ဖေဖော်ဝါရီ ၁ ရက်နေ့ အရုဏ်မတက်မီတွင် စစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရမှ အခြားသော တာဝန်ရှိသူများကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ အာဏာသိမ်းစဉ်အတွင်း ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းအဆင့် လွှတ်တော်ဥက္ကဋ္ဌများကိုလည်း ဖမ်းဆီးခဲ့သည်။
NLD ပါတီ၏ အကြီးတန်းခေါင်းဆောင်များနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ထင်ရှားသော တက်ကြွ လှုပ်ရှားသူများ၊ စာရေးဆရာများနှင့် သံဃာတော်များ အပါအဝင် စစ်အာဏာသိမ်းသည့် ပထမဆုံးနေ့တွင် အဖမ်းခံခဲ့ရသူ ၁၅၀ ခန့် ရှိခဲ့သည်။
ယခုရက် ၁၀၀ ကြာခဲ့ချိန်တွင် သူတို့က အကျဉ်းထောင်များနှင့် စစ်တပ်၏ ချုပ်နှောင်မှုအောက်တွင် ဆက်လက်ရှိနေဆဲ ဖြစ်သည်။ သူတို့ထဲမှ အနည်းငယ်ကိုသာ နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။ မည်သည့် အခြေအနေ ရှိသည်၊ မည်သည့် နေရာတွင် ရှိသည် ဆိုသည်ကို မသိရှိရသေးသူများလည်း ရှိသည်။
အာဏာသိမ်းပြီး ရက်သတ္တပတ် အနည်းငယ် အတွင်းတွင် စစ်အစိုးရက အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြသူများနှင့် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုတွင် ပါဝင်သည့်အစိုးရဝန်ထမ်းများအား ပစ်မှတ်ထားသောအဖွဲ့များအဖြစ် ချဲ့ထွင်လိုက်ခြင်းဖြင့် ၎င်း၏ ဖမ်းဆီးမှုများကို အရှိန်မြှင့်ခဲ့သည်။ အဆိုပါ တိုးချဲ့ မှုသည် လမ်းပေါ် ဆန္ဒပြပွဲများနှင့် စစ်အစိုးရလက်အောက်တွင် အလုပ်လုပ်ရန် ငြင်းဆန်ခဲ့ကြသော ဝန်ထမ်းများ၏ တနိုင်ငံလုံး ပျံ့နှံ့သွားခဲ့သော CDM လှုပ်ရှားမှုတို့ ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းတွင် ဖြစ်သည်။
ဖမ်းဆီး ထိန်းသိမ်းခြင်းများကို ခြေရာခံ နေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ မေလ ၁၀ ရက်နေ့ အထိ ဖမ်းဆီး၊ စွဲချက်တင် သို့မဟုတ် စီရင်ချက်ချခြင်း ခံရသူ အနည်းဆုံး လူ ၄၉၁၆ ယောက် ရှိခဲ့သည်၊ သူတို့ ၃၈၄၃ ဦး ကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည် ဟု AAPP ကပြောသည် ။ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ရန် ပုန်းအောင်းနေသည့် နောက်ထပ် ၁၅၆၁ ဦးကို ဝရမ်းထုတ်ထားသည်။
စစ်အစိုးရ၏ အလိုရှိသူစာရင်းတွင် နာမည်ကျော်များ နှင့်လူမှုရေး လွှမ်းမိုးသူများ၊ သပိတ်မှောက်ဆရာဝန်များ၊ သူနာပြုများ၊ ပညာရေး ဝန်ထမ်းများနှင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ ပါဝင်သည်။
စစ်တပ်အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ အကြာတွင် ထောင်ထဲ၌ ကျန်နေသေးသည့် ထင်ရှားသောပုဂ္ဂိုလ်များ မှာ အောက်ပါအတိုင်း ဖြစ်သည်။
ရွေးကောက်ခံခေါင်းဆောင်များ၊ NLD ပါတီဝင်များ
ဖေဖော်ဝါရီ ၁ ရက်နေ့ မှ စ၍ ဖမ်းဆီးထိန်းသိမ်းထားသူများထဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ ဒုတိယ သမ္မတ ဦးဟင်နရီဗင်ထီးယူနှင့် ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌများ ပါဝင်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့မှာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရနိုင်သည့် စွဲချက်များစွာနှင့် ရင်ဆိုင်နေရသည်။
အစိုးရ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ပြည်နယ်နှင့် တိုင်းရုံးများမှ ခေါင်းဆောင်များနှင့် လူငယ်များ အပါအဝင် NLD အဖွဲ့ဝင် ၂၀၀ ကျော် ထိန်းသိမ်းခံထားရဆဲဖြစ်သည်။ NLD ပါတီဝင် အများစုသည် ယခင်စစ်အစိုးရလက်ထက်တွင်လည်း ထောင်သွင်းအကျဉ်းချခြင်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်သည်။
ထိန်းသိမ်းခံ NLD အဖွဲ့ဝင်များထဲတွင် နိုင်ငံတော် အသရေဖျက်မှု စွဲချက်များနှင့် ရင်ဆိုင်နေရသည့် ပါတီအတွင်းရေးမှူး ဦးဟန်သာမြင့်လည်း ပါဝင်သည်။ ဆီးကျိတ်ကင်ဆာအတွက် ခွဲစိတ်ကုသမှု ခံယူထားရပြီးနောက် ၎င်းနှင့် ဆိုင်သည့် ကျန်းမာရေး ပြသနာများ ခံစားခဲ့ရသော အသက် ၇၃ နှစ်အရွယ်ရှိ ဦးဟန်သာမြင့်ကို အင်းစိန်ထောင်တွင် မထားမီက စစ်တပ်၏ စစ်ကြောရေးစခန်း၌ တလ ထိန်းသိမ်းထားခြင်း ခံခဲ့ရသည်။
သတင်းရင်းမြစ်များ၏ အဆိုအရ ရန်ကုန်တိုင်းတွင် ဖမ်းဆီးခဲ့သည့် တိုင်းအစိုးရဝန်ကြီးများနှင့် NLD ပါတီဝင် အများစုကို အင်းစိန်ထောင်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။
NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်၏ ဇနီးက သူ့ ခင်ပွန်းသည် တည်နေရာနှင့် အခြေအနေကို ရက် ၁၀၀ လုံးလုံး မကြားသိရသေးကြောင်း ပြောသည်။ အသက် ၇၅ နှစ်အရွယ်ရှိသူ မုံရွာအောင်ရှင်သည် ပန်းနာရင်ကျပ် ရောဂါရှိပြီး ပန်းနာရင်ကြပ်ရောဂါအတွက် ရှုဆေးဗူးကို အမြဲတမ်း ဆောင်ထားရန် လိုအပ်ကြောင်း သူ၏ဇနီး ဖြစ်သည့် ဒေါ် ကေသွယ်မိုးကပြောသည်။ သူ့ကို ဖေဖော်ဝါရီ ၁ ရက် နေ့ အရုဏ်မတက်မီက သူ၏ နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ပြီး မေးမြန်းစရာ ရှိကြောင်းနှင့် ကြာမြင့်စွာ ခေါ်ထားမည် မဟုတ်ကြောင်း သူ၏ဇနီးကို ပြောခဲ့သည်ဟု သိရသည်။
“အခု ရက်ပေါင်း ၁၀၀ ကျော်သွားပြီ။ သူ့အကြောင်း ကျမ ဘာမှ မကြားရဘူး” ဟု သူက ဆိုသည်။
ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များ
NLD က ခန့်အပ်ထားသော ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ် ၁၄ ဦးကို ဖေဖော်ဝါရီ ၁ ရက် နေ့တွင် ဖမ်းဆီးခဲ့သည်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ချင်းပြည်နယ် ဝန်ကြီးချုပ်ကို ပြန်လွှတ်ပေးလိုက်သော်လည်း ကျန် ၁၃ ဦး မှာ စစ်တပ်၏ အချုပ်ထဲတွင်၊ ထောင်ထဲတွင် သို့မဟုတ် နေအိမ်အကျယ်ချုပ်နှင့် ရှိနေဆဲ ဖြစ်သည်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု တို့သည် ထောင်ဒဏ် ၂ နှစ် အထိ ကျခံရနိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) အရ သွေးထိုးလှုံ့ဆော်မှုဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။
NLD ဒုဥက္ကဌလည်းဖြစ်သော မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်မှာ COVID-19 ဥပဒေများကို ချိုး ဖောက်ခြင်းအတွက် နောက်ထပ်စွဲချက်တင်ခြင်းနှင့် ရင်ဆိုင်နေရသည်။ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်သည်လည်း COVI-19 ဥပဒေ များကို ချိုးဖောက်သည်ဟု စွပ်စွဲခံထားရသည်။
ဝန်ကြီးများ
အာဏာသိမ်းချိန် မှစ၍ စစ်တပ်က ပြည်ထောင်စု ဝန်ကြီးများနှင့် ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဖမ်းဆီးခဲ့ သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖမ်းဆီးခံရသူများထဲတွင် ပြည်ထောင်စု ဝန်ကြီး ၈ ဦး နှင့် ဒုတိယ ဝန်ကြီး တဦးနှင့် အတူ ပြည်နယ်နှင့် တိုင်းဝန်ကြီး ၅၀ ခန့်၊ ရှေ့နေချုပ်များနှင့် စာရင်းစစ်ချုပ်များ ပါဝင်သည်။
လွှတ်တော် ဥက္ကဌများ
ရှမ်းပြည်နယ်မှအပ ပြည်နယ်နှင့်တိုင်း အားလုံးမှ ရွေးကောက်တင်မြှောက်ခံထားရသော လွှတ်တော်ဥက္ကဋ္ဌများနှင့် သူတို့၏ လက်ထောက်များကို ဖေဖော်ဝါရီ ၁ ရက် နေ့ မှစ၍ စစ်တပ်က ချုပ်နှောင်ထားခြင်း သို့မဟုတ် နေအိမ် အကျယ်ချုပ် ချထားခဲ့ သည်။ ၇ ဦး သာ လွှတ်ပေးခဲ့ပြီး ၁၄ ဦး ကို ထိန်းသိမ်းထားဆဲဖြစ်သည်။ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌများမှာ စစ်တပ်၏ တဆင့်ခံပါတီ တခုမှ ပုဂ္ဂိုလ်များ ဖြစ်သည်။
တက်ကြွလှုပ်ရှားသူများ၊ အဆိုကျော်များနှင့် စာရေးဆရာများ
ထင်ရှားသော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုမြအေး၊ ရုပ်ရှင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ကျောင်းသား တက်ကြွ လှုပ်ရှားသူ ကိုမင်းသွေးသစ်၊ စာရေးဆရာနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်၊ အဆိုတော် စောဖိုးခွားနှင့် စာရေးဆရာ မောင်သာချိုနှင့် ဦးထင်လင်းဦး တို့ကို ဖေဖော်ဝါရီလ ၁ရက်နေ့ ကတည်းက ဖမ်းဆီး ထိန်းသိမ်းထားသည်။
ယခင်ကလည်း နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ဖူးသည့် ဝါရင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုမြအေးသည် ၂၀၁၄ ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လုပ်ကိုင်ခဲ့သည့် အီးမေးလ် တခုနှင့် ပတ်သက်၍ ထောင်ဒဏ် ၂ နှစ်အထိ ကျခံရနိုင်သည့် အမုန်းစကား စွပ်စွဲချက်ဖြင့် ရင်ဆိုင်နေရသည်။ သူ့ကို အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသည်။ စာရေးဆရာမောင်သာချိုမှာ စစ်တပ်၏ စစ်ဆေးမေးမြန်းမှုအပြီးတွင် ကျန်းမာရေးမကောင်းကြောင်း ဧပြီလတွင် ပြန်လွတ်လာသည့် ကျောင်းသားတက်ကြွလှုပ်ရှားသူ တဦးဖြစ်သည့် ကိုဇေယျာလွင်က ပြောသည်။ NLD ကို အမာခံ ထောက်ခံသူဖြစ်သော စာရေးဆရာကို လူသိရှင်ကြား ပြောခဲ့သည့် သူ၏ မှတ်ချက်များကို စွန့်လွှတ်ရန် ဖိအားပေးခဲ့သည်ဟု သူက ဆိုသည်။
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကိုလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ စစ်တပ်က ၎င်း၏ အာဏာသိမ်းမှုကို မျှတကြောင်း ပြသရန် မဲစာရင်းတွင် မမှန်မကန်မှုများ ရှိနေကြောင်း ပြောကြားခဲ့ပြီး ရွေးကောက်ပွဲအသစ် တခု ကျင်းပပေးမည်ဟု ကြေငြာခဲ့သည်။ မဲပေးသူ အများစုက NLD ကို ထင်ထင်ရှားရှား ထောက်ခံခဲ့သည့် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် မသမာမှုများ ရှိကြောင်း စစ်တပ်၏ ပြောဆိုမှုများကို UEC က ငြင်းဆန်ပယ်ချခဲ့သည်။
စစ်တပ်ကို ဝေဖန်သည့် သံဃာတော်များ
စစ်တပ်ကို ဝေဖန်မှုကြောင့် လူသိများသည့် မန္တလေးမြို့မှ ဘုန်းတော်ကြီး ၃ပါးဖြစ်သော ဦးသောဘိတ၊ ရွှေညဝါ ဆရာတော်နှင့်မန္တလေးမြို့ မင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသတို့မှာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသူများထဲတွင် အပါအဝင် ဖြစ်သည်။ အင်တာနက်ပေါ်တွင် စစ်တပ်ကို အသရေဖျက်သည့် အတွက် ဦးသောဘိတကို ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ In Military-Ruled Myanmar, Political Detainees Mark 100 Days Behind Bars ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
တလုပ်မြို့၌ ဖမ်းခံရသည့် ကျောင်းသား စစ်ကြောရေးတွင် ညတွင်းချင်း သေဆုံး
စစ်ကောင်စီ လက်နက်ကိုင်တပ်များ မင်းတပ်မြို့ကို ဝင်ရောက် သိမ်းပိုက်
မြန်မာဒုက္ခသည်များ ပြန်မောင်းမထုတ်ဟု ထိုင်းဝန်ကြီးချုပ် ပြော
ရခိုင်ဝန်ကြီးချုပ်သမီး မမိုးဆန်းစုကြည် ဖမ်းဆီးခံရ