မြန်မာ-တရုတ် နယ်စပ်စည်းမျဉ်းနားက စစ်ရေးအရ အချက်အခြာကျတဲ့ အလော့ဘွမ် ဗျူဟာကုန်းနဲ့ ဒေါ်လာသန်းချီတန် ရုရှားလုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ် တစင်းကို ဆုံးရှုံးထားတဲ့ စစ်ကောင်စီဟာ ရက်ပေါင်း ၃၀ ကျော် ကြာနေပြီဖြစ်တဲ့ မိုးမောက် တိုက်ပွဲအတွင်းမှာ တောင်ကုန်းငယ် တခုကို ပထမဆုံး ပြန်လည် ခြေကုပ်ရယူနိုင်လိုက်ပါတယ်။
အဲဒီ တောင်ကုန်းဟာ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင်းက မြို့သစ်ကျေးရွာနဲ့ တမိုင်ကျော် ဝေးတဲ့နေရာမှာ တည်ရှိပြီး စစ်တပ်ရဲ့ ဆက်သွယ်ရေးတာဝါတိုင် ရှိတာကြောင့် စစ်ကောင်စီက မိုက်ခရိုဝေ့ကုန်းလို့ ခေါ်ဆိုပြီး ဒေသခံ ကချင်လူမျိုးတွေ ကတော့ စလောင်းကုန်းလို့ ခေါ်ကြပါတယ်။
ဧပြီ ၂၃ ရက်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ရဲ့ ထိုးစစ်ဆင်မှုကို မခံနိုင်တာကြောင့် စစ်ကောင်စီရဲ့ လက် အောက်ခံတပ်တွေဟာ အဲဒီ တောင်ကုန်းကို စွန့်ခွာထွက်ပြေးခဲ့ပြီး မေ ၇ ရက်မှာမှ ပြန်လည် သိမ်းယူနိုင်ခဲ့တာပါ။
တိုင်းရင်းသားတပ်တွေနဲ့ ဖြစ်တဲ့ တိုက်ပွဲတွေအကြောင်း သတင်းထုတ်ပြန်ရင် တိုက်ပွဲတွင်း အကြောင်းအရာတွေကို အသေးစိတ် ဖော်ပြလေ့ မရှိတဲ့ စစ်ကောင်စီဟာ ဒီတကြိမ်မှာတော့ စလောင်းကုန်းကို ပြန်ရဖို့ ဘယ်လောက်ထိ ခက်ခက် ခဲခဲနဲ့ ပြန်တိုက်ယူခဲ့ရတယ် ဆိုတာတွေကို ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်း ရေးသားထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ စလောင်းကုန်းကို ရဖို့အတွက် ပြင်းထန်တဲ့ တိုက်ပွဲ ၂၄ ကြိမ် တိုက်ခဲ့ရပြီး အနီးကပ်လုံးထွေး တိုက်ခိုက်ရတဲ့အထိ ကျားကုတ်ကျားခဲကို တိုက်ခဲ့ရတာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ KIA ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ၊ ဗိုလ်မှူးကြီးနော်ဘူကတော့ ရယ်မောပြီး သူတို့ ထုတ်ပြန်နေတာတွေက မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
“ကျနော်တို့ တပ်စွဲထားတဲ့ နေရာကို သူတို့ လာရှင်းတာ၊ လာသိမ်းတာ မဟုတ်ပါဘူး။ ကျနော်တို့လည်း အဲဒီ နေရာမှာ မရှိပါ ဘူး။ အဲဒီ နေရာကလည်း တောင်ကုန်းလေးပါ။ တောတောင်က တောင်ကုန်းလေးပဲ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
စစ်ဗျူဟာအရ တနေရာတည်းမှာ ခံစစ်မထားဘဲ တိုက်ခိုက်နေတာဖြစ်ပြီး စလောင်းကုန်းကိုလည်း တပ်စွဲမထားဘူးလို့ ပြော တဲ့အပြင် အဲဒီကုန်းဟာ ရှေ့တန်းစစ်မျက်နှာပြင် တနေရာသာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
စစ်ကောင်စီအတွက် အရေးပါတဲ့ စလောင်းကုန်း
KIA အတွက် အလွန်အမင်းအရေးပါတဲ့ တောင်ကုန်း မဟုတ်ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပေမယ့် စစ်ကောင်စီ အတွက်တော့ စလောင်းကုန်းဟာ အရေးပါတဲ့ တောင်ကုန်းတခု ဖြစ်ပါတယ်။
ပထဝီမြေပြင် အနေအထားအရ စလောင်းကုန်းဟာ မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးရဲ့ လမ်းပိုင်းတခုအပေါ်မှာ တည်ရှိ နေပြီး မိုးမောက်မြို့နယ်ရဲ့ မြို့သစ်၊ ကုန်းလော၊ နွမ်လန်း စတဲ့ ကျေးရွာတွေရဲ့ ရှေ့မှာ ထီးထီးကြီး တည်ရှိနေတဲ့ တောင်ကုန်း ငယ်တခုပါ။
စလောင်းကုန်း တည်ရှိနေတဲ့ အနေအထားက လမ်းမကြီးကို အပေါ်စီးက မိုးထားသလို ရှိနေတာကြောင့် စစ်တပ်ဟာ တိုက်ပွဲ အတွင်း စစ်ကူတွေ ပို့ရာမှာ လမ်းမကြီးကို အသုံးပြုမရဘဲ ခက်ခဲနေခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် စလောင်းကုန်းရဲ့ အောက်မှာ စစ်ကောင်စီရဲ့ ဗန်းမော်အခြေစိုက်၊ စစ်ဗျူဟာကွပ်ကဲရေးဌာနချုုပ် အမှတ် (၂၁) ရဲ့ လက်အောက်ခံတပ်တွေဖြစ်တဲ့ ခြေမြန်တပ်ရင်း ခမရ ၃၂၀၊ ၃၈၉ စတဲ့ တပ်ရင်းတွေ အခြေစိုက် တည်ရှိပါတယ်။
KIA စစ်သားတွေက စလောင်းကုန်းကို သိမ်းထားတာကြောင့် အပေါ်စီးက ရှိနေတဲ့ အခြေအနေမှာ စစ်တပ်ဟာ စစ်ကူတွေ ပို့ဖို့ လမ်းမကြီးကို အသုံးပြုဖို့ခက်တဲ့အပြင် သူ့ရဲ့ တပ်ရင်းတွေအပေါ်မှာလည်း KIA က ရောက်နေတာကြောင့် စစ်ရေးအရ တပန်းရှုံးနေခဲ့တာပါ။
ဒီလို အခြေအနေတွေကြောင့် စလောင်းကုန်းကို မဖြစ်မနေ တိုက်ခိုက်သိမ်းယူရတာ ဖြစ်ပြီး စစ်တပ်ဟာ အဲဒီတောင်ကုန်း ငယ်ကို ပြန်ရဖို့ ၁၄ ရက်ကြာအောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရပါတယ်။
မြေပြင် တခုတည်းကနေ ထိုးစစ်ဆင်တာ မဟုတ်ဘဲ တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကိုပါ ဖောဖော သီသီ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာပါ။
စလောင်းကုန်းကို ရထားခဲ့တဲ့ KIA ဟာ မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းကိုပါ အပေါ်စီးကနေ စိုးမိုးထားတဲ့အပြင် စစ်တပ် အတွက် စစ်ကူလာသမျှ ယာဉ်တွေ၊ အဖွဲ့တွေကို
ပစ်ခတ်တာ မိုင်းထောင်ဖောက်ခွဲပစ်တာတွေကြောင့် စစ်တပ်ဟာ မြစ် ကြီးနား – ဗန်းမော် လမ်းဘက်ကနေ စစ်ကူတွေ ပို့ဖို့ အခက်အခဲ ရှိခဲ့ပါတယ်။
မိုးမောက်မှာ ဗုံးကြဲဖို့လာမယ့် စစ်တပ်ရဲ့ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေ ထားတဲ့ မြစ်ကြီးနား လေတပ်ဝန်း၊ အတက် အဆင်း ပြုလုပ်တဲ့ ဗန်းမော်လေဆိပ် နေရာတွေကိုလည်း KIA က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။
လှုပ်ရှားမှု ဘောင်ကျဉ်းလာတဲ့ စစ်ကောင်စီဟာ မန္တလေး၊ လားရှိုးနဲ့ မိတ္ထီလာ လေတပ်ထဲက တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို မိုးမောက်ထိ မောင်းနှင်လာပြီး ဗုံးကြဲတိုက်ခိုက်ခဲ့့ပါတယ်။
KIA ဘက်ကလည်း ပြန်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တာကြောင့် မေ ၃ ရက်မှာတော့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် တစင်းဟာ ပွိုင့် ၅ စက်သေနတ်ကြီးကျည်ထိပြီး ပျက်ကျသွားပါတော့တယ်။
ကျည်ထိမှန်သွားလို့ မီးခိုးတွေ အူပြီး ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ဟာ စလောင်းကုန်းအနီးက ကုန်းလောကျေးရွာပိုင် လယ်ကွင်းတွေထဲကို ထိုးကျပြီး မီးလောင်သွားခဲ့ပါတယ်။
ရဟတ်ယာဉ်အတွင်း ရှိနေတဲ့ လေတပ်အရာရှိ ၃ ဦးလည်း ရဟတ်ယာဉ်ပျက်ကျတဲ့ နေရာမှာတင် သေဆုံး သွားခဲ့ပါတယ်။
KIA ရဲ့ လက်ချက်ကြောင့် ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ဟာ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် တန်ကြေး ရှိတယ်လို့ စစ်ရေး သုံးသပ်သူတွေက ပြောဆိုကြပေမယ့် စစ်ကောင်စီကတော့ သူ့ရဲ့ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ပတ်သက်လို့ နှုတ်ဆိတ် နေခဲ့ ပါတယ်။
နိုင်ငံပိုင်သတင်းစာတွေထဲမှာ လေတပ်အရာရှိ ၃ ဦး သေဆုံးမှုကို သူတို့ရဲ့ မိတ်ဆွေတွေက ဝမ်းနည်းကြောင်း တပေပတ် လည်သာသာ နာရေးကြေငြာ တကွက်စာ ထည့်သွင်း ဖော်ပြတာကလွဲရင် စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ပတ်သက်လို့ စိုးစဉ်းမျှ ဖော်ပြခြင်း မရှိပါဘူး။
အဲဒီနောက်တော့ စစ်ကောင်စီတပ်တွေဟာ မြေပြင်ကရော၊ ဝေဟင်ကပါ ထပ်မံတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး မေ ၇ ရက်၊ နေ့လယ်ပိုင်းမှာတော့ စလောင်းကုန်းကို ပြန်သိမ်းမိသွားခဲ့တာ ဖြစ်ပါတယ်။
သို့ပေမယ့် မိုးမောက်တိုက်ပွဲဟာ စလောင်းကုန်းကို ပြန်သိမ်းမိရုံနဲ့ အပြီးမသတ်သေးပါဘူး။
မိုးမောက်တိုက်ပွဲနဲ့ ပတ်သက်ရင် စစ်ကောင်စီရဲ့ အဓိက စစ်ရေးရည်မှန်းချက်က အလော့ဘွမ်ကို KIA လက်ထဲကနေ ပြန်ရဖို့ ဖြစ်ပါတယ်။
KIA ကတော့ အလော့ဘွမ်ကို ခြေကုပ်စခန်း ထိုင်ထားတဲ့အပြင် အလော့ဘွမ်တောင်ခြေကိုလည်း စစ်တပ်တွေ ကပ် မလာနိုင်အောင် ပိတ်ဆို့ကာရံထားဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ စလောင်းကုန်းကို ပြန်သိမ်းလိုက်နိုင်ပေမယ့် သူတို့ရဲ့ အဓိက စစ်ရေးရည်မှန်းချက်ကိုရောက်ဖို့ အလော့ဘွမ်ဘက်ကို ထပ်မံ ထိုးစစ်ဆင်ရဦးမှာပါ။
အလော့ဘွမ်ဗျူဟာကုန်းကို ရောက်ဖို့အတွက်ဆိုရင် စစ်တပ်ရဲ့ လက်အောက်ခံတပ်သားတွေဟာ စလောင်းကုန်းကနေ မိုင် ၂၀ လောက် ရှည်လျားတဲ့ တောလမ်းခရီးကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။
အဲဒီ မိုင် ၂၀ ခရီးဟာ တောချည်းသက်သက် ဖြတ်တိုးရမှာ မဟုတ်ပါဘူး။ စလောင်းကုန်း နယ်မြေတဝိုက်ကစလို့ အလော့ ဘွမ် ဗျူဟာကုန်းအထိ နယ်မြေတကြောလုံးဟာ KIA စစ်သားတွေ ကြီးစိုးထားတဲ့ နယ်မြေ ဖြစ်ပါတယ်။
အဓိက ဇာတ်လိုက် အလော့ဘွမ်
စစ်ကောင်စီဟာ အလော့ဘွမ် တောင်ခြေနားကပ်နိုင်ဖို့ သည်းသည်းမဲမဲ ကြိုးစားနေရတာ ဒီကနေ့ဆိုရင် ၂ လကျော် ရှိပါပြီ။
အလော့ဘွမ်ဟာ မိုးမောက်မြို့နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ဒေါ့ဖုန်းယန်မြို့နယ်ခွဲထဲက မြန်မာ – တရုတ် နယ်စပ်မျဉ်း အနီးမှာ တည်ရှိတဲ့ တောင်ကြောကြီး ဖြစ်ပါတယ်။
အလော့ဘွမ်ဟာ တရုတ်နိုင်ငံဘက်ကို မျက်နှာမူထားပြီး စလောင်းကုန်း၊ မြို့သစ်၊ ကုန်းလောနဲ့ နွမ်လန်း ကျေးရွာ တို့ကို နောက်ကျောပေးထားတဲ့ အနေအထားနဲ့ တည်ရှိနေတာပါ။
အဲဒီတောင်ကြောဟာ KIA ရဲ့ ဗဟိုဌာနချုပ်နယ်မြေ လိုင်ဇာမြို့နဲ့ မိုင်ဂျာယန်မြို့ကို ဦးတည်သွားနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိတဲ့အပြင် မြစ်ကြီးနား- ဗန်းမော် ကားလမ်းတကြောကိုလည်း အပေါ်ကနေ မတ်မတ်ကြီး မိုးထားတဲ့တောင် ဖြစ်ပါတယ်။
မြစ်ကြီးနား – ဗန်းမော် လမ်းတလျှောက် ခရီးသွားလာတဲ့ အရပ်သားတွေ အတွက်တော့ လမ်းတဖက်တချက်က သာ မန် တောင်တလုံး အဖြစ်နဲ့သာ မြင်ရပေမယ့် စစ်ရေးဗျူဟာအရတော့ အလော့ဘွမ်ဟာ မြစ်ကြီးနား – ဗန်းမော် လမ်းမ တဖက်တချက်က နယ်မြေတွေကို စိုးမိုးနိုင်ဖို့ အရေးအပါဆုံး နေရာပါ။
စစ်ကောင်စီဟာ အလော့ဘွမ်ကိုသာ ပြန်မရရင် မြစ်ကြီးနား – ဗန်းမော် လမ်းတကြောလုံးကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွား မှာ ဖြစ်တဲ့အပြင် မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ ဗန်းမော်မြို့နယ်အတွင်း KIA ရဲ့ တပ်ဖြန့်ကျက်နိုင်မှု၊ နယ်မြေချဲ့ထွင် လှုပ်ရှားနိုင်မှုက စစ်ကောင်စီထက် အရေးသာလာမှာ ဖြစ်ပါတယ်။
နှစ်ဖက်လုံးအတွက် အရေးပါနေတဲ့ အလော့ဘွမ်ကို သူရကိုယ်ရ တိုက်ခိုက်နေတဲ့ ဇာတ်ကောင်တွေကတော့ တဖက်မှာ စစ်တပ်ဖြစ်ပြီး တဖက်မှာတော့ KIA နဲ့အတူ ရက္ခိုင်စစ်တပ် (AA) က ပါဝင်တိုက်ခိုက်နေတာပါ။
AA ဟာ လိုင်ဇာမြို့မှာ စတင် သန္ဓေတည်ခဲ့သလို လက်ရှိ အချိန်ထိလည်း လိုင်ဇာမှာပဲ စစ်ပညာနဲ့ လေ့ကျင့်ရေး သင် တန်းတွေ ဆက်လက် ဖွင့်လှစ်ထားတာကြောင့် လိုင်ဇာမြို့ ပတ်ဝန်းကျင် တကြောက ရှေ့တန်းစခန်းတွေမှာ KIA နဲ့ ပူးတွဲ စခန်းထိုင်တာ၊ လုံခြုံရေးယူပေးတာတွေကို လုပ်ဆောင်လျက် ရှိနေပါတယ်။
ယခုမှ KIA နဲ့အတူ ဝင်ရောက် တိုက်ခိုက်တာမျိုး မဟုတ်ဘဲ ၂၀၁၃ ခုနှစ် အတွင်းက ဗန်းမော်ရိုင်ထဲမှာ ဖြစ်ပွားတဲ့ နမ့်လင်း ပါ တိုက်ပွဲမှာဆိုရင်လည်း AA စစ်သားတွေ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
အလော့ဘွမ်နဲ့ ပတ်သတ်ရင်တော့ အလော့ဘွမ်ဗျူဟာကုန်းကို စသိမ်းတဲ့ မတ် ၂၅ ရက်ကတည်းက KIA နဲ့အတူ AA စစ်သားတွေ ပါဝင်နေတာ ဖြစ်ပါတယ်။
အလော့ဘွမ်ကို ဦးတည်ပြီး တိုက်ခိုက်နေတဲ့ တိုက်ပွဲကာလ ၂ လတာ အတွင်းမှာ စစ်ကောင်စီဘက်က တပ်သားတွေ သေ ဆုံးမှု များတယ်လို့ သတင်းတွေ ထွက်နေသလို KIA နဲ့ AA ဘက်ကလည်း သေဆုံးမှုတွေ ရှိနေပေမယ့် နှစ်ဖက်တပ်တွေ ကတော့ သူတို့စစ်သားတွေ သေဆုံးတာ၊ ဒဏ်ရာရတာတွေကို မဖော်ပြဘဲ ဖုံးကွယ်ထားကြပါတယ်။
KIA ဘက်ကတော့ စစ်ကောင်စီဘက်က တပ်သားတွေ သေတာ ၂၀၀ ကျော်ပြီလို့ ခန့်မှန်းထားကြောင်း၊ KIA နဲ့ AA ဘက်မှာလည်း သေဆုံး ဒဏ်ရာရသူတွေ ရှိပေမယ့် စစ်တပ်လိုတော့ အထိမနာထားကြောင်း ပြောဆိုပါတယ်။
KIA က သူ့ဘက်က ထိခိုက် သေဆုံးတဲ့ တပ်သားစာရင်းတွေအပြင် စစ်ကောင်စီတပ်တွေရဲ့ စခန်းကုန်းတွေကို သိမ်းဆည်း စဉ်က ရရှိတဲ့ လက်နက်ခဲယမ်းတွေ၊ စစ်တပ်ဘက်ကနေ ဖမ်းမိတဲ့ သုံ့ပန်းတွေရဲ့ သတင်းတွေကိုလည်း တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
စစ်ကောင်စီကတော့ စလောင်းကုန်းမှာ တိုက်ခိုက်တုန်းက KIA ဘက်က တပ်မဟာမှူး ၂ ဦး သေဆုံးကြောင်းနဲ့ လက်နက် မျိုးစုံ ၃၅ လက်ကို ရရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
KIA ကတော့ သူတို့ဘက်က တပ်မဟာမှူး ၂ ဦး သေဆုံးတယ်ဆိုတာ မမှန်သလို စလောင်းကုန်းမှာလည်း ခဲယမ်း သိုလှောင်ထားတာ မရှိတာကြောင့် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ပါ အချက်အလက်တွေက မှားယွင်းနေတယ်လို့ ဆိုပါတယ်။
စစ်ရေး ပိုတင်းမာလာနိုင်တဲ့ မိုးမောက်ဒေသ
စစ်တပ်ဟာ စစ်ရေးဗျူဟာကျတဲ့ အလော့ဘွမ်ကို မရမချင်း တိုက်ခိုက်တာတွေကို ရပ်တန့်မယ့် အခြေအနေ မရှိပါဘူး။
စလောင်းကုန်းကို သိမ်းပြီးနောက်မှာ နေ့စဉ်ရက်ဆက် အလော့ဘွမ်တောင်ကြောကို ချဉ်းကပ်နိုင်ဖို့အတွက် စစ်ကောင်စီရဲ့ တပ်တွေဟာ ရှေ့ကို တိုးဝင်နေပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တပ်မှူးဟောင်းတဦးကတော့ “မနေ့ (မေ ၁၀ရက်) ကလည်း သူတို့ တိုက်ဖို့လာတော့ လမ်းမှာ မိုင်းခွဲခံရတာနဲ့ ဘာနဲ့ ပြန်ဆုတ်ရတယ် ကြားတယ်။ အလော့ဘွမ်ကို တိုက်ဖို့ အဝေးကြီးလိုသေးတယ်” လို့ ပြောပါတယ်။
စလောင်းကုန်းကို တိုက်တုန်းက တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတာ၊ ဟောင်ဝစ်ဇာလို့ ခေါ်တဲ့ အမြှောက်ကြီးတွေ လက်နက် ကြီးတွေနဲ့ ပစ်ခတ်တာတွေကို ဖောဖောသီသီ သုံးနိုင်ပေမယ့် အလော့ဘွမ်ကတော့ တရုတ် – မြန်မာ နယ်စပ် စည်းမျဉ်းမှာ ကပ်နေတာကြောင့် စစ်ကောင်စီဘက်က တရုတ်နယ်မြေထဲ လက်နက်ခဲယမ်းတွေ မကျအောင် ထိန်းသိမ်းရမယ့် အခြေ အနေ ရှိတယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး ၎င်းက “စစ်တပ်က ဂီဒုန်တုန်းကလိုပဲ တိုက်မယ်ထင်တယ်။ ဂီဒုန်လိုဆိုတာ တောင်ကြောပေါ် ရောက်အောင် လမ်းတွေဖောက်ပြီး တဖြည်းဖြည်းချင်း တိုက်လိမ့်မယ် ထင်တယ်။ စလောင်းကုန်းမှာလိုတော့ လေယာဉ်နဲ့အမြှောက် စိတ် ကြိုက်သုံးဖို့ သူတို့ ခက်လိမ့်မယ်။ စလောင်းကုန်းတုန်းက ပစ်တဲ့လက်နက် ကျော်ကျလည်း တောင်ကြောမှာပဲ ထိတာ။ အလော့ဘွမ်ကျတော့ ဗျူဟာကုန်းတောင်ထိပ်ကို ကျော်တာနဲ့ တရုတ်ပြည်ထဲကို ဝင်မှာ။ ပစ်တာတော့ အကန့်အသတ် ရှိ တယ်” လို့ ပြောဆိုပါတယ်။
စစ်ကောင်စီတပ်တွေ စလောင်းကုန်းကို ကျော်ပြီး ရှေ့ဆက်တက်လာရင် ရှန်ထုန်ဘွမ်လို့ အမည်ရတဲ့ တောင်တလုံးကို ကျော်ဖြတ်ရဦးမယ်လို့ KIA ဘက်က ပြောပါတယ်။
ရှန်ထုန်ဘွမ်ဟာ စစ်တပ် ခြေကုပ်စခန်း ထိုင်ထားတဲ့တောင် ဖြစ်ပါတယ်။
သို့ပေမယ့် အလော့ဘွမ်ကို KIA နဲ့ AA တို့ သိမ်းပြီး မိုးမောက်ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့ တချိန်လုံး ရှန်ထုန်ဘွမ်ဟာ ကြားညှပ်ပြီး ပိတ်မိနေခဲ့သလို လက်ရှိိအချိန်ထိလည်း ရှန်ထုန်ဘွမ်မှာ စစ်ကောင်စီတပ်သားတွေ ပိတ်မိနေဆဲ ဖြစ်ပါတယ်။
ရှန်ထုန်ဘွမ်က စစ်ကောင်စီရဲ့ တပ်သားတွေဟာ နွမ်လန်းကျေးရွာဘက်ကို ဆင်းဖို့လည်း အခက်တွေ့နေပြီး KIA နဲ့ AA က ပိတ်ဆို့ထားတာ ၂လ ကြာပြီဖြစ်တာကြောင့် စားနပ်ရိက္ခာ ခက်ခဲနေလောက်ပြီလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
တကယ်လို့ တိုက်ပွဲဖြစ်လာရင်လည်း ပိတ်ဆို့ခံထားရတဲ့ ရှန်ထုန်ဘွမ်က တပ်သားတွေဟာ လက်နက်ခဲယမ်း အခက်အခဲပါ ရှိလာလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။
ဆက်ပြီး သူက “အဲဒီဘက်မှာ အကြီးအကျယ် တိုက်လာနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ရှန်ထုန်ဘွမ်ကို မဖြတ်ဘဲ အလော့ဘွမ်ကို ရောက်လာဖို့ မရှိဘူး။ လမ်းလည်း မရှိဘူး။ အဲဒါကို သူတို့ အကြီးအကျယ် ပြန်တိုက်ရဦးမှာပါ။ အဲဒီတောင် က ကျနော်တို့ဘက်က အရေးကြီးတာ အဲဒီလောက်ကြီး မဟုတ်ပါဘူး။ စစ်ကောင်စီဘက်ကတော့ အလော့ဘွမ်ကို ပြန်ရဖို့ အတွက်ကတော့ အဲဒီတောင်က အရေးကြီးတာပေါ့” လို့ ပြောပါတယ်။
ဗိုလ်မှူးကြီးနော်ဘူကတော့ မိုးမောက်မှာ ရှေ့ဆက် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာဦးမယ်လို့လည်း သုံးသပ်နေ တာ ဖြစ်ပါတယ်။
အလော့ဘွမ်ကို ဦးတည်ပြီး ဖြစ်နေတဲ့ ပဋိပက္ခကြားမှာ စစ်ဗျူဟာအရ အရေးပါတဲ့ တောင်ကုန်းတောင်တန်းတွေနား နေ ထိုင်တဲ့ အရပ်သားတွေကတော့ ကံဆိုးမိုးမှောင်ကျတာပါပဲ။
စလောင်းကုန်းကို တိုက်နေတုန်းကဆိုရင် မြို့သစ်၊ ကုန်းလော၊ နွမ်လန်း စတဲ့ ကျေးရွာ ၁၀ ရွာ ကျော်က အရပ်သား ဦးရေ ၇၀၀၀ ဝန်းကျင်ဟာ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရပါတယ်။
ရွာတွေထဲကို လက်နက်ကြီးကျည်တွေ ကျတာကြောင့် အရပ်သား ၆ ဦး သေဆုံးထားပြီး ၇ ဦး ဒဏ်ရာ ရရှိထားပါတယ်။
စစ်ဘေးဒဏ်သင့်နေတဲ့ အရပ်သား ၇၀၀၀ ဝန်းကျင်ထဲက အချို့ဟာ မိုးမောက်နဲ့ ဗန်းမော်မြို့ပေါ်က ဘာသာရေးကျောင်း တွေမှာ လာရောက်ခိုလှုံနေကြပေမယ့် အချို့ကတော့ ဘေးလွတ်ရာ ရွာတွေမှာပဲ ခိုလှုံနေကြရပါတယ်။
စစ်ကောင်စီနဲ့ KIA ကတော့ အလော့ဘွမ်အတွက် ဆက်လက် တိုက်ခိုက်နေကြဦးမှာ ဖြစ်တဲ့အတွက် အရပ်သားတွေ အတွက်ကတော့ လုံခြုံရေးအာမခံ ရှိမနေသလို စစ်ရေးပဋိပက္ခက မိုးမောက်မှာ ဘယ်လောက်ထိ ရှည်ကြာဦးမယ် ဆိုတာ လည်း ဘယ်သူ အဖြေမပေးနိုင်ကြပါဘူး။
KIA နဲ့ AA တပ်တွေက ဘယ်အချိန်ထိ အလော့ဘွမ်ကို ခုခံကာကွယ်နိုင်မလဲ၊ စစ်ကောင်စီဘက်ကရော အကျပ်အတည်း အကန့်အသတ်တွေ ကြားကနေ ဖောက်ထွက်ပြီး အလော့ဘွမ်ကို ရအောင် တိုက်နိုင်မလား ဆိုတာကတော့ ဆက် လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မိုးမောက်ရဲ့ စစ်ရေးအခြေအနေကို ပြန်ခြုံငုံလိုက်ရင် မိုးမောက်တိုက်ပွဲဟာ စလောင်းကုန်းကို သိမ်းရုံနဲ့ ပြီးမသွားပါဘူး။
အလော့ဘွမ်ဗျူဟာကုန်းကို ပြန်သိမ်းယူဖို့ စစ်တပ်က ထိုးစစ်ဆင်နေတာကြောင့် မိုးမောက်နယ်မြေတခွင်ဟာ စစ်ရေး ဆက်လက် တင်းမာနေဦးမှာ ဖြစ်ပါတယ်။ ။
You may also like these stories:
KIA နဲ့ စစ်တပ်အတွက် အရေးပါတဲ့ တရုတ်- မြန်မာနယ်စပ်က အလော့ဘွမ်စခန်း
မိုးမောက်မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲ
မိုးမောက်စစ်ရေးပဋိပက္ခတွင် လေတပ်အရာရှိ ၃ ဦးနှင့် အရပ်သား ၃ ဦး သေဆုံး