၁၈၇၇ ခုနှစ် ဗြိတိသျှတို့ အုပ်စိုးစဉ်က စတင်ခဲ့ပြီး အခု “မမ”လို့ အများခေါ်ကြတဲ့ မြန်မာမီးရထားဟာ ဒီကနေ့မှာတော့ ဝန်ထမ်းတွေရဲ့ အကြမ်းမဖက် ပြည်သူ့ အာဏာဖီဆန်ရေး(CDM) လှုပ်ရှားမှုကြောင့် ရပ်တန့်နေခဲ့ပါပြီ။
မီးရထားဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုကြောင့် တပြည်လုံးမှာ ရှိတဲ့ ရထားခရီးစဉ်တွေ အားလုံးနီးပါး ရပ်ဆိုင်း ခဲ့သလို ကုန်စည်စီးဆင်းမှုတွေလည်း ရပ်တန့်နေတဲ့အတွက် သက်တမ်း ၁၄၄နှစ် ရှိပြီဖြစ်တဲ့ မြန်မာ့မီးရထား သမိုင်းမှာ ထူးခြားမှုလို့ ဆိုရမှာပါ။
စစ်ကောင်စီကတော့ CDM မလုပ်တဲ့ ဝန်ထမ်းအချို့နဲ့ ရထားပြေးဆွဲဖို့ လုပ်ဆောင်နေပေမယ့် ပုံမှန်ပြေးဆွဲနိုင်တဲ့ အခြေ အနေမရှိပါဘူး။ မီးရထားတစင်း ပုံမှန်ပြေးဆွဲနိုင်ဖို့ လုပ်ငန်းအဆင့်ဆင့် လိုအပ်သလို ရထားလမ်းတလျှောက် လုံခြုံချော မွေ့စွာ လည်ပတ်နိုင်ဖို့ ဝန်ထမ်းအမြောက်အမြားလိုတာကြောင့် လက်ရှိအခြေအနေမှာတော့ မီးရထား ခရီးစဉ်ပုံမှန်ဖြစ်ဖို့ မျှော်လင့်လို့မရပါဘူး။
ဒါပေမယ့် တဖက်မှာလည်း ဖေဖေါ်ဝါရီ ၁၁ ရက်က စတင်ခဲ့တဲ့ မီးရထားဝန်ထမ်းတွေရဲ့ CDM လုပ်ဆောင်မှုဟာ အခုဆိုရင် ၂ လကျော်ကြာခဲ့ပြီ ဖြစ်ပြီး မီးရထားဝန်ထမ်းတွေဟာလည်း ရက်ရှည်လာတာနဲ့ အမျှ ဖိအားပေး ခြိမ်းခြောက်တာတွေ၊ အရေးယူခံရတာတွေ၊ နေထိုင်စားသောက်ရေး ကျပ်တည်းတာတွေ ကြုံတွေလာနေရပါတယ်။
ဒီရက်ပိုင်းထဲမှာလည်း ရန်ကုန်၊ ပျဉ်းမနား၊ တောင်ငူ၊ မိုးညှင်း၊ မန္တလေး၊ မော်လမြိုင် စတဲ့ မြို့နယ်အသီးသီးက ဌာနစုံ ရာနဲ့ချီ ပါဝင်တဲ့ မီးရထား CDM ဝန်ထမ်းတွေကို တာဝန်ကနေ ယာယီရပ်စဲကြောင်း ကြေညာထုတ်ပြန်နေပါတယ်။
ဒီလို တာဝန်က ယာယီရပ်ဆိုင်းခံရသူတွေထဲမှာ ရန်ကုန် မလွှကုန်း ရုံးချုပ်က လက်ထောက်ကြီးကြပ်ရေးမှူး (ရထားထိန်း) ဂတ်ဗိုလ် ၂၃ ဦးလည်း ပါဝင်ပြီး၊ ဧပြီ ၂၃ ရက် ရက်စွဲနဲ့ တာဝန်က ယာယီရပ်ဆိုင်းကြောင်း ကြေညာခံခဲ့ရတာ ဖြစ်ပါတယ်။
မလွှကုန်းရုံးချုပ်မှာ စုစုပေါင်း ဂတ်ဗိုလ်၂၆ ဦး ရှိတဲ့အနက်က၂၃ ဦးဟာ CDM ဆက်လက် လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။
CDM ပါဝင်တဲ့ ဂတ်ဗိုလ်တဦးက “ကျနော်တို့ထက် ပညာတတ်တဲ့ ဆရာဝန်တွေ၊ ဆေးကျောင်းသားလေးတွေ၊ ရှေ့နေတွေ၊ အင်ဂျင်နီယာတွေတောင် အသက်တွေ ရင်းထားရတာ၊ ကျနော်တို့ က ဘဝတွေ ရင်းရမှာပေါ့” လို့ CDM လှုပ်ရှားမှုအပေါ် သူ့ရဲ့ ခံယူချက်ကို ပြောပြပါတယ်။
တာဝန်ရပ်စဲခံရတဲ့ ဝန်ထမ်းတွေဟာ နောက်ဆက်တွဲ စစ်ဆေးအရေးယူတာတွေလည်း ရင်ဆိုင်ရဖွယ် ရှိနေပါသေးတယ်။
တာဝန်က ယာယီရပ်ဆိုင်းထားတဲ့ ပထမနှစ်မှာ လစာရဲ့ တဝက်ကို ခံစားခွင့်၊ ယင်းနောက်ပိုင်းမှာ လစာရဲ့ ၈ ပုံ ၃ ပုံကို သာ ခံစားခွင့်ပြုမယ်လို့လည်း တရားဝင် ထုတ်ပြန်ချက်တွေမှာ ဖော်ပြတာတွေ့ရသလို ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ဆက် လုပ်မယ် လို့လည်း ဆိုထားပါတယ်။
“ကျနော်တို့က လစာမထုတ်တာ ဒီလကုန်ဆို ၃ လရှိပြီ။ အလုပ်ယာယီရပ်ဆိုင်းပြီး ခံစားခွင့်ပေးမယ်၊ စစ်ဆေးမယ်ဆိုတာ တွေကလည်း ဝန်ထမ်းတွေကို ခြိမ်းခြောက်သလိုလိုနဲ့ အလုပ်ပြန်ဆင်းအောင် လုပ်ဆောင်နေတာလို့ပဲ မြင်ပါတယ်၊ ဘယ် လိုပဲ ခြိမ်းခြောက်ပါစေ ကျနော်တို့က အဆုံးထိ CDM လုပ်သွားမှာပါ” လို့ ဂတ်ဗိုလ်တဦးက ပြောပါတယ်။
အခြေခံ လစာဝင်ငွေ နည်းပါးပြီး ဝန်ထမ်းလိုင်းခန်းတွေမှာ မှီခိုနေရတဲ့ တခြားသေ မီးရထား CDM ဝန်ထမ်းတွေဟာ အစော ပိုင်း ကာလတွေထဲ လိုင်းခန်းက မောင်းထုတ်ခံရတာတွေ၊ ဖမ်းဆီးတာတွေကို ရင်ဆိုင်ခဲ့ကြရသလို ဝန်ထမ်းမိသားစုတွေ နေအိမ်လိုင်းခန်းတွေက ဆင်းခဲ့ကြတဲ့ ပုံရိပ်တွေဟာလည်း ပြည်သူတွေကြား ပျံ့နှံ့ရိုက်ခတ်ခဲ့ပါတယ်။
ဒီအတွက် မီးရထား CDM ဝန်ထမ်းတွေအတွက် ကူညီထောက်ပံ့တဲ့ အစီအစဉ်တွေပေါ်ပေါက်လာတာကြောင့် အစ ပိုင်းမှာ နေထိုင် စားသောက်ရေးအတွက် အတော်အသင့် အဆင်ပြေခဲ့ကြပေမယ့်၊ ရက် ၈၀ကျော် ကြာလာတဲ့အခါ ထောက်ပံ့မှုတွေ နည်းပါးလာသလို ပြင်ပမှာ ငှားရမ်းနေထိုင်ဖို့ ခက်ခဲလာတာကြောင့် မိသားစုဝင်တွေရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေး စရိတ်တွေဟာ အခက်အခဲကြုံလာရပါတယ်။
“အစားအသောက်ပိုင်းမှာ ထောက်ပံ့ကြေး လုံးဝ မရထားဖူးတဲ့ သူတွေက တော်တော်လေးကို ဒုက္ခရောက်နေပြီး အကျပ် အတည်း ဖြစ်နေကြတယ်။ မိသားစုလိုက်တွေဆိုတော့ ပိုဆိုးတာပေါ့။ ပြီးတော့ လိုင်းခန်းမနေဘဲ အပြင်ရပ်ကွက်နေသူတွေ ကျတော့ ကူညီတဲ့အဖွဲ့တွေရဲ့ ပစ်ပယ်ခြင်းမျိုး ခံထားရသလို သူတို့က ပိုပြီး စားဝတ်နေရေး ကျပ်တည်းကြတယ်။ ပြီးတော့ CDM ကို နာမည်ခံပြီး ထောက်ပံ့ကြေး ခဏခဏ ထုတ်နေတဲ့သူ တချို့ကြောင့်လည်း ပြင်ပနေ ဝန်ထမ်းတွေ ထောက်ပံ့ ကြေးနဲ့ အတော်လေး ကင်းကွားနေတယ်”လို့ CDM ဝန်ထမ်းတွေကို ကူညီပေးနေသူ တဦးက ပြောပါတယ်။
နေထိုင်စားသောက်ရေး ကျပ်တည်းလာတဲ့ မီးရထားဝန်ထမ်းတွေဟာ တဖက်မှာ ပုဒ်မ ၅၀၅ နဲ့ အရေးယူခံ ရနိုင်ကြောင်း ဖိအားပေးခြိမ်းခြောက်မှုတွေကြောင့်လည်း တချို့သော CDM ဝန်ထမ်းတွေဟာ အလုပ်ပြန်ဝင်တာတွေ၊ နေအိမ်လိုင်းခန်းမှာ ပြန်နေတာတွေ ရှိလာတယ်လို့ ဝန်ထမ်းတွေထံက သိရပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) အနေနဲ့ CDM ဝန်ထမ်းများကို ပုံမှန်လစာပေးဖို့ စီစဉ်နေတဲ့အကြောင်းကို သတင်း ဌာနတွေနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုမှုတွေရှိနေပါတယ်။
ရန်ကုန် မလွှကုန်း မီးရထားဝင်း အတွင်းမှာပင် လိုင်းခန်းမှာ လာပြန်နေကြတဲ့ မိသားစုတချို့နဲ့ အလုပ်ပြန်ဆင်းနေတဲ့သူ အရေအတွက်ဟာ အရင်CDM ပါဝင်သူရဲ့၂၀ ရာခိုင်နှုန်းခန့် ရှိတယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတဦးက ခန့်မှန်းပြောဆိုပါ တယ်။
“CDM ဝန်ထမ်းတွေကို အလုပ်လုပ်မှာလား၊ ထွက်မှာလား၊ လုပ်ရင် လိုင်းခန်းရမယ်၊ ထွက်ရင်လည်း ၅၀၅ နဲ့ တရားစွဲ မယ်လို့ ပြောဆိုတာတွေ ရှိနေတယ်”လို့လည်း ၎င်းကပြောပါတယ်။
အခက်အခဲ အကျပ်အတည်းတွေနဲ့ ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် အများစု CDM ဝန်ထမ်းတွေကတော့ စစ်အာဏာရှင် လက်အောက်မှာ မလုပ်လိုတဲ့အတွက် CDM လှုပ်ရှားမှုကို ဆက်လက် လှုပ်ရှားနေကြဆဲ ဖြစ်ပါတယ်။
“ပြန်ဝင်သွားတဲ့ အရေအတွက်နဲ့ CDM ထပ်မံ ပူးပေါင်းလာတဲ့ ဝန်ထမ်းတွေနဲ့ နှိုင်းယှဉ်လိုက်ရင် CDM ယန္တရားကို လုံးဝ မထိခိုက်ပါဘူး။ နောက်ဆုံး သိထားရတာက အလုပ်ပြန်ဝင်တဲ့ CDM အချို့ကို ၅၀၅ နဲ့ ဖမ်းပြီး မှတ်သွား အောင်၊ နောက် CDM မလုပ်ရဲအောင် ခြိမ်းခြောက်ပြီး ရာထူးလျှော့တာတို့ လုပ်ပြီး လစ်လပ်သွားတဲ့ နေရာမှာ Non-CDM တွေ ပြန်ထည့်၊ တချို့ ရာထူးကြီးပိုင်းမှာ စစ်ကောင်စီဘက်က လူတွေ ဝင်နေလိုက်တာတို့ လုပ်မယ်လို့ စီမံထားတာရှိတယ်လို့ အခိုင်အမာ သိထားရပါတယ်” လို့လည်း မီးရထားဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အချို့သော မီးရထား CDM ဝန်ထမ်းတွေကတော့ မိသားစုနဲ့အတူ နယ်တွေကို အပြီးပြန်သွားတာတွေလည်း ရှိကြတယ်လို့ CDM မှာ ပါဝင်သူအချို့က ပြောပါတယ်။
“ဆက်လုပ်နေရင် နေအိမ်ခန်းက ဖယ်ရှားခံရမယ်။ နောက်ဆုံး ရာထူးကပါ ပြုတ်မယ်။ ကျနော်တို့ ချမ်းသာလို့ မဟုတ်ဘူး။ အစိမ်းရယ်၊ အနီရယ် မဟုတ်ဘူး။ ကျနော်တို့ဘဝတွေ၊ နောင်အနာဂတ်ကလေးတွေ ဘဝတိုးတက်ဖို့ အတွက် တိုက်ပွဲ ဝင်နေတာပါ။ အာဏာသိမ်းမှုက ကျနော်တို့ တိုးတက်မယ့် ဘဝတွေကို ဟန့်တားလိုက်တာပါပဲ”လို့ ဂတ်ဗိုလ်တဦးက ဆိုပါတယ်။
ပြတ်သားတဲ့ မီးရထားဝန်ထမ်းတွေရဲ့ အကျိုးဆက်ကတော့ ရန်ကုန်မြို့ပတ်ဆိုရင် မနက် ၈နာရီ ၁ကြိမ် တွဲ ၃တွဲနဲ့ ပြေးဆွဲ ပေးနေပေမယ့် ခရီးသည်တော်တော်နည်းပါးသလို ရဲနဲ့ စစ်သားတွေလည်း လိုက်ပါ စောင့်ကြပ်နေရပါတယ်။
“CDM ကြောင့် ရထားပို့ဆောင်ရေးကဏ္ဍ ဝင်ငွေပြတ်လပ်ပြီးတော့ ဘတ်ဂျက်ထိတယ်၊ ပြီးတော့ ရထား ခရီးစဉ်တွေ မစနိုင် တဲ့အတွက် မအုပ်ချုပ်နိုင်တဲ့ သဘောတရားကို ပြနေတာပေါ့။ တချို့ RBE ရထားတိုလေးတွေနဲ့ ရန်ကုန်-ပဲခူး၊ ရန်ကုန်- တောင်ငူ၊ မန္တလေး- နေပြည်တော် အဲဒီလိုလေးတွေကို သူတို့မှာရှိတဲ့ အင်အားနဲ့ ပြေးဆွဲတာမျိုး ရံဖန်ရံခါတွေ့ရပေမယ့် တပ်ရိက္ခာ ပို့တာလောက်ပဲ ရှိတော့ အားလုံးက ရထားထွက်တဲ့ ကိစ္စကို သိပ်အာရုံ မစိုက်တော့ဘူး”လို့ မီးရထား ဝန်ထမ်းတွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
ပုံမှန်အားဖြင့်လည်း အမြန် ရထားခရီးစဉ်တခု ပြေးဆွဲဖို့အတွက် တွဲဆိုင်းစီ၊ ရှန်တိန်လုပ်၊ စက်ခေါင်းတွဲချိတ်၊ တွဲဆိုင်းစစ်၊ စက်ခေါင်းမောင်း၊ စက်ခေါင်းမောင်း အကူနဲ့ မီးထိုးစတဲ့ ကျွမ်းကျင်ဝန်ထမ်းတွေ သူ့နေရာနဲ့သူ အဆင့်ဆင့်လိုအပ်ပြီး၊ ဒါတွေ ပြည့်စုံမှု မရှိဘဲ ရထားတစင်းထွက်ဖို့ မဖြစ်နိုင်ကြောင်းလည်း မီးရထားဝန်ထမ်း တဦးက ဆိုပါ တယ်။
ဒါ့ပြင် စစ်အာဏာသိမ်းပြီးနောက် NLD အစိုးရလက်ထက်စတင်ခဲ့တဲ့ ရထားလမ်းအဆင့်မြှင့်တင်မှု စီမံကိန်းတွေ ဟာလည်း လတ်တလောမှာ ရပ်ဆိုင်းထားရတယ်လို့ မီးရထားဌာနနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ ပုဂ္ဂလိကကုမ္ပဏီ တခုက အင်ဂျင်နီယာ တဦးက ပြောပါတယ်။
“ရထားလမ်းပိုင်း စီမံကိန်းတွေက ရပ်ထားရတယ်။ ဂျပန်တွေလည်း ပြန်ကုန်ပြီ၊ အနည်းအကျဉ်းပဲ ကျန်ခဲ့တယ်။ ပစ္စည်းတွေ ဒီရောက်နေပြီဖြစ်ပေမယ့် စီမံကိန်းကို ပို့ပေးမယ့် ရထားလည်း မရှိဘူး”လို့ ၎င်းက ဆိုပါတယ်။
သို့သော် ရထားလမ်းစီမံကိန်းတွေအတွက် ပစ္စည်းတွေဟာ ဂျပန်နိုင်ငံက ပို့ဆောင်ပေးထားပြီဖြစ်လို့ နောက်ထပ် ၂ လ၊ ၃ လလောက်မှာ ရထားလမ်းစီမံကိန်းတွေ ပြန်စနိုင်ဖွယ်ရှိတယ်လို့လည်း ၎င်းက ခန့်မှန်းပြောဆိုပါတယ်။
ရထားခရီးစဉ်တွေ ပုံမှန်ဖြစ်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီအတွက် ရထားသံလမ်း ဖျက်ဆီးခံရတာတွေ၊ လမ်းပေါ်မှာ အတား အဆီး လုပ်ထားတာတွေကိုလည်း ကြုံတွေ့နေရပါသေးတယ်။
တကယ်တမ်း ခေတ်အဆက်ဆက် နည်းပါးတဲ့ လစာဝင်ငွေနဲ့ ရပ်တည်နေခဲ့ကြရတဲ့ မီးရထားဝန်ထမ်းတွေဟာ သူတို့ရဲ့ ဘဝတိုးတက်ရေး၊ ကလေးတွေရဲ့ အနာဂတ်အရေးတို့အတွက် ကိုယ်ပိုင်လွတ်လပ်ခွင့် (အထက်လူကြီးကို ဖားစရာ မလိုတဲ့ လုပ်ငန်းခွင်)၊ အဆင့်မြင့်မီးရထား ပို့ဆောင်ရေးစနစ်နဲ့ မိသားစုဘဝ ဖူလုံမယ့် လစာ အနေအထားမျိုးကို မျှော်လင့် ခဲ့ကြတာပါ။
ဟိုအရင်စစ်အစိုးရလက်ထက်က လှိုင်သာယာ-ပုသိမ်လမ်းပိုင်း၊ ဗန်မော်-ကသာလမ်းပိုင်း၊ ရခိုင်ပြည်နယ်က သံလမ်းမရှိတဲ့ ဘူတာရုံမျိုးတွေဟာ အရှုံးပေါ်ခဲ့တဲ့ စီမံကိန်းတွေဖြစ်ပြီး မီးရထား ပုံရိပ်ကျဆင်းခဲ့ရပေမယ့် ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် မှာ လမ်းပိုင်းအသစ် ပြန်ခင်းတာတွေ၊ တွဲဆိုင်း အသစ်ဝယ်တာမျိုးတွေအပြင် လေအိတ်တွဲဆိုင်းတွေကြောင့် ခရီးသွားတွေ ကြား ပြန်ရေပန်းစားလာတာတွေကို မီးရထားဌာနရဲ့ အောင်မြင်မှု တခုအနေနဲ့ အားရကျေနပ်ခဲ့ကြ ရတယ်လို့လည်း ဝန်ထမ်းတဦးက ပြောပါတယ်။
“ဒါတွေကို ပြောင်းလဲပေးဖို့ ပြည်သူ့ အစိုးရကောင်းတရပ် ပေါ်ပေါက်ဖို့ လိုပါတယ်။ မီးရထားဝန်ထမ်းတွေရဲ့ တူညီ တဲ့ မျှော်လင့်ချက်တွေ မပျောက်ပျက်စေဖို့ CDM ကို အဆုံးထိတိုက်ပွဲ ဝင်သင့်သလို အဆုံးထိ လျှောက်လှမ်းလျက် လည်း ရှိကြပါတယ်။ စစ်ကောင်စီ လက်ထက်မှာတော့ မီးရထားဝန်ထမ်း အားလုံးရဲ့ အိမ်မက်တွေဟာ လေထဲတိုက်ဆောက် နေရသလိုပဲမို့ ဘယ်သူမှ နားချစရာ မလိုအောင် စိတ်ထဲက လိုလိုလားလားနဲ့ စနစ်ဆိုးကြီးကို အမြစ် ဖြတ်တွန်းလှန် နေကြတာပါ”လို့ မီးရထား ဝန်ထမ်းတွေ ကူညီပေးနေသူက ဆိုပါတယ်။
You may also like these stories:
မလွှကုန်း ရထားဝန်ထမ်းများကို လှူဒါန်းသည့် ရိက္ခာများ စစ်တပ်နှင့်ရဲ ယူဆောင်
ဖက်ဒရယ် နိုင်ငံတော် အတွက် သွေးစည်းကြရမည့် အောက်ချင်းငှက်များ
ယင်းမာပင်တွင် အဖမ်းခံရသူတချို့ စစ်ကောင်စီသို့ ငွေပေး၍ ပြန်လွတ်လာ