မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် ပင်လုံစာချုပ်ပါ ကတိကဝတ်များကို ချိုးဖောက်၊ မျက်ကွယ် ပြုရာမှ အစပြု သန္ဓေတည်ခဲ့ခြင်းဖြစ်သည်။ ရာစုနှစ်တခုမျှပင် ရှည်လျားသည့် ပြည်တွင်းစစ်မီးသည် တိုင်းရင်းသား လက်နက်ကိုင်များ နေထိုင်ရာနယ်စပ်ဒေသများမှ မြန်မာနိုင်ငံတဝှမ်းရှိ မြို့ကြီးမြို့ငယ် များဆီသို့ ယခုဆိုလျှင် တဖြေးဖြေး ကူးစက်တောက်လောင် နေပြီဖြစ်သည်။
ခေတ်အဆက်ဆက်တွင် အကြမ်းဖက် အာဏာရှင်စစ်အုပ်စုသည် ဖက်ဒရယ်ဒီမိုကရေစီ၏ အသက်ဇီဝိန်ကို ချုပ်ငြိမ်းစေရန် အကြောင်းအမျိုးမျိုးရှာကာ လုပ်ကြံ၊ အကွက်ချစီစဉ် ကြိုးစား ခဲ့ကြသည်။ သို့သော် ဖက်ဒရယ် ဒီမိုကရေစီဟူသည့် မျိုးစေ့သည် အမိမြန်မာ နိုင်ငံတလျှောက်လုံး၌ ရှင်သန်ကြီးထွားလျက်ရှိနေသည်ကို နွေဦးတော်လှန်ရေးက သက်သေထူလျှက် ရှိပါသည်။
စစ်အုပ်စု၏ ဖေဖော်ဝါရီ ၁၊ ၂၀၂၁ အာဏာသိမ်းမှုနှင့် ပြည်သူလူထုကို လက်နက်သုံးကာ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီး သတ်ဖြတ်မှုများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် ပြည်သူလူထုကို လက်နက်ကိုင် ခုခံတော်လှန်ရမည့် အခြေအနေသို့ တွန်းပို့ပေးလိုက်သည်။
သို့ဖြစ်၍ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုကို တော်လှန်ရာတွင် အကြမ်းမဖက် လူထု မနာခံမှုအပြင် လက်နက်ကိုင်ဆောင်၍ ခုခံတော်လှန်မှုကို ထည့်သွင်း လုပ်ဆောင်လာကြပါသည်။ ဤသို့ပြုလုပ်ရာတွင် မိမိကိုယ်ကိုကာကွယ်ခြင်းကို အသွင်ဆောင်သည်။ သို့ဖြစ်လျှင် မိမိကိုယ်ကို ကာကွယ်ရန် ခုခံတော်လှန်ရာတွင် ပြောက်ကျားစစ်ဆင်ရေး၏ အခြေခံမူများကို သိရှိနားလည် ထားသင့်သည်။
ပြောက်ကျားစစ်ဆင်ရေးဆိုသည်မှာ
ပြောက်ကျား ဟူသည့် ဝေါဟာရကို စပိန်ဘာသာဖြင့် “စစ်ပွဲငယ်” ဟု အဓိပ္ပာယ်ရသည်။ ပြင်သစ်စစ်ရေး စာရေးဆရာ ဟင်နရီက “အမျိုးသား စစ်ပွဲ” ဟု ရည်ညွှန်းသည်။ တရုတ်ခေါင်းဆောင် မောစီတုံး၏ အသုံးအနှူန်းဖြစ်သည့် “တော်လှန်ရေး စစ်ပွဲ” သည် အဓိက လူသုံးများလာသည်။ ပရက်ရှားဗိုလ်ချုပ် ကားလ် ကမူ “ပြည်သူ့စစ်ပွဲ” ဟုသုံးနှူန်းခဲ့သည်။
ပြောက်ကျားစစ်ဆင်ရေးဆိုသည်မှာ အရပ်သားပြည်သူလူထုက အာဏာသိမ်းအုပ်စု (သို့) အာဏာရှင်အစိုးရ (သို့) အစိုးရ၏ လုပ်ငန်းလည်ပတ်မှုယန္တရားကို နှေးကွေးရပ်တန့် သွားစေ ရန်သော် လည်းကောင်း၊ အပြီးတိုင်ဖြုတ်ချရန် သော်လည်းကောင်း ရည်ရွယ်ချက်ဖြင့် လက်နက်ကိုင် ခုခံတော်လှန် တိုက်ခိုက် ခြင်းဖြစ်သည်။
ပြောက်ကျားစစ်ဆင်ရေး သမိုင်းအကျဉ်း
ပြောက်ကျားစစ်ဆင်ရေးကို ခေတ်အဆက်ဆက်တွင် တွေ့မြင်ရသည်။ ၁၉ ရာစုအစောပိုင်းတွင် စပိန်လူထုနှင့် ပြောက်ကျားစစ်သည်များက ပြင်သစ်စစ်တပ်ကို တော်လှန် တိုက်ခိုက်သည့် ကျွန်းဆွယ် စစ်ပွဲမှ ပြောက်ကျားစစ်ဆင်ရေး စတင်ခဲ့သည်ဟုဆိုကြသည်။ စပိန်နှင့် ပေါ်တူဂီ နိုင်ငံသားများသည် ကျွန်းဆွယ်စစ်ပွဲတွင် နပိုလီယံ၏ အင်အားကြီးသော ပြင်သစ် စစ်တပ်ကို အနိုင်ယူရန် ပြောက်ကျား နည်းဗျူဟာများကို အသုံးပြုခဲ့သည်။
သို့သော် ရှေးအခါကပင်လျှင် ဂျူးလူမျိုးတို့၏ သမိုင်းတွင် ကာနန်ပြည်ကို သိမ်းယူခဲ့စဉ် အခါက ယောရှု ဦးဆောင်သည့် ဂျူးတို့သည် ရန်သူများကို ချုံခိုတိုက်ခိုက်ခြင်းဖြင့် ဒုက္ခပေးနှောင့်ယှက်ခဲ့သည်။ အေဒီ ၁ ရာစုခန့်တွင် ဂျူးလူမျိုးက ရောမစစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးဖြင့် တော်လှန်ပုန်ကန် ခဲ့ကြသည်ကိုလည်း သမိုင်းတွင်တွေ့ရှိရသည်။
လီယိုနဒ် သောမတ်စ်အမ် ကမူ ဘီစီ ၆ ရာစုတွင် မဟာဗျူဟာရေးဆွဲသူဟု တင်စား ခြင်းခံရသူ တရုတ်ဗိုလ်ချုပ် ဆန်ဇူ က သူ၏ ဂန္ထဝင်လက်ရာမြောက်သည့် “စစ်၏ အနုပညာ” (The Art of War) စာအုပ်တွင် ပြောက်ကျားစစ်ဆင်ရေးဗျူဟာ အသုံးပြုခြင်းကို ပထမဆုံး ဖော်ပြရေးသားခဲ့သူ ဖြစ်သည်ဟု ငြင်းခုံသည်။
ထို့အပြင် ဘီစီ ၃ ရာစု တွင် “ပြောက်ကျားစစ်ဆင်ရေး၏ဖခင်” ဟုသမုတ်ခြင်းခံရသူ ရောမ အာဏာရှင် Quintus Fabius Maximus က သူ၏ “ဖားဘမ်း (Fabian) နည်းဗျူဟာ” ကို သုံး၍ အင်အားကြီး ကျူးကျော်စစ်တပ်၏ ကာသာဂျီနီးယန်း ဗိုလ်ချုပ် ဟာနီဘာလ် ဘာကာ ဆိုသူကို အနိုင်ယူခဲ့သည်ဟု Walter Laqueur ၏ “ပြောက်ကျားစစ်ဆင်ရေး” စာအုပ်တွင် ရေးသား မှတ်တမ်းတင်ထားသည်ကို တွေ့ရပါသည်။
ခေတ်သစ် ပြောက်ကျားစစ်ဆင်ရေးများကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းရှိ နိုင်ငံအသီးသီးတွင် တွေ့မြင်ရမည်ဖြစ်သည်။
လက်နက်တပ်ဆင်ခြင်း
ပြောက်ကျားစစ်ဆင်ရေးတွင် လိုအပ်သောလက်နက်၊ ခဲယမ်းများကို ရရှိနိုင်သည့် အဓိကနည်းလမ်း (၃) လမ်းရှိပါသည်။
၁။ ပြည်တွင်း လုပ်/ထုတ် လက်နက်များ – ပြောက်ကျားစစ်ဆင်ရေးသည် ပြည်တွင်းတွင် ထုတ်လုပ်သည့် လက်နက်များကို အသုံးပြုကာ အစပြုလေ့ရှိသည်။ ပြောက်ကျားစစ်ဆင်ရေးသမိုင်းကို ကြည့်မည်ဆိုလျှင် ဓား၊ တုတ်၊ လှံ၊ လေး၊ မျှား၊ လောက်လွဲ၊ ဒူးလေး၊ လေသေနတ်၊ တူမီး၊ နှစ်လုံးပြူး၊ လက်လုပ်ရိုင်ဖယ်၊ လက်လုပ်ဗုံး၊ ဓာတ်ဆီပုလင်းဗုံး၊ အစရှိသည့် လက်နက်များကို အသုံးပြုကြရသည်။
၂။ ရန်သူ့ထံမှရရှိသည့် လက်နက်များ – ပြောက်ကျားစစ်ဆင်ရေးတွင် လိုအပ်သောလက်နက် ခဲယမ်းများကို ရန်သူ့ထံမှရရှိနိုင်ပါသည်။ သို့ဖြစ်၍ ရန်သူ့ထံမှ လက်နက်များကို သိမ်းယူနိုင်ရန်ဆိုသည့် ရန်ရွယ်ချက်ဖြင့် ကြိုးစားတိုက်ခိုက်ရသည်။ အခွင့်အခါသင့်လျှင် ရန်သူ့ထံမှ လက်နက်များကို ခိုးယူ ခြင်းဖြင့်လည်း ရရှိနိုင်သည်။
၃။ ပြည်တွင်းပြည်ပမှ ဝယ်ယူရရှိသော လက်နက်များ – ပြောက်ကျားစစ်ဆင်ရေးတွင် လိုအပ်သော လက်နက်၊ ခဲယမ်းများကို ပြည်တွင်းပြည်ပရှိ မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များထံမှ ဝယ်ယူကြရမည်။ အထူးသဖြင့် မိမိတို့၏ နိုင်ငံရေးမျှော်မှန်းချက်နှင့် ရည်ရွယ်ချက်တို့ကို ထောက် ခံသည့် နိုင်ငံတကာ အသိုင်းအဝိုင်းမှသော်လည်းကောင်း၊ ပြည်တွင်းရှိ အများပြည်သူ များထံမှ သော်လည်းကောင်း လက်နက်များကိုရရှိနိုင်ပါသည်။ ဤနည်းဖြင့် ပြောက်ကျားစစ်ဆင်ရေးတွင် ခေတ်မီလက်နက်များကို တပ်ဆင်နိုင်သည်။
ပြည်တွင်း၊ ပြည်ပ အခန်းကဏ္ဍ
ပြောက်ကျားစစ်ဆင်ရေးကို ကူညီပံ့ပိုးမည့် သူများမှာ ပြည်သူလူထုဖြစ်ပါသည်။ အမှန်စင်စစ် ပြောက်ကျားစစ်ဆင်ရေးသည် ပြည်သူလူထုမှ ပေါက်ဖွားလာခြင်းဖြစ်ပါသည်။ ပြည်သူတို့၏ သားနှင့် သမီးများသည် ပြောက်ကျားစစ်ဆင်ရေးတွင် ပါဝင်သည့် စစ်သည်တော်များဖြစ်ကြသည်။
ထို့အပြင် စစ်သည်တော်များ လိုအပ်သည့် ငွေကြေး၊ အစားအသောက်၊ ခိုလှုံရာ အမိုးအကာ၊ သယ်ယူပို့ဆောင် ရေး၊ ဆေးဘက်ဆိုင်ရာ အထောက်အကူ၊ ထောက်လှမ်းရေး ဝန်ဆောင်မှု၊ အစရှိသည့် လိုအပ်ချက် များကို ပြည်သူလူထုမှ ကူညီထောက်ပံ့ပေးရပါမည်။
ပြောက်ကျားစစ်ဆင်ရေးကို ပြည်သူအများစုက ရပ်တည်ပေးမည်ဆိုလျှင် အောင်မြင်မှုသည် လက်တကမ်း အလိုမှာသာရှိပါသည်။ ၁၉၅၀ ပြည့်နှစ်များက ဆိုက်ပရပ်စ်တော်လှန်ရေးကို ဦးဆောင်ခဲ့သူ ဂရိစစ်သား ဂျော့ဂ်ျစ်ရီဗစ်က နိုင်ငံအတွင်းရှိ တိုင်းသူပြည်သားအများစု၏ မခြွင်းမချန် အပြည့်အဝ ထောက်ခံမှုရရှိထားလျှင် ပြောက်ကျားစစ်သည် မအောင်မြင်နိုင်စရာ အကြောင်းမရှိဟု ရေးသားခဲ့ဖူးသည်။
ပြည်သူလူထုသည် ပြောက်ကျားစစ်ဆင်ရေး၏ အဓိကမဏ္ဍိုင်ကြီးဖြစ်ပါသည်။ ပြောက်ကျား စစ်ဆင်ရေး အောင်မြင်ခြင်းသည် ပြည်သူများ၏ ပါဝင်မှု၊ ထောက်ပံ့မှုနှင့် အားပေးရပ်တည်မှု အပေါ် တွင် မှီခိုနေပါသည်။ ဂျာမန် စစ်ရေးသဘောတရား ပညာရှင် Carl von Clausewitz ၏ “စစ်ပွဲ” (On War) စာအုပ်တွင် “ပြည်သူ့စစ်” ဟူသည့် ပြောက်ကျားစစ်ဆင်ရေး၏ အောင်မြင်မှုသည် ပြည်သူ အများစု၏ အားပေးထောက်ခံမှုအပေါ်တွင် မူတည်နေသည်ဟု ဖော်ပြထားပါသည်။ ပြည်သူသာလျှင် တိုင်းပြည်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ထားသည် မဟုတ်လော။
နိုင်ငံတကာ အခန်းကဏ္ဍ၏ အရေးပါမှုကို အလေးထားရမည်။ သိရှိနားလည် လက်ခံရမည်။ နိုင်ငံတကာပံ့ပိုးမှု ရရှိအောင်ကြိုးစားကြသည်။ နိုင်ငံတကာမှ နိုင်ငံရေးအားဖြင့်သော်လည်းကောင်း၊ လိုအပ်သည့် စားနားရိက္ခာနှင့် ဆေးဝါးထောက်ပံ့ခြင်းနှင့် စစ်ရေးနှင့်ပတ်သက်သည့် စစ်သင်တန်းနှင့် လက်နက်တပ်ဆင်ပေးခြင်း အားဖြင့်သော်လည်းကောင်း အကူအညီပေးနိုင်ပါသည်။
ပြောက်ကျားနည်းဗျူဟာ
ပြောက်ကျားနည်းဗျူဟာ၏ အဓိကရည်ရွယ်ချက်မှာ ရန်သူ့တပ်များ ရုပ်သိမ်းဆုတ်ခွာ စေရန် ဖြစ်သည်။ ရန်သူ့တပ်များကို လက်နက်ချစေရန် အနိုင်တိုက်ခြင်းမဟုတ်။ အဘယ့်ကြောင့်ဆိုသော် ပြောက်ကျားစစ်ဆင်ရေးတွင် လက်နက်အင်အားနှင့် လူအင်အား မမျှတခြင်းတည်းဟူသော အားနည်း ချက်ရှိနေသောကြောင့်ဖြစ်သည်။
ပြောက်ကျားစစ်သည်များသည် ထူထပ်သောတောအုပ်နှင့် မြင့်မားသည့် တောင်တန်းကြီးများ အစရှိသည့် လူသူ အရောက် အပေါက်နည်းပါးပြီး လုံခြုံမှုရှိသောနေရာမျိုးတွင် စခန်းချကြရသည်။ လက်နက်ထုတ်လုပ်ခြင်းနှင့် ပြင်ဆင်ခြင်း၊ တပ်သားသစ်များကို လေ့ကျင့်သင်ကြားပေးခြင်း၊ အယူဝါဒ သွတ်သွင်းခြင်းနှင့် လက်နက်တပ်ဆင်ပေးခြင်း အစရှိသည့် အရာတို့ကို လုပ်ဆောင်ရန် ဤတပ်စခန်းကို အသုံးပြုကြပါသည်။ ထိုတပ်စခန်းသည် အိမ်နီးချင်းးနိုင်ငံ၏ နယ်နိမိတ် အတွင်း တွင်လည်း ဖြစ်နိုင်ပါသည်။
မြို့ကြီးမြို့ငယ်များတွင် ဝင်ရောက် သွားလာလှုပ်ရှားကြရသောကြောင့် ယူနီဖောင်းဝတ်စုံကို အသုံးပြုလေ့မရှိ။ အများပြည်သူများအကြား ဝင်ထွက်ရသောကြောင့် ပြည်သူများနည်းတူ ဝတ်စား ဆင်ယင်လေ့ရှိကြပါသည်။
ပြောက်ကျားတိုက်ခိုက်ရေးသမားများသည် တဖက်ရန်သူ၏ တိုက်ခိုက်ရွှေ့လျှားမှုများကို ကန့်သတ်ရန် (သို့) အားနည်းနှေးကွေးလာစေရန် သယ်ယူပို့ဆောင်ရေးတွင် အဓိကကျသည့် တံတားများ၊ ရထားလမ်းများနှင့် လေယာဉ်ကွင်းများ စသည်တို့ကို ပစ်မှတ်ထားကာ တိုက်ခိုက် ဖျက်စီးကြရသည်။ ထို့အပြင် ရန်သူတပ်၏ လက်နက်များနှင့် ထောက်ပံ့ရေးပစ္စည်းများကို တိုက်ခိုက် သိမ်းပိုက်ရန် ကြိုးစားကြရပါသည်။
ဤစစ်ဆင်ရေး အမျိုးအစားတွင် မသင်္ကာဖွယ် ရန်သူစစ်တပ်၏ ပစ်မှတ်မှန်သမျှကို တမင်တကာ၊ စနစ်တကျ ဖျက်ဆီးခြင်း၊ ချုံခိုတိုက်ခိုက်ခြင်း၊ အငိုက်ဖမ်းတိုက်ခိုက်ခြင်း၊ ရှောင်တခင် (လျှပ်တစ်ပြက်) တိုက်ခိုက်ခြင်း စသည်တို့ကိုတွ့ရသည်။ ဆိုရလျှင် ပြောက်ကျားစစ်ဆင်ရေးတွင် လျှပ်တစ်ပြက် (ပစ်-ပြီး-ပြေး (ပသုံးလုံး) – “hit-and-run”) ထိုးစစ်ဆင်ရန် လူအနည်းငယ်/ အုပ်စုငယ် ဖြင့်သာ တိုက်ကြရသည်။
စစ်၏ အနုပညာ (The Art of War) စာအုပ်တွင် တရုတ်ဗိုလ်ချုပ်ကြီး ဆန်ဇူက အကောင်ဆုံး တိုက်ခိုက်ရမည့် အချိန်ကိုသိရှိပြီး မတိုက်ခိုက်ရမည့် အချိန်ကိုလည်း သိရှိနားလည်ထားရမည်။ အင်အားကြီးသည့် ရန်သူကိုရှောင်ရှားပြီး အားနည်းသည့် ရန်သူကိုတိုက်ခိုက်ရမည်။ ရန်သူကို လှည့်ဖြား တတ်ရမည်။ ခွန်အားရှိသည့်အချိန်တွင် အားအင်ချိနဲ့သည့် အသွင်ဆောင်ပြီး အားအင်ချိနဲ့သည့် အချိန်တွင် ခွန်အားပြည့်နေသကဲ့သို့ နေရပါမည် ဟုရေးသားမိန့်ဆိုခဲ့သည်။
ဆန်ဇူ၏ ယူဆပြောဆိုချက်အရ ပြောက်ကျားစစ်ဆင်ရေးတွင် တိုက်ခိုက်ရမည့် အချိန်ကို သိရှိခြင်း၊ ရန်သူ၏ အင်အားကိုသိရှိခြင်းနှင့် ရန်သူကို လှည့်ဖြားတတ်ခြင်းဟူသည့် အလွန်အရေး ကြီးသည့် ပြောက်ကျားစစ်ပညာကို တွေ့မြင်ရမည်ဖြစ်ပါသည်။
တရုတ်ပြည်တွင်းစစ် စတင်ခဲ့စဉ်က မော်စီတုံးသည် ပြောက်ကျားစစ်ဆင်ရေးဗျူဟာကို ဤသို့အကျဉ်းချူပ် ရေးသားဖော်ပြခဲ့သည်။ ရန်သူသည် ထိုးစစ်ဆင် ချီတက်လာလျှင် ကျွန်ုပ်တို့ ခွာစစ်ဆင်ရမည်။ ရန်သူသည် တပ်စွဲ စခန်းချလျှင် ကျွန်ုပ်တို့ ထိုးစစ်ဆင်ပြီး ထပ်တလဲလဲ နှောင့်ယှက် တိုက်ခိုက်ရမည်။ ရန်သူသည် အင်အားကုန်ခန်း၍ မောပန်းနွမ်းနယ်နေပြီဆိုလျှင် ကျွန်ုပ်တို့ ချေမှုန်း တိုက်ဖျက်ရမည်။ ရန်သူသည် ခွာစစ်ဆင်လျှင် ကျွန်ုပ်တို့ အမှီလိုက်ပြီး တိုက်ခိုက်ရမည်။
မော်စီတုံး၏ နိယာမအရ ပြောက်ကျားစစ်ဆင်ရေးတွင် ရန်သူကို မရပ်မနား လိုက်လံ ဒုက္ခပေးတိုက်ခိုက်ရမည်။ ထိုးစစ်နှင့် ခွာစစ်ကို အခြေအနေအပေါ်မူတည်၍ ပြောင်းလဲရမည်။ ရန်သူအတွက် မိမိသည် ဆူးညှောင့်ခလုတ်ဖြစ်ရမည်။ ရန်သူကို အနားမပေးရ။ အစဉ်ခြောက် လှန့်နေစေရမည်။ မော်စီတုန်းက ပြောက်ကျားနည်းဗျူဟာသည် အဓိကအားဖြင့် အသင့်အနေ အထားရှိမှု (နိုးကြားမှု)၊ လျှင်မြန်စွာ ရွှေ့လျားနိုင်မှုနှင့် တိုက်စစ်ဆင် ချေမှုန်းနိုင်မှု အပေါ်တွင် မူတည်သည်ဟု ရေးသားခဲ့သည်။
ပြောက်ကျားနည်းဗျူဟာတွင် သတင်းပေးပို့ခြင်း အခန်းကဏ္ဍသည် လွန်စွာအရေးပါသည်။ ပြည်တွင်းပြည်ပ ကူညီပံ့ပိုးမှုရရှိရန် မိမိတို့၏ လှုပ်ရှားမှုများကို ယုံကြည်စိတ်ချရသည့် သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းမီဒီယာ၊ စာနယ်ဇင်း၊ အင်တာနက်၊ သတင်းအေဂျင်စီများ အစရှိသည်တို့နှင့် ချိတ်ဆက်အသုံးပြုကာ သတင်းပေးပို့ရသည်။
(ဆလိုင်းဟင်နရီလျန်သည် အမေရိကန်ပြည်ထောင်စု Kentucky ပြည်နယ် Louisville မြို့တွင် နေထိုင်လျက်ရှိပြီး Southern Baptist Theological School ၏ Ph.D candidate တဦးဖြစ်သည်။)
You may also like these stories:
ဖာပွန်ခရိုင်ထဲက တပ်စခန်းများကို စစ်ကောင်စီတပ်များ အတိုက်မခံရမီ စွန့်ခွာနေ
ဖာပွန်တွင် စစ်အင်အားတိုးထားဟု BGF ပြော
စစ်စခန်းများ ကျပြီးနောက် စစ်ကောင်စီက ဖာပွန်ခရိုင်အတွင်း ဗုံးကြဲတိုက်ခိုက်နေ