ ထိရောက်မှုရှိပါသည်။ ခေါင်းဆောင်များကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် ခေါင်းဆောင်များသည် အဖမ်းအဆီးမခံစေရန် ပြေးလွှား ပုန်းရှောင် နေရပါ သည်။ လျှိုက်ဝှက်စွာ နေထိုင်သွားလာကြရသည်။ လွတ်လပ်စွာ လှုပ်ရှားခွင့်မရှိ။ မိမိတို့ အသွားအလာ အဝင်အထွက်ကို စောင့်ကြည့်နေသည့် ဒလန်များ၏လက်ထဲသို့ ကျရောက်ခြင်းမှ လွတ်မြောက်ရန် လည်း အထူး သတိပြု ကြရသည်။

ခေါင်းဆောင်များကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် ခေါင်းဆောင်နှင့် ပြည်သူ လူထုအကြား အနီးကပ် တိုက်ရိုက် ထိတွေ့ဆက်ဆံမှု အားလျှော့နည်းလာပါသည်။ ခေါင်းဆောင်နှင့် ပြည်သူလူထုကို တနေရာစီ သီးခြားခွဲထားသကဲ့သို့ ဝေးကွာစေပါသည်။ အစည်းအဝေးများနှင့် တွေ့ဆုံဆွေးနွေးမှုများကို အွန်လိုင်းဖြင့်သာ ပြုလုပ်ကြရသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံ ဒေသအသီးသီးတွင် ဖြစ်ပေါ်လျှက်ရှိသော တော်လှန်ရေးမြေပြင်ရှိ လက်တွေ့အခြေအနေတွင် ပြည်သူများလိုအပ်နေသည့် ထိရောက်သော ခေါင်းဆောင်မှုကို ပေးစွမ်း နိုင်သည့် ခေါင်းဆောင်များ လှစ်ဟာနေသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ပြည်သူများကို ဦးဆောင်မည့် ခေါင်းဆောင်များရှိမှသာ ဤစစ်အာဏာရှင် တော်လှန်ရေးတွင် အောင်လံလွှင့်ထူနိုင်မည် မဟုတ်လော။

ခေါင်းဆောင်များကိုရှာဖွေ ဖော်ထုတ် ရွှေးချယ်ခြင်း

ခေါင်းဆောင်များကို ရှာဖွေဖော်ထုတ်သည့်အနုပညာသည် ခက်ခဲ နက်နဲ ရှုပ်ထွေးပွေလီ လှပါသည်။ ခေါင်းဆောင်ကောင်း ခေါင်းဆောင်မှန်ကို ရှာဖွေဖော်ထုတ်ခြင်းအမှုက သာ၍ ခက်ခဲ နက်နဲသည် ဆိုလျှင်မမှား။

နှစ်ပေါင်းများစွာ ခေါင်းဆောင်မှုပြဿနာနှင့် အကျပ်အတည်းထဲသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံတွင် ခေါင်းဆောင်ကောင်း ရှာခြင်းထက် ကြီးမားသောစိန်ခေါ်မှုကြီး ရှိမည်မထင်။ အာဏာရှင်ဆန်သောခေါင်းဆောင်မှု (သို့) အကြွင်းမဲ့ အာဏာရှင်စနစ် ကျင့်သုံးသော ခေါင်းဆောင် မှုများကိုသာ တွေ့ဖူး၊ မြင်ဖူး၊ ကြားဖူး ကြပြီး ယင်းခေါင်းဆောင်မှုစနစ်၏ လွှမ်းမိုးမှုအောက်တွင် ပြည်သူအများစုသည် ကြီးပြင်းလာကြရသည် မဟုတ်လော။

တော်လှန်ရေးတွင် ခေါင်းဆောင်မလို။ အားလုံးသည် ခေါင်းဆောင်ဖြစ်သည်ဟူသော ယေဘူယျ ခေါင်းဆောင်မှု သီအိုရီကို ဆွဲကိုင်ရမည်လော။ ပူးတွဲ(စုပေါင်း) ခေါင်းဆောင်မှုဟူသည့် နည်းစနစ်သည် ခေါင်းဆောင်မှု အတွေ့အကြုံမရှိသော ပြည်သူများကြားတွင် အသုံးတည့်မည်လော။

သို့ဖြစ်၍ တော်လှန်ရေးမြေပြင်တွင် ရွက်ပုန်းသီး ခေါင်းဆောင်များကို ဖွေရှာရမည်။ ထုတ်ဖော် ရမည်။ တင်မြှောက်ကြဖို့လိုပါမည်။ ခေါင်းဆောင်များကို ရှာဖွေ ရွှေးချယ်ရာတွင် သိသင့်သိထိုက်သည့် ဗဟုသုတနှင့် အထောက်အကူပြုမည့် အချက်အလက်အချို့ရှိပါသည်။

ခေါင်းဆောင်ဆိုသည်မှာ

ဦးစွာ ခေါင်းဆောင်ဟူသည့် စကားလုံး၏ အနက်အဓိပ္ပာယ်ဖွင့်ရမည်။ ဂျွန်၊ စီ၊ မတ်(စ်)ဝဲလ်၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ နားလည်ရန် လွယ်ကူရှင်းလင်းသည်။ ခေါင်းဆောင်ဟူသည် မိမိ သွားရမည့် ပန်းတိုင်ကို ရှင်းလင်းစွာ သိရှိရမည်။ ယင်းပန်းတိုင်ဆီသို့ မိမိကိုယ်တိုင် ဦးတည်လျှောက်လှမ်း နေသူဖြစ်ရမည်။ ထို့နောက် လူများကိုပန်းတိုင်ဆီသို့ လမ်းပြ ခေါ်ဆောင်မည့်သူ ဖြစ်ရမည်။

အထက်ပါ အနက်အဓိပ္ပာယ်အရ နွေဦးတော်လှန်ရေးတွင် ဦးဆောင်ရမည့် ခေါင်းဆောင် တဦးတွင် ၁။ ပန်းတိုင် ရှိရမည်။ အဓိကပန်းတိုင်မှာ ဖက်ဒရယ် ဒီမိုကရေစီရရှိရေးဖြစ်သည်။ ၂။ မိမိကိုယ်တိုင် ယင်းပန်းတိုင်သို့ ချီတက်နေသူဖြစ်ရမည်။ ၃။ မိမိချီတက်နေသည့် ပန်းတိုင်ဆီသို့ လူထုအား ဦးဆောင်လမ်းပြ ခေါ်ဆောင်သွားနိုင်ရမည်။

ခေါင်းဆောင်မှုဆိုသည်မှာ

ခေါင်းဆောင်မှုဟူသည့် စကားလုံး၏ အနက်အဓိပ္ပာယ်ကိုလည်း သိရှိနားလည်ထားသင့်သည်။ တက်-ဒဗလျူ-အင်းစတောမ်က ခေါင်းဆောင်မှုဟူသည် သင်လိုချင်သည့်အရာကို လူထုအား လုပ်ဆောင်စေသည့် စွမ်းရည်ဖြစ်သည်။ သင်လိုချင်သည့်အရာသည် လူထုကလိုလိုလားလား လုပ်ဆောင်လိုသည့်အရာဖြစ်နေသောကြောင့်ဖြစ်ပါသည်။

တနည်းအားဖြင့်ဆိုရလျှင် သင်လိုချင်သည့်အရာသည် သင်၏ပန်းတိုင် ဖြစ်ပါသည်။ သင်၏ ပန်းတိုင်ကို လူထု၏ပန်းတိုင် ဖြစ်လာစေရန် လုပ်ဆောင်မှုသည် ခေါင်းဆောင်၏ စွမ်းရည်ပေါ်တွင် မူတည်ပါသည်။ သင်၏ပန်းတိုင်နှင့် လူထု၏ပန်းတိုင်တို့ တထပ်တည်းကျလာသောအခါ လူထုသည် သင်လိုချင်သည့်အရာကို အတင်းအဓမ္မ စေခိုင်းခြင်းမရှိဘဲ ဖြည့်စည်းဆောင်ရွှက်ပါလိမ့်မည်။

လက်ရှိ လူထု အရေးတော်ပုံမှ မွေးဖွားပေးလိုက်သည့် မုံရွာမြို့က လူငယ်ခေါင်းဆောင် ကိုဝေမိုးနိုင်

ခေါင်းဆောင်တဦး၏ အခြေခံအရည်အချင်း

အရည်အချင်းပြည့်မှီသော ခေါင်းဆောင်ကောင်းသည် ရှားပါးလှပြီး တန်ဘိုးဖြတ်၍မရ။ ခေါင်းဆောင်ဟူသည် နေ့ချင်းညချင်း ဖန်တီးလုပ်ယူ၍ ရရှိသည့် အရာမျိူးမဟုတ်။ စစ်အာဏာရှင် တော်လှန်ရေးသည် ခေါင်းဆောင်များကို မွေးထုတ်ပေးခြင်း အလျှင်းမရှိ။ ရှိပြီးသား ခေါင်းဆောင်များ သည်သာ စစ်အာဏာရှင်ကို တော်လှန်ရန်ထွက်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိတော်လှန်ရေးကာလတွင် ခေါင်းဆောင်ကောင်းများကို အလျှင်အမြန် ရှာဖွေ ဖော်ထုတ် ရွှေးချယ်ရာတွင် အခြေခံအရည်အချင်း (၄) ခုကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ ၎င်းတို့မှာ –

၁။ အကျင့်စာရိတ္တကောင်းမွန်ခြင်း – အကျင့်စာရိတ္တ ကောင်းမွန်သူကို ခေါင်းဆောင်အဖြစ် ရွေးချယ် တင်မြှောက်သင့်သည်။ စိတ်သဘောထား မြင့်မြတ်ပြီး အကျင့်စာရိတ္တ ကောင်းမွန်သူ၊ သမာဓိရှိသောသူ သာလျှင် လူအများ၏ ယုံကြည်မှုကို အချိန်တိုအတွင်း ရရှိနိုင်သည်။ ထိုသူတို့သည် လူထုအပေါ် အချန်တိုတိုအတွင်း ဩဇာလွှမ်းမိုးနိုင်လိမ့်မည်။ စာရိတ္တ ကောင်းမွန်သူသည် မြင့်မားသည့် စံနှူန်းကို သတ်မှတ်လေ့ရှိပြီး မိမိတို့၏ ဂုဏ်သတင်းသည် အတားအဆီးမရှိ ပျံ့နှံ့သွားတတ်သည်။

၂။ ကျွမ်းကျင်မှု စွမ်းရည်ရှိခြင်း – ကျွမ်းကျင်မှု စွမ်းရည်ရှိသူကို ခေါင်းဆောင်အဖြစ် ရွှေးချယ် တင်မြှောက်သင့်သည်။ ကျွမ်းကျင်မှု စွမ်းရည်ရှိသူသော ခေါင်းဆောင်တွင် အတွေ့အကြုံ၊ ဉာဏ်ပညာ၊ အမျှော်အမြင်၊ သင်ယူမှုပညာ စသည်တို့ရှိပါသည်။ စီမံခန့်ခွဲမှုအတတ်ပညာရှိခြင်းသည် ခေါင်းဆောင်၏ စွမ်းရည်ရှိခြင်းဖြစ်သည်။ ခေါင်းဆောင် တဦး၌ ရှိသင့်ရှိထိုက်သော စွမ်းရည်အချို့ကို လဲရွယ် အင်းမ် က ဤသို့ရေးသားဖော်ပြထားပါသည်။ ခေါင်းဆောင်သည် အခြားသူများထက် ပို၍မြင်သည်။ သာ၍အမျှော် အမြင်ရှိသည်။ သူများမလုပ်မီ ကြိုတင်သိမြင်ပြီးဖြစ်သည်။ ရောက်ရှိလာမည့် အခြေအနေကို ခန့်မှန်းသုံးသပ်နိုင်စွမ်းရှိသည်။ ဆဋ္ဌမအာရုံရှိသူဟုပင်ဆိုရမည်။

၃။ ဆက်ကပ်ပေးဆပ်ခြင်း – ဆက်ကပ်ပေးဆပ်မည့်သူကို ခေါင်းဆောင် အဖြစ်တင်မြှောက်သင့်သည်။ ဆက်ကပ်ခြင်း ဆိုသည်မှာ မိမိတာဝန်ယူသည့် လုပ်ငန်းတစ်ခု/ အလုပ်တစ်ခုကို မပြီးမချင်း ဆောင်ရွှက် ခြင်း၊ ယင်းအလုပ်၌ ကိုယ်ရောစိတ်ပါ နှစ်မြှပ် အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။ ခေါင်းဆောင် သည် မိမိ အသက်၊ စည်းစိမ်၊ ပညာကို ပေးဆပ်ရဲမည့်သူဖြစ်ရမည်။ အရာခပ်သိမ်း၌ ပေးဆပ် အနစ်နာ ခံမည့် ခေါင်းဆောင်မျိုးဖြစ်သည်။ ဆက်ကပ်ပေးဆပ်သည့် ခေါင်းဆောင်တို့သည် ရယူလိုစိတ်မရှိ။ သူတပါး၏ အောင်မြင်မှုအတွက် ကျေနပ်ဂုဏ်ယူသည်။

၄။ စံနမူနာဖြင့် အစေခံခြင်း – စံနမူနာဖြင့် အစေခံမည့်သူကို ခေါင်းဆောင်အဖြစ် တင်မြှောက် သင့်သည်။ ခေါင်းဆောင်သည် အပြောနှင့် အလုပ်ညီသည့် လူမျိုးဖြစ်ရမည်။ လူထုအတွက် စံနမူနာ ဖြစ်ရမည်။ မိမိ၏ စံနမူနာကို အစေခံခြင်းဖြင့် ပြသရမည်။ ပြည်သူလူထု၏ အစေကိုခံလိုသည့် စိတ်ဆန္ဒရှိသော ခေါင်းဆောင် ဖြစ်ရမည်။ အစေခံခြင်းဖြင့် ဦးဆောင်လမ်းပြရမည်။ အစေခံတတ်သော သူတို့၏ နှလုံးသားသည် မောက်မာထောင်လွှားခြင်းနှင့်ကင်း၍ ဂုဏ်ရာထူးနှင့် အာဏာစက်ကို တပ်မက်မောခြင်း အလျှင်းမရှိ။ ထင်ပေါ်ကျော်ကြားမှုကို ရှေ့တန်းမတင်။

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုသည် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရန် ဦးဆောင်နေသည့် ခေါင်းဆောင်များကို ပစ်မှတ်ထား ချေမှုန်းတိုက်ခိုက်လျှက်ရှိပါသည်။ ပြည်သူ့ ခေါင်းဆောင် များစွာသည် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်နေကြသည်။ အချို့ကလည်း နိုင်ငံအတွင်း ပုန်းအောင်း နေကြ ရသည်။

ဦးဆောင်မည့် ခေါင်းဆောင်မရှိလျှင် ပြည်သူလူထုသည် သိုးထိန်းမရှိသော သိုးအုပ်ပမာ တော်လှန်ရေးဟူသည့် ဝင်္ကပါထဲ၌ တဝဲဝဲ လည်ရင်း အောင်မြင်မှု ပန်းတိုင်ဆီသို့ အရောက်လျှောက် လှမ်း နိုင်ခြင်းမရှိဘဲ လမ်းခုလတ်တွင် သောင်တင်နေမည်။

သို့သော် မိမိတို့ ဒေသအသီးသီးတွင် ပြည်သူ များကို ဦးဆောင်မည့် ခေါင်းဆောင်များကို ရှာဖွေ ဖော်ထုတ် ရွှေးချယ်ကြကာ ဆက်လက်တိုက်ပွဲ ဝင်ကြမည်ဆိုလျှင် နွေဦးတော်လှန်ရေး၏ အိမ်မက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်သည် များမကြာမီ အချိန်ကာလတွင် အမိမြန်မာနိုင်ငံတော်ကြီး၌ အောင်မြင်ထွန်းကားလာချေတော့မည်။

(ဆလိုင်းဟင်နရီလျန်သည် အမေရိကန်ပြည်ထောင်စု Kentucky ပြည်နယ် Louisville မြို့တွင် နေထိုင်လျက်ရှိပြီး Southern Baptist Theological School ၏ Ph.D candidate တဦးဖြစ်သည်။)

You may also like these stories:

ဦးဝင်းထိန်နှင့် သူ၏ရှေ့နေတို့ တွေ့ခွင့်မရ၍ ရုံးချိန်းရက် ထပ်မံ ရွှေ့ဆိုင်း

NLD ပါတီ နေပြည်တော် ဥက္ကဌ ဦးမင်းသူကို ယနေ့ ရုံးချိန်းတွင် ရှေ့နေ ပါဝါတင်

မိမိပဋိဉာဉ်ကို မိမိချိုးဖေါက်သော ASEAN

Loading