ဆောင်းပါး

စစ်တပ်ဗဟိုပြု စီးပွားရေးအင်ပါယာသာ စစ်ဗိုလ်ချုပ်များ အလေးထားသည်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အတွက် အခွင့်အရေးရှိသည် ဟု ထင်ခဲ့သည့်အချိန်တွင် အမေရိကန်ရှေ့နေ တဦးဖြစ်သည့် Eric Rose တံခါး အသစ် ဖွင့်လာသော တိုင်းပြည်ကို စိတ် ဝင်စားသော ရင်းနှီးမြှုပ်နှံသူများအား အကြံဉာဏ်ပေးရန် ရန်ကုန် မြို့တွင် ကုမ္ပဏီ တခု ဖွင့်လှစ်ခဲ့သည်။ ဖောက်သည်တဦးက နိုင်ငံပိုင်ဆေးဝါးကုမ္ပဏီ အများအပြားနှင့် ဖက်စပ်လုပ်ငန်းတခု လုပ်နိုင်မည့် အလားအလာကို အကဲဖြတ်ပေးရန် တောင်းဆို လာခဲ့သည့် ၂၀၁၄ ခုနှစ်တွင် Eric Rose သည် စစ်တပ်က စီးပွားရေးလုပ်ငန်းများကို မည်သို့ လည်ပတ်နေသည်ကို တစေ့တစောင်းကြည့် ဖြစ်ခဲ့သည်။

လိုအပ်သော အချက်အလက်များကို စစ်ဆေးရသည့် လုပ်ငန်းစဉ်အရ Eric Rose က ဒါရိုက်တာများနှင့် စကားပြော ခဲ့ပြီး မြန်မာနိုင်ငံကို ၁၉၆၀ နှစ်များက စ၍ မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်များက လွှမ်းမိုးထားဆဲဖြစ်သော အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ကုမ္ပဏီများ၏ ဘဏ္ဍာရေးကို ပြန်လည်သုံးသပ်ကြည့်ခဲ့သည်။ စီးပွားရေးလုပ်ငန်းများက စွမ်းဆောင်ရည် နည်းပါးသလို ပစ္စည်းကိရိယာများကလည်း ခေတ်မမီတော့ဘဲ ဝန်ထမ်းများက လေ့ကျင့်သင်ကြားမှု အားနည်းနေသည်။ ကုမ္ပဏီများ၏ ခေါင်းဆောင်များသည် စီးပွားရေးအတွေ့အကြုံမရှိသော စစ်အရာရှိဟောင်း များဖြစ်ကြသည်။

“သူတို့က ပိုက်ဆံတွေ အဘက်ဘက်မှာ ဆုံးရှုံးနေတယ်၊ ဘဏ္ဍာရေး အခြေအနေကို ကျနော်တို့ ကြည့်လိုက်တော့ ငါတို့ ဒီကနေထွက်သွားကြစို့ လို့ ပြောမိတယ်။ အဲဒီ စီးပွားရေးလုပ်ငန်း တွေ အခြေအနေ ပြန်ကောင်းလာဖို့ ဘယ်လို အလားအလာမှ မရှိခဲ့ဘူး” ဟု သူကပြောသည်။

 

စစ်တပ်ပိုင် မြဝတီဘဏ်တွင် အပ်နှံငွေများကို လူများက ပြန်လည်ထုတ်ယူရန် တန်းစီနေစဉ်

သို့သော်လည်း မြန်မာနိုင်ငံတွင် အနောက်တိုင်းစံ သတ်မှတ်ချက်များကို အမြဲတမ်း အသုံးမပြုပါ။ ကာကွယ်ရေး ဝန်ကြီး ဌာနက တည်ထောင်ထားသော အဓိကစီးပွားရေးလုပ်ငန်းကြီး ၂ ခုဖြစ်သည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့က မြန်မာနိုင်ငံ စီးပွားရေး၏ အလယ်ဗဟိုတွင် စစ်တပ်၏ အခန်းကဏ္ဍကို ခိုင်မာစေခဲ့သည်။ သူတို့က အရပ်သား လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှု အမျိုးမျိုးကို ပေးနေသည်။ သူတို့က ထောင်နှင့်ချီသော အရပ်သားများနှင့် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများကိုလည်း အလုပ်ပေးထား သည်။ အိမ်ခြံမြေ၊ အရက်၊ ဆေးရွက်ကြီးနှင့် သယံဇာတ အရင်းအမြစ်များအပါအဝင် လုပ်ငန်းကဏ္ဍများကို ထိန်းချုပ် ထားပြီး သိန်းနှင့် ချီသော စစ်သားများသို့ အကျိုးအမြတ်များ ပေးသည်။

ရလဒ်အနေဖြင့် စီးပွားရေးလုပ်ငန်း အောင်မြင်ရေး ရိုးရာနည်းလမ်းများက တခါတရံတွင် ဆီလျှော်မှုမရှိဘဲ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်အစိုးရကို ဖိအားပေးရန် ရည်ရွယ်ထားသည့် နိုင်ငံတကာမှ အရေးယူပိတ်ဆို့ မှုများက အနည်းငယ်မျှသာ အကျိုးသက်ရောက်ဖွယ် ရှိသည်ဟု လေ့လာဆန်းစစ်သူများက ဆိုသည်။ “စီးပွားရေးအရ အထီးကျန်မှုနဲ့ မြေပြင်မှာ မငြိမ်သက်မှုတွေ ရှိနေရင်တောင် စစ်တပ်က ဒီအခြေအနေကနေ အောင်မြင်သူ အနေနဲ့ ထွက်လာနိုင်တယ်” ဟု စင်ကာပူနိုင်ငံ ISEAS-Yusof Ishak Institute မှ မြန်မာ့အရေး လေ့လာသည့် ပညာရှင်တဦးဖြစ်သည့် Romain Caillaud ပြောသည်။ “မုန့်က သေးလာနေတယ်။ ဒါပေမယ့် သူတို့က ပိုကြီးတဲ့ အချပ်ကို ရပါလိမ့်မယ်။ ”

ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာရယူ၍ အဓိကလုပ်ငန်းများကို ပြည်သူပိုင်သိမ်းခဲ့သည့် ၁၉၆၂ ခုနှစ် ပထမဆုံး စစ်အာဏာ သိမ်းချိန် မှစ၍ စစ်တပ်က ၎င်း၏ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ အကျိုးစီးပွားများကို ဆက်သွယ်ထားပြီး ဖြစ်သည်။ ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲများကို ဖြိုခွဲခဲ့သည့် အတွက် အမေရိကန်ပြည်ထောင်စု၏ အရေးယူ ပိတ်ဆို့မှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ခဲ့ပြီးနောက် ၁၉၉၀ ခုနှစ်တွင် စစ်အစိုးရက မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို တည်ထောင်ခဲ့သည်။ နောက် ၇ နှစ် အကြာတွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ပေါ်ပေါက်လာသည်။ ယုံကြည်လက်ခံနိုင် လောက်သည့် ရွေးကောက်ပွဲတခုတွင် နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က အာဏာရပြီးနောက် ၂၀၁၆ ခုနှစ်တွင် ကုမ္ပဏီ ၂ ခု လုံး အပေါ် စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းပေးခဲ့သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်က ကာလတို ဒီမိုကရေစီ အတွင်း ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်လာမည့် ဈေးကွက်တခုအဖြစ် စတင်မြင်လာခဲ့သည်။ သို့သော်လည်း အရပ်သား အစိုးရသည် စစ်တပ်ကို ထိန်းချုပ်ရန် ရုန်းကန်ခဲ့ရ ပြီး လတ်တလော အာဏာသိမ်းမှု မတိုင်မီကပင် အကောင်းမြင်မှုများ ပျောက်ဆုံးသွားခဲ့ရပြီး ဖြစ်သည်။ ရိုဟင်ဂျာ မွတ်ဆလင် လူနည်းစုအပေါ် ရက်စက်စွာ ကျူးလွန်မှုများနှင့် ပတ်သက်၍ စစ်ဗိုလ်ချုပ်များအပေါ် အမေရိကန်နိုင်ငံက ပိတ်ဆို့ အရေးယူမှုများ ပြန်လည်ပြုလုပ်ခဲ့ပြီး ကုမ္ပဏီ အကျိုးစီးပွားများမှာ လူ့အခွင့်အရေး အဖွဲ့များနှင့် လူမှုရေး သတိရှိသော ရင်းနှီး မြှုပ်နှံသူများထံမှ ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်။

၂၀၂၀ ခုနှစ်တွင် ဂျပန် အဖျော်ယမကာ ကုမ္ပဏီ Kirin Holdings က MEHL ၏ Myanmar Brewery နှင့် Mandalay Brewery တို့ နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်သုံးသပ်ရန် သဘောတူခဲ့သည်။ သူတို့က မြန်မာနိုင်ငံတွင် ရောင်းချသည့် ဘီယာ ၈၀ ရာခိုင်နှုန်းခန့်ကို ပူးပေါင်း ထုတ်လုပ်သည်။ သို့သော်လည်း ကုမ္ပဏီက ၎င်း၏ အကျိုးအမြတ်ကို မည်သို့ အသုံးပြုနေသည် ဆိုသည်ကို ရှာဖွေရန် ရှယ်ယာအများစု ပိုင်ဆိုင်ထားသည့် အဓိက စီးပွားရေး မိတ်ဖက်တခု အနေဖြင့်ပင် ခက်ခဲနေခဲ့သည်။ ထပ်ခါတလဲလဲ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည့်တိုင် ပေးအပ်လာသည့် သတင်းအချက်အလက်များက လုံလောက်မှုမရှိကြောင်း Kirin က ဇွန်လက ထုတ်ထုတ်ပြန်ချက် တခုတွင် ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးရန်နှင့် အမြတ်အစွန်းများက စစ်ရေးဆိုင်ရာလုပ်ရပ်များအတွက် ငွေကြေးထောက်ပံ့ခြင်း မဟုတ်ကြောင်း သေချာအောင်ပြုလုပ်ရန် Kirin က ပြင်ပစာရင်းကိုင်ကုမ္ပဏီ တခုကို ငှားရမ်းခဲ့သည်။ Kirin အဆိုအရ စာရင်းစစ်များသည်လည်း မည်သည့် သတင်းအချက်အလက်ကိုမျှ မဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလတွင် Kirin က အစီရင်ခံစာကို အဖြေမထွက်သည့် အစီရင်ခံစာအဖြစ် ဖော်ပြခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းတွင် ဖက်စပ် လုပ်ငန်းကို အဆုံးသတ်ရန် အစီအစဉ်ကို ကြေငြာခဲ့သည်။

ဖေဖော်ဝါရီလ ဆန္ဒပြပွဲများအတွင်း စစ်တပ်ပိုင် စီးပွားရေး ထုတ်ကုန်များအား သပိတ်မှောက်ရန် လှုံ့ဆော်ချက်

နိုင်ငံခြားကုမ္ပဏီ ၆၀ ခန့် က MEHL သို့မဟုတ် MEC နှင့် ဖက်စပ်လုပ်ငန်းများ တည်ထောင်ထားကြသည် သို့မဟုတ် စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြသည် သို့မဟုတ် ၎င်းတို့ ပိုင်ဆိုင်သော နေရာများတွင် ရုံးခန်းငှားရမ်းခြင်းကဲ့သို့သော စီးပွားရေး အရ ပတ်သက်မှုများ ရှိနေကြသည်။

MEHL နှင့် ဖက်စပ်လုပ်ကိုင်သည့် တောင်ကိုရီးယားသံမဏိ လုပ်ငန်းတခု ဖြစ်သော Posco က ၎င်း၏ပြည်တွင်း လုပ်ဖော် ကိုင်ဖက်ထံမှ ရှယ်ယာများကို ပြန်လည်ဝယ်ယူရန် သို့မဟုတ် ဆက်ဆံမှုဖြတ်တောက်ရန် အခြားနည်းလမ်းများကို စဉ်းစား နေသည်ဟု ပြောသည်။ ဧပြီလ ၂၆ ရက် နေ့က လေ့လာသုံးသပ်သူများနှင့် အတူ ပြုလုပ်သော ကွန်ဖရင့်တခုတွင် Posco ၏ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အဦး စီးပွားရေးလုပ်ငန်း အကြီးအကဲ Chon Jung-Son က မြန်မာနိုင်ငံမှ အကျပ်အတည်းသည် “ကျနော်တို့ မမျှော်လင့်ခဲ့တဲ့ နည်းလမ်းတခုနဲ့ ပေါ်ထွက်လာခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။ အမြတ်အစွန်းက အစိုးရထံသို့ ရောက်ရှိမည်ဟု ကုမ္ပဏီက ယုံကြည်ထားကြောင်း သူကပြောသည်။ ဓာတ်ငွေ့ ထုတ်လုပ်မှု ၏ ၂၀ ရာခိုင်နှုန်းက ပြည်တွင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများဆီသို့ ရောက်သွားသည်ဟု သူက ဆက်ပြောသည်။

စစ်အစိုးရ၏ အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် အနောက်တိုင်း အစိုးရများက စစ်တပ်၏ စီးပွားရေး လုပ်ငန်းစု ၂ ခုလုံး အပေါ် အရေးယူ ပိတ်ဆို့မှု အသစ်ချမှတ်ခဲ့သလို စစ်တပ်ထိပ်တန်းခေါင်းဆောင်များနှင့် သူတို့၏မိသားစုများအပေါ် လည်း ချမှတ်ခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံမှ စစ်တပ်ပိုင်ကုမ္ပဏီများ၏ ထိပ်တန်းအရာရှိများက နိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာ ဖိအားများ၏ သက်ရောက်မှုကို အရေးမပါသလို ပြောကြားခဲ့ကြသည်။ စီးပွားရေးက ကောင်းမွန်စွာ လည်ပတ်နေသည်ဟု သူတို့က ဆိုသည်။

“ကျနော်တို့ လုပ်ငန်းက ပြည်တွင်းကိုပဲ အဓိက ထားတယ်။ ဒါကြောင့် ကျနော်တို့ ပြဿနာ အများကြီးမတွေ့ရဘူး” ဟု ၂၀၁၉ ခုနှစ်တွင် အငြိမ်စားယူသည်အထိ MEC တွင် အထွေထွေမန်နေဂျာ အဖြစ် လုပ်ကိုင်ခဲ့သော ဦးမြင့်သန်းက ပြောသည်။ သူက အကြံပေးပုဂ္ဂိုလ်အဖြစ် ကုမ္ပဏီတွင် ဆက်လက် ရှိနေဆဲဖြစ်သည်။ “ကုန်ကြမ်း တချို့တလေ ဝယ်ယူဖို့ အခက်အခဲရှိနိုင်တယ်၊ ဒါပေမယ့် အဲဒါတွေကို တရုတ်ကနေ ဝယ်လို့ ရနိုင်ပါတယ်။ အရေးယူ ပိတ်ဆို့မှုတွေက သက်ရောက်မှု မရှိဘူးလို့ ကျနော်တို့က ပြောရင် ညာသလိုဖြစ်လိမ့်မယ်။ ဒါပေမယ့် အဲဒါက မပြင်းထန်ပါဘူး။”

“ကျနော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်သူတွေ အများကြီးက အခန်းကဏ္ဍတခုကနေ ပါဝင်နေပါတယ်။ ဒါက ကလေးတွေ ကစားနေတာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ခေါင်းဆောင်တွေက ဖြစ်နိုင်ချေရှိတဲ့ အကျိုးဆက်တွေ မှန်သမျှအတွက် ကောင်းကောင်းပြင်ဆင်ထားကြသူတွေ ဖြစ်ပါတယ်” ဟု သူကဆက်ပြောသည်။

အင်တာဗျူးတခုတွင် MEHL ၏အထွေထွေမန်နေဂျာ ဦး လှမျိုး က“ အခြေအနေတွေက နေ့တိုင်းပြောင်းလဲနေတယ်။ ကျနော်တို့စီးပွားရေး လုပ်နေတာပါ။ ဒါကြောင့် ကျနော်တို့ရဲ့ လုပ်ငန်းကိုပဲ အာရုံစိုက်တယ်။ ကျနော်တို့ရဲ့ လုပ်ငန်း တိုးတက်အောင် လုပ်ဖို့ ကျနော်တို့ ပိုကြိုးစားမယ်။ ဒါပါပဲ” ဟု ပြောသည်။

နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်၍ သူက “ သူတို့က သူတို့ သဘောအတိုင်း လုပ်နေတာဆိုတော့ ကျနော့်မှာ မှတ်ချက် ပေးစရာ မရှိပါဘူး” ဟုပြောသည်။

မြန်မာနိုင်ငံအတွင်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ခိုက်နေသည့် ဆန္ဒပြသူများက စီးကရက်၊ ဘီယာနှင့် စစ်တပ်၏ စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် အရာမှန်သမျှ သပိတ်မှောက်ရန် စားသုံးသူများကို တိုက်တွန်းနေသည်။ မည်သည့်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ရှောင်ကြဉ်ရမည် ဆိုသည်ကို စားသုံးသူများ သိရှိနိုင်စေရန် ဝေးဝေးနေ Way Way Nay ဟု ခေါ်သည့် အက်ပလီကေးရှင်းတခုကို တက်ကြွလှုပ်ရှားသူများက အင်တာနက်တွင် တင်ပေးခဲ့သည်။

“ သူတို့ရဲ့ ဝင်ငွေကို လျှော့ချဖို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်တဲ့ လှုပ်ရှားမှု တခုအနေနဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ စစ်တပ် ကျောထောက် နောက်ခံပြုထားတဲ့ ကုန်ပစ္စည်းတွေကို ကျမတို့ သပိတ်မှောက်ရမယ်” ဟု “ Don’t Buy (မဝယ်နဲ့)” လှုပ်ရှားမှုကို စည်းရုံးလှုံ့ ဆော်နေသူ တဦးဖြစ်သော အသက် ၂၃ နှစ် အရွယ် မနှင်းဧကရီက ပြောသည်။ “ဒီလို လူမှုရေးပြစ်ဒဏ်ခတ်ခြင်းမျိုးက အရေးကြီးပါတယ်။”

ဖားကန့်ရှိ ကျောက်စိမ်းတွင်းတတွင်းရှိ မြေစာပုံတခု/မြစ်ကြီးနားဂျာနယ်

ယခုအချိန်အထိမူ စီးပွားရေးပိတ်ဆို့မှုများနှင့် သပိတ်မှောက်ခြင်းများက စစ်တပ်၏ ဘဏ္ဍာရေးကို အနည်းငယ်သာ ခြိမ်းခြောက်နိုင်ခဲ့သည်။ အချို့နိုင်ငံခြားကုမ္ပဏီများက ဆက်လက်၍ လုပ်ကိုင်ဆဲဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများက ကုန်သွယ်ရေးတွင် ကန့်သတ်ချက်များ မချမှတ်ပါ။

မြန်မာကျောက်စိမ်းက တရုတ်နိုင်ငံတွင် ဝယ်လိုအား အများဆုံး ဖြစ်ပြီး စစ်တပ် စီးပွားရေး အင်ပါယာ၏ အခြေခံကျသော အပိုင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်မှစ၍ အမျိုးမျိုးသော ကာလ အပိုင်းအခြားများအတွင်း မြန်မာနိုင်ငံ၏ ကျောက်စိမ်းကုန်သွယ်ရေးသည် နိုင်ငံ ဂျီဒီပီ၏ တဝက်နီးပါး ဖြစ်သည့် ဒေါ်လာ ဘီလီယံ ၃၀ ကျော် တန်ဖိုးရှိနိုင်သည်ဟု ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ အနည်းဆုံး ၂ ခုက ခန့်မှန်းခဲသည်။ Global Witness ၏ အဆိုအရ ၂၀၁၆ မှ ၂၀၁၉ အတွင်းတွင် MEHL နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများက နိုင်ငံအတွင်း ကျောက်စိမ်း တူးဖော်ခွင့်ပြုချက် ပါမစ် အများဆုံး ရှိသူများ ဖြစ်ခဲ့ကြသည်။

“စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေက သူတို့ ကိုယ်ပိုင်စီးပွားရေးအသိုက်အဝန်းကို သူတို့ ကိုယ်ပိုင်နည်းလမ်းနဲ့ တည်ဆောက်ခဲ့ကြတယ်။ သူတို့က အတော်လေး သီးခြားဆန်တယ်” ဟု မြန်မာနိုင်ငံ၏ အကြီးဆုံး စီးပွားရေးအသင်း အဖွဲ့ဖြစ်သော ပြည်ထောင်စု မြန်မာနိုင်ငံ ကုန် သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယဥက္ကဌ ဦး မောင်မောင်လေးက ပြောသည်။ စစ်တပ်ပိုင် လုပ်ငန်းစုကြီးများ၏ လက်အောက်ခံများနှင့် စစ်တပ်နှင့် ဆက်သွယ်မှုရှိသည့် အခြားကုမ္ပဏီများက UMFCCI ၏ အခမ်းအနားများ သို့မဟုတ် လှုပ်ရှားမှုများတွင် ပါဝင်ခြင်း မရှိ ဟု သူကပြောသည်။ “ကျနော်တို့ ပြည်တွင်းကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် ဆက်သွယ်မှု မရှိဘူး။ ”

လွတ်လပ်သော ပြည်တွင်းကုမ္ပဏီအမြောက်အများသည် နောက်ဆုံးတွင် စစ်တပ်နှင့် ပတ်သက်ကြရသည်ဟု အနောက်တိုင်း ကုမ္ပဏီများအတွက် ဖြစ်နိုင်ချေ ရှိသော ပူးပေါင်းဆောင်ရွက်မှုများကို စုံစမ်းစစ်ဆေးရန် မကြာခဏ ကူညီပေးခဲ့သည့် PwC မှ မှုခင်း ဆေးပညာဆိုင်ရာ မန်နေဂျာ George McLeod ကပြောသည်။ အနောက်တိုင်းမှ နိုင်ငံတကာ ကုမ္ပဏီ အများစုသည် သူတို့ကို ဈေးကွက်သို့ ဝင်ရောက်ခြင်းမှ အတားအဆီး ဖြစ်စေသော မြန်မာစစ်တပ်နှင့် အလုပ်လုပ်ခြင်းမှ တားဆီးထားသည့် ကျင့်ဝတ် စည်းကမ်းများဖြင့် အချုပ်အနှောင် ဖြစ်နေသည်။

“မြန်မာနိုင်ငံက ကြီးမားတဲ့ လုပ်ငန်းစုတွေ အားလုံး နီးပါးမှာ စစ်ဘက်က ပုဂ္ဂိုလ် တချို့နဲ့ ဆက်စပ်မှုတွေ ရှိနေတယ်” ဟု George McLeod ကပြောသည်။ “ အခြေအနေတခုကို ရောက်နေတဲ့ မြန်မာနိုင်ငံက မည်သည့်ကုမ္ပဏီ မဆို စစ်ဘက်နဲ့ အလွန့် အလွန် ခိုင်မာတဲ့ ဆက်ဆံမှုမျိုး ရှိနေရလိမ့်မယ်။’’

၂၀၁၄ ခုနှစ်တွင် MEHL နှင့် ပြည်တွင်း စီးပွားရေးဖက် တဦး ကြားမှ ရှားရှားပါးပါး လူသိရှင်ကြား အငြင်းပွားမှုက MEHL ၏ ဗျူဟာအချို့ မည်သို့ ဖြစ်နိုင်သည် ဆိုသည်ကို မီးမောင်းထိုးပြခဲ့သည်။ ခုံရုံးတခုက ပြည်တွင်း သတင်းစာတခုတွင် အသိပေးချက် ထုတ်ပြန်ခဲ့ရာ၌ MEHL ၏ ကိုယ်စားလှယ်ဖြစ်သော အငြိမ်းစားဗိုလ်မှူးကြီးသည် ၎င်းနှင့် သဘောထားကွဲလွဲနေသည့် စီးပွားရေးလုပ်ဖော်ကိုင်ဖက်ရောက်လာခြင်းမှ တားဆီးရန် တံခါးကို သော့ပိတ်ထားခဲ့ပြီး ညှိနှိုင်းမှုကို တဖက်သတ် အဆုံးသတ်ရန် အားထုတ်သည့် အနေဖြင့် ခုံသမာဓိခန်းမှ “ကုလားထိုင်များ၊ စားပွဲများနှင့် ပရိဘောဂများ” ကို ဖယ်ရှားထားခဲ့သည်။

၀၁၀-၁၁ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် MEHL ၏ အစုရှယ်ယာ ၅ ထောင်ကို ပိုင်ဆိုင်ပြီး အကျိုးအမြတ်အနေဖြင့် ကျပ်ငွေ ၁ ဒဿမ ၅ သန်း ရရှိခဲ့သည်/ ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် အစိုးရ ကာလအတွင်း အမေရိကန်နှင့် ကုန်သွယ်မှု ဆက်ဆံရေးကို ပုံမှန်မပြုလုပ်မီက MEHL နှင့် MEC အပေါ် ချမှတ်ထားသော အမေရိကန် ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှုများနှင့် လိုက်လျောညီထွေဖြစ်စေရေး သူတို့ကို ကူညီရန် တပ်မတော် စီးပွားရေးလုပ်ငန်းများက Eric Rose ကို တောင်းဆိုခဲ့သည်။ လုပ်ငန်းစုကြီးများ၏ အဓိက လက်အောက်ခံ ကုမ္ပဏီများ၏ ခေါင်းဆောင်များသို့ တင်ပြရာတွင် ၎င်းတို့အား စစ်တပ်၏ ထိန်းချုပ်မှုမှ လွှတ်ပေးရန် လိုအပ်လိမ့်မည် ဖြစ်ကြောင်း သူက အကြံပြုခဲ့သည်။

“နောက်ဆုံးမှာတော့ သူတို့က မဖြစ်နိုင်ဘူး။ သူတို့က ဒီလိုလုပ်ဖို့ဆန္ဒရှိဘူးလို့ ပြောတယ်’’ဟု Eric Rose က ဆိုသည်။ ”သူတို့ ကပြောတယ် ဒီစီးပွားရေးလုပ်ငန်းတွေကို တပ်မတော်နဲ့ ကျနော်တို့ ခွဲခြားနိုင်တဲ့ လမ်းမရှိဘူး။ ဒီလုပ်ငန်းတွေက ပိုက်ဆံ အများကြီးရတယ်တဲ့။”

အဆိုပါငွေများက တနည်းအားဖြင့် စစ်တပ်ကို အထောက်အပံ့ဖြစ်စေသည်။ စီးပွားရေးအကျိုးအမြတ်များက နိုင်ငံရေးအာဏာသို့ ဦးတည်၍ အပြန်အလှန်အားဖြင့် နိုင်ငံရေးအာဏာက စီးပွားရေးအကျိုးအမြတ်များသို့ ဦးတည်ခြင်းသည် ပုံမှန်သာ ဖြစ်သည်။ သို့ သော်လည်း MEHL နှင့် MEC တို့က အလုပ်ရှင်ကြီးများဖြစ်ပြီး အမြတ်ငွေများကို စစ်သားများ၊ အရာရှိများနှင့် စစ်မှုထမ်းဟောင်းများသို့ ပေးသော မြန်မာနိုင်ငံတွင်မူ အထူးသဖြင့် စိတ်မသက်သာစရာ ဖြစ်သည်။

(လူမျိုးတုန်းသတ်ဖြတ်ခဲ့သည်ဟု ဆိုသော ရခိုင်ပြည်နယ်ကို တာဝန်ယူရသည့်) အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ရှိ သီးခြားစီဖြစ်သော တပ်ဖွဲ့ ၉၅ ခု က အစုရှယ်ယာ ၄.၃ သန်းကျော် ပိုင်ဆိုင်ထားပြီး ၂၀၁၀-၁၁ တွင် တရားဝင်ငွေလဲလှယ်နှုန်းအရ ဒေါ်လာ ၂၀၈ သန်းကျော်ရရှိခဲ့ ကြောင်း လတ်တလောတွင် လူသိထင်ရှား ဖြစ်လာသည့် အချက်အလက်အရ သိရသည်။ ကုမ္ပဏီ၏ ရှယ်ယာများကို တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား စစ်မှုထမ်းများသို့ ဖြန့်ဝေထားပြီး ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်း မပြုနိုင်ပါ။

MEHL က နိုင်ငံ၏ အကြီးမားဆုံး ဘဏ်များထဲမှ တခုနှင့် စစ်တပ်၏ ပင်စင်ရန်ပုံငွေများကို လုပ်ကိုင်နေသည်။ အစုရှယ်ယာရှင် ၃၈၃၀၀၀ ကျော်အနက် ၉၉ ရာခိုင်နှုန်း ကျော်သည် တာဝန်ထမ်းဆောင်ဆဲ သို့မဟုတ် အငြိမ်းစားစစ်မှုထမ်းများ ဖြစ်ကြကြောင်း Amnesty International၊ ကုလသမဂ္ဂနှင့် Justice For Myanmar တို့က ရရှိခဲ့သော စာရွက်စာတမ်းများအရ သိရသည်။ ကျန်သည့် အစုရှယ်ယာရှင်များမှာ စစ်တပ်နှင့် ဆက်နွယ် နေသော အဖွဲ့အစည်းများဖြစ်သည်။

သူတို့ထဲတွင် ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မှ စစ်ဆင်ရေးများကို ကြီးကြပ်ရသည့် ဒေသဆိုင်ရာ စစ်တိုင်း ဖြစ်သော အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကဲ့သို့သော လူသိများသည့် အဖွဲ့များလည်း ရှိသည်။ ၂၀၁၀-၁၁ အထိ အစုရှယ်ယာရှင်များထဲတွင် အကြီးတန်း စစ်ခေါင်းဆောင်များ ပါဝင်ခဲ့သည်။ ၂၀၁၀-၁၁ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် MEHL ၏ အစုရှယ်ယာ ၅ ထောင်ကို ပိုင်ဆိုင်ပြီး အကျိုးအမြတ်အနေဖြင့် ကျပ်ငွေ ၁ ဒဿမ ၅ သန်း ရရှိခဲ့သည်။

ကုလသမဂ္ဂ၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာ တစောင်က စစ်တပ်၏ စီးပွားရေး အကျိုးစီးပွားသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကူညီနေသည်ဟု ဆိုသည်။ ကုလသမဂ္ဂ၏ အဆို အပြည်ပြည်ဆိုင်ရာဥပဒေအရ ဆိုးရွားသော ရာဇဝတ်မှု အချို့အတွက် စွပ်စွဲခံထားရသူများ အပါအဝင် လက်ရှိနှင့် ယခင် အဆင့်မြင့် စစ်အရာရှိများက ဦးပိုင် ကုမ္ပဏီ ၂ ခု အပေါ်တွင် သိသာထင်ရှားသော ထိန်းချုပ်မှုနှင့် သြဇာ လွှမ်းမိုးမှုရှိ ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အချက်အလက်ရှာဖွေရေး အဖွဲ့ကို အသိအမှတ်ပြုရန် အစိုးရက ငြင်းဆန်ခဲ့ပြီး အစီရင်ခံစာ၏ သုံးသပ်ချက်များကို ပယ်ချခဲ့သည်။ “ဒီအစီရင်ခံစာက မြန်မာနိုင်ငံနဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေရန် ရည်ရွယ်တဲ့ လုပ် ဆောင်မှုတခုလို့ ကျနော်တို့ မှတ်ယူပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက် တခုတွင်ပြောသည်။

သက်တမ်းတိုသည့် ဒီမိုကရေစီ ကာလမတိုင်မီ မြန်မာနိုင်ငံကို ဒေသတွင်း အိမ်နီးချင်းနိုင်ငံအများစု၏ နောက်တွင် ကျန်ရစ်ခဲ့စေသည့် အထီးကျန် ကာလတခုမှ တင်းတင်းကျပ်ကျပ် ပိတ်ထားသော စီးပွားရေးကို စစ်တပ်က ဦး ဆောင်ခဲ့သည်။ လာလတ္တံ့သော အနာဂတ်က အတိတ်နှင့် အလွန်တူ အောင် စတင်နေပြီ ဖြစ်သည်။

“စီးပွားရေး ကပ်ဆိုးတခုက အဆင်သင့် ဖြစ်နေပြီ’’ စင်ကာပူရှိ Asia Research Institute မှ ပညာရှင်တဦး ဖြစ်သည့် Gerard McCarthy က ပြောသည်။ “တိုင်းပြည်အတွက် သူတို့လုပ်ခဲ့တယ်လို့ စစ်တပ်က ထင်တဲ့ တိုးတက်မှုတခုက မျက်စိတမှိတ်အတွင်းမှာ အားလုံး အငွေ့ပျံသွားပြီ။’’

(Bloomberg သတင်းဌာန၏ Myanmar’s Generals Run a Nearly Sanction-Proof Business Empire ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ မှာ ကြုံလာနေတဲ့ စီးပွားရေးပြိုကွဲခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် အငတ်ဘေ

သပိတ်မှောက်သောကြောင့် စစ်တပ်ယမကာလုပ်ငန်း အရောင်းထက်ဝက်ကျ

စစ်ကောင်စီ နိုင်ငံခြားငွေမာ ဆက်ပြီး မရနိုင်လျှင်

ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ စကားများက ပြည်သူ့နားမှာ မချိုသာ

Did you find apk for android? You can find new Free Android Games and apps.
Loading