ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး နောက်ပိုင်းလများအတွင်း၌ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော အရပ်သားအစိုးရအား ဖြုတ်ချခြင်းကိုဆန့်ကျင်ကြောင်း ဆယ်စုနှစ်များစွာ ဗဟိုအစိုးရနှင့် တိုက်ခိုက်နေခဲ့သော မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) များက ပြောကြားခဲ့ကြသည်။
မြန်မာစစ်တပ်က အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများကို သတ်ဖြတ်သည့်အခါ မြို့ပြဒေသများမှ ပြည်သူက စစ်အစိုးရကို တိုက်ခိုက်ရာတွင် EAO များထံမှ အကူအညီကို တောင့်တခဲ့ကြသည်၊ လက်နက်ကိုင်တုန့်ပြန်မှုသည် လက်နက်မဲ့ အရပ်သားများအပေါ် စစ်တပ်၏ ရက်စက်ယုတ်မာမှုကို ရပ်တန့်ရေးတွင် အကောင်းဆုံးမျှော်လင့်ချက်ဖြစ်သည်ဟု ယုံကြည်ကြသည်။
သို့သော်လည်း စစ်တပ်မှ အာဏာသိမ်းပြီး ၃ လတာ ကာလအတွင်း မြန်မာနိုင်ငံရှိ EAO ၂၀ ထဲမှ အနည်းငယ်သာ ဒီမိုကရေစီ ထောက်ခံသူများကို “စစ်အစိုးရက ရက်စက်စွာ သတ်ဖြတ်ခြင်းအား ကြည့်မနေနိုင်သောကြောင့်” အမှန်တကယ် အကူအညီ ပေးမှုများ ပြုလုပ်ခဲ့ကြသည်။ အများစုက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို နှုတ်အားဖြင့်သာ ထောက်ခံ ကြောင်း ပြသခဲ့ကြပြီး “သူတို့လုပ်ခဲ့တာတွေအတွက် စစ်အစိုးရက တာဝန်ယူရလိမ့်မယ်” အစရှိသဖြင့်သာ ပြောကြားခဲ့ကြသည်။
မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူများကို EAO များက ထောက်ခံသည့် ပုံစံက အမျိုးမျိုးရှိသည်။ နယ်စပ် ဧရိယာများတွင် မြန်မာစစ်တပ်အပေါ် သူတို့၏တိုက်ခိုက်မှုများကြောင့် စစ်အစိုးရက ရှေ့တန်းသို့ သူတို့၏ တပ်များ ပိုမိုချထားရန် လိုအပ်သလို စစ်အစိုးရ ဆန့်ကျင်ရေးဆန္ဒပြသူများကို နှိမ်နင်း နေရခြင်းကြောင့် စစ်အစိုးရကို ထိခိုက်စေခဲ့သည်။
EAO များက စစ်အစိုးရ လက်မှ ထွက်ပြေးလာသူများကို နေစရာများ ပေးနေပြီး အကာအကွယ်ပေး၍ စစ်အာဏာရှင် စနစ်အား ဆန့်ကျင်ရာတွင် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲရန် မြေအောက် ဆင်းလာသော လူငယ်များနှင့် စိတ်အားထက်သန် နေသော မြို့ပြမှ ဆန္ဒပြသူများကို စစ်သင်တန်းများလည်း ပေးနေသည်။
ယခုအချိန်ထိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင် အဖွဲ့ ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ သည် စစ်အစိုးရကိုဖြုတ်ချရေး ထောက်ခံမှုတွင် အထင်ရှားဆုံးဖြစ်သည်။
မတ်လမှ စ၍ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသများတွင် KIA နှင့်မြန်မာ စစ်တပ် များ၊ KNLA နှင့် အစိုးရတပ်များကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများ၏ သတင်းများက ဆန္ဒပြသူ များ နှင့် အရပ်သားများအပေါ် စစ်တပ်၏ ရက်စက်မှုများကြောင့် စိတ်ပျက်နေရသူများကို အားတပ်စေခဲ့သည်။
ကချင်ပြည်နယ်တွင် အစိုးရတပ်များသည် ဗျူဟာမြောက် တောင်ကုန်းအခြေစိုက်စခန်း တခုကို KIA သို့ ပေးခဲ့ရပြီး တောင် ဘက်တွင် KNLA မှ ကရင်စစ်သားများက ထိုင်းနယ်စပ်အနီး ရှိ စစ်စခန်းတခုကို သိမ်းပိုက်ခဲ့သည်။ ထိုဧရိယာ ၂ ခုလုံးတွင် အစိုးရတပ်များ အနေဖြင့် ထိခိုက်သေဆုံးမှုများ ကြီးမားစွာ ခံစားခဲ့ရပြီး စစ်သားအချို့ ဖမ်းဆီးခံရသည်ကို တွေရသည်။
ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA
မြန်မာနိုင်ငံ၏ သက်တမ်း အရင့်ဆုံး တိုင်းရင်းသားနိုင်ငံရေးပါတီဖြစ်သော KNU က အာဏာသိမ်းသည့် ချိန် မှစ၍ စစ်ကောင်စီကို ဆန့်ကျင်ခဲ့သည်။ KNU ဥက္ကဌ ဖဒို စောမူတူးစေးဖိုးက စစ်ကောင်စီတပ်များက အရပ်သားများအားသတ်ဖြတ်ခြင်းကို ရပ်တန့်၍ ဖမ်းဆီး ထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးခြင်းမပြုမီအထိ စစ် ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံမည် မဟုတ်ကြောင်း ငြင်းဆန်ခဲ့သည်။ မတ်လ ၂၇ ရက်နေ့ တပ်မတော် နေ့ စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားချက်ကို KNU က ငြင်းပယ်ခဲ့သည်။
KNU ၏ စစ်ရေးအဖွဲ့ဖြစ်သည့် KNLA က စစ်အစိုးရ၏ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ပြုလုပ်သည့် နေ့တွင် စစ် တပ် ၏ အမှတ် ၃၄၉ ခြေမြန်တပ်ရင်းမှ ထိန်းချုပ်ထားသည့် သီးမူးထရှိ သံလွင်မြစ်အနီးမှ တပ်စခန်းတခုကို သိမ်းပိုက်ခဲ့သည်။ KNLA တပ်မဟာ ၅ က အရာရှိတဦး အပါအဝင် စစ်သား ၁၀ ဦး ကို သတ်ဖြတ်ခဲ့ပြီး စစ်သား ၈ ယောက်ကို ဖမ်းမိခဲ့သည်။
တပ်မဟာ ၅ သည် KNU က ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ ညီချက် (NCA) လက်မှတ်ထိုးခဲ့သော်လည်း မြန်မာ စစ်တပ်ကို တိုက်ခိုက်ခြင်း မရပ်တန့်သေးသည့် KNLA တပ်များထဲမှ တခုဖြစ်သည်။ ပြီးခဲသည့် ၃ နှစ်တာ ကာလအတွင်းတွင် တပ်မဟာ ၅ ထိန်းချုပ်ထားသည့်နယ်မြေအတွင်း စစ်တပ်က ၎င်း၏ နယ်မြေကို ချဲ့ထွင်ခဲ့ပြီး အရပ်သားများအပေါ် စနစ်တကျ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဒီဇင်ဘာလတွင် KNLA က တပ်များကို ရုပ်သိမ်းရန် ငြင်းဆန်ပါက ပြင်းထန်သောအကျိုးဆက်များ ရှိလာမည် ဖြစ်ကြောင်း စစ်တပ်ကို သတိပေးခဲ့သည်။
သီမူးထကို သိမ်းပိုက်ပြီး ၁ လတိတိကြာသည့် ဧပြီလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်နှင့် နယ်စပ်အနီး သောလယ်ထရှိ သံလွင်မြစ်ကမ်းမှ စစ်တပ်၏ နယ်ခြား စခန်းတခုကို တပ်မဟာ ၅ က သိမ်းပိုက်ခဲ့သည်။ စစ်အစိုးရတပ်မှ အနည်းဆုံး ၁ ဒါဇင်ခန့် သေဆုံးခဲ့သည်။ သီးမူးထကို သိမ်းပိုက်ပြီးနောက် စစ်တပ်က တပ်မဟာ ၅ ၏ ဧရိယာကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ကြောင့် ဒေသခံ ၃၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
တပ်မဟာ (၅) ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုးက KNLA ၏တိုက်ခိုက်မှုများသည် အရပ်သားများနှင့် ဖြုတ်ချခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ရွေးကောက်တင်မြှောက်ခံ လွှတ်တော် ကိုယ်စားလှယ် များက အသစ်ဖွဲ့ စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်း ပြသရန်ဖြစ်သည် ဟု ဧရာဝတီသို့ ပြောသည်
ဒု – ဗိုလ်မှူးကြီးစောကလယ်ဒိုးက “နိုင်ငံရဲ့အာဏာကို ဒီလို အတင်းအဓမ္မရယူပြီးတော့ လက်နက်မဲ့ပြည်သူကို လက်နက်အားကိုးပြီးတော့ ပစ်သတ်တာတို့ ဘာတို့ ကျနော်တို့ လက်ခံလို့မရဘူး။ ကျနော်တို့ အနေနဲ့ကတော့ လူထုကို ထောက်ခံတဲ့ အနေနဲ့ လုပ်နိုင်တဲ့အရာကို လုပ်ရမှာပဲ” ဟု ပြောသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA
ကချင်ပြည်နယ်မှ ၁၇ နှစ် ကြာ အပစ်အခတ်ရပ်စဲရေး ၂၀၁၁ ခုနှစ်တွင် ပျက်ပြား ခဲ့ပြီးနောက် KIA က စစ်တပ်နှင့် တိုက်ပွဲများ အတွင်းတွင် အများအားဖြင့် ခံစစ် အနေအထားကို ထိန်းသိမ်းထားခဲ့သည်။ သို့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ အဓိကနေရာ အများအပြားတွင် ၂၀၁၈ ခုနှစ် နောက်ပိုင်းမှစ၍ မမြင်ခဲ့ရသော ပြင်းထန်သည့် တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ် ဝိုင်းမော်၊ မိုးမောက်၊ ဖားကန့်၊ တနိုင်း၊ မိုးကောင်း၊ ရွှေကူနှင့် အင်ဂျန်ယန်မြို့နယ်များတွင် စစ်တပ်နှင့် ရဲစခန်း တဒါဇင်ကျော်ကို KIA က တိုက်ခိုက်ခဲ့သည်။ ထို့ပြင် KIA နှင့် တိုက်ခိုက်နေသည့်စစ်တပ်များ နှင့် ကချင်ပြည်နယ်မှ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများကို နှိမ်နင်းနေသည့် တပ်များ အတွက် အတွက် တပ်ကူများ သယ်ဆောင်လာသည့် စစ်တပ်ယာဉ်တန်းများကို တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။
စစ်တပ် အာဏာသိမ်းပြီး များမကြာမီတွင် KIA က ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြနေသော ကချင်လူမျိုးများအား အန္တရာယ် မပြုရန် ကချင်အခြေစိုက် Peace Creation Group မှ တဆင့်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ တောင်းဆိုခဲ့သည်။ သို့သော်လည်း မတ်လ ၈ ရက်နေ့က မြစ်ကြီးနားတွင် စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများကို စစ်တပ်က ကျည်အစစ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် လူ ၂ ဦး သေဆုံးခဲ့ရသည်။ ၃ ရက်ကြာသည့်အခါ KIA က ကျောက်စိမ်းတူးဖော်ရေး အချက်အချာနေရာ ဖြစ်သည့် ဖားကန့်ရှိ စစ်တပ်စခန်းတခုကို တိုက်ခိုက်ခဲ့သည်။
အကယ်၍ စစ်အစိုးရက တိုင်းပြည်တဝှမ်းတွင် ငြိမ်းချမ်းစွာဆန္ဒပြသူနေများကို ဆက်လက်ပစ်ခတ်ပါက ၎င်း၏ တိုက်ခိုက်မှုများ ထပ်မံတိုးမြှင့်မည်ဟု KIA က ခြိမ်းခြောက်ခဲ့သည်။ မတ်လ ၁၅ ရက်နေ့ တွင် KIA က အင်ဂျန်ယန်မြို့နယ်ရှိ နောက်ထပ် စစ်စခန်းတခု ကို ဝင် ရောက်စီးနင်းခဲ့သည်။ ၁၀ ရက်ကြာသောအခါ KIA က တရုတ်နယ်စပ်အနီး မိုးမောက်မြို့နယ်ရှိ မဟာဗျူဟာမြောက် အလောဘွန် စခန်းကို သိမ်းပိုက်ခဲ့သည်။ ထိုစခန်းကို စစ်တပ်က ၁၉၉၀ နှစ်များ အစောပိုင်းကတည်းက သိမ်းပိုက်ထားခဲ့ခြင်း ဖြစ်သည်။
ထောင်နှင့်ချီသော စစ်အစိုးရ တပ်သားများကို မိုးမောက်မြို့နယ်သို့ စစ်ကူအဖြစ် ပို့ဆောင်ခဲ့ပြီ စခန်းကို ပြန်လည် သိမ်း ပိုက်နိုင်ရန်အတွက် နေ့စဉ် နီးပါး လေကြောင်းမှ တိုက်ခိုက်မှုများ ရှိနေသည်။ သို့သော် စစ်အစိုးရဘက်မှ တပ်ရင်းမှူး တဦး အပါအဝင် တပ်သား ၁၀၀ ကျော် သေဆုံးခဲ့သည်။ တိုက်ပွဲများအတွင်းတွင်လည်း KIA က စစ်သား ၅၀ ခန့်ဖမ်းမိခဲ့သည်။
မတ်လနှောင်းပိုင်းတွင် KIA က ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာအုပ်စု ရှိ ရဲစခန်း တခုကို တိုက်ခိုက်ခဲ့သည်။ စစ်အစိုးရ ဆန့်ကျင်ရေးဆန္ဒပြသူများကို ပြင်းထန်စွာနှိမ်နင်းရာတွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ခြင်းကြောင့် ထိုတိုက်ခိုက်မှုကို ပြုလုပ်ခြင်း ဖြစ်သည် ဟု KIA ကပြောသည်။
ဧပြီလ ၁၁ ရက်နေ့တွင် မိုးမောက်မြို့နယ်၊ တာပိန်တံတားရှိ ရဲစခန်း ၂ခုနှင့် စစ်စခန်းတခု ကို KIA ကတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုအပြီးတွင် မြန်မာစစ်တပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ဆန်များက မြို့ဟောင်း၊ မြို့သစ် နှင့် စီဟိုက် ကျေးရွာများ အတွင်းသို့ ကျရောက်ခဲ့သည့် အတွက် အရပ်သား ၄ ဦး သေဆုံးခဲ့ရသည်။ ဧပြီလ ၁၅ ရက် နေ့တွင် KIA က၂၀၁၈ ခုနှစ်တွင် KIA ထံမှ စစ်တပ်က သိမ်းယူသွားခဲ့သော တနိုင်းမြို့နယ် နမ်ဗျူ ဒေသရှိ သခန်းတခု ကို တိုက်ခိုက်ခဲ့သည်။
လက်ရှိတွင် မိုးမောက်၊ ပူတာအို၊ ဗန်းမော်နှင့်ဖားကန့်မြို့နယ်များ၌ နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေသည်။ KIA ပြန်ကြားရေး အရာရှိ ဗိုလ်မှူးကြီးနော်ဘူက အလောဘွန်စခန်းကို ပြန်လည်သိမ်းပိုက်ရန် စစ်တပ်က အထူးစစ်ဆင်ခဲ့သည်ဟု ပြောသည်။
KIA အနေဖြင့် စစ်အစိုးရကို အသိအမှတ်မပြုကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ ၎င်းတို့ကို တိုက်ခိုက်ရန် စေလွှတ်သည့် စစ်ကူများကို တိုက်ခိုက်ခြင်းဖြင့် KIA က အသာစီးရယူမည် ဟု သူကပြောသည်။
K2K အတွက် ထောက်ခံမှုများ ပြသခြင်း
ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်များ၌ တိုက်ပွဲများစတင်ဖြစ်ပွား ကတည်းက ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများက KNU နှင့် KIA အပေါ် သူတို့၏ ထောက်ခံမှုကို ထုတ်ဖော် ပြောကြားခဲ့ကြသည်။ မြို့ကြီးများတွင် လူငယ်များက “ ကျနော်တို့ KIA နှင့် KNU ကို ထောက်ခံသည် (We support KIA and KNU) ” ဆိုသော စာတန်းများကို ကိုင်ဆောင်၍ လမ်းများပေါ်သို့ တက်လာခဲ့ကြသည်။
ယခုအချိန်အထိ မြန်မာနိုင်ငံ မြို့ကြီးများတွင် နေထိုင်သော ပြည်သူများအနေဖြင့် စစ်တပ်၏ ရက်စက်မှုများကို ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရခြင်း မရှိခဲ့ဖူးပါ။ သို့သော်လည်း နယ်စပ်ဒေသတွင် နေထိုင်သူများမှာ စစ်တပ်၏ လက်တွင် ကာလကြာရှည်စွာ ခံစားခဲ့ရသည်။ ယခုအခါ မြန်မာပြည်သူများက စစ်အာဏာရှင် စနစ်ကို ငြင်းပယ်ရန်အတွက် အတူတကွစုစည်းနေကြပြီ ဖြစ်သည်။
မြစ်ကြီးနား အခြေစိုက် ကချင်တက်ကြွလှုပ်ရှားသူ ဒေါ်ဆန်ဘူ (Seng Bu) က “မြန်မာပြည်သူ အများစုက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ထောက်ခံကြလိမ့်မယ်လို့ ကျမ ဘယ်တုန်းက မှ မထင်ခဲ့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။ “အ ခြေအနေက လုံးဝပြောင်းလဲသွားပြီ။ တိုင်းရင်းသာပြည်သူတွေ မျိုးဆက်နဲ့ ချီပြီး ဘယ်လို ဆင်းရဲဒုက္ခတွေ ခံစားခဲ့ရတယ်ဆိုတာကို မြန်မာပြည်သူတွေ အခု နားလည်လာကြတယ်။ အခု ကျမတို့က အရမ်းစည်းလုံးနေပြီ” ဟု သူက ပြောသည်။
တိုးလာသည့် ဒုက္ခသည် ပြဿနာ
မြန်မာပြည်သူ အများစုက EAO များကို ထောက်ခံကြသော်လည်း ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်များမှ ထောင်နှင့်ချီသော တိုင်းရင်းသား ပြည်သူများသည် ပြင်းထန်သော တိုက်ပွဲများကြောင့် သူတို့၏နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်ကြရသည်။ လုံခြုံရေးစခန်းများအား KIA နှင့် KNLA ၏ တိုက်ခိုက်မှုများကို တုန့်ပြန့်သည့် အနေဖြင့် ကချင်နှင့် ကရင်ပြည်နယ်များရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဖြင့် လက်တုန့်ပြန်ခဲ့သည်။
ဧပြီလလယ်ပိုင်း မှစ၍ မိုးမောက်မြို့နယ်မှ ကျေးရွာများသို့ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်သည်။ နောက်ဆုံးတိုက်ခိုက်မှုများတွင် တိုက်လေယာဉ်များက ကျေးရွာများကို ၆ ရက်ကြာ ဗုံးကြဲခဲ့ပြီး ရွာသူရွာသား ၅၀၀၀ ကို သူတို့၏ နေအိမ်များမှ ထွက်ပြေးစေခဲ့သည်။ မြို့သစ်ကျေးရွာ တခုတည်း၌ပင် လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ် ၃ ဒါဇင်နီးပါး ပျက်စီးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
ကချင်ပြည်နယ် အင်ဂျန်းယန်း၊ ဖားကန့်၊ မိုးမောက်၊ မြစ်ကြီးနား၊ ရွှေကူနှင့် ဝိုင်း မော်မြို့နယ်များတွင် ပြည်သူ ၁၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) နှင့် ဒေသခံ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့များက ပြောသည်။ သူတို့အများစုသည် မိုးမောက်ရှိ ခရစ်ယန် ဘုရား ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံခဲ့ကြရသည်။
“ဘုရားကျောင်းတွေမှာ ခိုလှုံနေတဲ့ ဒေသခံတွေ ပိုပို များလာတယ်။ ဘုရားကျောင်းတွေ မှာ လူတွေ ပြည့်နေပြီ” ဟု ကချင် နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ကိုယ်စားလှယ်တဦး ကပြောသည်။ “လူတွေ ပိုရောက်လာမယ်လို့ ကျနော်တို့ မျှော်လင့် ထားပါတယ်။ ဒါပေမယ့်ကျနော်တို့မှာ နေရာ အလုံအလောက်မရှိဘူး “ဟု သူကပြောသည်။
KBC ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က စစ်အာဏာသိမ်းမှုသည် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ပြဿနာ အသစ် တခုကို ဖန်တီးရုံသာမက ပူးတွဲ အဖွဲ့တခု ဖြစ်သည့် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများ ကူညီ စောင့်ရှောက် ရေးကော်မတီ (KHCC) က ဦးဆောင်သည့် ဒုက္ခသည်များ နေရပ်ပြန်ပို့ရေး လုပ်ငန်းကိုလည်း ရပ်တန့်စေခဲ့သည်ဟု ဧရာဝတီသို့ ပြောသည်။
NLD အစိုးရ လက်ထက်က ကချင်ဘာသာရေး အဖွဲ့အစည်း အမျိုးမျိုးနှင့် ရပ်ရွာ အခြေပြု အန်ဂျီအိုများက ဖွဲ့စည်းထားသည့် KHCC က ဒုက္ခသည်များ နေရပ် ပြန်လာရေး အဆင်ပြေချောမွေ့ရေး အတွက် ကြိုးစားနေသည်။ ၂၀၁၁ ခုနှစ် မှစ၍ အရပ်သား ၁၀၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ သူတို့ထဲမှ အများစုမှာ အစိုးရနှင့် KIA ထိန်းချုပ်နယ်မြေများရှိ စခန်းများ သို့မဟုတ် ယာယီ ခိုလှုံရာ နေရာများတွင် ရှိနေကြသည်။
“စစ်တပ်က အာဏာရှိနေသမျှ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တကယ်လို့ စစ်တပ်က အာဏာ မသိမ်းခဲ့ဘူးဆိုရင် ပြန်ပို့တာက တော်တော်လေး အောင်မြင်လိမ့်မယ်” ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။
“တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသရွေ့ ဒုက္ခသည် အရေအတွက်က ဆက်လက်မြင့်တက်လာမှာပဲ”ဟု သူက ထပ်ပြောသည်။
စစ်အာဏာသိမ်းယူမှုနှင့် ဒေသတွင်းသို့ လေကြောင်းမှ တိုက်ခိုက်မှုများ နောက်ပိုင်းတွင် ကရင်ပြည်နယ် ဖာပွန်ခရိုင်နှင့် ပဲခူးတိုင်း ရွှေကျင်၊ ကျောက်ကြီး နှင့်ညောင်လေးပင်မြို့နယ်များမှ လူ ၄၀၀၀၀ ခန့် နေအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရသည် ဟု OCHA က ခန့်မှန်းထားသည်။ အများစုက သက်ကြီးရွယ်အိုများ၊ ကျန်းမာရေး မကောင်းသူများ၊ အမျိုးသမီးများနှင့် ကလေးများ ဖြစ်သည့် ဒုက္ခသည် ၁၀၀၀ ခန့်က ထိုင်းနိုင်ငံတွင် ခိုလှုံနေကြသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများကို ယာယီခိုလှုံခွင့်ပေးရန် ဧပြီလ ၂၉ ရက်နေ့ တွင် ကရင်အရပ်ဘက် အဖွဲ့အစည်း ၄၁ ခု က ထိုင်းအစိုးရသို့ တောင်းဆိုခဲ့သည်။
ကချင်နှင့် ကရင်ပြည်နယ်တို့တွင် လူငယ်များ လက်နက်ကိုင်လာကြ
သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်း အပါအဝင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများ အပေါ် စစ်တပ်၏ ရက်စက်စွာဖြိခွဲ နှိမ်နင်းမှုက လူငယ်အချို့ကို စစ်အစိုးရ ဆန့်ကျင်ရေး အတွက် လက်နက်ကိုင်ရန် တွန်းပို့ ပေးခဲ့သည်။
ကျောင်းသားများ၊ ဆရာဝန်များနှင့် အင်ဂျင်နီယာများ အပါအဝင် ထောင်နှင့်ချီသောလူငယ်များ တိုင်းရင်းသားဒေသများတွင် ခိုလှုံလာခဲ့ကြသည်။ များသောအားဖြင့် ကရင်နှင့် ကချင်ပြည်နယ်များတွင် ဖြစ်သည်။ သူတို့ အများစုတွင် စစ်အစိုးရကို ပြန်လည်တိုက်ခိုက်ရန်နှင့် တိုင်းပြည်ကို အရပ်ဘက် အုပ်ချုပ်ရေးသို့ ပြန်ပို့ရန် အိပ်မက်တခု ရှိနေ သောကြောင့် သူတို့က စစ်ပညာလေ့ကျင့်မှုများ ပြုလုပ်နေကြသည်။
အကြမ်းမဖက် ဆန္ဒပြလှုပ်ရှားမှုများကို ယုံကြည်၍ သုတေသနပြုလုပ်ခဲ့သည့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးက အကြမ်းမဖက်ဘဲ ဆန္ဒပြခြင်းသည် စစ်အစိုးရကို ဖြုတ်ချနိုင်လိမ့်မည်ဟု သူ မယုံကြည်တော့ ကြောင်း ဧရာဝတီသို့ ပြော သည်။
“ခုချိန်မှာ အားလုံးက စိတ်ပျက်စရာဖြစ် နေပုံရတယ်လို့ ရှင်ပြောကောင်း ပြောလိမ့်မယ်။ စစ်အစိုးရက နိုင်သွားပြီလားလို့ ရှင် ကျမကို မေးကောင်း မေးလိမ့်မယ်။ လုံးဝမနိုင်သေးဘူး။ ပြည်သူတွေက သူတို့ကို ပြန်တိုက်ခိုက်လိမ့်မယ်။ တောထဲမှာ စစ်ရေး လေ့ကျင့်နေတဲ့ ပြည်သူတွေက ကျမတို့ ရဲ့ ပျောက်ဆုံးသွားခဲ့တဲ့ ဒီမိုကရေစီ ကို ပြန်ယူပေးလိမ့်မယ်” ဟု သူက ပြောသည်။
“ငွေရောင် အနားကွပ်တခု အမြဲတမ်း ရှိပါတယ်။ တောထဲမှာ ရှိနေတဲ့ သူတွေက ကျမတို့ရဲ့ ငွေရောင်အနားကွပ်ပဲ။”
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Ethnic Armed Groups Unite With Anti-Coup Protesters Against Myanmar Junta ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
စစ်တပ်တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို KIA ပစ်ချ
ဖက်ဒရယ် နိုင်ငံတော် အတွက် သွေးစည်းကြရမည့် အောက်ချင်းငှက်များ
စစ်ကောင်စီဖြုတ်ချရေးနှင့် ဖယ်ဒရယ်ရေး “အမျိုးသား ညီညွတ်ရေး အစိုးရ” ရည်မှန်း
TNLA နှင့် RCSS ပဋိပက္ခ အရပ်သား အိမ် ၁၀၀ ကျော် မီးလောင်ပြာကျ