ဆိုင်းလုသည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် စတိုးဆိုင်တဆိုင် ဖွင့်ထားသည်။ နိုင်ငံတဝှမ်းရှိ ထောင်ပေါင်းများစွာသော အခြားဆိုင်ငယ်များကဲ့သို့ပင် သူ၏ဆိုင်တွင် အခြေခံကုန်ပစ္စည်းများအပြင် အခြားဝန်ဆောင်မှုများလည်း ပေးသည်။ ပုံမှန်နေ့တနေ့တွင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံတဝှမ်း ရေပမ်းစားလာသည့် မိုဘ်ိုင်းငွေပေးချေရေး ဝန်ဆောင်မှု နှစ်ခုဖြစ်သည့် KBZPay နှင့် Wave Money ကို အသုံးပြုပြီး ငွေလွှဲပြောင်းပေးပို့သူ ၂၀ ကျော် လာလေ့ရှိသည်။ ငွေလွှဲပြောင်းပေးပို့သည့် ကိုယ်စားလှယ်အနေဖြင့် ငွေပို့သူများထံမှ ငွေကိုယူပြီး အခြားနေရာများမှ ဒစ်ဂျစ်ငွေပေးချေမှု လက်ခံသူများထံသို့ ပို့ပေးရသည်။
သို့သော် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှစတင်ပြီး ဆိုင်းလု (လုံခြုံရေးအတွက် အမည်လွှဲပြောင်းထားသူ) သည် ငွေသားအလုံအလောက်မရှိသောကြောင့် ဖေါက်သည်များကို ငြင်းဆန်နေရသည်။ မိုဘ်ိုင်းငွေကြေးစနစ်ကို ကျောထောက်နောက်ခံပေးသည့် ဘဏ်များသည် အများအားဖြင့်ပိတ်ထားကြပြီး ၎င်းတို့က ဆိုင်းလု၏ ကုန်ခန်းသွားသော ငွေသားများကို ပြန်လည်ဖြည့်တင်းပေးနိုင်ခြင်းမရှိသလို ငွေကိုင်ထားသူများကလည်း ၎င်းတို့၏ငွေသားကို ဒစ်ဂျစ်တယ်ငွေကြေး အဖြစ် ပြောင်းလဲလိုခြင်း မရှိသလောက်ဖြစ်နေသည်။
အင်တာနက်အသုံးပြုခွင့် မရသောကြောင့် ပြဿနာကို ပိုမိုဆိုးရွားစေသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများကို ထိန်းချုပ်ရန်နှင့် သတင်းစီးဆင်းမှုကို ကန့်သတ်ရန် အားထုတ်သည့်အနေဖြင့် စစ်ကောင်စီက မိုဘိုင်းအင်တာနက်ဖြတ်တောက်ရန် ဆက်သွယ်ရေး ကုမ္ပဏီများကို ဖိအားပေးခဲ့သည်။ မတ်လ ၁၅ ရက်နေ့မှစတင်ပြီး နိုင်ငံတဝန်း မိုဘိုင်း အင်တာနက်များကို ဖြတ်တောက်လိုက်ကာ ဧပြီလ ၂ ရက်နေ့မှစတင်ပြီး ဘရော့ဘန်းဝါယာလက် အင်တာနက်များကို ဖြတ်တောက်လိုက်ပြန်သောကြောင့် လူအနည်းငယ်သာ အသုံးပြုနိုင်သည့် အသေတပ်ဆင်ထားသော အင်တာနက်များကိုသာ သုံးနိုင်တော့သည်။ ဖေဖေါ်ဝါရီလ ၁၅ ရက်မှစတင်ပြီး ညစဉ်အင်တာနက် လုံး၀ဖြတ်တောက်မှုကိုလည်း ပြုလုပ်သည်။
ဖေဖော်ဝါရီ ၂၉ ရက်တွင် ဗဟိုဘဏ်က ဒစ်ဂျစ်တယ် ငွေပေးချေမှုနှင့် မိုဘိုင်းဘဏ်စနစ်ကို ပြန်သုံးစွဲခွင့်ပြုခဲ့ပြီး MPT နှင့် Telenor ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီများကလည်း ယခု ရက်ပိုင်းများအတွင်း မိုဘိုင်းဒေတာ သုံး၍ Microsoft ၏ Office 365 အီးမေးနှင့် မက်ဆေ့ အပလီကေးရှင်း၊ ပြည်တွင်းဘဏ်လုပ်ငန်း အပလီကေးရှင်းများကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း အကြောင်းကြားလာသည်။ သို့သော် ယင်းသည် အစိုးရအုပ်ချုပ်ရေးအပေါ် ယုံကြည်စိတ်ချမှု ပျောက်ဆုံးနေပြီး ငွေသားနှင့် ငွေသားအခြေပြု ငွေလွှဲပြောင်းမှုကို ပိုမိုအားကိုးလာနေသည့် ပြည်သူလူထုကို မည်မျှစည်းရုံးနိုင်မည်မှာ မရှင်းလင်းလှသေးပေ။
“ ဖေါက်သည်အများစုက ငွေသားကိုပဲ လိုချင်ကြတယ်။ တချို့လူတွေကို KBZPay အသုံးပြုခွင့်ပေးထားပေမယ့် အများစုက ငွေသားကိုပဲ လိုချင်ကြတော့တယ်” ဟု ဆိုင်းလုပြောသည်။
စစ်ကောင်စီ၏ အင်တာနက်ဖြတ်တောက်မှုကြောင့် အွန်လိုင်း စီးပွားရေးနယ်ပယ်အများအပြားလည်း ပိတ်သွားသည်။ အရပ်သားများကို အကြမ်းဖက်သောကြောင့် လူအများအပြားက အိမ်ပြင်ပသို့ သွားရန်ကြောက်နေကြသည်။ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံသည် အထီးကျန်ဖြစ်သွားကာ နိုင်ငံတဝန်း ငွေကြေးစီးဆင်းမှုက ပြတ်သွားသည်။ လူအများစု လုပ်ငန်းခွင်မဝင်သော လူမှုအာဏာရေး လှုပ်ရှားမှုကလည်း ဘဏ်များ၊ စီးပွားရေးလုပ်ငန်းများကို ပိတ်ပစ်လ်ိုက်သည်။ ထိုအခြေအနေများအားလုံး ပေါင်းစုလိုက်သောအခါ မြန်မာနိုင်ငံ၏ မွေးကင်းစ ဒစ်ဂျစ်တယ် စီးပွားရေးသည် ပြိုကွဲလုနီးဖြစ်သွားသည်။
“ သူတို့က မိုဘိုင်းအင်တာနက်ကို ပိတ်လိုက်တာနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးက လုံး၀ပြိုကွဲသွားတယ်” ဟု ရန်ကုန်မှ ထိပ်တန်းအင်တာနက် လုပ်ငန်းရှင်တဦးက ပြောသည်။ စစ်ကောင်စီက လက်စားချေမည်ကို စိုးရိမ်သောကြောင့် သူ၏အမည်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။ ဖေ့ဘွတ်မှ တဆင့်လုပ်ကိုင်နေသည့် အင်တာနက်အွန်လိုင်း စီးပွားရေးလုပ်ငန်းအများအပြားသည် အင်တာနက် ဖြတ်တောက်မှုနှင့် ထိုလူမှုကွန်ရက်ကို ပိတ်ပင်မှုကြောင့် လုပ်ငန်းများ ပျက်စီးသွားသည်ကို ကြုံတွေ့ခဲ့ရသည်။ အာဏာမသိမ်းမီကပင် မြန်မာနိုင်ငံတွင်နေထိုင်သူများ၏ ၃၀ ရာခိုင်နှုန်းသည်သာ တရားဝင်ဘဏ္ဍာရေးအဖွဲ့အစည်းများတွင် ငွေစာရင်းဖွင့်ထားကြသည်။ ယခု မိုဘိုင်းငွေကြေး ဝန်ဆောင်မှု ရုန်းကန်နေရချိန်တွင် စစ်အာဏာသ်ိမ်းမှုသည် ပြည်သူများ၏ တရားဝင်ဘဏ္ဍာရေးတွင် ပါဝင်စေရန် အားထုတ်မှုများကို ခေတ်နောက်ပြန်ဆွဲခေါ်သွားသည်။
“ဘဏ်ကို မသုံးစွဲသူတွေကို ဘဏ္ဍာရေးအသုံးပြုခွင့်ပေးမယ့် ဘဏ္ဍာရေးအရ အကျုံးဝင်မှုနဲ့ပတ်သက်တဲ့အစီအစဉ်တခုလုံးက အခုတော့ချေမွှခံလိုက်ရပြီ” ဟု ထိုလုပ်ငန်းရှင်ကပြောသည်။
စစ်တပ်သည် မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်မှ ၂၀၁၁ အထိ အုပ်ချုပ်ခဲ့သည်။ အရပ်သားတပိုင်းအစိုးရကို နောက်ဆုံးတွင် အာဏာလွှဲပေးသောအခါ အရှေ့တောင်အာရှ အိမ်နီးချင်းများထက် ဆယ်စုနှစ်များစွာ နောက်ကျသော စီးပွားရေးတခုကို ချန်ထားခဲ့သည်။ ဆက်သွယ်ရေး လုပ်ငန်းများ၊ မီဒီယာများနှင့် ဘဏ္ဍာရေးကဏ္ဍကို တင်းကျပ်စွာ ထိန်းချုပ်ထားသောကြောင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှ လူ ၁ ရာခိုင်နှုန်းပတ်ဝန်းကျင်သာ အင်တာနက်အသုံးပြုခွင့်ရကြောင်း ကုလသမဂ္ဂ၏ စာရင်းများအရ သိရသည်။
လွန်ခဲ့သော ဆယ်စုနှစ်အတွင်းတင်မူ စီးပွားရေးသည် သိသိသာသာ ပွင့်လာသည်။ ဆက်သွယ်ရေး လုပ်ငန်းများကို ဖြေလျှော့ပေးသည်။ ရင်းနှီးမြှုပ်နှံမှုများ စတင်စီးဝင်လာသည်။ ပြည်ပရောက် ပညာတတ်များ ပြန်လာပြီး စီးပွားရေးလုပ်ငန်းများ ထူထောင်ကြသလို ပြည်တွင်းလုပ်ငန်းရှင်များလည်း ထွန်းကားလာသည်။၂၀၂၁ ခုနှစ်သို့ရောက်သောအခါ အင်တာနက်ထိုးဖေါက်မှုသည် ၄၃ ရာခိုင်နှုန်း ပတ်ဝန်းကျင်ရှိလာပြီး လူမှုကွန်ရက် အထူးသဖြင့် ဖေ့ဘွတ်သည် နေရာတိုင်းသို့ ပျံ့နှံ့လာသည်။ သေးငယ်သော်လည်း ရှင်သန်တက်ကြွသည့် နည်းပညာအသိုက်အဝန်းတခုသည် ရန်ကုန်ကို ဗဟိုပြုပြီး ပေါ်ပေါက်လာသည်။
“လုပ်ငန်းထူထောင်မှုနဲ့ ပွင်သစ်စီးပွားရေးလုပ်ငန်းတွေအတွက် ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ မျှော်လင့်ချက်တွေ အရမ်းကို မြင့်မားခဲ့တယ်” ဟု မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ်က စတင်ဝင်ရောက်လာသော စင်္ကာပူအခြေစိုက် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတခုဖြစ်သည့် Vulpes Investment Management လုပ်ငန်းမှ ဖက်စပ်လုပ်ငန်း အကြီးအကဲ ဖီးလ်ပစ်ကားရင်းပြောသည်။ “ ဒီလို အလျှင်အမြန် တိုးတက်ကြီးထွားနေတဲ့ ပတ်ဝန်းကျင်မှာ ကျနော်တို့ ရင်းနှီးမြှုပ်နှံလိုက်ပြီး ဗီယက်နမ်နဲ့ အင်ဒိုနီးရှားမှာလို လုပ်ငန်းတွေထောင်တက်လာချိန်မှာ ကျနော်တို့က ရှေ့ဆုံးတန်းက နေရာရနေပြီလို့တောင် ကျနော်တို့ပြောခဲ့ကြတာ” ဟု သူပြောသည်။
Vulpes သည် ၂ နှစ်အတွင်း နည်းပညာကုမ္ပဏီ ၁၀ ခုတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ အခြားသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ဒေသဆိုင်ရာနည်းပညာလုပ်ငန်းများသည်လည်း ထိုအချိန် ပတ်ဝန်းကျင်တွင် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ရန် ကြိုးစားကြသည်။ တရုတ်ဘဏ္ဍာရေး နည်းပညာလုပ်ငန်းကြီးဖြစ်သော Ant Group သည် မြန်မာအခြေစိုက်ငွေပေးချေရေး ဝန်ဆောင်မှု လုပ်ငန်းသစ်ဖြစ်သော Wave Money တွင် ဒေါ်လာ သန်း ၇၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီး ၎င်း၏ မိခင်လုပ်ငန်းဖြစ်သော Alibaba က ပြည်တွင်း အီးကောမာ့စ်လုပ်ငန်း Shop.com.mm ကို ဝယ်ယူလိုက်သည်။ ဂျပန်မှ လုပ်ငန်းစုကြီးဖြစ်သော Sumitomo က ၂၀၂၀ ခုနှစ် အခြား မြန်မာဘဏ္ဍာရေး နည်းပညာလုပ်ငန်းတခုဖြစ်သည့် NearMe တွင် ထုတ်ဖေါ်ပြောဆိုခြင်းမပြုသည့် ပမာဏတခု ရင်းနှီးမြှုပ်နှံသည်။ အခြားပြည်တွင်းငွေလွှဲလုပ်ငန်းများဖြစ်သော OnePay နှင့် OK Dollar တို့ကဲ့သို့သော လုပ်ငန်းများပေါ်လာပြီး ပြည်တွင်းဘဏ်အများအပြားကလည်း ၎င်းတို့ပိုင် သီးခြား ဒစ်ဂျစ်တယ်ငွေပေးချေရေး ဝန်ဆောင်မှုများကို စတင်ခဲ့သည်။
ကမ္ဘာ့စံနှုန်းများအရကြည့်လျှင် ရင်းနှီးမြှုပ်နှံသည့် ပမာဏသည် သေးငယ်သော်လည်း ပြည်တွင်းလုပ်ငန်းများအနေဖြင့်ကြည့်ပါက ထိုအတိုင်းအတာသည် ကြီးမားသော ခုန်ပျံတိုးတက်မှု ဖြစ်နေသည်။ ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလများအတွင်း ဘဏ်များကို ကျဆုံးစေသော အဓိက အကျပ်အတည်းတခုနောက်ပိုင်း ဘဏ်များအပေါ် ယုံကြည်မှု လွန်စွာနည်းပါးကြသည်။ အခြားသော ထွန်းသစ်စဈေးကွက်များတွင်ကဲ့သို့ပင် ဒစ်ဂျစ်တယ် ဘဏ္ဍာရေး ဝန်ဆောင်မှုများသည် ရင်းနှီးမြှုပ်နှံမှု ဘဏ်များ ကင်းမဲ့ခြင်းနှင့် အသုံးမပြုနိုင်ခြင်းကြောင့် ဖြစ်ပေါ်နေသည့် လေဟာနယ်တွင် ဒစ်ဂျစ်တယ် ဘဏ္ဍာရေး ဝန်ဆောင်မှုများ စတင်ပေးကြသည်။
၂၀၁၆ ခုနှစ်အထိ ပြည်တွင်း ငွေလွှဲပြောင်းမှုများ၏ ၄၄ ရာခိုင်နှုန်းကို စာအိတ်ကြီးများ ဘတ်စ်ကားများဖြင့်တင်ကာ ပို့ဆောင်ရကြောင်း Kantar ဈေးကွက်သုတေသနလုပ်ငန်း၏ အဆိုအရ သိရသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလသို့ ရောက်သောအခါ နိုင်ငံအတွင်း ငွေလွှဲပြောင်းမှုအားလုံး၏ ၈၀ ရာခိုင်နှုန်းကို မိုဘိုင်းငွေကြေးဝန်ဆောင်မှုဖြင့် ပြုလုပ်လာသည်။
မိုဘိုင်းငွေကြေးလွှဲပြောင်းမှုသည် ပိုမိုလုံခြုံ အဆင်ပြေပြီး လယ်သမားများအပါအဝင် ကျေးလက်ဒေသမှ လူများကို မြို့ပြဒေသမှ စားသုံးသူများနှင့် ချိတ်ဆက်ပေးလိုက်သည်။ အငှားယာဉ်ခေါ်ယူခြင်းနှင့် အစားအသောက်ပို့ဆောင်ခြင်းအပါအဝင် အပလီကေးရှင်းကို အခြေခံသည့် ဝန်ဆောင်မှုများလည် ပိုမိုချမ်းသာသည့် မြို့ပြဒေသများတွင် မကြာသေးမီနှစ်များအတွင်း ပေါ်ပေါက်လာကြသည်။
တရားဝင် အီးကောမာ့စ်လုပ်ငန်းများသည် သေးငယ်သေးသော်လည်း ဒစ်ဂျစ်တယ် အသေးစား စီးပွားရေးလုပ်ငန်များ သိသိသာသာ တိုးတက်လာသည်။ အထူးသဖြင့် ဖေ့ဘွတ်မှတဆင့် လုပ်ကိုင်ကြခြင်းဖြစ်သည်။
သို့သော် ဖေဖေါ်ဝါရီလ အစောပိုင်းမှစတင်ပြီး အခြားလူမှုကွန်ရက်ပလက်ဖေါင်းများနှင့်အတူ ဖေ့ဘွတ်ကို မြန်မာနိုင်ငံတွင် တရားဝင်ပိတ်ပင်လိုက်သည်။ အသုံးပြုသူအများအပြားသည် နည်းအမျိုးမျိုးရှာကာ လူမှုကွန်ရက်ကို အသုံးပြုနေကြဆဲဖြစ်သော်လည်း ကူးသန်းရောင်းဝယ်ရေးအတွက် ထိခိုက်မှုသည် ကြီးမားလှကြောင်း လုပ်ငန်းရှင်များက ပြောသည်။ မြန်မာနိုင်ငံ၏ အီးကောမာ့စ်လုပ်ငန်းသည် ဒေါ်လာသန်း ရာပေါင်းများစွာ တန်ကြေးရှိကြောင်း အင်တာနက်စီးပွားရေးလုပ်ငန်းအများအပြားကို အကြံပေးနေသည့် အမည်မဖေါ်လိုသော လုပ်ငန်းရှင်တဦးပြောသည်။“ အဲဒီလုပ်ငန်းတခုလုံး အခု မရှိတော့ဘူး” ဟု သူပြောသည်။
အာဏာသိမ်းချိန်မှ စတင်ပြီး ဘဏ်များပိတ်ထားခြင်းသည်လည်း ငွေသားပြတ်လပ်ခြင်းနှင့် ဈေးနှုန်း ကြီးမြင့်ခြင်းကို ဖြစ်စေသည်။ နိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ်ခွဲအများစု ပိတ်ထားသောကြောင့် ဘဏ်အချင်းချင်းငွေလွှဲပြောင်းမှုနှင့် နိုင်ငံတကာငွေပေးချေမှုများ အကြီအကျယ် ရပ်ဆိုင်းသွားသည်။ ယခုအခါ ကြီးမားသော ရောင်းဝယ်မှုများကိုပင် ငွေသားဖြင့် ပြုလုပ်နေရသည်။ သို့သော် ငွေသားပြတ်လပ်မှုသည် ဆိုးရွားနေသည်။ ရန်ကုန်တွင် ပြည်သူများသည် ATM ငွေထုတ်စက်များတွင် နာရီပေါင်းများစွာ တန်းစီကြရသည်။ ထိုစက်များတွင်လည်း နေ့စဉ် ငွေထုတ်ယူ နိုင်သည့် ပမာဏကို မတ်လ ၁ ရက်နေ့မှ စတင်ပြီး ၁၄၂ ဒေါ်လာမှ ၃၅၆ ဒေါ်လာကြား (ကျပ် ၂ သိန်းမှ ၅ သိန်းကြား) ဘဏ်အပေါ်မူတည် ကန့်သတ်လိုက်သည်။ မတ်လ ၃၁ ရက်နေ့တွင် ဂျာမန်ကုမ္ပဏီတခုဖြစ်သော Giesecke+Devrient ကလည်း မြန်မာနိုင်ငံတွင် ငွေစက္ကူရိုက်နှိပ်သော ပစ္စည်းများ ပေးပို့ခြင်းကို ရပ်ဆိုင်းလိုက်သည်။
ကိုယ်စားလှယ်များမှတဆင့် ငွေထုတ်သောအခါ ကော်မရှင်ကြေး ၂ မှ ၆ ရာခိုင်နှုန်အထိပေးရကြောင်း ရန်ကုန်မှ စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။ ယခုအခါ လိုင်စင်ရငွေကြေးလဲလှယ်ရေး လုပ်ငန်းများသည်ပင် ကော်မရှင်အကြီးအကျယ် ယူနေကြသည်။
အာဏာသိမ်းချိန်မှ စတင်ပြီး သူမသည် တရားမဝင်ငွေကြေးကိုယ်စားလှယ် ဖြစ်မှန်းမသိဖြစ်သွားကြောင်း ရန်ကုန်ရှိ လက်လီအရောင်းကုမ္ပဏီ ဝန်ထမ်းတဦးပြောသည်။ နေ့စဉ်သုံးစွဲရန် ငွေသားကို ရရှိအောင် လုပ်နေရပြီး ဘဏ်များပိတ်ထားသောကြောင့် ငွေများကို သွားရောက်မအပ်နှံနိုင်သဖြင့် သူ၏ လုပ်ငန်းတွင် ငွေအမြောက်အမြား ပုံနေကြောင်း သူသဘောပေါက်လာသည်။ အမည် မဖေါ်လိုသော ထိုဝန်ထမ်းက VPN ဖြင့် ဖေ့ဘွတ်တွင် ငွေလဲလှယ်ရေး ဝန်ဆောင်မှုကို စတင်ကြေညာကာ သူ၏ ငွေစာရင်းအတွင်းသို့ မိုဘိုင်းငွေလွှဲဝန်ဆောင်မှုများကို စတင်လက်ခံကာ ကုမ္ပဏီမှ ငွေသားများကို ထုတ်ပေးသည်။ ထိုသို့လုပ်ရန် နိုင်ငံတွင် အသုံးပြုနိုင်ဆဲဖြစ်သော ဖိုင်ဘာအင်တာနက်ကို သုံးရသည်။ ထိုနောက် တူညီသောငွေစာရင်းကို သူက ကုမ္ပဏီ၏ ငွေစာရင်းသို့ လွှဲပြောင်းပေးပို့သည်။
“သူတို့က ငွေ ၅ သိန်းလိုချင်ရင်ကျမက သူတို့ကို ငွေ ၅ သိန်းပေးတယ်။ တခါတလေကျတော့ သူတို့က ငွေပမာဏ အများကြီး လိုချင်ရင် ကျမမှာ ငွေမရှိဘူး။ ဒါကြောင့် သူတို့ကို ငြင်းရင်ငြင်း မငြင်းရင် နောက်တနေ့ ပြန်လာခိုင်းရတယ်။ သူတို့က ချက်ခြင်း လိုချင်တယ်ဆိုရင်တော့ ကျမကငွေရဖို့ တခြားနည်းသုံးရတယ်။ အဲဒီအခါကျရင်တော့ သူတို့အနေနဲ့ ဝန်ဆောင်ခ ပေးဖို့လိုတယ်” ဟု သူရှင်းပြသည်။
ဘဏ်လုပ်ငန်းနှင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှု ပြတ်တောက်သွားခြင်းသည် ပြည်ပရောက်နေသူများထံမှ ငွေလွှဲပြောင်းပေးပို့ခြင်းကိုလည်း ထိခိုက်စေသည်။ ပြည်ပမှ လွှဲပြောင်းပေးပို့သည့် ငွေပမာဏမှာ ၂၀၁၉ ခုနှစ်က ဒေါ်လာ ၂.၄ ဘီလျံ သို့မဟုတ် နိုင်ငံ၏ စုစုပေါင်း အမျိုးသား ထုတ်လုပ်မှု၏ ၃ ရာခိုင်နှုန်းရှိကြောင်း ကမ္ဘာ့ဘဏ်၏ စာရင်းများအရ သိရသည်။ မြန်မာနိုင်ငံသား ၄ သန်း ပတ်ဝန်းကျင်ခန့် ပြည်ပတွင် အလုပ်လုပ်နေကြပြီး ထိုင်းနှင့် မလေးရှားတွင် အများဆုံးဖြစ်ကြောင်း ကုလသမဂ္ဂ၏ စာရင်းများအရ သိရသည်။ နောက်ဆုံးအခြေအနေနှင့် ပတ်သက်သည့် စာရင်းများကို မသိရသေးဘဲ မလေးရှားမှ ငွေလွှဲကိုယ်စားလှယ်များ၊ ထိုင်းနှင့် စင်္ကာပူမှ အဝေးရောက်မြန်မာများ၏ အဆိုအရ ငွေလွှဲခသည် ပေးပို့သူတွင်သာမက လက်ခံသူတွင်ပါပေးရပြီး နှစ်ဆမှ သုံးဆအထိလည်း မြင့်တက်သွားသည်။ မြန်မာနိုင်ငံရှိ မိုဘိုင်းငွေကြေးကိုယ်စားလှယ်များတွင် ငွေသားပြတ်လပ်ခြင်းကြောင့် တိုင်းပြည်ပြင်ပမှ လူများသည် လက်ခံသူတဦးထံသို့ ပမာဏ အနည်းငယ်ကိုသာ လွှဲပြောင်းပေးနိုင်တော့ပြီး ထိုပြဿနာကို ကျော်လွှားရန် ငွေလက်ခံသူ အများအပြားထံသို့ ငွေများကို ခွဲပို့နေရသည်။ Wave Money မှ အများဆုံး လွှဲပြောင်းပေးနိုင်သည့် ပမာဏမှာ ၃၅၆ ဒေါ်လာသာဖြစ်ကြောင်း မလေးရှားရှိ ငွေလွှဲကိုယ်စားတဦးကပြောသော်လည်း မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များက ကိုင်တွယ်ထုတ်ပေးနိုင်သည့် ပမာဏသည် ထိုတဝက်ပင်မရှိပေ။ အင်တာနက်လိုင်း အသေတပ်ဆင်ထားခြင်းမရှိသော ကိုယ်စားလှယ်များ (အထူးသဖြင့် မြို့ကြီးများ၏ ပြင်ပမှကိုယ်စားလှယ်များ) သည် ထိုငွေလွှဲဝန်ဆောင်မှုကို ယခုအခါ လုံးဝအသုံးပြုနိုင်ခြင်းမရှိတော့ပေ။
လွှဲပို့ပေးသော ငွေများကို ကန့်သတ်လိုက်ခြင်းသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုကို ထောက်ခံသူများကိုလည်း ထိခိုက်စေသည်။ ဆရာဝန်များ၊ သူနာပြုများ၊ ပြည်သူ့ဝန်ထမ်းများ အပါအဝင် သောင်းနှင့်ချီသော ပညာရှင်များသည် လစာရသော ၎င်းတို့၏အလုပ်များသို့ မသွားဘဲ အထွေထွေသပိတ်ဆင်နွှဲနေသည်။ ထိုလှုပ်ရှားမှုသည် အဖွဲ့ဝင်များကို ထောက်ပံ့ရန်အတွက် ပြည်တွင်းပြည်ပမှ အလှူငွေများကို လက်ခံနေသလို ကမ္ဘာတဝန်းတွင်လည်း ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုများ ပေါ်ပေါက်နေသည်။
ယခုအခါတွင် ကိုယ်စားလှယ်အနည်းငယ်ကသာ လက်ခံတော့သော မိုဘိုင်းငွေကြေးဝန်ဆောင်မှု စာရင်းတွင် အလှူငွေများကို ထုတ်မရတော့ဘဲ ၎င်းတို့သည်လည်း စီးပွားရေးလုပ်ငန်းများကဲ့သို့ အလားတူငွေသား ပြတ်လပ်မှုကို ရင်ဆိုင်နေရကြောင်း ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုတွင် ပါဝင်သည့် ပြည်တွင်း တက်ကြွှလှုပ်ရှားမှုတွင် ပါဝင်သူများက ပြောကြသည်။ ၎င်းတို့သည် ငွေပမာဏ အနည်းငယ်စီကို ထုတ်ယူနေရပြီး ထုတ်ယူတိုင်းလည်း ဝန်ဆောင်ခပေးနေရသည်။
“ကျမတို့ကို အသုံးစရိတ် ကျပ်သန်းချီချထားပေးပေမယ့် ကျမတို့ ငွေထုတ်တဲ့အခါ အခက်အခဲနဲ့ ရင်ဆိုင်ရတယ်” ဟု မြစ်ကြီးနားမှ တက်ကြွလှုပ်ရှားသူ တဦးပြောသည်။ “ဥပမာပြောရရင် ကျမတို့က ငွေတသိန်းထုတ်ရင် ဝန်ဆောင်ခ ၁၅၀၀ ကနေ ၂၃၀၀ အထိပေးရတယ်။ ကျမတို့အဖွဲ့ဝင်တွေက အလှူငွေကိုမလျှော့ချင်လို့ ဝန်ဆောင်ခကို ကိုယ့်အိပ်ကနေ စိုက်ပေးနေကြတာ” ဟူသူပြောသည်။
ပြည်ပမှ အလှူရှင်တဦးက သူတို့အဖွဲ့ အလှူခံရန် အင်တာနက်စာမျက်နှာတခု ထူထောင်ထားပေးသည်။ ထိုအလှူငွေများသည် သူတို့ဘဏ်စာရင်းအတွင်းသို့ ရောက်လာသော်လည်း ထိုနိုင်ငံခြားငွေကို မြန်မာငွေနှင့် လဲလှယ်ပေးမည့်သူ ရှာရန်လိုသည်။
၄င်တို့သည် ဟွန်ဒီစနစ်ကို ပြောင်းလဲအသုံးပြုနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် တက်ကြွလှုပ်ရှားသူ တဦးကပြောသည်။ ဟွန်ဒီစနစ်ဆိုသည်မှာ နှစ်နိုင်ငံလုံးတွင် ငွေရနေသည့် ကြားခံစီးပွားရေးသမားများ၏ တရားမဝင် ငွေလွှဲစနစ်ဖြစ်သည်။ ထုံးစံအားဖြင့်ဆိုပါက မြန်မာနှင့် အခြားနိုင်ငံများတွင် ( ထုံးစံအားဖြင့် ထိုင်း၊ စင်္ကာပူနှင့် အမေရိကတွင် ဘဏ်စာရင်းရှိသည့် ကုန်သွယ်သူများသည် ) နိုင်ငံခြားဘဏ်များတွင် နိုင်ငံခြားငွေကို လက်ခံပြီး မြန်မာနိုင်ငံတွင် ကျပ်ငွေ ပြန်ထုတ်ပေးနေခြင်းဖြစ်သည်။ ဟွန်ဒီစနစ်ကို နောက်ဆုံး စစ်အုပ်ချုပ်ရေးကာလက နိုင်ငံတကာ အကူအညီပေးရေးအုပ်စုများ အပါအဝင် အများအပြားက ကျယ်ကျယ်ပြန့်ပြန့် သုံးကြသည်။
ထိုဟွန်ဒီစနစ်သည်လည်း ငွေကြေးခဝါချသည့် သဘောသက်ရောက်နေသောကြောင့် နိုင်ငံတွင်းသို့ဝင် ထွက်သည့် တရားမဝင် ငွေကြေးလမ်းကြောင်းများကို နိုင်ငံတကာက ပိတ်ဆို့နိုင်သောကြောင့် ပိတ်ဆို့ခံရမည်ကို ထိုင်းမှ တက်ကြွလှုပ်ရှားသူများ စိုးရိမ်နေသည်။ ထိုငွေကြေးလွှဲပြောင်းမှုများကို စစ်ကောင်စီကလည်း ပိတ်ဆို့နိုင်သည်။ စစ်ကောင်စီအဖွဲ့ဝင်များသည် ပြည်ပမှ ငွေကြေးတရားမဝင်စီးဆင်းမှုများကို ဆွေးနွေးပြီး ဆန္ဒပြပွဲများကို ငွေအားလူအားဖြင့် အကူအညီပေးသူများကို အရေးယူမည်ဟု စစ်ကောင်စီမီဒီယာက မတ်လ ၁ ရက်နေ့တွင် ဖေါ်ပြသည်။
မြန်မာ့စီးပွားရေး ထိခိုက်ပျက်ဆီးမှုသည် ဆိုးရွားလှပြီး လူအများသည် မြို့ကြီးများကို စွန့်ခွာကာ ကျေးရွာများသို့ ပြန်လာသောကြောင့် ကာလတိုအတွင်း ဆက်လက်ဆိုးရွားနေမည့် အခြေအနေရှိသည်။ ရန်ကုန်ရှိ လူ ၆ သန်းကျော်အနက် အများအပြားသည် စစ်အာဏာသိမ်းမှုကြောင့် အလုပ်အကိုင်များ ဆုံးရှုံးကုန်ပြီး ဆက်လက်ရှင်သန်ရန် ရုန်းကန်နေရသည်။ ရန်ကုန်ရှိ စက်မှုဇုန်များမှ ရွေ့ပြောင်းလုပ်သားများ အလုံးအရင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းမရှိသည့် ဇာတိကျေးရွာများသို့ ထွက်ခွာသွားကြရသည်။ စက်ရုံများပိတ်သိမ်းခြင်းနှင့် စစ်အုပ်ချုပ်ရေးကြောင့် ထွက်ခွာသွားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်ကျန်ရှိနေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများလည်း အထိနာကြသည်။ “ကျနော်တို့ လုပ်ငန်းအားလုံးရပ်နေတယ်။ အလုပ်သမားတယောက်မှ အလုပ်မဆင်းဘူး။ သူတို့က ဆန္ဒပြပွဲမှာ ပါဝင်နေတာလည်းဖြစ်နိုင်သလို ရဲတွေက ဖမ်းဆီးပြန်ပေးဆွဲတာကို ကြောက်လို့ အိမ်ပြင်မထွက်တာလည်း ဖြစ်နိုင်တယ်။ လကုန်လို့ လစာစာရင်းဆွဲရတာကို အရမ်းခက်တယ်” ဟု Vulpes Investment Management မှ ပစ်ကရင်းပြောသည်။
စာရင်းချုပ်ရပါက စစ်ကောင်စီတပ်များသည် အာဏာသိမ်းပြီးနောက် လူ အနည်းဆုံး ၇၅၀ သတ်ထားပြီး ထောင်ပေါင်းများစွာကို ဖမ်းထားသည်။ လူငယ်များသည် ဆန္ဒပြလှုပ်ရှားမှု၏ တပ်ဦးတွင်ပါဝင်ကြပြီး ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ဧပြီ ၉ ရက်နေ့အထိ သတ်ဖြတ်ခံရသူများအနက် ၃၄၅ ဦးမှာ အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်း ဖြစ်နေသည်။
စစ်အာဏာသိမ်းမှုကြောင့် လူငယ်နည်းပညာလုပ်ငန်းရှင်များအပေါ် ထိခိုက်မှုမှာလည်း ဆိုးရွားလှသည်။ “လူတိုင်းလူတိုင်းက စိတ်ဖိစီးကြရတယ်။ ဦးနောက်ယိုစိမ့်မှု ထပ်ဖြစ်မှာကို ကျနော်တို့ စိုးရိမ်ကြတယ်။ ဒီလူငယ်တွေက လေ့လာသင်ယူမှုနဲ့ တိုးတက်မှုအခွင့်အလမ်းကြောင့် ပြည်တွင်းမှာ နေကြတာ။ အခုတော့ အဲဒါတွေအားလုံး တစစီပြိုပျက်သွားပြီ” ဟု ရန်ုကုန်အခြေစိုက် အင်တာနက် လုပ်ငန်းရှင်ကပြောသည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံ၏ လွတ်လပ်သော အင်တာနက်အတွေ့အကြုံကို နိဂုံးချုပ်ပြီး အင်တာနက်စာမျက်နှာများနှင့် အင်တာနက်ကို ထိန်းချုပ်ကာ ကျင်းတူးမိုက်ပြီး ဆယ်စုနှစ်များစွာ ရရှိထားသည် တိုးတက်မှုများကို ဖျက်ဆီးပစ်နေကြောင်း သူပြောသည်။
“ကျနော့်ခေါင်းထဲမှာ အဲဒီလိုပုံရိပ်တွေ ပေါ်ပေါ်လာတယ်။ လွတ်လပ်တဲ့ အင်တာနက်ဆိုတာ မရှိတော့ဘူး။ ကျနော်တို့အားလုံး တင်းကျပ်ခံရရင်တော့ ကျနော်တို့က ၁၉၉၀ ခုနှစ်တွေကို ပြန်ရောက်သွားတာပဲ” ဟု သူပြောသည်။
(Rest of World သတင်းဌာနပါ Myanmar’s military coup has pushed its fledgling digital economy to the brink of collapse ကို ဘာသာပြန်ဆိုဖော်ပြသည်။)
You may also like these stories:
အင်တာနက်ဝန်ဆောင်မှုများ စစ်ကောင်စီ ဆင်ဆာစနစ်ဖြင့် ထိန်းချုပ်လာ
အကျိုးအမြတ်ယူပြီး ငွေသားထုတ်ပေးနေသူများ အလုပ်ဖြစ်နေ
အင်တာနက်ပြတ်တောက်မှုကြောင့် စက်ဘီးဖြင့် အစားအသောက် ပို့ဆောင်သူများ ရှင်သန်ရန် ကြိုးစားနေရ
လူသန်းနှင့်ချီပြီး မြန်မာပြည်တွင် စားနပ်ရိက္ခာ အခက်ကြုံဖွယ်ရှိဟု ကုလသမဂ္ဂ ထုတ်ပြန်