၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းယူမှုကို လူထုလူတန်းစားအသီးသီး မျိုးဆက်အသီးသီး လူမျိုးစုံ ဘာသာစုံ မြို့ပြ ကျေးလက် နေရာစုံ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လမ်းမများပေါ်ထွက်ကာ ဆန့်ကျင် ဆန္ဒပြကြသည်။
သို့သော် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားတက်ကြွသူများကို သွေးထွက်သံယို သတ်ဖြတ်နှိမ်နင်းရုံမက အများပြည်သူများ၏ ပုဂ္ဂလိကပိုင်ဆိုင်မှုများကို စည်းပျက်ကမ်းပျက် ဖျက်ဆီးလုယူခဲ့ကြသည့်အပြင် အမျိုးသမီးနှင့် ကလေးငယ်များပါမချန် ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်ခဲ့ကြသည်။
ကြာသပတေးနေ့က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ထုတ်ပြန်ချက်အရ သေဆုံးသူ ၇၅၉ ယောက်ရှိပြီး ၃၄၆၁ ဦးကို ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။
စစ်ကောင်စီသည် အင်အားသုံး အကြမ်းဖက်ကာ အာဏာသိမ်းဆန့်ကျင်သူများအပေါ် နှိမ်နင်းနေခဲ့သော်လည်း ၎င်း၏ အာဏာသိမ်းမှုသည် လုံးဝ အထမမြောက်သေးပေ။ နိုင်ငံတကာအစိုးရများကလည်း အာဏာသိမ်း စစ်ကောင်စီကို အစိုးရတရပ်အနေဖြင့် လက်ခံခြင်း မပြုသေးပေ။
စစ်အာဏာသိမ်းပြီး အဓိကကျသည့် ရက်စွဲများ၊ ဖြစ်ရပ်များကို ဧရာဝတီက အကျဉ်းချုပ် မှတ်တမ်းတင် သမိုင်းမော်ကွန်း ရေးထိုးအပ်သည်။
ဖေဖော်ဝါရီ ၁ ။ ။ စစ်တပ်က အာဏာသိမ်းခဲ့သည့် ထိုနေ့သည် တတိယအကြိမ် လွှတ်တော် သက်တမ်းများ စတင်မည့် ပထမဆုံးအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခေါ်ယူရန် သတ်မှတ်ထားသည့် နေ့ရက်တခု ဖြစ်သည်။
သို့သော် ယင်းအစည်းအဝေးကို တက်ရောက်မည့် နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာရှိ လွှတ်တော်ကိုယ်စားလှယ်များ နေထိုင်သည့်ဝင်းကို စစ်တပ်က ပိတ်ဆို့ထားသည့်အခါ အစည်းအဝေး အထမမြောက်တော့ပေ။
တချိန်တည်းမှာပင် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
မဲစာရင်း မှားယွင်းမှု အကြောင်းပြချက်များဖြင့် စစ်တပ်က အရပ်သား အစိုးရထံမှ နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် ရယူလိုက်ပြီး နိုင်ငံကို အရေးပေါ် အခြေအနေကြေညာခဲ့သည်။
ထို့နောက် ရွေးကောက်ပွဲ ပြန်လည်ကျင်းပကာ အနိုင်ရပါတီကို အာဏာလွှဲအပ်ခြင်းတို့ကို အရေးပေါ်ကာလအဖြစ် ကြေညာသည့် တနှစ်အတွင်း ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၂ ။ ။ ယင်းနေ့တွင် မြန်မာပြည်သူများက စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း သံပုံးတီး၍ ဆန္ဒပြခဲ့သည်။ မကောင်းဆိုးဝါးကို သံပုံးတီး၍ နှင်ထုတ်ခြင်းသည် မြန်မာများ၏ ရိုးရာယုံကြည်မှုတခု ဖြစ်ပြီး ယင်းနေ့ ည ၈ နာရီတွင် တနိုင်ငံလုံး သံပုံးတီး လှုပ်ရှားမှုကို စတင်ခဲ့ရာ ယနေ့တိုင် ဖြစ်သည်။
အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက စစ်အာဏာသိမ်းမှုကို ကန့်ကွက်ပြီး ဖမ်းဆီးထားသူများ ပြန်လွှတ်ရန် တောင်းဆိုသည်။
ဖေဖော်ဝါရီ ၃ ။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန် သွင်းကုန် ဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မတို့ဖြင့် အမှုဖွင့် ရမန်ရယူခဲ့သည်။
နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေဖြင့် ပုဒ်မတခု ထပ်တိုးခဲ့ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ဖြင့် ၁ မှု၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် ၁ မှု စုစုပေါင်း အမှု ၅ မှုဖြင့် ရင်ဆိုင်နေရသည်။
ထို့ပြင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင်လည်း နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ပုဒ်မ (၃) ဖြင့် ယခု ဧပြီလအတွင်းက တရားစွဲတင်ခံထားရသေးသည်။ သူမ၏ ရှေ့နေများနှင့်လည်း တွေ့ ဆုံခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားသည်။
ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး၊ အရေးပေါ်ဋ္ဌာနမှ ဆရာဝန်များက အာဏာသိမ်းမှုကို ဆန့် ကျင်သည့်အနေဖြင့် ဖဲကြိုးနီလှုပ်ရှားမှု (Red Ribbon Campaign) ပြုလုပ်ခဲ့ကြသည်။ ရန်ကုန်၊ မန္တလေး၊ ဓနုဖြူဆေးရုံတို့မှ ဆရာဝန်/ ဆရာမများနှင့် ဆေးဝန်ထမ်းများကလည်း ဖဲကြိုးနီလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
မန္တလေး ကုတင် ၅၀၀ အရိုးအထူးကုဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ ရုံးတက်ခြင်း မပြုလုပ်တော့သည့်အတွက် ဆေးရုံယန္တရားစတင်ရပ်တန့်သွားသည်။ ယင်းသည် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM အစဟု ပြောနိုင်သည်။
ဖေဖော်ဝါရီ ၄ ။ ။ မန္တလေးမြို့တွင် အသက် ၃၂ နှစ်အရွယ် ဒေါက်တာ တေဇာစန်းက ဦးဆောင်ပြီး လူ ၂၀ ခန့်ဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လမ်းပေါ်ထွက် ဆန္ဒပြခဲ့သည်။ မန္တလေးမြို့ မှ စတင်လိုက်သည့် လမ်းပေါ်တက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများသည် တနိုင်ငံလုံးသို့ နောက်ပိုင်းတွင် ကျယ်ပြန့်သွားခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စစ်အာဏာသိမ်းမှုကို စိုးရိမ်ကြောင်းနှင့် ဖမ်းဆီးခံထားရသူများ လွှတ်ပေးရန် တောင်းဆိုသည်။
ဖေဖော်ဝါရီ ၅ ။ ။ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များက ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH – Committee Representing Pyihtaungsu Hluttaw) ကို NLD ပါတီက ဦးဆောင်၍ ဖွဲ့စည်းလိုက် သည်။
စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့်အနေဖြင့် အလုပ်သမားအဖွဲ့ ၁၄ ဖွဲ့ ပူးပေါင်းကာ ဆန္ဒ ထုတ်ဖော်ပွဲကို ရန်ကုန်တွင် ပြုလုပ်သည်။
ပါရမီ စိန်ဂေဟာရှေ့မှ လူပေါင်း ၁ ထောင်ကျော်ခန့်ဖြင့် ချီတက်လာကာ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး လှည်းတန်းတွင် ရဲများ လုံခြုံရေးယူ ပိတ်ဆို့ထားမှုကြောင့် ရန်ကုန်-အင်းစိန်လမ်းပေါ်တွင် ထိုင်ကာ ဆက်လက်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
ယင်းဆန္ဒပြပွဲ ပြုလုပ်နေချိန်အတွင်း အင်တာနက်လိုင်းများ တစ်ရက်ကျော်ကြာ ပြတ်တောက်ခဲ့ကာ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီဆိုသည့် ကောလာဟလသတင်းများလည်း မိုဘိုင်းမက်ဆေ့ချ်များမှတစ်ဆင့် ပြန့်နှံ့ခဲ့သည်။
အဆိုပါ ဆန္ဒပြပွဲမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြသခဲ့သမျှ ဆန္ဒပြပွဲများအတွင်း လူအများဆုံး ဆန္ဒပြပွဲဖြစ်ခဲ့ပြီး ယင်းဆန္ဒပြပွဲနောက်ပိုင်း ရန်ကုန်မြို့ပေါ်တွင် ပြည်သူများ တခဲနက် စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်နေကြပြီ ဖြစ်သည်။
ဖေဖော်ဝါရီ ၇ ။ ။ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ များတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်လာကြသည်။ CDM လှုပ်ရှားမှုတွင် ထင်ရှားကျော်ကြားသော အနုပညာရှင်များ ဆန္ဒပြပွဲများတွင် ပါဝင်လာ ကြသည်။
မြဝတီမြို့ တွင် ဆန္ဒပြသူများကို ရဲက ပစ်ခတ်ကာ ဖြိုခွဲမှု စတင် ဖြစ်ပေါ်ခဲ့သည်။ တပ်မတော်က ဖွဲ့စည်းသော အစိုးရအဖွဲ့တွင် ပါဝင်ရန် ကမ်းလှမ်းမှုကို မွန်ညီညွတ်ရေးပါတီ (MUP) က လက်ခံခဲ့သည်။
ဖေဖော်ဝါရီ ၈ ။ ။ CDM လှုပ်ရှားမှုကို ပြည်သူ့ဝန်ထမ်းများ ကိုယ်တိုင် ကျယ်ပြန့်စွာ ပါဝင်ခဲ့ကြပြီး ရုံးမသွားတော့ဘဲ အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲများတွင် လိုက်ပါ ထုတ်ဖော်ကြသည်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့တွင် လူဦးရေ သိန်းနှင့်ချီသော ဆန္ဒပြပွဲများနှင့် မြို့အများအပြားတွင် နေရာအနှံ့ ပေါ်ထွက်လာကြသည်။
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ကရင်ပြည် နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့ကို အကျယ်ချုပ်မှ ပြန်လည် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ရခိုင်အမျိုးသားပါတီ (ANP) က စစ်ကောင်စီတွင် ပူးပေါင်းပါဝင်နေခြင်းအပေါ် ပြန်လည် သုံးသပ်ပြီး လက်ခံခြင်းမပြုရန် ရခိုင်အခြေစိုက် အရပ်ဘက် အဖွဲ့အစည်း ၄၇ ခုက တောင်းဆိုကြသည်။
CDM တွင် ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများပါ ပါဝင်သဖြင့် ဘဏ်အချို့ စတင် ပိတ်ထားရသည်။
နေပြည်တော်တွင် ဝန်ထမ်းလိုင်းကားများ အဓိက ဖြတ်သန်းရသည့် သပြေကုန်းအဝိုင်းကို ပြည်သူလူထုက ပိတ်ဆို့ ဆန္ဒပြသဖြင့် ရဲက ရေပိုက်ဖြင့် ဖြိုခွဲရာ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။
ပြည်သူများ သံပုံးတီးချိန်ဖြစ်သော ည ၈ နာရီအချိန်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်ကို ပြည်သူသို့ မိန့်ခွန်းပြောဆို၍ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး ထွက်လာခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံအနှံ့ ၅ ဦးထက် ပိုမစုရသည့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည်။
ဖေဖော်ဝါရီ ၉ ။ ။ စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားသည့် နေ့များထဲတွင် တနိုင်ငံလုံးက ပြည်သူများ လမ်းမပေါ်သို့ ရောက်ရှိလာသည့် နေ့အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။
နေပြည်တော်တွင် ရဲက ဆန္ဒပြလူအုပ်စုထဲသို့ သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲမှုကြောင့် အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်၏ ဦးခေါင်းတွင် သေနတ်ကျည်ဆန် မှန်သွားခဲ့ပြီး နောက်ပိုင်းတွင် ယင်းဒဏ်ရာဖြင့် သေဆုံးခဲ့သည်။
ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းမှုကို လက်မခံကြောင်း UN အဖွဲ့အစည်းများက ထုတ်ပြန် ပြောဆိုခဲ့ကြသည်။
ဖေဖော်ဝါရီ ၁၀ ။ ။ တရုတ်နိုင်ငံက အင်တာနက်ထိန်းချုပ်ရေး၊ တရုတ်နည်းပညာသမားများနှင့် လက်နက်များပို့ဆောင်ကြောင်း ပြောဆိုချက်များ ပျံ့နှံ့ခဲ့ပြီး တရုတ်သံရုံးက ပင်လယ်စာသယ်သည့် လေယာဉ်များဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
တိုင်းရင်းသားလူငယ် ၅ ထောင်ကျော် ရန်ကုန်မြို့ မြေနီကုန်းတွင် စုရုံးချီတက် ဆန္ဒပြကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ၎င်းတို့၏ ကြွေးကြော်သံများသည် ယနေ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၏ ခြေလှမ်းအစဖြစ်သည်။
ဖေဖော်ဝါရီ ၁၁ ။ ။ ရန်ကုန်မြို့ ရှိ တရုတ်သံရုံးရှေ့တွင် နာမည်ကျော် အနုပညာရှင်များ အပါအဝင် လူအများအပြား ဆန့်ကျင်ဆန္ဒပြကြသည်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့ အထိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။
ဖေဖော်ဝါရီ ၁၅ ။ ။ တရုတ်သံအမတ် ချန်ဟိုင်းက ပြည်တွင်းမီဒီယာတချို့ထံ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေ သော မြန်မာနိုင်ငံ၏ အခြေအနေမျိုးသည် တရုတ်နိုင်ငံက မြင်တွေ့လို သည့် ပုံစံမဟုတ်ကြောင်း ပြောသည်။
လက်ရှိအခြေအနေတွင် အထူးသဖြင့် အကြမ်းမဖက်သင့်ကြောင်း၊ ပြည်သူလူထု၏ အခြေခံအခွင့်အရေးကို ထိန်းသိမ်းကာကွယ်ရပေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဖေဖော်ဝါရီ ၁၉ ။ ။ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များ၏ ပထမဆုံး ပစ်ခတ်မှုအတွင်း ဦးခေါင်းထိမှန်ခဲ့သော မမြသွဲ့သွဲ့ခိုင်သည် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကြီး၌ ကွယ်လွန်သည်။ မမြသွဲ့သွဲ့ခိုင် သေဆုံးမှုနှင့်ပတ်သက်၍ စစ်ကောင်စီက ဆန္ဒပြသူ အချင်းချင်း ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၂၂ ။ ။ (၂၂၂၂၂) ၂ ငါးလုံး နေ့အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် ပြိုင်တူစုရုံး နှစ်ငါးလုံး ဟုဆိုကာ တနိုင်ငံလုံးရှိ မြို့များ၊ ရွာများတွင် လူသန်းပေါင်းများစွာ လမ်းမများပေါ် စုရုံးဆန္ဒပြခဲ့ကြပြီး ဈေးဆိုင်များလည်း ပိတ်ခဲ့ကြသည်။
ဖေဖော်ဝါရီ ၂၆ ။ ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပျက်သွားပြီ ဖြစ်ကြောင်း စစ်ကောင်စီက ဖွဲ့စည်းထားသော ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက နေပြည်တော်တွင် ပြုလုပ်သော ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံ ညှိုနှိုင်းပွဲတွင် ပြောဆိုခဲ့သည်။
ယင်းနေ့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် နယူးယောက်၊ အထွေထွေ ညီလာခံမိန့်ခွန်းတွင် မြန်မာနိုင်ငံက ဆန္ဒပြပြည်သူများဘက်က ရပ်တည်ကြောင်း ပြောကြားခဲ့ပြီး အာဏာရှင် ဆန့်ကျင်ကြောင်း လက် ၃ ချောင်း ထောင်ပြခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ။ ။ Milk Tea Alliance (နို့လဖက်ရည်မဟာမိတ်) နေ့ဟု သတ်မှတ်ပြီး တနိုင်ငံလုံး ပြည်သူများက စုပေါင်းဆန္ဒပြပွဲနေ့တခု အဖြစ် သတ်မှတ်ခဲ့ကြသည်။ ထိုင်း၊ ဟောင်ကောင်နှင့် ထိုင်ဝမ်ရှိ ကျောင်းသားများကလည်း မြန်မာ့အရေး ထောက်ခံအားပေးသောအနေဖြင့် ဆန္ဒပြခဲ့ကြသည်။
နိုင်ငံတကာက သွေးစွန်းသော တနင်္ဂနွေဟု သတ်မှတ်သော ထိုနေ့တွင် ရန်ကုန်၊ လှည်းတန်း အကြမ်းဖက်မှု၌ ကိုညီညီအောင်ထက်နိုင်သည် နံနက် ၉ နာရီ မိနစ်၂၀ တွင် ဝမ်းဗိုက်၌ ကျည်ဆန်မှန်ကာ သေဆုံးခဲ့ရသည်။
၎င်းကျဆုံးသွားရာ ကမာရွတ်၊ အထက ၅ ရှေ့ သည် အမှတ်တရနေရာ တခုဖြစ်လာခဲ့သည်။
မတ် ၁ ။ ။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)က မြန်မာနိုင်ငံနှင့် နိုင်ငံသားများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည့် စစ်ကောင်စီကို အကြမ်းဖက်အုပ်စု အဖြစ်ကြေညာခဲ့သည်။
မတ် ၃ ။ ။ မန္တလေးမြို့ ၈၄ လမ်းနှင့် လမ်း ၃၀ ထောင့်တွင် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲအတွင်း အသက် ၁၈ နှစ် အရွယ် တိုက်ကွမ်ဒို အားကစားသမား မကြယ်စင်သည် ခေါင်းကျည် ထိမှန်ကာ ကျဆုံးသွားခဲ့သည်။
သူမ ဝတ်ဆင်ထားသော အနက်ရောင်တီရှပ်ပေါ်တွင် Everything will be OK ဟူသော စာတန်းဖြူ ရိုက်နှိပ်ထားပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများကို လှူဒါန်းသည်ဟု ကြိုတင်စာရေးသားခဲ့ရာ နိုင်ငံတကာ သတင်းဌာနများစွာက သတင်းဖော်ပြခဲ့ကြသည်။
နောက်ပိုင်းတွင် သူမ၏ အုတ်ဂူကို စစ်ကောင်စီ လက်နက်ကိုင်တပ်များက အဓမ္မ ဝင်ရောက်တူးဖော်ခဲ့ပြီး အလောင်းကို ဆေးစစ်မှုများ ပြုလုပ်ကာ ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း ဗြောင်ငြင်းဆိုခဲ့သည်။
မတ် ၆ ။ ။ ညပိုင်းတွင် ပန်းပဲတန်းမြို့နယ်၊ NLD ပါတီရပ်/ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ်အား စစ်ကောင်စီက ဖမ်းဆီးပြီး ညတွင်းချင်းပင် သေဆုံးသွားခဲ့သည်။
စစ်တပ်က ညဖက်တွင် ဖမ်းဆီးသွားပြီးနောက် နောက်တနေ့ မနက်တွင် အလောင်းထားထုတ်ခိုင်းသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။
မတ် ၇ ။ ။ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာ့အရေး အဆိုပြုချက် ၃ ချက် တင်ပြသည်။ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများအရ ညှိနှိုင်းဆွေးနွေးပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တိုးတက်အောင် ဆက်လက်တွန်းအားပေးရန်၊ သွေးထွက်သံယိုမှုများ ထပ်မဖြစ်ရေးနှင့် တင်းမာမှုများ အမြန်ဆုံး ဖြေလျော့ ရေးတို့ ဖြစ်သည်။
အာဆီယံနည်းလမ်းဖြင့် ကြားဝင်စေ့စပ်ဖျန်ဖြေခြင်းကို တရုတ်ကထောက်ခံကြောင်း လည်း ပြောသည်။
ညနေပိုင်းတွင် ဦးခင်မောင်လတ်၏ အလောင်းကို ရဲစခန်းမှ လာထုတ်ရန် မိသားစုထံမှ အကြောင်းကြားခဲ့သည်။
မတ် ၈ ။ ။ စစ်ကောင်စီသည် မီဒီယာလွတ်လပ်ခွင့်ကိုဖိနှိပ်သည့်အနေဖြင့် ပြည်တွင်းအခြေစိုက် သတင်းဌာန ၅ ခု ဖြစ် သည့် Mizzima၊ DVB၊ 7 Days၊ Myanmar Now နဲ့ ခေတ်သစ် သတင်းဌာနတို့ကို ရေးသားထုတ်ဝေ ထုတ်လွှင့်ခွင့်များ ပိတ်သိမ်းခဲ့သည်။
ယင်းနေ့တွင် ရွှေပြည်သာမြို့နယ် စု အသက်မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာ) တာဝန်ခံ ဦးဇော်မြတ်လင်းမှာ ဖမ်းဆီးခံရပြီး ညှင်းပန်းနှိပ်စက်ထားသည့် ဒဏ်ရာများဖြင့် အလောင်းအား လာထုတ်ရန် နောက်နေ့တွင် အကြောင်းကြားခြင်းခံခဲ့ရသည်။
မတ် ၁၁ ရက် ။ ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထားသော ဆန္ဒပြ ဆရာဝန်များအား ငွေပေးပြီး ရွေးယူရန် အကြောင်းကြားလာသည့် သတင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဧရာဝတီ သတင်းဌာနကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခဲ့သည်။
ကချင်လွတ်လပ်ရေးတပ်မတော်က ဖားကန့်ရှိ ဆယ်ဇင်းစခန်းအား ဝင်ရောက်တိုက်ခိုက် သိမ်းယူခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စစ်ကောင်စီတပ်ဖွဲ့များ ဆန္ဒပြသူများအား ပစ်ခတ်သတ်ဖြတ်မှုကို ရှုတ်ချခဲ့သည်။
မတ် ၁၄ ။ ။ လှိုင်သာယာမြို့နယ်မှ ဆန္ဒပြပြည်သူများအား စစ်တပ်က အင်အားအလုံးအရင်းဖြင့် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းသဖြင့် လူ ၅၀ ကျော် သေဆုံးခဲ့ရသည်။ လှိုင်သာယာရှိ တရုတ်နိုင်ငံသားပိုင် စက်ရုံနှင့် ဟိုတယ်အချို့ မီးရှို့ဖျက်စီးခံရသည်။
တရုတ်သံရုံးက တရုတ်လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအာမခံချက်ပေးရန် တောင်းဆိုခဲ့သည်။
စစ်ကောင်စီက ရန်ကုန်တိုင်းရှိ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။
မတ် ၁၅ ။ ။ စစ်ကောင်စီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ မြောက်ဥက္ကလာပမြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေးကြေညာသည်။
လှိုင်သာယာနှင့် ရွှေပြည်သာနေ အလုပ်သမား သိန်းချီပြီး နေထိုင်ရာအရပ်က ထွက်ခွာပြီး မွေးရပ်မြေသို့ ပြန်ကုန်ကြသည်။
မြန်မာနိုင်ငံတွင် လူသုံးအများဆုံး မိုဘိုင်းအင်တာနက်ကို စစ်အစိုးရက အကန့်အသတ်မရှိ ဖြတ်တောက်ခဲ့သည်။
မတ် ၁၇ ။ ။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းစာ လွတ်လပ်ခွင့်များ ကျဆင်းခဲ့ရပြီး မြန်မာနိုင်ငံတွင် ပုဂ္ဂလိက သတင်းစာတစောင်မှ ထွက်ရှိခြင်း မရှိသည့်နေ့အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
မတ် ၂၅ ။. ။ စစ်တပ်က နှစ်ပေါင်း ၃၀ ကျော် စခန်းထိုင်ခဲ့ပြီး ဗျူဟာကျသော အလော့ဘွမ်တောင်ကုန်းကို ကချင်လွတ်မြောက်ရေးတပ် KIA က ဝင်ရောက် တိုက်ခိုက်သိမ်းယူခဲ့သည်။ တရုတ်နယ်စပ်အနီးတွင် ရှိပြီး လိုင်ဇာမြို့နှင့်လည်း မဝေးသော စိုးမိုးကုန်းကို စစ်တပ်က ပြန်လည်ရယူရန် လေကြောင်းစစ်ကူများဖြင့် သာမက ယနေ့အချိန်ထိ အရာရှိများအပါအဝင် စစ်သားများ အကျအဆုံး များစွာခံပြီး ကြိုးစားနေသည်။
မတ်လ ၂၆ ။ ။ ရှရှားကာကွယ်ရေး ဒုတိယဝန်ကြီး အလဇန်းဒြား ဖိုမင်နှင့် အဖွဲ့သည် တပ်မတော်နေ့ အခမ်းအနား တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိ လာခဲ့သည်။
ရက်ပေါင်း ၅၀ ကျော်ကြာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် ပြည်သူလူထု၏ ဆန္ဒပြမှုအတွင်း သိမ်းယူရရှိခဲ့သည့် လက်လုပ်ကိရိယာ ပစ္စည်းများကိုလည်း ရုရှား ဒုကာကွယ်ရေးဝန်ကြီးကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှင်းလင်း ပြသခဲ့သည်။
မတ်လ ၂၇ ။ ။ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းပေါ်ရှိ အမေရိကန်စစ်တာ သေနတ်ဖြင့် အပစ်ခံခဲ့ရသည်။ အာဏာသိမ်း စစ်ကောင်စီ၏ ပထမဆုံး တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်၌ ပြုလုပ်ခဲ့သည်။
ထို့နေ့တွင်ပင် တနိုင်ငံလုံး အတိုင်းအတာဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပြည်သူ ၉၀ ကျော် ပစ်ခတ် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း အသေအပျောက် အများဆုံး ရက် ၁ ရက် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ရုံးက ထုတ်ပြန်ခဲ့သည်။
ကရင်လွတ်မြောက်ရေးတပ်မတော်က ဖာပွန်ခရိုင်အတွင်း စစ်တပ်က ထိုင်ထားသော သီးမူးထာစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ယင်းနောက်ဆက်တွဲအနေဖြင့် စစ်တပ်က တိုက်လေယာဉ်ဖြင့် ယင်းဒေသနေ ကရင်ရွာများကို ပြန်လက်စားချေ ဗုံးကြဲခဲ့သည်။
မတ် ၃၁ ။ ။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ ကို ဖျက်သိမ်း ကြောင်း ကြေညာခဲ့သည်။
ဧပြီ ၁ ။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း CRPH က ကြေညာပြီးနောက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ ကြီးများအပါအဝင် မြို့နယ်အနှံ့အပြားတွင် ၂၀၀၈ ခြေ/ဥ စာအုပ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
Ruby Mart နှင့် Gadamar Wholesale ကုန်တိုက် နှစ်ခု နံနက်အစောပိုင်း တချိန်တည်းတွင် မီးလောင်ခဲ့ပြီး CNN သတင်းထောက် ရန်ကုန်မြို့သို့ ရောက်ရှိချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။
ဧပြီ ၂ ။ ။ တမူးရှိ နန်းဖာလုံ ရဲကင်းကို CDM ရဲတဦးက ပြည်သူကို ဦးဆောင်၍ ဝင်ရောက်တိုက်ခိုက်ရာ ၎င်း CDM ရဲ အပါအဝင် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင် ၅ ဦးလည်း သေဆုံးခဲ့သည်။
စစ်ကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့်က ၎င်း၏သားကို ဖမ်းဝရမ်းထုတ်ခဲ့သည်။
CNN သတင်းထောက်နှင့် အင်တာဗျူးဖြေပေးသူများကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ CNN သတင်းထောက်၏ မေးခွန်း ထုတ်မှုကြောင့် နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
ဧပြီ ၄ ။ ။ ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် တူမီးကိုင် မြို့ခံများ နှစ်ဖက်ထိပ်တိုက် ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီက ဖမ်းဆီးထားသည့် အရပ်သားပြည်သူ ၉ ဦးနှင့် ပြည်သူက ဖမ်းဆီးထားသည့် ရဲ ၇ ဦးတို့ကို လဲလှယ်ခဲ့သည်။
ဧပြီ ၆ ။ ။ နာမည်ကျော် လူရွှင်တော်ကြီး ဦးဇာဂနာ ဖမ်းဆီးခံရသည်။ တောင်ဥက္ကလာရှိ ရွှေမန်းသူကားဂိတ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ဧပြီ ၇ ။ ။ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့သည် UWSA ဝ လက်နက်ကိုင်တပ်ဖွဲ့နှင့် သွားရောက်တွေ့ဆုံပြီး စစ်အာဏာသိမ်းရခြင်း အကြောင်း ရှင်းပြခဲ့သည်။
ဧပြီ ၈ ။ ။ ဗြိတိန်နိုင်ငံ လန်ဒန်မြန်မာသံရုံးကို စစ်ကောင်စီ၏ စစ်သံရုံးအဖွဲ့က စီးနင်းထားသဖြင့် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးကျော်စွာမင်း သံရုံးအတွင်း ဝင်ရောက်ခွင့် မရရှိတော့ပေ။
နိုင်ငံတဝှမ်းရှိ PSI စလောင်းများကို လိုက်လံဖြုတ်သိမ်းသည်။ သပိတ်စစ်ကြောင်း အားကောင်းသော တန့်ဆည်မြို့နယ်တွင် ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၁၁ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။
ဧပြီ ၉ ။ ။ စစ်အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၆၈ ရက်ကြာ ပျက်ရက်မရှိ ဆန္ဒထုတ်ဖော်ခဲ့သည့် ပဲခူးမြို့ သပိတ်စခန်းကို စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အရပ်သား အနည်းဆုံး ၈၂ ဦး သေဆုံးပြီး လူအမြောက်အမြား ဖမ်းဆီးခံခဲ့ရသည်။ ပဲခူးဖြိုခွင်းမှုကို ပြည်ထဲရေး ဒုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ကိုယ်တိုင် ပဲခူးသို့ ဆင်းကာ တိုက်ရိုက်ကွပ်ကဲ ညွန်ကြားခဲ့ခြင်း ဖြစ်သည်။ ပဲခူးမြို့ခံများ မြို့ကို စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
ယင်းနေ့ညပိုင်းတွင် သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
ဧပြီ ၁၀ ။ ။ လားရှိုး-မန္တလေးလမ်းမကြီးပေါ်ရှိ နောင်မွန်ရဲစခန်းကို မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်သဖြင့် ရဲ ၈ ဦး သေဆုံးခဲ့သည်။ တမူးမြို့ရှိ သပိတ်ခံတပ်များကို စစ်ကောင်စီ တပ်က ပစ်ခတ်ရှင်းလင်းသည်။
ဧပြီ ၁၂ ။ ။ တမူးမြို့တွင် စစ်ကောင်စီက အလုံးအရင်းပစ်ခတ်ကာ အိမ်အတွင်းလည်း ဝင်ရောက်ရှာဖွေနေသဖြင့် ဒေသခံများ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်ရသည်။
စစ်ကောင်စီ၏ ရဟတ်ယာဉ်ကို မှားယွင်းစွာ ပစ်ခတ်မိကြောင်း SSA မြောက်ပိုင်း ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် SSA မြောက်ပိုင်း က တောင်းပန်ကြောင်း ပါရှိသည်။
ဧပြီ ၁၅ ။ ။ မန္တလေးမြို့ ဆူးလေဗလီဝင်းကို စစ်ကောင်စီတပ်များဝင်ရောက် ပစ်ခတ်ရာ အသက် ၂၈ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။
နေ့စဉ်အင်အားထောင်ချီထွက်နေခဲ့သော မုံရွာမြို့၏ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား စစ်ကောင်စီက အိမ်စီးကားဖြင့် ဝင်တိုက်ကာ ဖမ်းဆီးခဲ့သည်။
ဧပြီ ၁၆ ။ ။ ၂၀၂၀ ရွေးကောက်ခံ အမတ်အများစုဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို ဖွဲ့စည်းခဲ့သည်။
စစ်အာဏာရှင်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်သည့် NUG တွင် ဖမ်းဆီး ထိန်းသိမ်းတရားစွဲခံထားရသည့် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် မူလ ရာထူးများဖြင့် ပြန်လည်ပါဝင်ခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူ လူငယ်များကို ခန့်အပ်တာဝန်ပေးထားခဲ့သည်။
ဧပြီ ၁၇ ။ ။ မုံရွာ-ယာကြီး-ကလေးဝကားလမ်းပေါ်ရှိ ကနီမြိ့နယ်နှင့် မင်းကင်းမြို့နယ်ကြား ကျေးရွာတချို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
သရုပ်ဆောင် ဇဏ်ခီတို့ မိသားစုကို ရန်ကုန်လေဆိပ်တွင် အရပ်ဝတ်နှင့် လူတစုက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယင်းနေ့သည် မြန်မာသက္ကရာဇ် နှစ်ဆန်း ၁ ရက်နေ့ ဖြစ်၍ လွတ်ငြိမ်းချမ်းသာဖြင့် မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၂ သောင်းကျော် လွတ်မြောက်လာခဲ့သည်။
ဧပြီ ၁၈ ။ ။ ရန်ကင်းမြို့တွင် ဖမ်းဆီးခံလိုက်ရသည့် လူငယ်များ ၉ ဦးကို နှိပ်စက်ခံရထားသည့် ဒဏ်ရာများဖြင့် စစ်ကောင်စီ ထုတ်ပြန် ကြေညာခဲ့သည်။ အမျိုးသမီးများကို ရိုက်နှက်ညှင်းပမ်းပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ရွှေပြည်သာ စစ်ကြောရေးစခန်းတွင် ဖြစ်ပွားနေကြောင်း နောက်ဆက်တွဲသတင်းများ ပေါ်ထွက်လာသည်။
ဧပြီ ၂၄ ။ ။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ပြုလုပ်သည့် မြန်မာ့အရေးအာဆီယံအထူးထိပ်သီး အစည်းအဝေးသို့ နေ့ချင်းပြန် တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အကြမ်းဖက် သတ်ဖြတ်မှုများ အဆုံးသတ်ရေး၊ အင်အားစုအားလုံးနှင့်တွေ့ဆုံဆွေးနွေးရေး၊ လူသား ချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်နိုင်ရေး၊ အာဆီယံဆိုင်ရာ အထူးသံတမန် ခန့်အပ်ရေးနှင့် ဖမ်းဆီးထား သူများ အားလုံးလွှတ်ပေးရေး စသည့် ဘုံသဘောတူညီချက် ၅ ချက်ရရှိခဲ့ကြောင်း အစပိုင်းတွင် ကြေညာခဲ့သော်လည်း ကြေညာချက် အချောတွင် ဖမ်းဆီးထားသူများ လွှတ်ပေးရေး ချန်လှပ်ခံခဲ့ရသည်။
ဧပြီ ၂၆ ။ ။ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အာဆီယံခေါင်းဆောင်များ၏ အကြံပြုချက်များ ကို ပြည်တွင်းတည်ငြိမ်အေးချမ်းမှ လက်တွဲအကောင်အထည်ဖော်ရန် စဉ်းစားမည်ဟု စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြောင်း ထုတ်ပြန်သည်။
မြန်မာ့အရေး အာဆီယံ ကြိုးပမ်းမှု ထောက်ခံအားပေးကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောသည်။
CRPH ကို လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် တိုးချဲ့ ဖွဲ့စည်းလိုက်သည်။
ဧပြီ ၂၇ ။ ။ အပစ်ရပ် ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က အင်အားကောင်းသည့် တိုင်းရင်းသား လက်နက်ကိုင် ပေါင်းစု ဖွဲ့စည်းနိုင်ရေး အတွက် NCA မထိုးရသေးသည့် လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးရန် အရေးပါသော ပုဂ္ဂိုလ် ၇ ဦးပါ ကိုယ်စားလှယ်အဖွဲ့တခုကို ဖွဲ့စည်းလိုက်သည်။ ထို့ပြင် အမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့စည်းမှုကို ကြိုဆိုကြောင်း၊ CRPH ကိုလည်း ဝန်းရံသွားမည်ဖြစ်ကြောင်း၊ အာဏာ သိမ်းကောင်စီက ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရေး၊ တိုင်းရင်းသားဒေသများတွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်းကို ရှုတ်ချပြီး ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်သည်။
ချင်းပြည်နယ် မင်းတပ်မြို့တွင် ဖမ်းဆီးခံ လူငယ်များ ပြန်လွှတ်ပေးရေး အကြောင်းပြုပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ဒေသခံများကြား တိုက်ပွဲများပြင်းထန်နေပြီး သေဆုံး ဒဏ်ရာရမှုများလည်း ရှိခဲ့သည်။
စစ်ကောင်စီ၏ ငွေရပေါက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူပိတ်ဆို့ရန် အမေရိကန် အထက်လွှတ်တော် အမတ် ၆ ဦး အမေရိကန် အစိုးရသို့ တောင်းဆိုသည်။
VOM အယ်ဒီတာချုပ် ဦးနေမျိုးလင်းနှင့် သတင်းထောက်တဦးကို စစ်ကောင်စီက မေးစရာရှိသည်ဟု ခေါ်ယူပြီး လက်ရှိ အချိန်ထိ ပြန်မလွှတ်သေးပေ။
ဧပြီ ၂၈ ။ ။ မိုးညှင်းခရိုင် ဟိုပင်မြို့ သဝက်ချောင်း တံတား မိုင်းခွဲ ဖျက်စီးခံရသည်။ မင်းတပ်တွင် စစ်ကောင်စီ တပ်ဖွဲ့ကို တူမီးကိုင် ဒေသခံများ က ပိတ်ဆို့ ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ အယောက် ၂၀ ကျဆုံးပြီးနောက် ဖမ်းဆီးခံ လူငယ်များကို ပြန်လွှတ်ပေးလိုက်သည်။
ဧပြီ ၂၉ ။ ။ မကွေးအခြေစိုက် လေတပ်စခန်းနှင့် မိတ္ထီလာအခြေစိုက် လေတပ်စခန်းတို့အား မနက်အစောပိုင်းက ရှော့ တိုက်ဒုံးဟု ယူဆရသည့် လက်နက်များဖြင့် အပစ်ခံခဲ့ရကာ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။
သာယာဝတီ ခလရ ၃၅ တပ်ရှိ လက်နက်တိုက် မီးလောင်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
သံလွင်မြစ်ကမ်းနဖူးရှိ စစ်ကောင်စီ တပ်များ ထိုင်ထားသော သော်လဲထာစခန်းကို KNLA က တိုက်ခိုက်၍ စစ်ကောင်စီတပ်သား ၄၈ ဦးသေဆုံးကြောင်း KNU ထုတ်ပြန်သည်။ စစ်တပ်မှ တိုက်လေယာဉ်များဖြင့် ကရင်ရွာများသို့ ဗုံးပြန်ကြဲသည်။
မန္တလေး ဒုမြို့တော်ဝန်အိမ် ဗုံးကွဲမှုဖြစ်ပွားခဲ့သည်။
ဧပြီ ၃၀ ။ ။ ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးမှ သပိတ်စစ်ကြောင်းများ ပြန်လည်ထွက်လာကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြကြသည်။
You may also like these stories:
အာဆီယံ တောင်းဆိုချက်က လေးစား အထင်ကြီးစရာ လုံးဝ မရှိ
ကျရှုံးနိုင်ငံအဖြစ်မှ မြန်မာနိုင်ငံ ရှောင်လွှဲနိုင်မလား
KIA နဲ့ စစ်တပ်အတွက် အရေးပါတဲ့ တရုတ်- မြန်မာနယ်စပ်က အလော့ဘွမ်စခန်း
စစ်အာဏာရှင် စနစ်ဆိုးကို အမြစ်ဖြတ်ဖို့ ဝိုင်းကူနေတဲ့ CDM မီးရထားလုပ်သားကြီးများ