ဆောင်းပါး

NUG နဲ့ အတူ ဘယ်သူတွေ ရပ်တည်နေကြသလဲ

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုဖွဲ့စည်းလိုက်ကြောင်း ဧပြီလ ၁၆ ရက်တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

ယင်းကြေညာချက်အရ လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသော သမ္မတ ဦးဝင်းမြင့် ကို နိုင်ငံတော် သမ္မတရာထူးဆက်လက်တာဝန်ပေးထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူး ဆက်လက်ပေးထားကြောင်း တွေ့ရသည်။

ဒုတိယ သမ္မတအဖြစ် ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ ဒူဝါလရှီးလကို တာဝန်ပေးခန့်အပ်ထားပြီး ရာထူးအသစ်အနေနှင့် ပါလာသည်က ပြည်ထောင်စုဝန်ကြီးချုပ်ရာထူးဖြစ်သည်။ အဆိုပါရာထူးကို ယခင် လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးမန်းဝင်းခိုင်သန်းအား တာဝန်ပေးထားသည်။

ပြည်ထောင်စုဝန်ကြီးများထဲတွင် ဒေါ်ဇင်မာအောင်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ယူထားပြီး အာဏာသိမ်းစစ်ကောင်စီအား ဖိအားပေးအရေးယူမှုများလုပ်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်နေသည့် ‌ဒေါက်တာဆာဆာက အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဖြစ်လာသည်။

ကြေညာချက်တွင် ပြည်ထောင်စု ဝန်ကြီး စာရင်းနှင့်အတူ ဒုဝန်ကြီးများ၏ အမည်စာရင်းလည်းပါသည်။

ပြည်နယ်နှင့် တိုင်းများရှိ ဆန္ဒပြပွဲများတွင် NUG အစိုးရကို ထောက်ခံကြောင်း ပြသနေမှုများ

NUG အစိုးရအဖွဲ့တွင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်၊ တက်ကြွလှုပ်ရှားသူနှင့် တိုင်းရင်းသား ခေါင်းဆောင်များ၊ တတ်သိပညာရှင်များ စသည့် နိုင်ငံရေးသမားနှင့် အသိပညာရှင် လူငယ်၊ လူကြီးများ ပါဝင်ကြောင်းတွေ့ရသည်။

NUG အစိုးရအဖွဲ့ဝင်တွေကို စစ်ကောင်စီက နိုင်ငံတော်ပုန်ကန်မှုနှင့် တရားစွဲထားသော်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မြန်မာနိုင်ငံသားအများစုကမူ NUG သည် အာဏာသိမ်းစစ်ကောင်စီနှင့် အားပြိုင်မည့် ပြည်သူ့ကိုယ်စားပြုအစိုးရ တရပ်ဖြစ်သည်ဟု မှတ်ယူကာ မြန်မာနိုင်ငံတဝန်း ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်နေကြသည်။

မေးစရာရှိသည်က စစ်အာရှင်စနစ် ကျဆုံးရေး ကြွေးကြော်ထားပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည်ဟု ထုတ်ဖော်ပြောဆိုထားသော NUG သည် စစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် ကျီးလန့်စာစား ဖြစ်နေသည့် မြန်မာပြည်သူများအတွက် ထိရောက်သည့် လုံခြုံမှုရရှိရန် မည်သည့် အချက်များ လုပ်ဆောင်ပေးမည်နည်းဆိုသည့် ကိစ္စပင်ဖြစ်သည်။

NUG ၏ခြေလှမ်း

NUG ကို ဖွဲ့စည်းပေးလိုက်သည့် CRPH ကမူ အစိုးရအဖွဲ့ကို ပြည်ထောင်စုသား တိုင်းရင်းသားလူမျိုးစုံ ပါဝင်နိုင်ရန် ညှိနှိုင်းနေပြီး လိုအပ်ပါက ထပ်မံတိုးချဲ့ဖွဲ့စည်းသွားမည် ဟု သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပပျောက်ရေးကိုလည်း လုပ်ဆောင်သွားမည်ဟု ပြောဆိုထားသည်။

ပြည်နယ်နှင့် တိုင်းများရှိ ဆန္ဒပြပွဲများတွင် NUG အစိုးရကို ထောက်ခံကြောင်း ပြသနေမှုများ

NUG အစိုးရအဖွဲ့အနေနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး၊ ပြည်သူလူထုကို အကာအကွယ်ပေးသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေးနှင့် အစိုးရအဖွဲ့ကို နိုင်ငံတကာက အသိအမှတ်ပြုလက်ခံလာရေး ဆောင်ရွက်သွားမည်ဟု ဧပြီလ ၁၆ ရက်က အွန်လိုင်းက ပြုလုပ်သည့် အစိုးရ၏ ပထမဆုံးသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ထို့အပြင် ပြည်သူ့ဝန်ထမ်းအမြောက်အမြား ဆောင်ရွက်နေသည့် CDM လှုပ်ရှားမှု ဆက်လက်လုပ်ဆောင်စေရန် ထောက်ပံ့ကူညီပေးမှုများလည်း NUG က ဆက်လက်လုပ်ဆောင်ပေးသွားမည့်သဘော ရှိသည်။

တိုင်းရင်းသားအင်အားစုများအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်အတွက် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဘက်က ပြင်ဆင်ထားကြောင်း သိရသည်။

NUG က ဘယ်လို အစိုးရလဲ

NUG ဘက်ကမူ ၎င်းတို့သည်သာ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်ကြောင်း အခိုင်အမာပြောဆိုထားပြီးဖြစ်သည်။

ပြည်နယ်နှင့် တိုင်းများရှိ ဆန္ဒပြပွဲများတွင် NUG အစိုးရကို ထောက်ခံကြောင်း ပြသနေမှုများ

NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က “စစ်ကောင်စီဟာ လူထု ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သား အစိုးရ လက်ထဲကနေ အာဏာကို လုယူထားတာဖြစ်တဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ NUG ဟာ Legitimacy လို့ခေါ်တဲ့ တရားဝင် အသိအမှတ်ပြုမှုကို  ပြည်တွင်းမှာရော ပြည်ပမှာပါ ရရှိထားတယ်” ဟု ပြောဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူအချို့ကမူ NUG သည် မည်ကဲ့သို့သော အစိုးရဖြစ်သည်ကို စူးစမ်းနေကြသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်မီ NLD ပါတီဦးဆောင်သည့် အစိုးရသက်တမ်း နောက်ပိုင်းကာလများတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ဖြစ်ပေါ်တိုးတက်မှုကို အခြေခံ၍ ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် အမျိုးသားညီညွတ်ရေး အစိုးရ တရပ်ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ပြောဆိုဖူးသည်။

အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိကာလတွင် ဖွဲ့လိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ထိုစဉ်က ဦးဇော်ဌေးပြောဖူးသည့် အမျိုးသားညီညွတ်ရေး အစိုးရနှင့် ပုံစံမတူကြောင်း ပြည်ပရောက် နိုင်ငံရေးလေ့လာသူ အချို့က ပြောသည်။

နိုင်ငံရေးတွင် အမျိုးသားဆိုသည့် စကားရပ်သည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့်တမျိုးသားလုံးကို ရည်ညွှန်းသည်ဟုလည်း သုံးသပ်သူများကပြောသည်။ ယင်းတမျိုးသားလုံးတွင် အဓိက အားဖြင့် နိုင်ငံရေး အင်အားစုကြီး ၃ စုရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီနှင့် ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများသည် ပထမအင်အားစုဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီတို့သည် ဒုတိယအင်အားစုဖြစ်ကာ တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ အပါအဝင် အမျိုးသားနိုင်ငံရေး အင်အားစုများသည် တတိယအင်အားစုများဖြစ်ကြောင်း သုံးသပ်သူများက ဆိုသည်။

ပြည်နယ်နှင့် တိုင်းများရှိ ဆန္ဒပြပွဲများတွင် NUG အစိုးရကို ထောက်ခံကြောင်း ပြသနေမှုများ

အဆိုပါ အင်အားစုသုံးခုလုံးမပါပဲ အင်အားစု တခုခုကို ပထုတ်ကာ အစိုးရဖွဲ့မည်ဆိုပါက ယင်းအစိုးရအဖွဲ့သည် အမျိုးသားညီညွတ်‌ရေး အဓိပ္ပာယ် မဆောင်ကြောင်း အချို့သော နိုင်ငံရေး လေ့လာသူများက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် အမျိုးသားအင်အားစုများကလည်း အာဏာသိမ်းထားပြီးနောက် NLD မပါသော နိုင်ငံရေးလမ်းကြောင်း တခုကို ဦးတည်နေသကဲ့သို့  ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသော CRPH ကလည်း စစ်တပ်မပါသော နိုင်ငံရေးလမ်းကြောင်း တခုကို ဦးတည်နေပြန်သည်။

တဖက်နှင့် တဖက် အနိုင်အရှုံး ပြက်ပြက်သားသား မြင်သာသည့် အခြေအနေတွင် အင်အားစုတစုစုကို ဖယ်ထုတ် ၍ အကောင်အထည်ဖော်ရန် စဉ်းစားခြင်းသည် အလုပ်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လက်ရှိကာလ ကဲ့သို့ တဖက်နှင့် တဖက် အရှုံးအနိုင်မသဲကွဲသည့် အချိန်တွင် အင်အားစု တခုခုကို ဖယ်ထုတ်ကာ အကောင်အထည် ဖော်ရန် စဉ်းစားခြင်းသည် ပြဿနာကို ပိုမိုရှည်ကြာသွားစေနိုင်ကြောင်း နိုင်ငံရေးလေ့လာသူ အချို့ကသုံးသပ်သည်။

ထို့အပြင် မေးခွန်းထုတ်စရာရှိသည်က အကယ်၍ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းခံထားရသည့် NLD ထိပ်ပိုင်းခေါင်းဆောင်များ ပြန်လည်လွတ်မြောက်လာပါက လက်ရှိဖွဲ့စည်းထားသည့် NUG နှင့် ၎င်းပေးထားသော ဖက်ဒရယ်ကတိကဝတ်များသည် မည်မျှဆက်လက်တရားဝင်တည်ရှိနေမည်လောဆိုသည် အချက်ပင်ဖြစ်သည်။

အာဏာသိမ်းမှုဆန့်ကျင်ရေး အထွေထွေသပိတ်ကော်မတီတွင် ပါဝင်သူ တဦးကမူ လက်ရှိ CRPH က ဖွဲ့လိုက်သည့် NUG သည် ကြားဖြတ်အစိုးရ တရပ်သာ ဖြစ်ကြောင်း မှတ်ချက်ပေးသည်။

“ဒါက ကြားဖြတ်ပဲဗျ။ ကမ္ဘောဒီးယားက ခမာနီအုပ်ချုပ်မှုကာလ အဝေးရောက်အစိုးရဖွဲ့သလိုပဲ။ အဲဒီတုန်းကတော့ ကြားဖြတ်အစိုးရဖွဲ့လိုက်တယ်။ ပြီးရင် နယ်မြေရှင်းလင်းရေးတွေ ဘာတွေ ဥပဒေစိုးမိုးရေးလုပ်ပြီးမှ ဖွဲ့စည်းပုံရေးမယ်။ ပြီးမှ ဖွဲ့စည်းပုံနဲ့အညီရွေးကောက်ပွဲလုပ်ပြီးမှ အနိုင်ရတဲ့သူကို အစိုးရဖြစ် ပြန်လွှဲမယ်။ အဲဒီအခါမှာ ကြားဖြတ်အစိုးရရဲ့ တာဝန်ကပြီးသွားပြီ။ အဲဒီလိုလာမယ်ထင်တယ်” ဟု၎င်းက သုံးသပ်သည်။

CRPH က လက်ရှိ ဖွဲ့စည်းလိုက်သည့် NUG ကို ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်းဖွဲ့စည်းသည့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) နှင့် နိုင်းယှဉ်သုံးသပ်ကြသည်လည်း ရှိသည်။

စစ်တပ်က ၁၉၉၀ ‌ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာသိမ်းထားသောကြောင့် ‌ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်အချို့သည် ထိုင်းမြန်မာနယ်စပ်တနေရာရှိ လွတ်မြောက်နယ်မြေသို့ ထွက်ခွာကာ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရန် NCGUB ကို ဖွဲ့စည်း လှုပ်ရှားခဲ့ကြဖူးသည်။

NUG သည် NCGUB ထက် ပိုမိုအားသာသည့် အခြေအနေများရှိနေပြီး NUG ၏ ‌ဆောင်ရွက်ချက်များ အောင်မြင်စေရန် ဆန္ဒပြုပါကြောင်း NCGUB တွင် နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ယူဖူးသည့် အမေရိကန်နိုင်ငံတွင်နေထိုင်နေသူ ဦးဘိုလှတင့်က VOA သတင်းဌာနသို့ ဖြေကြားထားသည်။

“ဥပမာအားဖြင့် ကျနော်တို့ NCGUB ဖွဲ့တုန်းကဆိုရင် ဒီစစ်အုပ်စုတွေက အပေါ်စီးက ရပြီးတော့၊ ကျနော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖိအားပေးတော့ ကျနော်တို့ အပြင်ရောက်လာတဲ့ အမတ်တွေကိုတောင် ပါတီကနေ ထုတ်ပစ်ခဲ့ရတဲ့ အနေအထားအထိ ရှိခဲ့တာမျိုးပေါ့။ ပြည်တွင်းမှာလည်းပဲ အခုလို လူထု လှုပ်ရှားမှုကြီးတို့ ၊ CDM လှုပ်ရှားမှုတို့ ၊ Gen Z တို့ရဲ့ လှုပ်ရှားမှုမျိုး ဟိုတချိန်က မရှိခဲ့ပါဘူး” ဟု ပြောဆိုထားသည်။

ပြည်နယ်နှင့် တိုင်းများရှိ ဆန္ဒပြပွဲများတွင် NUG အစိုးရကို ထောက်ခံကြောင်း ပြသနေမှုများ

လက်ရှိကာလတွင် နိုင်ငံတကာ၏ တုံ့ပြန်ချက်များသည်လည်း မြန်ဆန်အားကောင်းနေပြီး ယခင်တုန်းက အဖက်ဖက်က ပိုမိုအားသာကြောင်း ၎င်းက ပြောဆိုထားသည်။ NUG အတွက် အဓိက အရေးကြီးသည်မှာ နိုင်ငံတကာအစိုးရများ၏ အသိအမှတ်ပြု ထောက်ခံမှု ရရှိနိုင်ရေးပင် ဖြစ်သည်ဟုလည်း ဦးဘိုလှတင့် ကထောက်ပြထားသည်။

NUG ဘက်မှာ ဘယ်သူတွေရှိလဲ

လက်ရှိတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေး ဆောင်ရွက်မည်ဟု ပြောဆိုထားသော NUG ကို စစ်တပ်နှင့် ရဲ၏ ဖိနှိပ်ဖြိုခွဲမှုများရှိနေသည့် ကြားက ပြည်နယ်နှင့် တိုင်းအသီးသီးတွင် ပြုလုပ်နေကြသည့် ဆန္ဒပြပွဲများတွင် NUG ကို ထောက်ခံကြောင်း ပြသနေကြလျှက်ရှိသည်။

ထို့အပြင် နိုင်ငံတကာကိုရောက်ရှိနေကြသော မြန်မာနိုင်ငံသားများကလည်း ရောက်ရာနိုင်ငံက မြန်မာသံရုံးနှင့် လူစည်ကားရာနေရာများတွင် ပြုလုပ်သည့် ဆန္ဒပြပွဲများတွင်လည်း NUG အစိုးရကို ထောက်ခံကြောင်းပြခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက်မှ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကယားပြည်နယ်အခြေစိုက် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) တို့က NUG ကို ထောက်ခံပြီး လိုအပ်သလို ပူးပေါင်းဆောင်ရွက်မည်ဟု ပြောဆိုထားသည်။

ထို့အတူ အာဏာသိမ်း စစ်တပ်နှင့် စစ်ရေးတင်းမာနေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၅) ကလည်း NUG အစိုးရကို ထောက်ခံကြောင်း ထုတ်ဖော်ကြေညာထားသည်။ သို့သော်လည်း KNU ဗဟိုကတော့ ထုတ်ပြန်သည်ကို မတွေ့ရသေးပေ။

အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများမှ တဆင့် ပေါ်ပေါက်လာသော မြို့နယ်အလိုက် လူမျိုးအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကလည်း NUG ကို သစ္စာခံကြောင်း ကြေညာထားသည်။

အဆိုပါအဖွဲ့များမှ လွဲ၍ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက NUG ကိုထောက်ခံကြိုဆိုကြောင်း တရားဝင်ထုတ်ပြန်ကြေညာလာခြင်းမရှိသေးပေ။ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) အဖွဲ့ကမူ စစ်ကောင်စီနှင့် NUG မည်သူက တရားဝင်အစိုးရ ဖြစ်မည်ကို စောင့်ကြည့်နေပြီး အစိုးရအဖြစ်သေချာသွားသည့်အဖွဲ့နှင့် လက်တွဲလုပ်ဆောင်မည်ဟု ဧပြီလ ၂၃ ရက်တွင် ပြောဆိုထားသည်။

ပြည်နယ်နှင့် တိုင်းများရှိ ဆန္ဒပြပွဲများတွင် NUG အစိုးရကို ထောက်ခံကြောင်း ပြသနေမှုများ

အာဏာသိမ်းမှုကို မထောက်ခံသည့် အင်အားကြီး တိုင်းရင်းသားနိုင်ငံရေးပါတီများဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ကလည်း NUG ဖွဲ့စည်းလိုက်သည့် အပေါ် သဘောထားတစုံတရာ ထုတ်ပြန်ကြေညာသည်ကို မတွေ့ရသေးပေ။

SNLD ပါတီနှင့် နီးစပ်သူတဦးကမူ SNLD သည် NUG ဖွဲ့စည်းလိုက်သည့် အပေါ် အကောင်းရှုမြင်သော်လည်း NUG ၏ သ‌ဘောထားနှင့် လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာနေကြောင်း ပြောသည်။

“အရင်က ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်လို့ပြောပြီး အခုအချိန်မှာ ဖက်ဒရယ်အရေးကို ရှေ့တန်းတင်လာတာက လက်ရှိမှာ တိုင်းရင်းသားတွေရဲ့ အင်အားကို လိုအပ်နေလို့ပြောတာလား ဘယ်လိုလဲ။ ဆက်လက်စောင့်ကြည့်ရမယ်ထင်ပါတယ်” ဟု ဆိုသည်။

ထို့အတူ ALD ပါတီနှင့် နီးစပ်သူ တဦးကလည်း CRPH နှင့် ALD အကြားဆွေးနွေးပြောဆိုမှု အချို့ရှိသော်လည်း တိကျသည့် ရလဒ်တစုံတရာ ထွက်လာမှုမရှိသေးကြောင်း ပြောဆိုသည်။

လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီများ က CRPH၊ NUG တို့နှင့် အတူရပ်တည်ကြောင်း လက်တွဲ လုပ်ကိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ရန် တွန့်ဆုတ်နေကြသော်လည်း တိုင်းရင်းသား ဒေသများ၊ ပြည်မနှင့် မြို့ကြီးများပေါ်တွင် ဆန္ဒပြနေကြသည့် ပြည်သူများက CRPH နှင့် NUG ကိုထောက်ခံကြောင်း ကြိုဆို အသိအမှတ်ပြုကြောင်း မြန်မာသိ၊ ကမ္ဘာသိ ပြသနေကြသည်ကိုတွေ့မြင်ရသည်။

နိုင်ငံတကာအခင်းအကျင်းတွင်မူ NUG ဘက်ရပ်တည်ထောက်ခံသည့် နိုင်ငံတကာအဖွဲ့အစည်းအချို့ရှိသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာလူထု၏ ဆန့်ကျင်လှုပ်ရှားမှုများကို ပံ့ပိုးကူညီရန် ကုလသမဂ္ဂအရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကမူ NUG ဖွဲ့စည်းလိုက်သည့် အပေါ် ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ကြေညာထားသည်။

ထို့အတူ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးသမဂ္ဂအဖွဲ့ချုပ် (ITUC) ကလည်း NUG ကိုကြိုဆိုထောက်ခံပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရများကလည်း NUG ကို ထောက်ခံအသိအမှတ်ပြုကြရန် ဧပြီလ ၁၉ ရက်တွင် စာထုတ်ပြန်တောင်းဆိုထားသည်။

ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့ကလည်း NUG ကိုအစိုးရတရပ်အဖြစ် အသိအမှတ်ပြုထောက်ခံသည်ဟု ထုတ်ပြောခြင်း မရှိသေးသော်လည်း ထိတွေ့ဆက်ဆံဆွေးနွေးမှုများ ရှိနေကြောင်း NUG ဘက်က သတင်းထုတ်ပြန်ချက်များအရ သိရသည်။

NUG အတွက် လတ်တလောတွင် အားသာသည်က အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်သောကြောင့် သွေးစွန်းနေသည့် စစ်ကောင်စီကို မည်သည့်နိုင်ငံတကာအဖွဲ့အစည်းနှင့် ကမ္ဘာ့နိုင်ငံကမျှ အဖက်မလုပ်သေးသည့်အချိန်တွင် NUG ကို အသိအမှတ်ပြုမှုအချို့နှင့် ထိတွေ့ဆက်ဆံမှုများရှိနေခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သံတမန်ရေးရာသုံးသပ်ချက်များ ရေးသားဖော်ပြသည့် The Diplomat စာစောင်၏ အရှေ့တောင် အာရှ ရေးရာ အယ်ဒီတာ စဘက်စ်ရှန်း စထရန်ဂျီယိုက ကမ္ဘာ့နိုင်ငံအသီးသီးရှိအစိုးရများသည် NUG ကို ထောက်ခံကြောင်းကြေညာလိုက်ပါက စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေးလမ်းကြောင်း ပိတ်သွားနိုင်ပြီး  ညှိနှိုင်းဆွေးနွေးရန် ခက်ခဲသွားနိုင်သဖြင့် ထောက်ခံကြောင်းကြေညာရန် တုံ့ဆိုင်းနေခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။

လက်ရှိတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း စစ်ကောင်စီကို အရေးယူဒဏ်ခတ်ပိတ်ဆို့ခြင်းထက် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးပြီး ၂ ဖက်ညှိနှိုင်းဆွေးနွေးကြရန် အဓိက တိုက်တွန်းပြောဆိုထားသည်။

လူ့အခွင့် အရေးလှုပ်ရှားသူတဦးဖြစ်သည့် ညီမျှခြင်းမြန်မာအဖွဲ့ ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကမူ “NUG အပေါ်အသိအမှတ်ပြုမှုကို ဘယ်နိုင်ငံအစိုးရက ထောက်ခံပါတယ်ဆိုတဲ့ ‌ကြေညာချက်ထုတ်တာမျိုးထက် ဘယ်နိုင်ငံအစိုးရက ဆက်ဆံလုပ်ဆောင်သလဲဆိုတာ ပိုကြည့်ရမယ်” ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားပြောဆိုထားသည်။

You may also like these stories:

နယ်စပ်မှ သွင်းကုန် ၅ မျိုးကို ပိတ်ပင်မှုက အဂတိနှင့် မှောင်ခိုဈေးကွက်ပေါ်လာနိုင်

အကြမ်းဖက်မှုရပ်ရန် ASEAN တောင်းဆိုချက် NUG ကြိုဆို

ASEAN ဆွေးနွေးပွဲ မြန်မာတွေ မျှော်လင့်ချက် သိပ်မထား

 

 

 

 

 

 

Loading