ဆောင်းပါး

ဂယက်ထသွားသည့် KNU ဥက္ကဋ္ဌ၏ ကြေညာချက်

Want create site? Find Free WordPress Themes and plugins.

အာဏာသိမ်း စစ်တပ်ကို လက်နက်ကိုင်နည်းလမ်းဖြင့် တုန့်ပြန်နေမှုများနှင့် ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ မေလ ၁၀ ရက်နေ့က သဘောထား ကြေညာချက် အပေါ် အဖွဲ့အစည်း အတွင်း၌ပင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သလို လူထုအကြားတွင်လည်း အံ့အားသင့်စရာဖြစ်ခဲ့ရသည်။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ ထုတ်ပြန်ချက်ထဲတွင် “၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲ အချိန်အခါ အခြေအနေတခုတွင် နိုင်ငံရေး ပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာကြသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်ရသဖြင့် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းကောင်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာရန် သဘောထားရှိပါသည်” ဟု ထုတ်ပြန်ထားသည်။

ထိုကြေညာချက်သည် KNU ဥက္ကဋ္ဌ အနေဖြင့် ပုဂ္ဂလိက ကြေညာချက်ဖြစ်သော်လည်း စစ်အုပ်ချုပ်ရေးအောက် ပြန်မရောက်ချင်သည့်ပြည်သူများ၊ အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ၊ တရားမဲ့ပြုကျင့်မှုများကို တွန်းလှန်ရန် ကြိုးစားနေသူများ အတွက် စိတ်ပျက်စရာဖြစ်ခဲ့သည်။

စစ်ရေးတင်းမာမှု မရှိသည့် ပုံမှန်အခြေအနေတွင် KNU ဥက္ကဋ္ဌ၏ ပြောဆိုချက်ကို လူအများက ကြိုဆိုကြမည် ဖြစ်သော်လည်း နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းလိုက်ပြီး လက်နက်မဲ့ ဆန္ဒထုတ်ဖော်သူ ၈၀၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီးနောက်တွင်မူ မြန်မာပြည်သူအများစုသည် ဆွေးနွေးရေးစကား မကြားလိုကြတော့ချေ။

နှစ်ဖက်ထိန်းသိမ်းနေကြရန် ယခင်က ပြောဆိုဖူးသော အာဆီယံအဖွဲ့ကြီးအား ဝိုင်းဝန်းပြစ်တင် ဝေဖန်နေကြသကဲ့သို့ပင် ဥက္ကဋ္ဌကြီး စောမူတူးစေးဖိုးကိုလည်း Facebook လူမှုကွန်ရက်တွင် ဝိုင်းဝန်း ပြစ်တင် ဝေဖန်နေကြလျက်ရှိသည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး KNU အဖွဲ့အတွင်းမှာလည်း ကြိုဆိုထောက်ခံကြသူများ ရှိသကဲ့သို့ လူကြီးတယောက်၏ သဘောထားသာဖြစ်ပြီး မဖြစ်မနေလိုက်နာရမည့် အမိန့်မဟုတ်ဟု တုံ့ပြန်မှုများလည်းရှိသည်။

လက်ရှိကာလတွင် ကရင်ပြည်နယ်အတွင်း တပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းများကို KNU လက်အောက်ခံ တပ်မဟာ (၅) က စစ်ဆင်တိုက်ခိုက်နေချိန်၌ KNU ဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးထိန်းသိမ်းကြရန် ပြောဆိုချက် ထွက်ပေါ်လာသည်ဖြစ်ရာ ဥက္ကဋ္ဌ၏ ပြောဆိုချက်သည် မည်သည့် အဓိပ္ပာယ်ဆောင်သနည်းဟု စဉ်းစားစရာရှိလာသည်။

ဘာကြောင့် စာထုတ်ပြန်တာလဲ

KNU သည် စစ်တပ်က အသွင်ပြောင်းလာသည့် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အတူ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သည်။

အစိုးရနှင့် NCA လက်မှတ်ရေးထိုးနိုင်ရေးကို ထိုစဉ်က KNU စစ်ဦးစီးချုပ်အဖြစ်တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက KNU အဖွဲ့တွင် ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဦးဆောင်ပါဝင်ခဲ့သူတဦးဖြစ်သည့် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် သက်ဆိုင်သူ အားလုံးကို လက်နက်ကိုင်သည့်နည်းဖြင့် မဖြေရှင်းကြရန် ပုဂ္ဂလိက အမြင်ဖြင့် မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ အနီးကပ်လုံခြုံရေးနှင့် ကိုယ်ရေးအရာရှိဖြစ်သူ ဗိုလ်မှူးကြီး ‌စောနေမင်းလွင်က ဧရာဝတီသို့ ပြောသည်။

“ဒီလိုပဋိပက္ခတွေ ဖြစ်တဲ့အချိန်မှာ သူ့မှာ ပြောရမယ့်တာဝန်ရှိတယ်လေ။ လူကြီးသူမတယောက်အနေနဲ့ ဒါကို ၂ ဖက်စလုံးက လိုက်နာကြပါ။ ဒါက အဖြေမဟုတ်ဘူးဆိုတာ ထွက်ပြောရခြင်း ဖြစ်ပါတယ်” ဟု မှတ်ချက်ပေးသည်။

ဥက္ကဋ္ဌကြီး စောမူတူးစေးဖိုး၏ ထုတ်ပြန်ချက်သည် KNU လက်အောက်ခံတပ်မဟာများ အနေနှင့် မဖြစ်မနေ လိုက်နာရမည့် အမိန့်စာမျိုးမဟုတ်ကြောင်းလည်း ဗိုလ်မှူးကြီး စောနေမင်းလွင်က ရှင်းပြသည်။

“ဒီစာက အမိန့်စာမဟုတ်ဘူး။ ငြိမ်းချမ်းရေး လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ တာဝန်မဲ့ထိုင်နေတာတော့ မဖြစ်သင့်ဘူး။ ပြောသင့်ပြောထိုက်တာတော့ ပြောရမှာပဲ။ ပြောတာဆိုတာက ကျနော်တို့က တပ်မတော်ကို အပြစ်တင်တာလည်း မဟုတ်ဘူး။ ကိုယ့်လူတွေကို အပြစ်တင်တာလည်း မဟုတ်ဘူး” ဟု ဆိုသည်။

ဆက်လက်၍ ဗိုလ်မှူးကြီးစောနေမင်းလွင်က ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးပြောထားသော NCA လမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဆိုသည့် ပြောဆိုချက်သည် NCA စာချုပ်ကိုသာ ငြိမ်းချမ်းရေးအတွက် တရားသေ ကိုင်စွဲသွားမည်ဟု ဆိုလိုခြင်းမဟုတ်ကြောင်း ရှင်းပြသည်။

“ဒီစာချုပ်က ပြီးပြည့်စုံတယ်လို့တော့ မဆိုလိုဘူး။ မရှိတာထက်စာရင်တော့ ရှိတာက ပြောမယ်ဆိုရင် မိုးရွာတာကို တိတ်ခိုင်းလို့တော့မရဘူးပေါ့ဗျာ။ ထီးပါရင်တော့ နဲနဲတော်သေးတာပေါ့ အဲလိုပြောချင်တာပါ” ဟု ဆိုသည်။

ကြိုဆိုမှုနှင့် ကန့်ကွက်မှုများ

ဥက္ကဋ္ဌကြီး စောမူတူးစေးဖိုး၏ ထုတ်ပြန်ချက်ထွက်လာပြီးနောက် ယင်းထုတ်ပြန်ချက်ကို ကြိုဆိုကြသူများရှိသကဲ့သို့ ကန့်ကွက်ကြသူများလည်း ရှိနေသည်။

KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်၏ ဥက္ကဋ္ဌ စောရွှေမောင်းက KNU ဥက္ကဋ္ဌ ၏ ထုတ်ပြန်ချက်သည် ကရင်အမျိုးသားထုနှင့် ပြည်ထောင်စုသား အားလုံးအတွက် ကောင်းကျိုး ဖြစ်ထွန်းစေနိုင်ကြောင်း မေလ ၁၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြောဆိုသည်။ ငြိမ်းချမ်းသာယာသော ဘဝ ပိုင်ဆိုင်လာနိုင်စေရန် သက်ဆိုင်သူများတွေ့ဆုံ ညှိနှိုင်း ဆွေးနွေးအဖြေရှာကြရန်လည်း ထပ်ဆင့်တိုက်တွန်းထားသည်။

ဩစတြေးလျနိုင်ငံအခြေစိုက် ကရင်အရပ်ဘက်အဖွဲ့ဖြစ်သည့် ဩစတြေးလျ ကရင်အဖွဲ့အစည်း (AKO) ကမူ ဥက္ကဋ္ဌ စောမူတူးစေးဖိုး၏ ထုတ်ပြန်ချက်သည် အာဏာရှင်ဆန်သည်ဟုပင် ပြင်းပြင်းထန်ထန်ဝေဖန်သည်။

KNU ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်သည် ပြီးခဲ့သည့် မတ်လ ၂၂ ရက်က KNU ဥက္ကဋ္ဌကိုယ်တိုင် လက်မှတ်ရေးထိုးကာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ပေးပို့သည့် အချက် (၈) ချက်ပါ အကြောင်းကြားစာနှင့် ဆန့်ကျင်ကွဲလွဲနေကြောင်း AKO က မေလ ၁၅ ရက်ထုတ်ကြေညာချက်တွင် ဖော်ပြထားသည်။

မတ်လ ၂၂ ရက်က ထုတ်ပြန်သည့် အကြောင်းကြား စာတွင် KNU ၏ တောင်းဆိုချက် ၈ ချက်ကို မြန်မာစစ်တပ်ဘက်က အကောင်အထည်ဖော်မှသာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးမည်ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဆိုထားသည်။

တောင်းဆိုချက် ၈ ချက်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်းမှ စတင်၍ တပ်မတော်က ထုတ်ပြန်ထားသော ပြည်သူလူထု၏ အခွင့်အရေးပိတ်ပင်သည့် ဥပဒေအားလုံး ပြန်လည်ရုတ်သိမ်းရန် အချက် အပါအဝင် တပ်မတော်ဘက်က နိုင်ငံရေးတွင် ပါဝင်နေမှုအားနှုတ်ထွက်ကြောင်းကြေညာရန် စသည့်အချက်များလည်း ပါဝင်သည်။

KNU ဥက္ကဋ္ဌ၏ မေလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်သည် ပကတိနိုင်ငံရေး အကြပ်အတည်းကို မျက်ကွယ်ပြုရာ ရောက်နေပြီး ၎င်း၏ ထုတ်ပြန်ချက်ကို တာဝန်ခံသည့်အနေဖြင့် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးအား ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုကြောင်း AKO က ကြေညာထားသည်။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ အနီးကပ်လုံခြုံရေးနှင့် ကိုယ်ရေးအရာရှိဖြစ်သူ ဗိုလ်မှူးကြီး ‌စောနေမင်းလွင်ကမူ ဝေဖန်ပြစ်တင်မှုများကို မည်သို့မျှမှတ်ချက်မပေးလိုကြောင်း ပြောသည်။

သို့သော်လည်း ဝေဖန်နေသူများသိသင့်သည်က ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် ကရင့်တော်လှန်ရေး အစကတည်းက ပါဝင်လာသူဖြစ်ပြီး လက်ရှိအချိန်အထိ ပါဝင်နေသူဖြစ်ကြောင်း ထောက်ပြသည်။

ဗိုလ်မှူးကြီး စောနေမင်းလွင်က “ဥက္ကဋ္ဌကြီး မူတူးစေးဖိုးဟာ တောင်ယာခုတ်တဲ့သူမဟုတ်ဘူး။ လယ်သမား တယောက် မဟုတ်ဘူး။ ကရင့်တော်လှန်ရေးကို စစချင်းလုပ်ကတည်းက သူကိုယ်တိုင်ပါဝင်ခဲ့တယ်။ သူ ၁၄ နှစ်သားကတည်းက လာတာ သူ ၈၈ နှစ်ရှိပြီ သူက စိတ်ကူးယဉ်သမားမဟုတ်ဘူး။ တကယ့်တိုက်ပွဲထဲက လာတဲ့သူဖြစ်တယ်” ဟု ပြောသည်။

တပ်မဟာ ၅ ရပ်တည်ချက်

ကရင်ပြည်နယ်အတွင်း တပ်စွဲထားသော အာဏာသိမ်း စစ်ကောင်စီ၏ တပ်စခန်းများကို ထိုးစစ်ဆင်နေသည့် KNU လက်အောက်ခံ တပ်မဟာ (၅) ကမူ KNU ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်ကို မည်သည့်မှတ်ချက်မျှမပေးဘဲ လူကြီးတယောက်၏ သဘောထားသာဖြစ်ပြီး မဖြစ်မနေလိုက်နာရမည့် အမိန့်မဟုတ်ဟု သတ်မှတ်ကာ မိမိတို့လုပ်စရာရှိသည့်အလုပ်များကို ဆက်လက်လုပ်ဆောင်မည်ဟု ပြောဆိုသည်။

လက်ရှိကာလတွင် ကရင်ပြည်နယ်ဖာပွန်ခရိုင်၌ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNU တပ်မဟာ (၅) တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က တပ်စခန်းအချို့နှင့် စစ်သည်၊ လက်နက်များ ဆုံးရှုံးခဲ့သည်။

KNLA ၏ တပ်မဟာ ၅ လက်အောက်ခံတပ်များသည့် ပြီးခဲ့သည့် မတ်လ ၂၇ ရက်က စစ်ကောင်စီ၏ သီးမူထာ တပ်စခန်းကို တိုက်ခိုက်သိမ်းပြီးခဲ့ပြီး ဧပြီလ ၂၇ ရက်ကလည်း စစ်ကောင်စီ၏ သောလယ်ထတပ်စခန်းနှင့် မယ်ရာထာတပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

တပ်မဟာ (၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒို က “အခုအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ NCA အတိုင်းသွားရင်လည်း ကျနော်တို့အနေနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးတယ်ဆိုတာမျိုးက လုပ်လို့ရတော့တဲ့ ဟာမဟုတ်တော့ဘူး” ဟု ပြောသည်။

အဘယ်ကြောင့်ဆိုသော် NCA စာချုပ်ကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် တိုင်ရင်းသား လက်နက်ကိုင်များ ဆိုသည့် အစုအဖွဲ့ ၄ ဖွဲ့က ညှိနှိုင်း ဆွေးနွေးပြီး လက်မှတ်ရေးထိုးထားခြင်းဖြစ်ရာ အစိုးရနှင့် လွှတ်တော်ကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်သည့်အခြေအနေတွင် NCA စာချုပ်ပါပြဌာန်းချက်များသည် ဆက်လက်အကောင်အထည်ဖော်ရန် မလွယ်တော့သည့် အခြေအနေဖြစ်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက “စစ်ကောင်စီဘက်ကနေ တိုင်းပြည်အာဏာကို သိမ်းယူလိုက်တဲ့အပေါ်မှာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအပိုင်းဖြစ်သွားတယ်။ စစ်တပ်ရဲ့ အုပ်ချုပ်မှုအပိုင်း ဖြစ်တဲ့အပေါ်မှာ သူတို့က စစ်တပ်ဖြစ်လို့ နိုင်ငံရေး မဆွေးနွေးဘူး။ အရပ်သားအစိုးရတက်လာမှ နိုင်ငံ‌ရေးဆွေးနွေးမယ်ဆိုတာမျိုးတွေ ဖြစ်လာမှာပဲ” ဟု ပြောကြားသည်။

အရပ်ဘက် သဘောထား

ကရင်အရပ်ဘက်အဖွဲ့တခုဖြစ်သည့် ကရင်အမျိုးသမီး အစည်းအရုံး (KWO) ၏ ဗဟိုကော်မတီအဖွဲ့ဝင် နော်ဆဲဆဲ ကလည်း KNU ဥက္ကဋ္ဌကြီး၏ သဘောထားအပေါ် သီးသန့်မှတ်ချက်မပေးလိုသော်လည်း လက်ရှိအခြေအနေတွင် NCA စာချုပ်သည် အသုံးမဝင်သည့်အပြင် ပျက်ပြယ်နေပြီဟု ဆိုသည်။

နော်ဆဲဆဲ က “နိုင်ငံရေးပြဿနာကို စစ်ကောင်စီလို ရာဇဝတ်သားတွေနဲ့ သွားဆွေးနွေးတာက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပေါ့။ ဒီလူတွေကို ကျမတို့က သူကျူးလွန်နေတဲ့ ပြစ်မှုတွေအတွက် တရားရင်ဆိုင်ပြီးတော့ သူတို့ ကျူးလွန်တဲ့ ပြစ်မှု၊ ပြစ်ဒဏ်တွေ ခံရဖို့ကို လုပ်ရမှာ။ ကျမတို့ သူတို့နဲ့သွားပြီး‌တော့ တိုင်ပင်စရာ ဆွေးနွေးစရာ ညှိနှိုင်းစရာ လုပ်ဖို့ကို မလိုတာ” ဟု ပြောဆိုသည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ ထုတ်ပြန်ချက်သည် ပုဂ္ဂလိက အမြင်ဟု ပြောဆိုထားသော်လည်း ၎င်းသည် KNU ဥက္ကဋ္ဌ ဖြစ်နေသဖြင့် ကရင်လူထုအပေါ်တွင် ရိုက်ခတ်မှု တချို့ရှိလာနိုင်ကြောင်း နော်ဆဲဆဲက သုံးသပ်သည်။

“KNU အချင်းချင်းကြားထဲမှာ သဘောထားမကိုက်ညီတာတခုပေါ့။ မတူညီတဲ့အပေါ်မှာ လူငယ်တွေက စိတ်ပူလာတယ်။ အပြင်က စိုးရိမ်ရတဲ့ အနေအထားတခုရှိတယ်။ စိုးရိမ်မှုက ရှေ့ဆက်ပြီး KNU အပေါ်အယုံအကြည်လျော့နည်းလာမှာကို စိုးရိမ်တယ်။ ဒါက တကယ့်သက်ရောက်မှုဖြစ်ပါတယ်” ဟု ၎င်းက ပြောပြသည်။

ဝိဝါဒကွဲနေစရာမလို

KNU ၏ မဟာဗျူဟာအကြံပေးဖြစ်သူ နော်မေဦး ကမူ ဥက္ကဋ္ဌကြီး စောမူတူးစေးဖိုး၏ ပြောဆိုချက်အပေါ် ပြည်သူအများ အနေဖြင့် အလွန်အမင်းခံစားနေရန် မလိုအပ်ကြောင်း ဧရာဝတီသို့ ပြောသည်။

နော်မေဦး က “ဒီလိုပြောလိုက်တဲ့ အပေါ်မှာ အဖွဲ့အစည်းအတွင်းမှာရော၊ အဖွဲ့အစည်းအပြင် အထူးသဖြင့် ပြည်သူလူထု အမြင်မှာရော မိုးပြိုသလို ခံစားသွားရဖို့ မလိုဘူးထင်ပါတယ်။ KNU ဥက္ကဋ္ဌ တယောက်အနေနဲ့ နှစ်ဖက်လုံးကို ပိုပြီးတိုက်ပွဲတွေ ပြင်းထန်အောင် ပြောဆိုနေရမယ်ဆိုတာမျိုးလည်း မရှိပါဘူး။ အမှန်တကယ် အလုပ်လုပ်နေတဲ့ အဖွဲ့ အစည်းတွေနဲ့ ခေါင်းဆောင်မှုတွေကြားမှာ ဒီလိုပြဿနာတွေ ရှိနေမြဲပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့အစည်းရဲ့ ရပ်တည်ချက်နဲ့ လူပုဂ္ဂိုလ်ရဲ့ သဘောထားဟာ တထပ်တည်း ကျနေရမယ်ဆိုတဲ့နိယာမ KNU မှာ မရှိပါဘူး” ဟု ပြောဆိုသည်။

၎င်းက ဆက်၍ “ဖွဲ့စည်းပုံနဲ့အတူလုပ်ထုံးလုပ်နည်းတွေမှာ အားနည်းချက်တွေအများရှိတာမှန်ပေမယ့် KNU အဖွဲ့အစည်းထဲမှာ နက်နက်ရှိုင်းရှိုင်းစိမ့်ဝင်နေတဲ့ တွေးခေါ်ကျင့်ကြံမှုနဲ့ အယူအဆတွေကတော့ အင်မတန်ဒီမိုကရေစီ နည်းလမ်းကျပါတယ်” ဟု ဆိုသည်။

KNU အနေနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မူဘောင် အတိုင်း လိုက်နာ ကျင့်သုံးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်သူအားလုံးအနေနှင့်လည်း NCA မူဘောင် များအတိုင်း တိကျစွာ လိုက်နာကာ ငြိမ်းချမ်းရေး ထိန်းသိမ်းကြရန် အလေးအနက် တိုက်တွန်းကြောင်း KNU ဥက္ကဋ္ဌ က ကြေညာချက်ထဲတွင် ထည့်ပြောထားသည်။

KNU ဥက္ကဋ္ဌ က သက်ဆိုင်သူများအားလုံးကို NCA မူဘောင် များအတိုင်း တိကျစွာ လိုက်နာကာ ငြိမ်းချမ်းရေး ထိန်းသိမ်းကြရန် အလေးအနက်တိုက်တွန်းနေစဉ်မှာပင် KNU လက်အောက်ခံ ဖာပွန်ခရိုင်ရှိ KNU တပ်မဟာ (၅) က ခုခံရေးစစ် ဆင်နွှဲနေသည်နှင့် ပတ်သက်၍လည်း နော်မေဦး က ရှင်းပြသည်။

“ဥက္ကဋ္ဌတယောက်အနေနဲ့ နိုင်ငံရေးစကားပြောတာ၊ ဖြစ်နိုင်ချေရှိမရှိထက် ဖြစ်သင့်တာကို ပြောတာဟာဘာဆန်းလဲ  ဒါဥက္ကဋ္ဌအဆင့်ရှိတဲ့လူတိုင်း၊ ယဉ်ကျေးတဲ့လူတိုင်းက ပြောသင့်တဲ့ စကားပဲ။ ဥက္ကဋ္ဌအဆင့်မှာ ပြောရမယ့်စကား၊ ပြောလို့ရတဲ့စကားကိုသူပြောမယ်၊ ခရိုင်တွေ၊ တပ်မဟာတွေရဲ့မြေပြင်မှာ တော်လှန်နေကြတဲ့ လူတွေကလည်း သူ့အလုပ်သူလုပ်နေမှာဖြစ်တယ်” ဟု မှတ်ချက်ပေးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading