ဆောင်းပါး

ချင်းနဲ့ တူမီး၊ တူမီးနဲ့ ချင်း

Want create site? Find Free WordPress Themes and plugins.

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု သတင်းတွေထဲမှာ လူအများအပြား စိတ်ဝင်တစား ပြောမဆုံး ဖြစ်ရတဲ့ သတင်း က ချင်းကာကွယ်ရေး အဖွဲ့တွေရဲ့ သတင်းပါ။

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ကို တက်လာတဲ့ စစ်တပ်ကို တူမီးသေနတ်တွေနဲ့ ခံတိုက်တာကြောင့် စစ်သား ဆယ်ယောက်ကျော် ကျဆုံးတယ်။ နောက်ဆုံးစစ်တပ်တွေက ဆက်မတိုက်ဖို့ လာညှိနှိုင်းပြီး ဖမ်းထားတဲ့ လူငယ် ၇ ဦး ကို ပြန်လွှတ်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ လူပြောအများဆုံး ဖြစ်ခဲ့သလို စစ်ကောင်စီ ကိုယ်တိုင်ကလည်း သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ရှင်းလင်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် “မင်းတပ်က သင်းသတ်တဲ့ ပွဲ” လို့တောင် လူတွေက အမွန်းတင် ပြောဆိုနေကြပါတယ်။

အခုဆိုရင်လည်း မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေး သတ်မှတ်လိုက်ပြီး စစ်ကောင်စီက ထိန်းချုပ်ဖို့ ကြိုးစားနေရာ လေ ကြောင်းကပါ ကူညီတိုက်ခိုက်နေရတဲ့ အခြေအနေ ရှိပါတယ်။

အော်တိုမက်တစ် မောင်းပြန်ရိုင်ဖယ်တွေ ဖျက်အားပြင်းတဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ စစ်တပ်ကို ချင်း တိုင်းရင်းသားတွေက ၁၉ ရာစု လက်နက်ဖြစ်တဲ့ တူမီးသေနတ်ကိုင်ဆွဲပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ စနစ်တကျ ခုခံတာကြောင့် ချင်းတိုင်းရင်းသားတွေရဲ့ သတ္တိ၊ ဗျတ္တိကို အသိအမှတ်ပြုကြရမှာ ဖြစ်ပါတယ်။

တကယ်တော့ ချင်းနဲ့ တူမီး၊ တူမီးနဲ့ ချင်း ဆိုတာ ခွဲခြားလို့ မရပါဘူး။

လတ်တလော ဖြစ်ပွားနေသည့် မင်းတပ်မြို့ကို စစ်တပ်က သိမ်းပိုက်ရန် ကြိုးစားစဉ် လာရောက် ရိက္ခာပို့သည့် စစ်ယာဉ်တန်းကို ချင်းကာကွယ်ရေးတပ်(CDF)မှ တူမီးစစ်သည်များက သိမ်းပိုက်လိုက်စဉ်(ဓာတ်ပုံ – CJ )

မြန်မာတို့က လုပ်သေနတ်လို့ ခေါ်တဲ့ တူမီးသေနတ်ဟာ ချင်းလူမျိုး ယောက်ျားတွေအတွက်တော့ မယားထက်ချစ်တဲ့ အရာဖြစ်ပြီး၊ ဘိုးဘွားပိုင် အမွေပစ္စည်းအဖြစ် ရှေးပဝေသဏီကတည်းက သတ်မှတ်ထားခဲ့တာပါ။

ချင်းယောက်ျားတိုင်း သေနတ်ကို ခုံမင်တွယ်တာကြသလို ယောက်ျားကောင်းဆိုတဲ့ ဂုဏ်သိက္ခာနဲ့ ညီအောင် သေနတ် တလက်တော့ ရအောင်ကြံဆောင်ကြတယ်လို့ ချင်းတောင်နဲ့ ပတ်သက်တဲ့ စာတွေက ဆိုပါတယ်။

လူတဦး တယောက်ချင်းနဲ့ အိမ်တိုင်းမှာ သာမက ကျေးရွာများမှာလည်း ဘုံသေနတ် ပိုင်ဆိုင်ထားရှိတာကို အလွန်ဂုဏ် ယူကြသလို အကြောင်းတစုံတရာကြောင့် ကျေးရွာဘုံသေနတ်များ ရုပ်သိမ်းခံရမှာကိုလည်း အင်မတန် စိုးရိမ်ကြပါ တယ်။

ချင်းလူမျိုးတွေဟာ တောင်ယာစိုက်ခြင်း၊ နွားနောက်မွေးခြင်းတို့နဲ့ အသက်မွေးတဲ့အပြင် အမဲလိုက်ခြင်း၊ ငါးမျှားခြင်းကို လည်း ဝါသနာ ပါကြပါတယ်။

အမဲလိုက်ရာမှာလည်း ဆင်၊ ပြောင်၊ စိုင်၊ တောဝက်လို အစွယ်ပါတဲ့ သတ္တဝါတွေ၊ ကျားနဲ့ ကျားသစ်လို သတ္တဝါတွေ၊ ချေ၊ ဖြူ စတဲ့ သတ္တဝါဆိုကာ သုံးမျိုးခွဲထားရာမှာ ဆင်၊ ပြောင်၊ စိုင်၊ တောဝက် စတဲ့ သတ္တဝါတွေကို ပစ်ခတ်နိုင်သူက တော့ ပိုမိုဂုဏ်ရှိပြီး အရဲရင့်ဆုံး မုဆိုးကြီးလို့ အဓိပ္ပာယ်ရတဲ့ ချင်းစကားအရ “လွန်ပီး” ဆိုတဲ့ ဂုဏ်ပုဒ်ကို တပ်ကာ အခေါ်ခံရပါတယ်။

အမဲလိုက်ခြင်းက သူရ သတ္တိရှိမှုကို ပြသပြီး ယောက်ျားမှန်သမျှ အနည်းဆုံး ခြေလေးချောင်း သတ္တဝါ (ချေ) လောက် တော့ ပစ်ဖူးရမယ်။ မပစ်ဖူးရင် သတ္တိကြောင်သူ ယောက်ျား မပီသူလို့ သတ်မှတ်ခံရမယ်၊ ဒီလို သတ်မှတ်ခံရမှာကို လည်း ယောက်ျားတော်တော်များက စိုးရိမ်ကြတယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း ချင်းအိမ်တအိမ်ကို ကြည့်လိုက်ရင် အမဲလိုက်ထားတဲ့ သားကောင်တွေရဲ့ ဦးခေါင်းတွေ ချိုတွေကို အမြတ်တနိုး တွေ့ရမှာပါ။

တော်လှန်ရေးကောင်စီ တက်လာပြီးနောက်ပိုင်း ၁၉၆၅ ခုနှစ် တဝိုက်က ဖလမ်း တခရိုင်တည်းပဲ လိုင်စင်နဲ့ သေနတ် ကိုင်ဆောင်သူ ၈ ထောင်ကျော် ရှိတယ်လို့ သိရပြီး၊ ဒီလိုသေနတ်တွေ ပေါပေမယ့် ရာဇဝတ်မှု လူသတ်မှုကတော့ နည်းပါးသလို သေနတ်ရဲ့ ပယောဂကြောင့် တောလိုက်ရင်း မှားယွင်းပစ်ခတ်ခံရတဲ့ လူသေမှုလောက်သာ ရှိတယ်ဆိုတဲ့ အကြောင်းကို ချင်း ဝိသေသတိုင်း ဖလမ်း အရေးပိုင် ဦးဝမ်းတင်က “ထင်းရှုးနံ့ သင်းတဲ့ ချင်းတို့မြေ” စာအုပ်မှာ ရေး သားပါတယ်။

အဲဒီတုန်းက ချင်းတောင်မှာ တရားမဆိုတာ မြေအမှု၊ အိမ်အမှု၊ အမွေမှု မဟုတ်ဘဲ တောကောင်ကို သူအရင်ပစ်တာ ငါအရင်ပစ်တာဆိုတဲ့ အငြင်းပွားတဲ့ တရားမမှုတွေသာ ရှိကြောင်းလည်း ဆိုပါတယ်။

ဘိုးဘွားပိုင် အမွေပစ္စည်းအဖြစ် ရှေးပဝေသဏီကတည်းက သတ်မှတ်ကာ သေနတ်ကိုင်ဆောင်လာတာကြောင့် နောက်ပိုင်းမှာလည်း တရားဝင်ကိုင်ဆောင်နိုင်ဖို့ ချင်းပြည်နယ် အက်ဥပဒေအရ လိုင်စင်ချထားပေးမှုတွေ ရှိပေမယ့် တရားဝင်လိုင်စင်နဲ့ ကိုင်ဆောင်တဲ့ သူတွေရှိသလို တရားမဝင်ကိုင်ဆောင်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် ချင်းလူမျိုးတွေဟာ သေနတ်နဲ့ ပတ်သက်ရင် အမှုအခင်း ဖြစ်မှာစိုးတဲ့အတွက် ယောက်ျားလေးတွေကို အသက် ၁၈နှစ် ပြည့်ပြီးမှသာ မိဘက တူမီးသေနတ်ကိုင်ဆောင်ခွင့် ပြုပါတယ်။

ရှာလ်လုမ်းခံတပ်မှ ဗြိတိသျှကို ခုခံခဲ့သည့် စီယင်ချင်းခေါင်းဆောင် ဦးခိုင်ကမ်း

တကယ်တော့ ချင်းလူမျိုးတွေဟာ ကိုလိုနီခေတ် မတိုင်ခင်ကတည်းက ဇုန်ထောက်လို့ ခေါ်တဲ့ မီးခတ် ချင်းသေ နတ်ကြီးတွေကို သုံးနေရာက ကိုလိုနီခေတ်မှာတော့ ဗြိတိသျှ အစိုးရက ချင်းတိုက်နယ်သူကြီး တချို့ကို တူမီးသေ နတ်ကို ပေးအပ်ရာကနေ နောက်ပိုင်း ပုံစံတူပြုလုပ်ပြီး လူတိုင်းနီးပါး တူမီးကိုင်တဲ့ အလေ့အထ ပျံ့နှံလာတာ ဖြစ်တယ်လို့ သိရပါတယ်။

တူမီးသေနတ်အတွက် ယမ်းကိုတော့ တိရစ္ဆာန်အညစ်အကြေးတွေ (အထူးသဖြင့် လင်းနို့ချေး၊ ဆိတ်ချေး) စတာတွေ ကနေ ချက်လုပ်ကြသလို မင်းတပ်ဘက်မှာတော့ အဆိပ်ရှိတဲ့ အရွက်ကိုပါ ယမ်းချက်ရာမှာ ထည့်သွင်း အသုံးပြု တယ်လို့ သိရပါတယ်။

ခဲသီးအတွက်တော့ ဘက်ထရီအိုး အပျက် ဒါမှမဟုတ် ပြင်ပကနေ ဝယ်ယူကြိုချက်ကာ ပုံစံသွင်းပြီး ပြုလုပ်ကြပါတယ်။ တချို့နေရာတွေမှာ ကျည်ဆန်ခဲသီးကို ကြည့်ရုံနဲ့ ဘယ်သူ့လက်ရာဆိုတာ အမှတ်သညာ ထားကာ ပြောဆိုရတဲ့အထိ လက်ရာပြောင်မြောက်ကြတယ်လို့ သိရပါတယ်။

ဒီလို တူမီးသေနတ်ကို အမြတ်တနိုး ထားတတ်တဲ့ ချင်းလူမျိုးတွေဟာ တိဗက်- မြန်မာ အုပ်စုဝင်တွေဖြစ်ပြီး တရုတ် ပြည်ကနေ အာသံကတဆင့် မြန်မာနိုင်ငံထဲ ဝင်လာကာ ချင်းတွင်းမြစ်ဖျားကနေ တောင်ဘက်ဘင်္ဂလား ပင်လယ်အော် ကမ်းခြေအထိ ရှည်လျားတဲ့ အနောက်ရိုးမ တောင်တန်းတလျှောက်နဲ့ လူရှည်တောင်တန်း၊ မဏိပူရ နယ်အထိအခြေချ နေထိုင်ကြသလို မင်းဘူး၊ သရက်၊ ပြည်ခရိုင် စတဲ့ ဒေသတွေမှာလည်း မြေပြန့်ချင်းတွေကို တွေ့ရပါတယ်။

ဒါကြောင့်မို့လို့ အင်္ဂလိပ်က ချင်းတောင်တန်းဒေသ၊ ပခုက္ကူတောင်တန်းဒေသ၊ ရခိုင်မြောက်ပိုင်းဒေသလို့ ခွဲပြီး အုပ်ချုပ် တာဖြစ်ပါတယ်။

သမိုင်းပညာရှင် အိပ်(ချ်) အီး ဟာဗေးက “ချင်းတို့ဟာ မွန်ဂိုအနွယ် တိဗက်- မြန်မာအဆက်ဖြစ်တဲ့ သက်လူမျိုးတွေ အဖြစ် အရင်ဦးဆုံး ထင်ရှားခဲ့တယ်”လို့ မြန်မာနိုင်ငံသမိုင်း အကျဉ်းမှာ ဆိုပါတယ်။

တိဗက်- မြန်မာအုပ်စုဝင်တွေ ဆိုပေမယ့် မြန်မာ ပဒေသရာဇ်နဲ့ ချင်းတောင်အုပ် တောင်ပိုင်တွေအကြား ဆက်ဆံရေးက သမိုင်းမှာ သိပ်မတွေ့ရတာကြောင့် မြန်မာနဲ့ ချင်းကြားမှာ နေထွက်ဘုရင် နေဝင်ဘုရင်ဆိုတာမျိုးလည်း မရှိသလို၊ ထီး သုံး နန်းသုံး တော်သုံး ဆက်ဆံရေးမျိုးလည်း မရှိခဲ့ပါ။ ရှိခဲ့ရင်တောင် “ယာတော လယ်မှာ၊ ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့ နင် ဆင်ခြင်ဦး” ဆိုတဲ့ ချင်းဖဝေးပြဇာတ် ထဲကလိုပဲ ပွင့်ပွင့်လင်းလင်းပဲ ပြောလိမ့်မယ်လို့ ယူဆရမှာပါ။

ဒါပေမယ့် မြန်မာဘုရင်တွေရဲ့ အာဏာစက်ဟာ ချင်းတောင်အဝင် မင်းလမ်းတံခါးပေါက်လို့ ဆိုရမယ့် ကလေး၊ ဂန့်ဂေါ၊ ထီးလင်း၊ ယော၊ ဆော စတဲ့ ဒေသအထိတော့ ရောက်ကြောင်းကို မှတ်တမ်းတွေက ဖော်ပြပါတယ်။

တီးတိန်ချင်း၊ ဖလမ်းချင်း၊ ဟားခါးချင်း၊ မင်းတပ်ချင်း၊ မတူပီချင်း၊ ကန်ပက်လက်ချင်း၊ ပလက်ဝချင်း၊ မြေပြန့်ချင်း ဆိုပြီး ဒေသကို လိုက်ကာ ခေါ်ဝေါ်ကြသလို မျိုးနွယ်စုအနေနဲ့တော့ တိုင်ရွှန်း၊ စီယင်၊ ထာ့ဒို၊ ကမ်းဟောက်၊ စုတဲ၊ လူရှည် (မီဇိုး)၊ ချိုး၊ ဒိုင်၊ လျို ချင်းစသဖြင့် ခေါ်ကြပါတယ်။

ချင်းမျိုးနွယ်စု ၅၃ မျိုး ခန့်ရှိပြီး တမျိုးနဲ့ တမျိုးကြားမှာလည်း စကားမတူတာကြောင့် တူမီးသေနတ်ကို တီးတိန်ချင်း တွေက Tupii လို့ ခေါ်ပေမယ့် ဖလမ်းချင်းတွေကတော့ Kep Maithal လို့ ခေါ်တယ်လို့ သိရပါတယ်။

ပဒေသရာဇ်ခေတ်မှာ မြေပြန့်နဲ့ ချင်းတောင်ဆက်ဆံရေး သမိုင်းမှတ်တမ်း မရှိပေမယ့် သီပေါမင်း ပါတော်မူပြီးနောက်မှာ တော့ မြန်မာတော်လှန်ရေးသမားတွေနဲ့ ချင်းခေါင်းဆောင်တွေအကြား ထိတွေ့ဆက်ဆံမှုတွေ ရှိလာခဲ့ရာ တိုင်ရွှန်း ချင်းခေါင်းဆောင် ကြွန့်ဘခ်(ဗိုလ်ဆွန်ပက်)နဲ့ မြင်းခြံ၊ ပုဂံနယ်တွေမှာ တိုက်ပွဲဆင်ရင်း အရေးမလှလို့ ချင်းတောင် ဆီ ဆုတ်ခွာလာတဲ့ ရွှေချိုးဖြူမင်းသားတို့ကနေ ဆက်ဆံရေး စတင်တယ်လို့ ဆိုနိုင်ပါတယ်။

တကယ်တော့ ချင်းတွေရဲ့ အင်္ဂလိပ်အပေါ် တိုက်ခိုက်မှုဟာ ၁၈၂၆ ခုနှစ် အင်္ဂလိပ်- မြန်မာ ပထမစစ်အပြီး ပလက်ဝ ဒေသ ကို ဗြိတိသျှ ဝင်တဲ့အခါ ခမွီချင်းတွေက စခဲ့တယ်လို့ ဆိုရပါမယ်။ အင်္ဂလိပ်- မြန်မာ တတိယစစ် အပြီးမှာတော့ ရွှေချိုးဖြူ မင်းသားကစလို့ တခြားဗမာခေါင်းဆောင်တွေနဲ့ ချင်းတော်လှန်ရေးသမားတွေ ပိုမိုလက်တွဲမိကြတာပေါ့။

ချင်းတွေအနေနဲ့ အင်္ဂလိပ်ကို တော်လှန်တိုက်ခိုက်တယ်ဆိုတာ မိမိတို့ အရှင်သခင် သီပေါမင်း ပါတော်မူလို့ တော်လှန် တာမျိုး မဟုတ်ဘဲ၊ မိမိတို့ နယ်ထဲ ဝင်ရောက်တဲ့ လူစိမ်းသူစိမ်းတွေကို တားဆီးကာကွယ်တာ ဖြစ်မယ်လို့ ထင်ပါတယ်။

ချင်းတောင်ကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ အင်္ဂလိပ်ကို တော်လှန်ရာမှာ ရှာလ်လုမ်းခံတပ်ကနေ ခုခံတဲ့ စီယင်ချင်းခေါင်း ဆောင် ဦးခိုင်ကမ်းဟာလည်း နာမည်ကြီးသလို၊ စီယင်၊ ကမ်းဟောက်၊ စုတဲ ချင်းမျိုးနွယ်တွေ ပူးပေါင်းကာ ကတုတ် ကျင်းများတူး တိုက်ခိုက်တဲ့ မြေနီတောင် ခံတပ်တိုက်ပွဲဟာလည်း ထင်ရှားပါတယ်။

အမှတ် ၃ ချင်းသေနတ်ကိုင်တပ်ရင်းမှူးကြီး ဒု ဗိုလ်မှူးကြီး ဇေယျကျော်ထင် လျန်ချင်ဇန်/Chin World

မြေနီတောင်တိုက်ပွဲမှာ ချင်းအမျိုးသားတို့ဘက်က မီးပေါက်သေနတ်အလက် ၁ ထောင်ကျော်သုံးပြီး တိုက်ခိုက်တဲ့ အကြောင်း အင်္ဂလိပ်ဗိုလ်ချုပ် ဂျော့ဝှိုက်ရဲ့ အိန္ဒိယဘုရင်ခံထံ ပေးပို့တဲ့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

ရှာလ်လုမ်းခံတပ် တိုက်ပွဲမှာတော့ ဗြိတိသျှဘက်ကမှ စစ်ဗိုလ်သုံးဦး၊ တပ်သား ၈၃ ယောက်ကျဆုံးခဲ့ရပြီး နောက်ဆုံးမှာ တော့ စီယင်ချင်း ခေါင်းဆောင် ဦးခိုင်ကမ်းကိုလည်း တသက်တကျွန်း အပြစ်ပေးကာ ကပ္ပလီကျွန်းကို ပို့ခဲ့ရာ ပထမ ကမ္ဘာစစ်ပြီးမှပဲ ချင်းတောင်ကို ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။

ဒါကတော့ ချင်းပြည်နယ် မြောက်ပိုင်း ဗြိတိသျှနဲ့တိုက်ပွဲတွေ ဖြစ်ပါတယ်။ တောင်ပိုင်း မင်းတပ်ဘက်မှာလည်း မငြိမ် သက်ပါဘူး။

ယောနယ်တဝိုက်က တော်လှန်ရေး အင်အားစုတွေနဲ့ ချင်းသူရဲကောင်းတွေဟာ ပုံတောင်ပုံညာဒေသကို အခြေခံပြီး တော်လှန်ကြသလို ချိုးချင်းခေါင်းဆောင် ဦးကီးရောက်နိန်းဟာလည်း မင်းတပ်နယ်မှာတော့ နာမည်ကြီး တိုက်ခိုက်ရေး သမား တဦးပါ။

ချင်းမျိုးနွယ်တွေမှာ ဘာသာစကားရှိပေမယ့် စာပေ မရှိတာကြောင့် ၁၉၀၈ ခုနှစ်ခန့်မှာ ဦးခန့်လန်းရဲ့သား ဦးပေါင်ကျင် ဟောက်က ပါရှန် (Pasian) ဘာသာရေးနဲ့ ပတ်သက်တဲ့ ချင်းစာပေကို တီထွင်ခဲ့ပေမယ့် ပျံ့နှံခြင်း မရှိပါဘူး။ နောက်ပိုင်း ဟားခါး၊ တီးတိန်နဲ့ ဖလမ်းမှာ အစိုးရ ကျောင်းတွေဖွင့်ပြီး မြန်မာဘာသာကို သင်ကြားစေပါတယ်။

ဒါပေမယ့် ၁၉၂၀ ကျောင်းသား လှုပ်ရှားမှုတွေမှာ ချင်းတောင်က မြန်မာစာတတ်တွေလည်း ပါလာတာကြောင့် ချင်း တောင်မှာ မြန်မာစာသင်ခွင့် မပေးတောပဲ၊ သာသနာပြုဆရာများ တီထွင်ပေးတဲ့ ရောမ အက္ခရာနဲ့ စာကိုသာ သင်ခွင့် ပေးခဲ့ပါတယ်။

ချင်းတောင်မှာ မြန်မာစာသင်ကြားခွင့် လုံးဝ ပိတ်ပင်ခဲ့သလို ဗြိတိသျှက ဖွဲ့ပေးထားတဲ့ ချင်းတပ်တွေမှာ မိခင်ဘာသာနဲ့ မြန်မာဘာသာ အစား အူရဒူဘာသာကို သင်ကြားစေခဲ့တယ်လို့ သိရတာကြောင့် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် စိတ်မကောင်း ဖြစ်ရတဲ့အကြောင်း ချင်းခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးဝမ်ကိုဟော က ရေးသားဖူးပါတယ်။

လက်နက်ကိုင်ရတာ ဝါသနာထုံပြီး စည်းကမ်း အမိန့်နာခံတတ်တဲ့ ချင်းလူမျိုးတွေကို ၁၈၉၄ ခုနှစ်ကတည်းက မြန်မာ စစ်ရဲတပ်ရဲ့ လက်အောက်ခံ ချင်းတောင် နယ်ခြားတပ်ရင်းအဖြစ် ဖလမ်းမြို့မှာ ဖွဲ့စည်းခဲ့တာပါ၊ ၁၉၂၁ မှာတော့ အမှတ် ၄/၂၀ ချင်းသေနတ်ကိုင် တပ်ရင်းအဖြစ် ပြောင်းလဲခဲ့ပါတယ်။

၁၉၁၇ ခုနှစ်မှာ ချင်းအမျိုးသား ၁ ထောင်ကျော်ကို ဝန်ထမ်းတပ်အနေနဲ့ ပြင်သစ်နဲ့ မက်ဆိုပိုတေးမီးယား (အီရတ်) စစ်မြေပြင်ကို ပို့ဖို့လုပ်ရာမှာ ငြင်းဆန်ပုန်ကန်တာကြောင့် ချင်းတောင်မှာ တော်လှန်ရေးပြန်ဖြစ်ခဲ့ရာ ဗြိတိသျှ က ဒါကို ဟားခါးတပ်တွင်း ပုန်ကန်မှုလို့ သတ်မှတ်သလို ဆတ်တားရွာက ရာလ်ဒွန်းနဲ့ ရာလ်ဘွယ်တို့က ဦးဆောင်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။

အဲဒီလို ချင်းအမျိုးသားတွေရဲ့ အာဏာဖီဆန်မှုကို ဗြိတိသျှတို့က ရေကန်တူးဖော်ခြင်း၊ တင်းနစ်ကွင်း၊ ဘောလုံးကွင်း ဖောက်ခိုင်း စတဲ့ အလုပ်ကြမ်းတွေကို ခိုင်းစေကာ ပြစ်ဒဏ်ပေးခဲ့တယ်လို့ စာရေးဆရာ သတင်းစာဆရာ သိန်းဖေမြင့် (ဦး)က ဝိသေသတိုင်း သမိုင်းအစ စာအုပ်မှာ ရေးသားထားပါတယ်။

ဒါကြောင့်လည်း မက်ဆိုပိုတေးမီးယား စစ်ပြန်တွေကို ချင်းတောင်မှာ တော်တော်များများ တွေ့ရတာဖြစ်ပါတယ်။

ချင်းတောင်ကို ပြည်မနဲ့ အဆက်ဖြတ်ပေမယ့်လည်း ဝံသာနုလှုပ်ရှားမှုတွေက ဗုဒ္ဓဘာသာကို အကြောင်းပြုပြီး ချင်း- မြန်မာ ရောစပ်နေထိုင်တဲ့ ယောချောင်ဒေသက တဆင့် ချင်းတောင်ပိုင်းကို ဝင်ရောက်နိုင်ခဲ့တဲ့ အတွက် ဦးဝမ္မသူး မောင်းဟာ ၁၉၂၉ ခုနှစ်မှာ ချင်းတောင် ဗုဒ္ဓဘာသာ သာသနာပြု အဖွဲ့ကို ဖွဲ့စည်းကာ ဗြိတိသျှ ဆန့်ကျင်ရေး လုပ် ဆောင်နိုင်ခဲ့ပါတယ်။

ဦးဝမ္မသူးမောင်း ကိုယ်တိုင်က အင်္ဂလိပ်စစ်တပ်ရဲ့ ဆူဗဒါ အဆင့်ရှိ စစ်မှုထမ်းတဦးဖြစ်ပြီး နောက်ပိုင်းမှာ သခင်ဘွဲ့ ခံယူ ကာ ဦးအွမ်နိမ်က သခင်အောင်ညွှန့်၊ ဦးကီးဖေလိန်းက သခင်အောင်မင်း စသဖြင့် ချင်းသခင်များ ဖြစ်လာပါတယ်။

၁၃၀၀ ပြည့် အရေးတော်ပုံအတွင်းမှာတော့ ချင်းညီလာခံ ကျင်းပကာ နိုင်ငံရေးတောင်းဆိုမှု လုပ်တာကြောင့် သခင် ဝမ္မသူးမောင်း အပါအဝင် ချင်းခေါင်းဆောင် ၁၁၅ ဦးကို ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။

သခင် အောင်ဆန်းကိုယ်တိုင်လည်း ဦးဝမ္မသူးမောင်တို့ရဲ့ ချင်းနိုင်ငံရေးအကြောင်း ဟင်္သာတမြို့ ဒေါင့်ကြီးရွာမှာ ဟော ပြောတဲ့အတွက် ဖမ်းဝရမ်းထုတ်ခံခဲ့ ရတာကြောင့် ရှောင်ရင်းတိမ်းရင်း နောက်ဆုံးဟိုင်နန်းကျွန်းမှာ စစ်ပညာသင်ရတဲ့ အထိ အခြေကို ဆိုက်ခဲ့ပါတယ်။

ဦးဝမ္မသူးမောင်၊ ဦးဝမ်းသူဟာရှိန်တို့လို ပြည်မက မြန်မာတွေနဲ့ ပေါင်းပြီး နိုင်ငံရေးလုပ်တဲ့သူ ရှိသလို ဗြိတိသျှက ဖွဲ့ပေး ထားတဲ့ တပ်ထဲမှာလည်း ချင်းအမျိုးသား အများအပြားရှိတာကြောင့် ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ် အဆုတ်မှာ တော့ မြန်မာပြည် အနောက်ပိုင်း အရံ ချင်းတပ်အမည်နဲ့ လဲဗီးတပ်တွေ ဖွဲ့စည်းပေးကာ ဂျပန်ကို ခုခံစေခဲ့တဲ့ အတွက် ၁၉၄၄ ခုနှစ်မှာ ဂျပန်ဟာ ချင်းတောင်ကို လက်လွှတ်လိုက်ရပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက ချင်းတောင်တိုက်ပွဲတွေဟာ စစ်သမိုင်းမှ ထင်ရှားပြီး မြောက်ပိုင်းမှာ စစ်လက်နက်အပျက် အစီး အကြွင်းအကျန်တချို့ အခုအချိန်အထိ တွေ့နေရဆဲပါ။

ဂျပန်ကို အဝင်မခံဘဲ ပြန်တိုက်တဲ့သူရှိသလို ဦးဝမ္မသူးမောင်းကို အကြောင်းပြုပြီး ကန်ပက်လက်မှာ မြန်မာ့ လွတ်လပ် ရေး တပ်မတော် (BIA) အတွက် လူသူစုဆောင်းမှုတွေ ရှိတာကြောင့် ချင်း BIA တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဗိုလ်သက်ရှည် ခေါ် ဦးလိန်းရှယ် ခေါင်းဆောင်တဲ့ ချင်း BIA ၃၄၂ ဦး ရှိတဲ့အကြောင်း ချင်းတောင်သမိုင်းစာအုပ်တွေက ဆိုပါတယ်။

ဦးဝမ္မသူးမောင်းဟာ ပြည်မနိုင်ငံရေးနဲ့ အကျွမ်းတဝင်ရှိသလို ဗိုလ်ချုပ်အောင်ဆန်းနဲ့လည်း အပြန်အလှန် လေးစားမှု ရှိတာကြောင့် ချင်းတောင်မှာ ဖက်ဆစ်တော်လှန်ရေး လုပ်တဲ့အခါ ဗြိတိသျှနဲ့ ပြန်လက်မတွဲချင်တဲ့အတွက် ဗိုလ်ချုပ် အောင်ဆန်းရှိရာ သရက်မြို့နယ်မှာ လာရောက် တော်လှန်ရေး လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ အိန္ဒိယရောက် တက်ဘုန်းကြီး သိန်းဖေရဲ့Force 136 လေထီးတပ်ဖွဲ့မှာလည်း ကရင်၊ ရခိုင်၊ မြန်မာရဲဘော် များနည်းတူ ချင်းရဲဘော်များလည်း ပါဝင်ပါတယ်။

လွတ်လပ်ရေးကြိုးပမ်းမှု ကာလမှာလည်း ချင်းခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍဟာ မသေးသလို အရေးလည်း ပါ ပါ တယ်။ အထူးသဖြင့် ပင်လုံညီလာခံအတွက်ဖြစ်ပြီး တောင်တန်းဒေသကို ပြည်မနဲ့ တချိန်တည်း လွတ်လပ်ရေး ပေးဖို့ ဦးဝမ္မသူးမောင်းက တောင်းဆိုခဲ့သလို ချင်း- ဗမာချစ်ကြည်ရေးအတွက်လည်း အာဇာနည်ခေါင်းဆောင် ဒီးဒုတ်ဦးဘချို နဲ့ တွဲကာ ပြည်သူနှစ်သောင်းကျော်နဲ့အတူ ထီးလင်းမြို့မှာ ကျောက်တိုင်စိုက်ခဲ့ပါတယ်။

ပင်လုံညီလာခံကိုတော့ ဖလမ်း၊ တီးတိန်၊ ဟားခါးက ချင်းကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးလျန်မှုန်း၊ ဦးသောင်ဇာခုတ်၊ ဦးကီးယိုမန်တို့ တက်ရောက်ခဲ့ပြီး ဦးဝမ္မသူးမောင်းကတော့ ချင်း- ဗမာချစ်ကြည်ရေး လုပ်ငန်းတွေကြောင့် မတက် ရောက်နိုင်ခဲ့ပေမယ့် လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ ချင်းရေးရာဝန်ကြီး ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ချင်းတောင်တန်းဒေသကို ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ ပြည်နယ်အဖြစ် သီးခြားမနေ ဘဲ ဝိသေသတိုင်းအဖြစ်နေဖို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဦးဝမ္မသူးမောင်၊ ကပ္ပတိန် မန်းတုံးနုံး၊ ဦးဇဝုစ်၊ ဦးငွန်တိုး၊ ဦးထောင်ကျင်ထန်း (ဦးဝမ်ကိုဟောရဲ့ အပါးတော်မြဲ) တို့နဲ့ တွေ့ဆုံကာ တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက်မှာ တော့ ပြည်နယ်အနေနဲ့ သီးခြားမရပ်ဘဲ ဝိသေသတိုင်းအဖြစ် နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီး တပ်မတော် ပြန်လည်ဖွဲ့စည်းရာမှာ ဒုဗိုလ်မှူးကြီး ဟရန်သီယို ဦးဆောင်တဲ့ အမှတ် ၁ ချင်းသေနတ် ကိုင်တပ်ရင်း(ရန်ကုန်)၊ ဒုဗိုလ်မှူးကြီး စွန်ခိုပေါင် ဦးဆောင်တဲ့ အမှတ်၂ ချင်းသေနတ်ကိုင်တပ်ရင်း(မင်္ဂလာဒုံ)၊ ဒုဗိုလ်မှူး ကြီး လျန်ချင်ဇန် ဦးဆောင်တဲ့ အမှတ် ၃ ချင်းသေနတ်ကိုင်တပ်ရင်း(မိထ္တီလာ)တို့ဟာ တခြားတိုင်းရင်းသား တပ်ရင်း တွေနဲ့ အတူ ပါဝင်ခဲ့ပါတယ်။

ကရင်အမျိုးသားတို့ လက်နက်ကိုင်ပုန်ကန်တဲ့အခါ ချင်းသေနတ်ကိုင်တပ်ရင်းတွေဟာ ကချင်နဲ့ ဂေါ်ရခါးတပ်တွေလို ပဲ ပြည်ထောင်စု အစိုးရဘက်က ရပ်ခဲ့တဲ့အတွက် အစိုးရသက်သာရာရခဲ့သလို အမှတ် ၁ ချင်းသေနတ်ကိုင် တပ်ရင်းရဲ့ တပ်ရင်းမှူးကြီး ဗိုလ်မှူးကြီးဟရန်သီယိုဆိုရင် မှော်ဘီတိုက်ပွဲမှာ ကျဆုံးခဲ့ရပြီး၊ သူ့ရဲ့ ရဲဘော်ဖြစ်တဲ့ ဗိုလ်တိုက်ချွန်း က တော့ အင်းစိန် ဦးစက္ကိန်ကျောင်းတိုက်ပွဲမှာ အသေခံစွန့်စားတဲ့အတွက် အမြင့်ဆုံး အောင်ဆန်းသူရိယဘွဲ့ ချီးမြှင့်ခံခဲ့ရ ပါတယ်။

အလားတူ ဒုဗိုလ်မှူးကြီး လျန်ချင်ဇန် ဦးဆောင်တဲ့ အမှတ် ၃ ချင်းသေနတ်ကိုင်တပ်ရင်းကတော့ ပဲခူးစစ်မျက်နှာမှာ တာဝန်ယူရပါတယ်။ တာဝန်ယူရချိန် ဗိုလ်ကြီး ခင်မောင်သောင်း ကို အကြောင်းပြုပြီး ဗမာ့တပ်မတော်က အရာရှိ တချို့ကို ဖမ်းကာ ပဲခူးတက်သိမ်းမယ်လို့ ကြိမ်းဝါးတဲ့အတွက် ချင်းတပ်ရင်းမှူးကြီး လျန်ချင်ဇန်ကို တပ်နယ်မှူး ဒုဗိုလ်မှူးကြီး တင်ဦး လာရောက် ချော့မော့ဖြေရှင်းတော့မှ ပြေလည်သွားတယ်လို့ စာရေးဆရာ မိုးမိုးတာရောစန်က မုန်တိုင်းကိုမမှု အန်တုလေသော် စာအုပ်မှာ ရေးသားထားပါတယ်။

နောက်ပိုင်းမှာတော့ ဒု ဗိုလ်မှူးကြီး လျန်ချင်ဇန်ဟာ ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်ခံခဲ့ရပါတယ်။

တခြား ချင်းစစ်ဘက်အရာရှိကြီးတွေဖြစ်တဲ့ ဗိုလ်မှူးကြီး ခင်ဇာမုံက သာစည်စစ်မျက်နှာမှာ KNDO တွေကို ရင်ဆိုင်ခဲ့ သလို ဗိုလ်မှူးကြီး ဗန်ကူးလ်ကလည်း တောင်ငူကိုသိမ်းတဲ့ မိုးကြိုး စစ်ဆင်ရေးမှာ ပါဝင်ခဲ့ရာက သူဟာ နောက်ပိုင်းမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ ဝန်ကြီးအဖြစ် တာဝန်ပေးခြင်းခံခဲ့ရပါတယ်။

ဒါကြောင့်လည်း မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာတော့ ချင်းပြည်နယ်က အုပ်ချုပ်ရေးပိုင်းမှာ ချင်းစစ်ပြန်တွေ ကို အများအပြား တွေ့နေရတာ ဖြစ်ပါတယ်။

ထို့အတူ ချင်းလူမျိုးတွေထဲက ပထမဆုံး လေသူရဲလို့ ဆိုရမယ့် ဒုဗိုလ်မှူးကြီး ပေါ်ခန်သန်းဟာလည်း မဆလခေတ်မှာ သမဝါယမဝန်ကြီး ခန့်အပ်ခံခဲ့ရပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း ပဲခူးတိုင်း ဖြူးမြို့သို့ လာရောက်တပ်စစ်စဉ်တွေ့ရသည့် ဒုဗိုလ်မှူးကြီး လျန်ချင်ဇန်နှင့် စစ်ဘက်အရာရှိကြီးများ/ Chin World

ဦးဝမ္မသူးမောင်း နောက် ချင်းနိုင်ငံရေး ဇာတ်ခုံမှာ ကပ္ပတိန် မန်းတုံးနုံး၊ ဦးဝမ်ကိုဟော၊ ဦးဇာရဲ လျန်၊ ဦးရှိန်ထန်းတို့ဟာ ထင်ရှားခဲ့ပြီး၊ ချင်းနိုင်ငံရေးဟာ ပြည်မနိုင်ငံရေး အတက်အကျ ရေချိန်ပေါ်မှာ မှီတည်တဲ့ အတွက် လူငယ်ပညာတတ် ဦးဇာရဲလျန်ဟာ ဝန်ကြီးချုပ် ဦးနုရဲ့ ပထစဘက်ကို ယိမ်းခဲ့သလို ဦးရှိန်ထန်းကလည်း အတိုက်အခံဘက်ကို ပါခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းတဲ့ ၁၉၆၂ ခု မတ်၂ ရက်မှာတော့ အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည်နယ်ကောင်စီတွေကို ဖမ်းဆီးရာမှာ ချင်းခေါင်းဆောင်တွေထဲက ဦးဇာရဲလျန် တဦးတည်းသာ ဖမ်းခံခဲ့ရပေမယ့် တခဏမှာပဲ မှားယွင်း ဖမ်းဆီး တယ်ဆိုကာ ပြန်လွှတ်ပေးခဲ့ပါတယ်။

တော်လှန်ရေးကောင်စီဟာ ဗိုလ်မှူးကြီး ခင်ဇာမုံကို ပြည်နယ်လုံခြုံရေးနဲ့ အုပ်ချုပ်မှု ကော်မတီ ဥက္ကဋ္ဌ ခန့်အပ်ခဲ့ပြီး ချင်းရေးရာ ဦးစီးအဖွဲ့မှာ ဦးဆန်ခိုလျန်၊ ဦးဝမ်းသူဟာရှိန်တို့ ပြန်လည်ပါဝင်လာကာ ချင်းတောင်ဟာလည်း ပါတီ လမ်းညွှန်မှု့ ကြီးကြပ်မှုဆိုတဲ့ စကားလုံးတွေ ရေလဲသုံးခဲ့တဲ့ ဆိုရှယ်လစ် စနစ်အောက်ကို ရောက်ရှိခဲ့ပါတယ်။

မြန်မာ့ဆိုရှယ်လစ်စနစ်ရဲ့ အလွဲတွေအကြောင်းကို ပြောရင် ပြည်သူပိုင်သိမ်းပြီးကာလ တောင်တက်တောင်ဆင်းများတဲ့ ချင်းတောင်ကို ခွဲတမ်းအရ မောင်ဗမာ စက်ဘီး ပို့ပေးခဲ့တဲ့ အကြောင်းဟာ လူပြောများတဲ့ ရယ်စရာ ဟာသတခု ဖြစ်ခဲ့ပါ တယ်။

တခြားတိုင်းရင်းသားတွေလို တော်လှန်ရေး မလုပ်ခဲ့တဲ့ ချင်းလူမျိုးတွေဟာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေး ကောင်စီ လက်ထက်မှာတော့ ငွေစက္ကူတွေ တရားမဝင် ကြေညာခံရတာ၊ ပြည်သူပိုင်သိမ်းတာတွေကို အကြောင်း ပြုပြီး ချင်းရေးရာ ဝန်ကြီးဟောင်း ဦးရာလ်မှုန်း၊ ပါလီမန် အမတ်ဟောင်း ဦးရာလ်နော၊ ချင်းတောင်အုပ် ဦးထွာဇင်လျန် တို့ ဦးဆောင်ကာ လက်နက်ကိုင်တော်လှန်တာကြောင့် ဂန္ဓာမာ စစ်ဆင်ရေးဖြင့် နှိမ်နင်းခဲ့ရတယ်လို့ သိရပါတယ်။

အလားတူ ချင်းဒီမိုကရေစီပါတီက ဦးမန်းတလင်း၊ ပါလီမန် အမတ်ဟောင်းနဲ့ ချင်းရေးရာကောင်စီ သဘာပတိ ဖြစ်သူ ဦးလွမ်ပုံတို့ဟာ ထိုင်း- မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ပြည်သူ့ပြည် ချစ်ပါတီနဲ့ လက်တွဲ ကာ ဗိုလ်ချုပ်ကြီး နေဝင်းအစိုးရကို တော်လှန်ရာမှာ ပါဝင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော ပြည်ချစ်ပါတီက ဗိုလ်ချုပ်သွင်နဲ့ ပတ်သက်ပြီး တော်လှန်ရေးထဲ ရောက်လာတဲ့ ဦးလွမ်ပုံဟာ ၁၉၇၀ ခုနှစ်မှာ မဆလ အစိုးရဆီ လက်နက်ချ အလင်းဝင်ခဲ့ပါတယ်။

ထို့အတူ ၁၉၇၄ခုနှစ် ဖြစ်ပွားခဲ့တဲ့ ဦးသန့် အရေးအခင်းပါခဲ့တဲ မြေအောက် ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တဦး ဖြစ်တဲ့ ချင်းအမျိုးသား ဆလိုင်းတင်မောင်ဦးဟာလည်း ၁၉၇၆ ခု ဇွန်လမှာ မဆလအစိုးရက ကြိုးပေးသတ်ဖြတ်ခြင်း ခံခဲ့ရ ပြီးနောက် ၁၉၈၈ ခုနှစ် မတ်လမှာ ချင်းအမျိုးသား တပ်ဦး (Chin National Front- CNF) ကို ဖွဲ့စည်းပြီး ပြည်နယ် တော်လှန်ရေး စခဲ့ပြန်ပါတယ်။

ရွှေချိုးဖြူမင်းသားလက်ထက်က စပြီး ဂျီစီဘီအေ၊ ဒို့ဗမာ အစည်းအရုံး၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နယ်ချဲ့တော်လှန်ရေး၊ ဂျပန်တော်လှန်ရေး၊ လွတ်လပ်ရေး တောင်းဆိုမှု၊ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး၊ ဖဆပလအစိုးရ လက်ထက် တိုင် ပြည်မနဲ့ မခွဲဘဲ တသားတည်း လက်တွဲခဲ့တဲ့ ချင်းလူမျိုးတွေဟာ ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်မှာ စတင်ပြီး တော်လှန်ခဲ့တာဟာ ထူးခြားချက်လို့ ဆိုရမှာပါ။

အာဇာနည်ခေါင်းဆောင် ဒီးဒုတ်ဦးဘချို ချင်း-ဗမာ ချစ်ကြည်ရေး ညီလာခံ တက်ရောက်စဉ်

လွတ်လပ်ရေးရပြီးခေတ်ကနေ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်အထိ တပ်မတော်မှာ တိုင်းရင်း သားတွေ အမြင့်ဆုံး ရာထူးရခဲ့ရာမှာ ချင်းလူမျိုး ဗိုလ်ချုပ် ဂျီတောင်ဇာခိုင် တယောက်လည်း ပါဝင်ပြီး သူဟာ ၁၉၈၈ မတိုင်မီ စစ်ထောက်ချုပ်ရာထူးကို နောက်ဆုံး တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ဗိုလ်ချုပ် တောင်ဇာခိုင်လို ချင်းလူမျိုးတွေ သာမက ဗိုလ်မှူးချုပ် လဇွန်တန်၊ ဗိုလ်မှူးချုပ် အယ်လ် ကွန်ဖန်၊ ဗိုလ်မှူးကြီး အယ်လ်ခွန်နောင်၊ ဗိုလ်မှူးကြီး ဖော်ယူခါး စတဲ့ ကချင်နဲ့ ချင်းစစ်သည်တွေ အများအပြားဟာ အရင်က တပ်မတော်မှာ ရှိခဲ့ပေမယ့် ၁၉၈၈ နောက်ပိုင်း နဝတ၊ နအဖ ခေတ်မှာတော့ တိုင်းရင်းသား စစ်ဘက်အရာရှိကြီးတွေ အင်မတန်မှ
အင်မတန်မှ နည်းပါးသွားခဲ့ပါတယ်။

ချင်းလူမျိုးထဲမှာတော့ ဦးသိန်းစိန် အစိုးရလက်ထက်က ချင်းပြည်နယ် ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း ဟုန်ငိုင်း တယောက်သာ ရှိကြောင်း ရှားရှားပါးပါး ပြနိုင်ပါတော့တယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေရယ်၊ စစ်တပ်နဲ့ လူထုကြားက တင်းမာမှု ပိုမိုမြင့်မားလာ တာရယ်ကြောင့် တူမီးကို ချစ်တဲ့ စစ်သားမျိုးရိုး ချင်းတွေဟာ စစ်မှုထမ်း မလုပ်တော့ဘဲ ထိုင်း၊ မလေးရှား၊ အမေရိကန် ပြည်ထောင်စု စတဲ့နေရာတွေကို အစုလိုက် အပြုံလိုက်ထွက်ခွာလာကြတာကို တွေ့ရပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာတော့ ချင်းနိုင်ငံရေးသမားတွေဟာ မြန်မာပြည် နိုင်ငံရေးဇာတ်ခုံမှာ ပြန်လည် နေရာရလာတာကို တွေ့ရပြီး တပ်မတော် ဗိုလ်မှူးဟောင်း ဟင်နရီဗန်ထီးယူဟာ မြန်မာပြည်ရဲ့ ဒုသမ္မတအဖြစ် တာဝန် ယူခွင့်ရခဲ့သလို CNF ရဲ့ ဒုတိယ ဥက္ကဋ္ဌ၂ ဒေါက်တာ လျန်မှုန်းဆာခေါင်းဟာလည်း တိုင်းပြည်ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရာမှာ အဓိကနေရာကနေ ပါဝင်နေခဲ့ပါတယ်။

ဒီတကြိမ် အာဏာသိမ်းမှုမှာ ထူးခြားတာကတော့ ချင်းလူမျိုးတဦးဖြစ်တဲ့ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်ဟာ စစ် ကောင်စီရဲ့ အကြံပေးအဖြစ် ဆောင်ရွက်နေပြီး ဒီမိုကရေစီ အင်အားစုတွေဘက်မှာလည်း ဒေါက်တာ ဆာဆာ ဆိုတဲ့ မျက်နှာသစ် ချင်းခေါင်းဆောင်တဦး ပေါ်ပေါက်လာခြင်းပါပဲ။

ဒါပေမယ့် ဒီစစ်အာဏာသိမ်းမှုဟာ ချင်းလူမျိုးတွေရဲ့ငုပ်လျှိုးနေတဲ့ စစ်တိုက်လိုတဲ့ မျိုးရိုးဗီဇကို ပြန်လည်ဖော်ထုတ် လိုက်သလို ဖြစ်ခဲ့ရပြီး၊ ကလေးလွင်ပြင်က စခဲ့တဲ့ ခုခံမှုတွေဟာ ချင်းတောင်အဝင် ယော၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါ စတဲ့ ယောချောင်ဒေသအပြင် အခုဆိုရင် မင်းတပ်ဒေသမှာပါ တူမီးစစ်သည်တွေဟာ တိုက်ပွဲဝင်နေကြပါပြီ။

စစ်တပ်ကတော့ တူမီးစစ်သည်တွေကို လေကြောင်းရော လက်နက်ကြီးပါ သုံးပြီး ခရု ခါးတောင်ကျိုက် ဖမ်းနေကြတာ ကြောင့် ချင်းတိုင်းရင်းသားတွေနဲ့ စစ်တပ်အကြားမှာ မီးခိုးမဆုံး မိုးမဆုံး တိုက်ခိုက်မှုတွေ ဖြစ်လာမယ့် အရိပ် အယောင်များ တွေ့နေရပါတယ်။

ကိုးကား- တိုင်းရင်းသား ယဉ်ကျေးမှု ဓလေ့ထုံးစံများ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ)

တိုင်းရင်းသား လူမျိုးများ၏ နယ်ချဲ့ဆန့်ကျင်ရေး သမိုင်း (မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ)

ချင်းတောင်သမိုင်း (မင်းတပ်ဘူနိန်း)

ဝိသေသတိုင်း သမိုင်းအစ (သိန်းဖေဖြင့်)

ချင်းရိုးရာ ချင်းဓလေ့ (သောင်းလွင်)

ထင်းရှူးနံသင်းတဲ့ ချင်းတို့မြေ (ဟင်္သာ)

မုန်တိုင်းကိုမမူ အန်တုလေသော် (မိုးမိုးတာရောစန်)

၁၉၄၉ခု မြောက်ပိုင်းတိုင်း အရေးတော်ပုံမှတ်တမ်း- ဗိုလ်မှူးဟောင်း ဇေယျကျော်ထင် သိမ်းမောင်

You may also like these stories:

ဆွေးနွေးပွဲပျက်ပြီးနောက် မင်းတပ်မြို့ကို စစ်ကောင်စီတပ်က အမြောက်နှင့်ပစ်

ကနီမြို့ အထက်ပိုင်း ချင်းတွင်းမြစ်တွင် ရေကြောင်းတိုက်ပွဲ ဖြစ်

မြန်မာပြည်တွင် စစ်ပွဲများ ကျယ်ပြန့်လာနေသည်

Did you find apk for android? You can find new Free Android Games and apps.
Loading