မြန်မာစကားတွင် စလယ်ဝင် ဖင်မမည်းခင်က ကွဲ ဆိုသည့် စကားပုံရှိသည်။ အနက်အဓိပ္ပါယ်က ကိစ္စတခုကို လေးလေး နက်နက် မစဉ်းစားပဲ အလျင်စလို လုပ်ပါ သဘောထားမတိုက်ဆိုင်ဖြစ်ကာ ပေါင်းဖက်မရဖြစ်တတ်သည့် သဘောပင် ဖြစ်သည်။
ဤသို့ပင် ၂၀၁၈ ခုနှစ် သြဂုတ် ၂၃ ရက်ကမှ ဖွဲ့စည်းတည်ထောင်ခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ် သော ဦးကိုကိုကြီး ဥက္ကဋ္ဌ တာဝန်ယူထားသည့် ပြည်သူ့ပါတီသည်လည်း ၃နှစ် မပြည့်ခင်မှာပင် စစ်ကောင်စီ၏ ပြည်ထောင် စု ရွေး ကောက်ပွဲကော်မရှင် (UEC)က ဖိတ်ကြားသည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲကို တက်ရေး မတက်ရေး အကြောင်း ပြု၍ ပါတီတွင်း သဘောထားကွဲလွဲကာ ခေါင်းဆောင်များ နုတ်ထွက်သည့် အခြေအနေနှင့် ရင်ဆိုင်လိုက်ရသည်။
၃နှစ်သား ပြည်သူ့ပါတီကို ဥက္ကဋ္ဌ ဦးကိုကိုကြီး အပါအဝင် ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ကြသော ကျောင်းသား ခေါင်းဆောင် များဖြစ်သည့် ဦးမင်းဇေယျာက ဒုဥက္ကဋ္ဌ၊ ဦးရဲနိုင်အောင်(ကို၀)က အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူကာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ဒုဥက္ကဋ္ဌ ဦးမင်းဇေယျ၊ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်တို့သည် အတိတ်ကာလက ဒီမိုကရေ စီ တိုက်ပွဲများတွင် ရှေ့တန်းမှ ပါဝင်ခဲ့ကြသလို စစ်အစိုးရအဆက်ဆက်၏ နှစ်ရှည်ထောင်ဒဏ်ချမှတ်ကာ အကျဉ်းကျခံခဲ့ရ သူများဖြစ်သည်။
ပါတီစတင်ဖွဲ့စည်းရန် ပြင်ဆင်စဉ်က ပါတီ၏အမည်ကို ရှစ်လေးလုံးပါတီဟု အမည်ပေးရန် ကြိုးစားခဲ့သော်လည်း ရှစ်လေး လုံး အရေးတော်ပုံကြီးမှာ အများနှင့် သက်ဆိုင်သည့်အတွက် ပါတီအနေနှင့် မဖြစ်သင့်ကြောင်း တခြားကျောင်းသား ခေါင်းဆောင်များ ဝိုင်းဝန်းကန့်ကွက်မှုကြောင့် ပြည်သူ့ ပါတီဟုသာ အမည်ပေး တည်ထောင်ခဲ့ရသည်။
စတင်ဖွဲ့စည်းစဉ်က အင်အားနည်းခဲ့သော်လည်း လက်ရှိကာလတွင် ပါတီဝင်အင်အား ၁ သိန်းခန့်နှင့် မြို့နယ်အဆင့် ပါတီရုံးခန်းပေါင်း ၈၀ ကျော်၊ ရပ်ကျေးအဆင့်ပါတီရုံးပေါင်း ၄၀၀ ကျော် ဖွင့်လှစ်ထားပြီး ဖြစ်သည်ဟု သိရသည်။
အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ရှစ်လေးလုံး လူထုအရေးတော်ပုံမှ ဆင်းသက်လာသူများဖြင့် တည်ထောင်ထားသည့် ပါတီဖြစ်သဖြင့် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကို မကြိုက်၊ NLD ကိုလည်း မထောက်ခံသော ဒီမိုက ရေစီ လိုလားသည့် အင်အားစုတချို့ကလည်း ပြည်သူ့ပါတီကို ဝန်းရံထောက်ခံခဲ့ကြသည်။
လူငယ်ခြေတက်ဟု ဆိုရမည့် ကိုနေယံဦး ကဲ့သို့ သူများလည်း ပြည်သူ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
သိုသော် နိုင်ငံရေးပါတီ အသစ်တခုဖြစ်သော ပြည်သူ့ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စား လှယ်ပေါင်း ၁၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တနေရာမျှ အနိုင်ရရှိခြင်း မရှိခဲ့ပေ။
ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး ကိုယ်တိုင်သည်ပင် ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ NLD ပါတီမှ ဦးသက်နိုင်စိုးကို မဲအရေအတွက် ၇ သောင်းကျော် အကွာဖြင့် ရှုံးနိမ့်ခဲ့သည်။
ပွဲဦးထွက် အရှုံးနှင့် ကြုံရသော်လည်း ပြည်သူအများနှင့် ဒီမိုကရက်တစ်အင်အားစုများက ပြည်သူ့ပါတီကို အပြုံးနှင့် ဆက်လက် ကြိုး စားကြရန် စာနာအားပေးခဲ့ကြသည်။
သို့သော် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပပြီး ၆ လအကြာ မေလနှောင်းပိုင်းတွင်မူ အာဏာသိမ်း စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) ဖိတ်ကြားမှုနှင့် ပတ်သက်ပြီး ပါတီတွင်း အက်ကြောင်းများ ထလာသလို ပြည်သူလူထု ကလည်း ဖယ်ကြဉ်လာကြသည်။
ဖေဖေါ်ဝါရီ ၁ရက် စစ်တပ်က လက်ရှိ အစိုးရလည်းဖြစ် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း သောင်ပြိုကမ်းပြို အနိုင်ရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကို မဲမသာမှု ပြုလုပ်သည်ဟု စွပ်စွဲကာ လက်နက်ဖြင့် အာဏာသိမ်းခဲ့သည်။
ယင်း အာဏာသိမ်းမှုကို လူထုက ဆန့်ကျင်သလို မည်သူက၊ မည်သည့် အဖွဲ့အစည်းက၊ မည်သည့်ပါတီက ပြတ်ပြတ် သားသား ဆန့်ကျင်သည် သို့တည်းမဟုတ် စစ်အာဏာရှင်ဘက်သို့ ယိမ်းသည် ဆိုသည်ကိုလည်း စောင့်ကြည့်လျှက်ရှိရာ ပြည်သူပါတီသည် စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်သည် အရိပ်လက္ခဏာ မတွေ့ရဟု ခံစားရကြောင်း လူထုကြားဝယ် ပြောဆိုမှုများ ရှိခဲ့သည်။
သို့သော် ဖေဖေါ်ဝါရီ ၂၆ရက်က ပြုလုပ်သည့် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံဆွေးနွေးပွဲကိုမူ ပြည်သူ့ပါတီက မတက်ရောက်ခဲ့ပေ။
မေ ၂၁ ရက်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ်တွေ့ ဆုံပွဲကို တော့ ပြည်သူ့ပါတီ အနေဖြင့် တက်ရောက်ရန် ဆုံးဖြတ်ခဲ့ရာ ပါတီတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သလို စစ် အာဏာရှင်ကို နည်းမျိုးစုံဖြင့် ဆန့်ကျင်နေသော ပြည်သူလူထုအကြားတွင်လည်း ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ပါတီတွင်း သဘောထား ကွဲလွဲမှုများမှတဆင့် ပါတီ၏ အထွေထွေအတွင်းရေးမှူး အပါအဝင် ပါတီဝင်တချို့ နုတ်ထွက်ကြ ကုန်သည်။ ထိုအထဲတွင် ပါတီ အတူတကွ ထူထောင်ခဲ့သူများလည်း ပါဝင်နေသည်။
ထိုသို့ သဘောထားကွဲလွဲမှုများ ရှိနေသော်လည်း နေပြည်တော်တွင် မေ ၂၁ ရက်က ပြုလုပ်သည့် UEC နှင့် နိုင်ငံရေးပါတီ များ တွေ့ဆုံပွဲကို ပြည်သူ့ပါတီမှ ကိုယ်စားလှယ်တဦး သွားတက်ရောက်ခဲ့သည်။
စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နှင့် နေပြည်တော်တွေ့ဆုံပွဲ တက်ရောက်ရန် ဆုံးဖြတ်ပြီးနောက် ပြည် သူ့ပါတီ ဗဟိုအလုပ်အမှုဆောင် (CEC) အဖွဲ့ဝင် သုံးပုံတပုံ အပါအဝင် ပြည်နယ်နှင့်တိုင်း တချို့တွင်လည်း နုတ်ထွက်သည့် ပါတီဝင်များ ရှိလာသည်။
ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၂၀ ဦး ရှိသည့်အနက် အထွေထွေအတွင်းရေးမှူး အပါအဝင် ၇ ဦး နုတ်ထွက်သွားပြီး မန္တလေးတိုင်း၊ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်နှင့် ကရင်ပြည်နယ် မြဝတီမြိ့နယ်တို့မှ မြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ပါတီ ဝင်တချို့ နုတ်ထွက်ကုန်သည်။
ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး အဖြစ်မှ နုတ်ထွက်ထားသည့် ဦးရဲနိုင်အောင်က UEC က ပြုလုပ်သည့် ဆွေးနွေးပွဲ တက်မည်ဟူသော ပါတီဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ကို သဘောမတူကြောင်း ထင်ရှားစေရန် ရည်ရွယ်ပြီး ပါတီမှ နုတ် ထွက်ရခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။
ပြည်သူ့ပါတီ၏ ဆုံးဖြတ်ချက်သည် ပြည်သူ့ဆန္ဒ မျှော်မှန်းချက်နှင့် မကိုက်သလို အထူးသဖြင့် ၈၈ မျိုးဆက်များကို ကိုယ်စား ပြုသည်ဆိုသော ပါတီတရပ်အနေဖြင့် ပို၍ မတက်သင့်ဘူးဟု ယုံကြည်သည့်အတွက် နုတ်ထွက်ရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ပြည်သူ့ပါတီဗဟို သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန ဌာနမှူးအဖြစ်မှ နုတ်ထွက်ထားသော ဦးသော်ထွန်းဦးကမူ UEC ၏ ဖိတ်ကြားမှုကို ဥက္ကဋ္ဌ ဦးကိုကိုကြီး အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၄ ဦးက ပါတီအနေဖြင့် မတက်သင့်ကြောင်း ဆွေးနွေးကြပြီး ကျန် အမှုဆောင်အဖွဲ့ဝင် ၈ ဦးက ဆွေးနွေးပွဲတက်သင့်ကြောင်း ဆွေးနွေးခဲ့သည်ဟု ပြန်လည်ပြောပြ သည်။
“အဲဒီမှာတင် မဲခွဲဆုံးဖြတ်စရာ မလိုတဲ့ အဆင့်ကို ရောက်လာတာပေါ့။ နောက်ဆုံးတော့ တက်ရောက်မယ်ဆိုတဲ့ ဆုံးဖြတ် ချက် ကျသွားတယ်။ နောက်တနေ့မှာ ကျနော်လည်း ပါတီကနေ ထွက်လိုက်တယ်။ ဥက္ကဋ္ဌကတော့ ဒီဖြစ်စဉ်မှာ သူခေါင်းခံ သွားတယ်လို့ပဲ၊ သူတာဝန်ယူသွားတယ်လို့ပဲ ပြောရမှာပါ” ဟု ၎င်းက ပြောဆိုသည်။
လူငယ်အများစုသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း အသက်ပေးသွားရသည့်၊ နိုင်ငံ့ဝန်ထမ်း အမြောက်အမြားက စစ်ကောင်စီ၏ ဖိနှိပ်မှုများကို အာခံဆန့်ကျင်နေသည့်အချိန်တွင် ဆွေးနွေးပွဲတက်ရောက်ခြင်းက စစ်ကောင်စီ၏ UEC ကို အသိအမှတ်ပြုရာ ရောက်သဖြင့် မတက်သင့်ကြောင်း သဘောထားပေးကာ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ပါတီဝင်များ နုတ်ထွက်သည့်အပေါ် ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပေါ်ပြူလာသတင်းဌာနနှင့် အင်တာဗျူးတွင် ယခုလို မှတ် ချက်ပြုထားသည်။
“မတက်ဘူးလို့ ဆုံးဖြတ်တဲ့ သူတွေထဲမှာ တကယ်ကို ယုံယုံကြည်ကြည် စစ်အစိုးရနဲ့ လုံးဝ မဆက်ဆံဘူးဆိုတဲ့ သဘော ထားမျိုးလည်း ရှိကောင်းရှိမယ်။ တချို့ကျတော့ မပတ်သက်ဘူး၊ မတက်ဘူးကွာ ဆိုပြီး Silent နေလိုက်ရုံပဲ။ သက်တောင့် သက်သာ ဖြစ်တယ်။ အခုလို အခြေအနေမျိုးမှာ ကျနော်လည်း နားလည်ပါတယ်။ စိတ်ခံစားမှု အင်မတန် ပြင်းထန်နေ တဲ့ ကာလမျိုးမှာ တက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ဟာ ကျနော်တို့ အတိုက်အခိုက်တွေ ခံရနိုင်တယ်ဆိုတာမြင်တယ်” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက ယခုလို အစည်းအဝေး သွားတက်ရောက်ခြင်းသည် စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မဟုတ်ဘဲ နိုင်ငံရေး ပါတီ တခုသည် ရွေးကောက်ပွဲကော်မရှင်နှင့် ဆက်ဆံရေး လမ်းကြောင်းတခု ထားရှိသင့်ပြီး ပြောသင့်ပြောထိုက်သည်များ ပြောဆိုရန် ရည်ရွယ်ကာ UEC ၏ ဆွေးနွေးပွဲတက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ပြောဆိုသည်။
ပြည်သူ့ပါတီ ကိုယ်စားလှယ် သွားတက်ရောက်ခဲ့သည့် ရွေးကောက်ပွဲကော်မရှင် အစည်းအဝေးတွင် ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုကိစ္စများ၊ လာမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးနိုင်ရေးနှင့် NLD ပါတီကို ဖျက် သိမ်းရေး ကိစ္စရပ်များ ပြောဆိုဆွေးနွေးခဲ့သည်။
NLD ပါတီ ဖျက်သိမ်းရေး ကိစ္စအပေါ် ကန့်ကွက်ကြောင်းကို ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက သတင်းမီဒီယာများနှင့် အင်တာဗျူးတွင် ပြောဆိုထားသော်လည်း ကျန်သည့် အကြောင်းအရာများကိုတော့ ပါတီဘက်မှ သဘောထားမှတ်ချက် တစုံတရာ တုံ့ပြန်ထားခြင်း မရှိပါ။
ပြည်သူ့ပါတီနှင့် နီးစပ်သူများက ပါတီဝင်များ နုတ်ထွက်သွားသော်လည်း ပြည်သူ့ပါတီသည် ဆက်လက်ရပ်တည် လည် ပတ် သွားဖွယ်ရှိနေကြောင်း ဆိုကြသည်။
ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင်ခဲ့သူ တဦးဖြစ်သော တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြည်သူ့ပါတီကို ၎င်း အနေဖြင့် သံယောဇဉ်ရှိပြီး ဆိုးဆိုးရွားရွား သဘောထား ကွဲလွဲမှုများ မဖြစ်စေရန် မျှော်လင့်သည်ဟု ပြောသည်။
“ကျနော်ကတော့ သူတို့ကို ဒေါ်အောင်ဆန်းစုကြည်အလွန် နိုင်ငံရေးမှာ တော်တော်လေးအားထားတယ်ပေါ့။ သူတို့ရဲ့ လုပ်ဆောင်ချက်က သမိုင်းမှာ ကောင်းပါတယ်။ ဒီဟာက အခိုက်အတန့် ဖြစ်သွားတာပါ။ စိတ်ထဲတော့ မကောင်းဘူး။ ကိုကိုကြီး အနေနဲ့လည်း ဒီဟာကို ပြန်တည့်မတ်ပေးရင်တော့ ကောင်းတာပေါ့” ဟုလည်း ၎င်းက ဆိုသည်။
ပြည်သူ့ပါတီနှင့် နီးစပ်သည့် အမည်မဖော်လိုသော နိုင်ငံရေးအကျဉ်းသား ဟောင်းတဦးကမူ ပြည်သူ့ပါတီ ဗဟိုကော်မတီ တွင် ပါဝင်သော မိတ်ဆွေနိုင်ငံရေးသမားများ၏ မျက်နှာကြောင့်သာ ပြည်သူ့ပါတီ ဖြစ်မြောက်ရေး ဝိုင်းလုပ်ပေးခဲ့သော် လည်း ယခုအခါ ၎င်း၏မိတ်ဆွေများ နုတ်ထွက်သွားသောကြောင့် ဆက်လက် လုပ်ကိုင်ပေးတော့မည် မဟုတ်ဟု ၎င်း၏ သဘောထားကို ပြောသည်။
ပြည်သူလူထုက စစ်ကောင်စီနှင့် မပတ်သက်ဘဲ ဆန့်ကျင် သပိတ်မှောက်နေသည့် အချိန်တွင် ပြည်သူနှင့်အတူ မရပ်တည် ပါက ပြည်သူ့ပါတီသည် ရေရှည်ရပ်တည်ရန် မလွယ်ကူနိုင်ဟုလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက သုံးသပ်ပြောဆို သည်။
အထွေထွေအတွင်းရေးမှူး ရာထူးမှ နုတ်ထွက်ထားသည့် ဦးရဲနိုင်အောင်ကလည်း ပါတီ၏ အနာဂတ်လားရာအပေါ် ထိုကဲ့သို့ ပင် မှတ်ချက်ပြုသည်။
၎င်းက “အခြေခံ လိုအပ်ချက်သည် ပြည်သူ့ဆန္ဒ၊ ပြည်သူ့လိုလားချက်တွေနဲ့ တထပ်တည်းကျဖို့၊ တသားတည်းရှိဖို့ လို တယ်။ တကယ်လို့သာ ပါတီရဲ့ ဆောင်ရွက်ချက် တရပ်ရပ်သည် ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်မှန်းချက်နဲ့ မကိုက်ညီဘူးဆိုရင် ဘာနဲ့ အလားသဏ္ဍာန်တူသလဲဆိုတော့ ရေမရှိဘဲ ငါးမွေးသလို အောင်မြင်နိုင်မှာ မဟုတ်ဘူး” ဟု ဆိုသည်။
ပြည်သူလူထုက ရှစ်လေးလုံး အရေးတော်ပုံမှ ပေါ်ထွက်လာသည့် မျိုးဆက်ပီပီ ပြည်သူ့ပါတီကို ၂၀၂၁ နွေဦးတော်လှန်ရေး လူထုတိုက်ပွဲတွင်လည်း ပြည်သူနှင့်အတူ တသားထဲ ပါဝင်စေချင်ခဲ့ကြသည်။
သို့သော် စစ်အာဏာသိမ်းမှုအပေါ် ကြေညာချက်များဖြင့်သာ တုံ့ပြန်ခဲ့ပြီး ယခုအခါ UEC က ဖိတ်သော အစည်းအဝေး ကို တက်ရောက်ခြင်းဖြင့် အာဏာသိမ်း စစ်ကောင်စီအား အသိအမှတ်ပြုသည့် လုပ်ရပ်ကို ကျူးလွန်ခဲ့မှုအတွက် ပြည်သူ့ပါတီ အပေါ် ပြည်သူလူထုက မလွဲမသွေ ဒဏ်ခတ်လိမ့်မည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုသည်။ ။
You may also like these stories:
ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံပွဲ ဦးကိုကိုကြီး တက်မှာလား
စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေးပါတီ ၅၉ ပါတီတွေ့ဆုံ