စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ ပြည်နယ်အတွင်း အင်အားကြီး ပါတီတခု ဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP)ရဲ့ နိုင်ငံရေး မူဝါဒက မခိုင်မာသလို ပါတီတွင်း အကွဲအပြဲများကလည်း အားပြိင်မှု ကြီးလာနေတာကို မြင်တွေ့နေရပါတယ်။
ANP ပါတီရဲ့ ထိပ်ပိုင်းခေါင်းတဦးဖြစ်တဲ့ ဒေါ်အေးနုစိန်တယောက် နိုင်ငံတော်အဆင့် ရာထူးနဲ့ စစ်ကောင်စီ ယန္တရားထဲမှာ ပူးပေါင်း ရုံးထိုင်နေချိန်မှာပဲ မေလ ၄ ရက်နေ့က စစ်တွေရှိ ပါတီဌာနချုပ်မှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) အစည်းအဝေး တရပ်ကျင်းပကာ စစ်ကောင်စီနှင့် ပူးပေါင်းမှုကို ရပ်စဲဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
စစ်ကောင်စီနဲ့ ခွဲရေး၊ တွဲရေး
ဘာကြောင့် ဒီလို ဆုံးဖြတ်ရတာလည်းဆိုတော့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှာ ANP ပါတီကို ရာထူး၂ နေရာပေးဖို့ တောင်းဆိုတဲ့ အပေါ် စစ်ကောင်စီ ခေါင်းဆောင်ပိုင်းများက လျစ်လျူထားတဲ့အတွက် ပြည်နယ်နဲ့ လူထု အကျိုးစီးပွားကို တစုံတရာ အကျိုးဖြစ်ထွန်းလာဖို့ လမ်းမမြင်တာကြောင့် ပါတီ CECက ဆုံးဖြတ်လိုက်ခြင်း ဖြစ်တယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။
“တောင်းဆိုချက်တွေကို ဂရုစိုက်မှုလည်း မခံရဘူး။ အလေးထားမှုလည်း မရှိဘူးလို့ ရှုမြင်သုံးသပ်တယ်။ အဲဒီအတွက် ကြောင့် အခုအခြေနေမှာ ဆက်စပ်ညှိနှိုင်းဆောင်ရွက်ချက်တွေက ရခိုင်ပြည်သူလူထုအတွက် အကျိုးမဖြစ်နိုင်လို့ ကျနော် တို့ သုံးသပ်တယ်” ဟု ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ဆိုပါတယ်။
ဗဟိုအလုပ်မှုဆောင် ကော်မတီ (CEC) ရဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းမှု ရပ်ဖို့ ဆုံးဖြတ်ချက်ကိုလည်း လာမယ့် ဗဟိုကော်မတီ အစည်းအဝေးမှာ အတည်ပြု ချက်ရယူသွားမယ်လို့ သူကဆက် ပြောပါတယ်။
ဒါပေမယ့် ပါတီထိပ်ပိုင်း ခေါင်းဆောင်လည်းဖြစ် နိုင်ငံရေးမူဝါဒရေးရာ ကော်မတီဝင်လည်း ဖြစ်တဲ့ ဦးဖေသန်းကတော့ CEC ရဲ့ ဆုံးဖြတ်ချက်ဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အတွက် တရားမဝင်ဘူးလို့ ပြောလိုက်ပြန်ရာ ပါတီတွင်း အကွဲအပြဲ အက်ကြောင်းကို မြင်နေရပြန်ပါတယ်
“ဗဟိုကော်မတီ အစည်းအဝေး (CC) ကပဲ ဆုံးဖြတ်ရမှာ။ ဗဟိုကော်မတီ အစည်းအဝေး မတိုင်ခင် ကျော်ပြီးဆုံးဖြတ်တဲ့ အတွက် ဒါက တရားဝင်မှု မရှိဘူး။ အတည်ပြု ယူလို့မရဘူး။ CEC ဟာ ဗဟိုကော်မတီရဲ့ လုပ်ပိုင်ခွင့်ကို ကျော်ပြီးတော့ လုပ်လို့ မရဘူး။ အမှန်ဆိုရင် ညှိနှိုင်းလို့တောင်မှ မရဘူး” ဦးဖေသန်းကလို့ ဧရာဝတီကို ပြောပါတယ်။
ဒီလို CEC ဆုံးဖြတ်ချက်ဟာ တကယ်အဆုံးဖြတ်ပေးရမယ့် ဗဟိုကော်မတီ အစည်းအဝေးအပေါ် ဖိအားပေးရာ ရောက်ကြောင်းလည်း ဦးဖေ သန်းက တုံ့ပြန်ချေပပါတယ်။
ဒေါ်အေးနုစိန် ရာထူးကို ဘယ်လို လက်ခံလဲ
နေပြည်တော် စစ်ကောင်စီ ယန္တရားအောင်မြင်ရေးအတွက် ရုံးထိုင်နေတဲ့ ဒေါ်အေးနုစိန် ရာထူးလက်ခံပုံမှာလည်း ပါတီက တာဝန်ပေးတဲ့အတွက်မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး ကမ်းလှမ်းချက်ဖြင့် လက်ခံသွားခြင်း ဖြစ်တယ်လို့ ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက တဆက်တည်း ထုတ်ဖော်ပြောပြန်ပါတယ်။
“ဒေါ်အေးနုစိန်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှာ ကမ်းလှမ်းခဲ့တာက သူ့ကို ပုဂ္ဂိုလ်ရေးအရ ကမ်းလှမ်းခဲ့ တာသာ ဖြစ်တယ်။ ပါတီကို ကမ်းလှမ်းခဲ့တာ မဟုတ်ဘူး။ ရခိုင်အမျိုးသား ပါတီက ပုဂ္ဂိုလ်တယောက်ကို ပေးပါဆိုတာမျိုး ကမ်းလှမ်း ခဲ့တာ မဟုတ်။ စစ်တပ်နဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်တယောက်က တဆင့် ဒေါ်အေးနုစိန်ကို ကမ်းလှမ်းခဲ့တာ ဖြစ်တယ်” လို့ ဆိုပါတယ်။
ဒါပေမယ့် ANP ပါတီအနေနဲ့တော့ ထိပ်ပိုင်းခေါင်းဆောင် ဒေါ်အေးနုစိန် အပေါ် ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ ရခိုင်လူထု အပေါ် တစုံတရာ အကျိုးဖြစ် ထွန်းလာမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဖို့ ကြိုးစားခဲ့တယ်လို့ ပါတီဥက္ကဋ္ဌက ဝန်ခံလိုက်ပြန်ပါတယ်။
ဒေါ်အေးနုစိန် အနေနဲ့ အခုဗဟိုအလုပ် အမှုဆောင်ကော်မတီ (CEC)ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်ကို လိုက်နာမနာဆိုတာ ကတော့ သူ့ရဲ့ ပုဂ္ဂိုလ်ရေး ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဦးသာထွန်းလှက ဆိုပါတယ်။
ထို့အတူပဲ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း ဦးဇော်အေးမောင်နဲ့လည်း စစ်ကောင်စီ က ပေးတဲ့ တိုင်းရင်းသားရေးရာ ဒုဝန်ကြီး ရာထူးလက်ခံခြင်းကလည်း ပါတီက တာဝန်ပေးတာမဟုတ်တဲ့အတွက် ရာထူး စွန့် မစွန့်ကိုလည်း သူဖာသာသူ ဆုံးဖြတ်ရမည့် ကိစ္စသာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဦးဇော်အေးမောင် ရာထူးယူစဉ်က ဒီလုပ်ရပ်ဟာ ANP ပါတီရဲ့ မူဝါဒနဲ့ ညီတယ်လို့ ပါတီနိုင်ငံရေးရာ မူဝါဒ ကော်မတီဝင် ဦးဖေသန်းက ဧရာဝတီကို ဖြေကြားခဲ့ဖူးပါတယ်။
အခုလည်း ဦးဖေသန်းက ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှအနေဖြင့် ဒေါ်အေးနုစိန်ကိစ္စနှင့် ပတ်သက်ပြီး ပါတီတွင်း စိတ်ဝမ်း ကွဲပြားမှုများ ဖြစ်စေနိုင်တာကြောင့် မပြောသင့်ဘူးလို့ ဝေဖန်ပါတယ်။
“ကိုယ့်သဘောနဲ့ သွားပေါင်းတယ်ဆိုတာကလည်း အလွန်လွဲမှားတယ်။ ပါတီကြေညာချက်မှာ ထုတ်ပြန်တဲ့စာမှာ တာဝန် ပေးတဲ့အပေါ် ဝမ်းသာတယ်။ ကြိုဆိုတယ်ပါတယ်။ အဲဒီစကားသည်ပင် ဒေါ်အေးနုစိန်ကို ပါတီ စေလွှတ်တယ်။ တာဝန်ခံ တယ်ဆိုတာ သက်ရောက်တယ်။ အဲဒီလို လုပ်ပြီးမှ ပါတီနဲ့မဆိုင် ကိုယ့်သဘောနဲ့ ကိုယ်သွားတယ်ဆိုတာ မပြောသင့်ဘူး” လို့ ဦးဖေသန်းက ပြောပါတယ်။
စစ်ကောင်စီနှင့် ပူးပေါင်းသွားသည့် ဒေါ်အေးနုစိန်ဟာ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူတဲ့ စာရင်းမှာ မကြာသေးမီက ထည့် သွင်းခံထားရသူဖြစ်ပါတယ်။
ANP တောင်းဆိုချက် စစ်ကောင်စီ လိုက်လျောမှု ရှိမလား
ရခိုင်အမျိုးသားပါတီ(ANP) ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အေးနုစိန် စစ်ကောင်စီရဲ့ ရာထူးကို လက်ခံပြီး ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ပတ်သက်လို့ ဖေဖော်ဝါရီလ ၁၁ ၊ ၁၂ ၊ ၁၃ ရက်တို့မှ ဗဟိုကော်မတီက အစည်းအဝေးတရပ်ကို မြောက်ဦးမြို့မှာ ခေါ်ယူပြီး ANP ရဲ့ တောင်းဆိုချက်တွေကို စစ်ကောင်စီက လိုက်လျောခြင်း ရှိမရှိ စောင့်ကြည့်သုံးသပ်သင့် တယ်လို့ သဘောတူညီခဲ့ကြပါတယ်။
ဒါပေမယ့် ဒီအစည်းအဝေးမှာပဲ ပါတီခေါင်းဆောင်တွေ အကြား သဘောကွဲကာ နှုတ်ထွက်သူတွေ ပါတီကို အဆက်ဖြတ်သူ တွေ ပေါ်လာကြောင်း တချို့က ဆိုပါတယ်။
“စစ်ကောင်စီနဲ့ ပူးပေါင်းမယ်ဆိုတဲ့ နိုင်ငံရေး မူဝါဒ အိုင်ဒီယာကို ကျနော် လိုက်မမှီဘူး။ အစည်းအဝေးမှာ ကျနော်က ဝေဖန် တယ်။ စစ်ကောင်စီနဲ့ ပတ်သက်ပြီး ရပ်သူရွာသားတွေ ဘယ်လို သဘောထားရှိလဲ ဆိုတာကို သူတို့ ပြောလာမယ့် စကား ကိုလည်း နားထောင်ကြည့်ကြပါဦး ဆိုတော့ စိတ်ဆိုးကုန်ကြတယ်” ဟု အမည်မဖော်လိုသည့် ပါတီခေါင်းဆောင်တဦးက ဧရာဝတီကို ပြောပါတယ်။
“ကျနော် အဲဒီ အစည်းအဝေး ကတည်းက ပါတီနဲ့ အဆက်အသွယ်လည်း မလုပ်ဘူး။ သွားလည်း မသွားတော့ဘူး။ ပါတီကို CDM လုပ်ပြီးနေတာ အခုထိပဲ” လို့ သူက ပြောပါတယ်။
ရခိုင်အမျိုးသားပါတီဟာ စစ်တပ်အာဏာသိမ်းတာကို တရားဝင် ထောက်ခံမှုတွေ မလုပ်ပေမယ့်၊ ပါတီ အမတ်လောင်း အချို့ကတော့ စစ်အာဏာသိမ်းတဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့ကတည်းက ပျော်ရွင်ရတဲ့အကြောင်းကို သူတို့ရဲ့ လူမှုကွန်ရက် Facebook မှ ပြသခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ANP ပါတီဟာ ဖေဖေါ်ဝါရီလ ၄ရက်နေ့မှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ထံ လိပ်မူပြီး ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးအတွက် ပြည်နယ်ကောင်စီ ဥက္ကဋ္ဌနေရာနှင့် ကောင်စီ အဖွဲ့ဝင် (၂ ) နေရာပေးဖို့၊ ပြည်နယ် အစိုးရအဖွဲ့တွင် ဝန်ကြီးနေရာအများစုကို ရခိုင်အမျိုးသားပါတီဝင်များအား ခန့်အပ် တာဝန်ပေးဖို့ စတာတွေကို တင်ပြတောင်းဆိုပါတော့တယ်။
ဒါ့အပြင် ULA / AA အား အကြမ်းဖက်အဖွဲ့ ကြေညာထားတာက ပြန်ရုပ်သိမ်းဖို့၊ ရန်ကုန်၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်ဥပဒေနဲ့ ဖမ်းထားသူများရဲ့ အမှုကို ရုပ်သိမ်းဖို့နဲ့ ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။
ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းကြည်ကတော့ ANP ဟာ အဏာသိမ်းစဉ်က ဖမ်းဆီးခံရတဲ့ ပြည်နယ်လွှတ်တော်ဥက္က ဦးစံကျော်လှ လွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းရေး၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက် ရေး၊ ရခိုင်အမျိုးသား အကျိုးစီးပွား ဖြစ်ထွန်းရေးမူကို လက်ကိုင်ထားပြီး စစ်ကောင်စီနဲ့ ပူးပေါင်းရခြင်းဖြစ်တယ်ဆိုတာဟာ လူထုကို လိမ်ညာခြင်းသာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“ပါတီအနေနဲ့ စစ်ကောင်စီနဲ့ ချဉ်းကပ်တာဟာ ဦးစံကျော်လှ လွတ်မြောက်ရေး၊ ဒေါက်တာ အေးမောင် လွတ်မြောက်ရေး လား။ အဲဒါသာ အမှန်ဆိုရင် ပါတီဟာ လူထုကို ကိုယ်စားပြုတယ် ဆိုပြီးတော့ လူထုကို လိမ်လည်တယ်။ လူထုကို အလွဲ သုံးစား လုပ်တာသာ ဖြစ်တယ်လို့ မြင်တယ်” လို့ သူက ပြောပါတယ်။
စစ်ကောင်စီအတွက်တော့ ANP က ပူးပေါင်းသည်ဖြစ်စေ၊ ခွဲထွက်သည်ဖြစ်စေ သူ့လမ်းသူလျှောက်နေတာမလို့ ပြဿနာ မရှိပေမယ့် ANP အတွက်တော့ အကျိုးမဲ့ အလုပ်တွေ လုပ်ပြီး ပြဿနာရှိလာပြီလို့ ဆိုပါတယ်။
နိုင်ငံရေးမူဝါဒရေးရာ ကော်မတီနှင့် CEC အားပြိုင်မှု
ANP အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ပေမယ့် တဖက်က လိုက်လျောခြင်း မရှိသလို ရခိုင့်နိုင်ငံရေးကလည်း သောင်မတင် ရေမကျ အနေအထားနဲ့ တစုံတရာ တိုးတက်ပြောင်းလဲမှု မရှိပါဘူး၊ စစ်တပ်အုပ်ချုပ်မှု အောက်မှာပဲ ရှိနေပါတယ်။
ရခိုင့်နိုင်ငံရေးကို စောင့်ကြည့်လေလာသူတဦးကတော့ အာဏာသိမ်းပြီး ၃လတာအတွင်း ဒေါ်အေးနုစိန်သာ နေပြည်တော် ရောက်သွားတယ် ANP ဟာ ပြည်နယ်အဆင့် အုပ်ချုပ်ရေးမှာလည်း ပါဝင်ရခြင်းမရှိသလို၊ ထူးခြားမှု မရှိတာကြောင့် ပါတီ ခေါင်းဆောင်တွေဟာ စစ်ကောင်စီနဲ့ လက်တွဲဖြုတ်ပြီး သိက္ခာဆည်ဖို့ လုပ်နေတယ်လို့ ဝေဖန်ပါတယ်။
“ပါတီက တောင်းဆိုတဲ့ ရာထူးနေရာလည်း မရဘူးဆိုတော့ ဒီတိုင်း မနေတော့ဘူး။ ပါတီကို လူထုထောက်ခံမှု ပြန်လည် ရရှိ အောင် ပြန်လည် အဖတ်ဆယ်တဲ့အနေနဲ့ စစ်ကောင်စီနဲ့ လက်တွဲ ဖြုတ်ဖို့ ကြိုးပမ်းလာလို့ မြင်တယ်” လို့ ၎င်းက သုံးသပ် ပြောဆိုပါတယ်။
ဒါပေမယ့် ပါတီ ထိပ်ပိုင်းခေါင်းဆောင်တချို့ကတော့ တောင်းဆိုချက် မရသေးပေမယ့် အခြေအနေ တခုအထိ ရောက် အောင် ဆက်လက်စောင့်ကြည့်ဖို့ အလိုက်သင့် အလျားသင့်နေဖို့ သဘောထားရှိပုံရတယ်လို့ ယင်းလေ့လာသူက မှတ်ချက်ချပါတယ်။
အဲဒီအတွက် ANP ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) အဖွဲ့နှင့် နိုင်ငံရေး မူဝါဒရေးရာ ကော်မတီဝင်များ အကြားမှာ သဘောထားကွဲလွဲမှု ဖြစ်ပေါ်လာခြင်း ဖြစ်တယ်လို့ ပါတီဝင်များနှင့် လေ့လာစောင့်ကြည်သူများက မှတ်ချက်ပြုသည်။
“ပကတိ အခြေအနေကို အမှန်ပြောရမယ်ဆိုရင် ပါတီမူဝါဒရေးရာ ဦးဆောင် ကော်မတီ အများစုကတော့ ထူးခြားတဲ့ ဖြစ်စဉ်ပြောင်းလဲမှုတွေ မရှိသေးတဲ့အပေါ်မှာ ကျနော်တို့ မူဝါဒရေးရာ ဦးဆောင်ကော်မတီမှာ စောင့်ကြည့်လိုတဲ့ သဘောရှိ တယ်။ ဒါပေမယ့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အများစုကတော့ ဆက်စပ်ဆောင်ရွက်နေတဲ့ အပေါ်မှာ အခြေ အနေတရပ်ကို ပြောင်းလဲပြီးတော့ ဆောင်ရွက်ချင်တဲ့ အနေအထားကို တွေ့ရတယ်” လို့ နိုင်ငံရေး မူဝါဒရေးရာကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောပါတယ်။
ရခိုင်အမျိုသားပါတီ၏ နိုင်ငံရေးမူဝါဒရေးရာ ကော်မတီမှာ ဦးဖေသန်း၊ လွှတ်တော် ဥက္ကဋ္ဌ ဟောင်း ဦးစံကျော်လှ၊ ဒေါ်အေး နုစိန် ၊ ဦးထွန်းအောင်ကျော်၊ ဦးဘရှိန်တို့က အဓိက ဆောင်ရွက်လုပ်ကိုင်ကာ နိုင်ငံရေးမူဝါဒရေးရာ ကော်မတီဝင် ၉ ဦး ရှိပါတယ်။
ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ(CEC)မှာ ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ၊ အတွင်းရေးမှူး ဦးခိုုင်ပြည်စိုး၊ ဦးထွန်းထွန်း အောင် ၊ ဦးသာနိုးအောင်တို့ အဓိက လုပ်ကိုင်ဆောင်ရွက်ကြကြောင်းလည်း လေ့လာစောင့်ကြည့်သူများက ဆိုပါတယ်။
ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီကို ၃၁ဦးနဲ့ ဖွဲ့စည်းထားပြီး ပါတီဖွဲ့စည်းပုံအရ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့မှာ အလိုအလျှောက် နိုင်ငံရေး မူဝါဒရေးရာ ကော်မတီဝင်အဖြစ် ပါဝင်ပြီးသား ဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းအပေါ် ပါတီတွင်း သဘောထားကွဲလွဲမှုများ ရှိတာကြောင့် ခေတ်ပညာတတ် လူငယ်များ ပါတီက နုတ်ထွက်သွားခဲ့ကြသလို ဒီတကြိမ် စစ်ကောင်စီနှင့် ပူးပေါင်းမှု ရပ်တန့်ရန် CEC ဆုံးဖြတ်ချက် အပေါ် ပါတီတွင်း အကွဲအပြဲ ဇာတ်လမ်းမှာလည်း ရခိုင်နိုင်ငံရေးတွင် လှုတ်ခတ်နေခဲ့ပါတယ်။
အလားတူ နေပြည်တော်မှာ ရုံးထိုင်နေတဲ့ ဒေါ်အေးနုစိန်အတွက်လည်း အကျပ်ရိုက်စေပြီး ပါတီတွင်း ထောက်ခံသူနှင့် ကန့်ကွက်သူကြား စိတ်ဝမ်းကွဲပြားမှု ဖြစ်ပေါ်ကာ ရွေးကောက်ပွဲ သုံးကြိမ်တိုင်တိုင် ထောက်ခံအားပေးခဲ့ကြသော ရခိုင်လူထု သည်ပင် စိတ်ပျက်ကုန်ကြတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။
ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များ၏ အစဉ်အဆက် သုံးလာတဲ့ လက်သုံး စကားကတော့ ပါတီရဲ့ ဆောင်ရွက်ချက်များ ဟာ ပါတီကောင်းစားရေး၊ လူပုဂ္ဂိုလ် ကောင်းစားရေးအတွက် မဟုတ်၊ ရခိုင်ပြည်နယ်နဲ့ ရခိုင် အမျိုးသားအကျိုးစီးပွား ဖြစ် ထွန်းရေးအတွက် ကိုယ်ကျိုးစွန့် လုပ်ဆောင်ခြင်း ဆိုတဲ့စကားပင်။
“တိကျ ပြတ်သားတဲ့ မူဝါဒ မရှိတဲ့ လုပ်ရပ်အဖြစ်သာ မြင်တယ်။ ကျနော့်အမြင်က ANP ဟာ ပြည်သူကို ဦးဆောင်နိုင်မယ် ဆိုတာကို ထားဦး၊ ကိုယ့်ဟာကိုယ် ဘယ်လို ရပ်တည် ရမှန်းတောင် မသိဘူး” လို့ စစ်တွေမြို့ အရပ်ဘက် လူမှုအဖွဲ့မှ ဦးစိုးနိုင်က ဝေဖန်ပြောဆိုလိုက်ပါတယ်။
ဒါကြောင့် ပါတီအတွင်း လုပ်ပိုင်ခွင့် အရှိဆုံးဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင်မတီ(CEC) ရဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းမှု ရပ်စဲရေး ဆုံးဖြတ် ချက်ဟာ အတည်ဖြစ်မလား၊ ပယ်ချခံရမည်လား ဆိုသည်ကိုလည်း မကြာမီ ရခိုင်နိုင်ငံရေး အခင်းအကျင်းတွင် ပွတ်တိုက်မှု များနှင့် အတူ မကြာမီ မြင်တွေ့လာရနိုင်ပါတယ်။
You may also like these stories:
အာဏာသိမ်းမှုအပေါ် ထောက်ခံ၊ ဝန်းရံသူများလည်း ရှိနေသည်
အစိုးရနဲ့ ပြည်သူက စစ်သူပုန်ကို နှိမ်နင်းတာဖြစ်တယ်
ရာထူးမှ ထုတ်ခံရသည့် သစ်တော CDM ဝန်ထမ်းများ အကြွေးပါ အတောင်းခံနေရ
အမျိုးသားညီညွတ်ရေး အစိုးရကို ရခိုင်ကျောင်းသားနှင့် လူငယ်အစည်းအရုံး ကြိုဆို
ရခိုင်ပါတီ ANP ၏ တောင်းဆိုချက် အာဏာသိမ်း စစ်ကောင်စီ လိုက်လျောမှု မရှိသေး
ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် ကန့်ကွက်ရှုတ်ချ