ရန်ကုန်မြို့တွင် လုပ်ကြံသတ်ဖြတ်မှုများနှင့် ပေါက်ကွဲမှုများကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲများ သေဆုံးလာသောအခါ နိုင်ငံတွင် ရှည်ကြာလှသော လက်နက်ကိုင်ပဋိပက္ခများသည် နယ်စပ်မှ မြို့ပြဒေသသို့ ကျယ်ပြန့်လာကြောင်း နောက်ဆုံးပြသသည့် လက္ခဏာဖြစ်လာသည်။
ထိုတိုက်ခိုက်မှုများနှင့် စစ်ကောင်စီ၏ အားနည်းပစ်မှတ်များကို တိုက်ခိုက်မှုများကြောင့်သာမက စစ်ကောင်စီက လမ်းမများပေါ်တွင် ဆန္ဒပြသူ ၈၀၀ ကျော်ကို သတ်ဖြတ်လိုက်ခြင်းတို့ကြောင့် လေ့လာသူအချို့က မြန်မာနိုင်ငံမှ အကြမ်းဖက်တိုက်ခိုက်မှုများသည် ထိန်းချုပ်မရသည့် ကျရှုံးနိုင်ငံတော်ဆီသို့ ဦးတည်နေပြီဟု ထင်လိုက်ကြသည်။
သုတေသီနှင့် လေ့လာသူအများအပြားက မြန်မာနိုင်ငံသည် နိုင်ငံအင်အားချည့်နဲ့သွားစေမည့် ဆီးရီးယားပုံစံ အစုလိုက်အပြုံလိုက်အကြမ်းဖက်၊ သွေးချောင်းစီးပြီး ဒုက္ခသည်များ အကြီးအကျယ်ထွက်ပြေးသည့် ပြည်တွင်းစစ်ဖြစ်လုနီးနေပြီဟု ယူဆကြသော်လည်း အချက်အချို့သည် လုံး၀ ကျဆုံးသွားသောနိုင်ငံတော်အဆင့်သို့ မရောက်စေရန် တားဆီးပေးကောင်းပေးနိုင်မည် ဖြစ်သည်။
တိုင်းရင်းသားဒေသများမှ ပြည်တွင်းစစ်ကြောင့်ဖြစ်သော အကြမ်းဖက်မှုများသည် အရှိန်မြင့်မားလာပြီး စစ်ကောင်စီက မြို့ပြဒေသများတွင် သတ်ဖြတ်ဖြိုခွဲမှုများနှင့် တိုက်ဆိုင်နေသည်။ ထိုသို့ သတ်ဖြတ်ဖြိုခွဲမှုကြောင့် ဆန္ဒပြသူများဖက်မှ စစ်လိုလားသော တုံ့ပြန်မှုများကိုလည်း ဖြစ်စေသည်။
မတ်လ ၂၅ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မြန်မာစစ်တပ်၏ သေနင်္ဂဗျူဟာကျသည့် အလော့ဘွမ်စခန်းကို သိမ်းပိုက်လိုက်သောအခါ တိုင်းရင်းသားဒေသများတွင် နှိုင်းယှဉ်ချက်အားဖြင့် တည်ငြိမ်မှု ပျက်စီးသွားသည်။ ထိုတိုက်ခိုက်မှုအပြီးတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်အရှေ့မြောက်ပိုင်းတခုလုံးတွင် တိုက်ပွဲများဖြစ်ပေါ်လာပြီး စစ်ကောင်စီစခန်းများကို တိုင်းရင်းသားတပ်မတော်များကို ပိုမိုသိမ်းပိုက်လာသည်။
နောင်ရက်အနည်းငယ်ကြာသောအခါတွင်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ က ကရင်ပြည်နယ် သံလွင်မြစ်ကမ်းရှိ စစ်ကောင်စီ၏ အရေးပါသော စခန်းတခုကို သိမ်းပိုက်လိုက်သည်။
KNLA တပ်ဖွဲ့လှုပ်ရှားသည့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း အခြားဒေသများတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော KNLA သည် ဖာပွန်မြို့နယ်အတွင်း သံလွင်မြစ်တလျှောက်ရှိ စစ်ကောင်စီစခန်း အနည်းဆုံး ၂ ခုကိုလည်း သိမ်းပ်ိုက်လိုက်သေးသည်။
တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့သည်လည်း ရှမ်းပြည်အရှေ့မြောက်ပိုင်းရှိ မြန်မာစစ်ကောင်စီစခန်းများကို မကြာသေးမီက တိုက်ခိုက်ကြသေးသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အများအားဖြင့်လှုပ်ရှားမှုမရှိသော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) သည်လည်း အလားတူလုပ်ဆောင်ရန် ဖိအားဖြစ်လာစေခဲ့သည်။
သို့သော် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများ၏ မြို့ပြတိုက်ခိုက်မှုများကြောင့် ဆီးရီးယားပုံစံပြည်တွင်းစစ်ကို ခန့်မှန်းပြောဆိုကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့ကြီးများတွင် မူလက အကြမ်းမဖက်သော ဆန္ဒပြသူများသည် စတင်စည်းရုံးလုပ်ဆောင်ပြီး လေးခွများ၊ လက်လုပ်လေသေနတ်များ၊ မီးလောင်ဗုံးများနှင့် အဆင့်နိမ့် ဖေါက်ခွဲပစ္စည်းများဖြင့် ၎င်းတို့ကိုယ်၎င်းတို့ လက်နက်တပ်ဆင်လာကြသည်။
နောက်ထပ် အကြမ်းဖက်မှုဖက်သို့ ကူးပြောင်းသွားခြင်းမှာ ဆန္ဒပြသူများသည် အစိုးရအရာရှိများနှင့် ဒလန်ဟု ယူဆသူများကို စတင် လုပ်ကြံသတ်ဖြတ်လာခြင်းဖြစ်သည်။
ဆန္ဒပြသူများသည် ခံစစ်အနေအထားမှ ထိုးစစ်အနေအထားသို့ ကူးပြောင်းလာသည်မှာ ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင်သာ မကပေ။
ပြည်တွင်းစစ် အဆိုးဆုံးအခြေအနေသို့ရောက်သည့်တိုင် ပုန်ကန်မှု ကျယ်ပြန့်စွာ မဖြစ်ပေါ်သည့် နိုင်ငံအနောက်မြောက်ဖက် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် ရွာသားများသည် တခါပစ် တူမီးသေနတ်များဖြင့် မိမိကိုယ်မိမိ ကာကွယ်ရေး တပ်ဖွဲ့များ ဖွဲ့စည်းကြပြီ စစ်ကောင်စီတပ်များကို ချုံခိုက်တိုက်ကြသည်။
အရပ်သားကာကွယ်ရေးအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ပိုမိုချိတ်ဆက်မိလာသည့် လက္ခဏာတခုမှာ မကွေးနှင့် မိတ္ထီလာရှိ လေတပ်စခန်း ၂ ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။
ထို ၂ မြို့လုံးတွင် ပုန်ကန်မှုမရှိသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ ထိုဒုံးကျည်များကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ပေးသည်မှာ သေချာပြီး ၎င်းတို့ကို အရပ်သားများကဖြစ်စေ ၎င်းတို့ကိုလမ်းညွှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်များကဖြစ်စေ ပစ်ခတ်ခြင်းဖြစ်နိုင်သည်။ မေလ ၁၅ ရက်နေ့တွင်မူ တောင်ငူရှိ နောက်ထပ် စစ်လေယာဉ်ကွင်းတခုကိုလည်း ဒုံးကျည်ဖြင့်တိုက်ခိုက်သည်။
အသစ်ဖွဲ့စည်းထားသည့် စင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရသည်လည်း အသစ်ပေါ်ပေါက်လာသော လက်နက်ကိုင်များကို တရားဝင်အောင် လုပ်ပေးပြီး မေလ ၅ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ကို ထူထောင်သည်။ ထိုတပ်ဖွဲ့သည် စစ်ကောင်စီတပ်များ၏ ရန်မှ ပြည်သူများကို ထိထိရောက်ရောက် အကာအကွယ်ပေးရန် ရည်ရွယ်သော တပ်ဖွဲ့ဖြစ်သည်။
ထိုအချိန်မှ စတင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင် ဒေသအခြေစိုက် PDF တပ်များ ဖွဲ့စည်းသည့် ကြေညာချက်များကို နေ့တိုင်းနီးပါးတွေ့လာရသည်။ အများစုမှာ ဗမာအများစုဒေသများတွင်ဖြစ်သော်လည်း တိုင်းရင်းသားပြည်နယ်များတွင် ဖွဲ့စည်းသည့် တပ်ဖွဲ့များလည်း ရှိသည်။ ထို့အပြင် ဆန္ဒပြသူအများအပြားသည် နယ်စပ်ဒေသများသို့ သွားရောက်ပြီး အမျိုးမျိုးသော တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံတွင် သင်တန်းတက်ရောက်သူများလည်း ရှိသည်။
ထို့ကြောင့် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြသူများနှင့် ဆယ်စုနှစ်များစွာကြာပြီဖြစ်သော တိုင်းရင်းသားပဋိပက္ခတို့ ပေါင်းစည်းမိစေမည့် နိုင်ငံတဝန်း ကျယ်ပြန့်သည့် ပြည်တွင်းစစ်သည် စစ်ကောင်စီကို အပြီးအပိုင်ဖြုတ်ချရန် ရည်ရွယ်သည့် တိုက်ပွဲကြီးများသို့ ဦးတည်နေပုံရသည်။
သို့သော် ပဋိပက္ခသည် ပထဝီအရ ကျယ်ပြန့်လာပြီး လက်နက်ကိုင်တိုက်ခိုက်သူ အရေအတွက် တိုးလာနေသော်လည်း ထိုသို့ ပြင်းထန်သော ပဋိပက္ခဖြစ်လာနိုင်သည်ကို သံသယဝင်ရန် အကြောင်းများစွာ ရှိနေသည်။
အကြောင်းရင်းတခုမှ စစ်တပ်ကိုယ်တိုင်ပင် ဖြစ်သည်။ စစ်တပ်သည် အရပ်သားများကို သတ်ဖြတ်လိုသည့် ရက်စက်ကြမ်းကြုတ်သောအဖွဲ့အဖြစ် ဆက်လက်ရှိနေစေကာမှု သမိုင်းအရကြည့်ပါက ကျေးလက်ဒေသအများအပြားတွင် ၎င်း၏ တုံ့ပြန်မှုများသည် တစုံတရာ ထိန်းထိန်းသိမ်းသိမ်းရှိသည်။
စစ်တပ်၏ အမည်ဆိုးကျော်ကြားသည့် ပုန်ကန်မှုနှိမ်နင်းသည့် စစ်ဆင်ရေးအကြီးစားများထက် စစ်တပ်သည် သံလွင်မြစ်တလျှောက်ရှိ KNLA နယ်မြေ ဖာပွန်မြို့နယ်မှ ၎င်းတို့စခန်းများကို တိုက်ခိုက်မှုအတွက် တုံ့ပြန်ရာတွင် အရပ်သားပစ်မှတ်များကို လက်စားချေသည့် လေကြောင်းတိုက်ခိုက်မှုကိုသာ ရွေးချယ်ခဲ့သည်။ စစ်တပ်သည် ကချင်ပြည်နယ်မှ အလော့ဘွမ်စခန်းကို ပြန်လည်သိမ်းယူရန် ပိုမိုပစ်မှတ်ထားသည့် မြေပြင်နှင့် ဝေဟင်တိုက်ခိုက်မှုများကို လုပ်သည်။
တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့၏ ထိုးစစ် စစ်ဆင်ရေးများ အနောက်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည် အရှေ့မြောက်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် ဆက်လက်ဖြစ်ပွားနေပါက စစ်တပ်သည် လာမည့်လများအတွင်း ကြီးမားသော စစ်ဆင်ရေးကြီး တခု သို့မဟုတ် တခုမက လုပ်နိုင်သည်။
စစ်တပ်သည် ၎င်း၏ မြေပြင်တပ်များအတွက် PDF ပစ်မှတ်များကို ရှာရန် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်း မြို့များတွင် မောင်းသူမဲ့လေယာဉ်များကို ပိုမိုအသုံးပြုလာနေသော်လည်း ထိုစစ်ဆင်ရေးများမှာ လက်ရှိအချိန်အထိ နှိုင်းယှဉ်ချက်အားဖြင့် သေးငယ်သော စစ်ဆင်ရေးများသာဖြစ်သည်။
စစ်တပ်၏ ပိုမိုကြီးမားသော စစ်ဆင်ရေးများကို EAO နှင့် PDF တို့က ပိုမိုပြင်းထန်စွာ တုံ့ပြန်မည်မှာ သေချာသည်။ ထိုအချက်သည် မီးကုန်ယမ်းကုန်တိုက်သော ပြည်တွင်းစစ်ဖြစ်နိုင်ခြေကို လျှော့ချပေးသည့် အချက်ဖြစ်သည်။
EAOs နှင့် NUG-PDF တွင် လက်နက်ခဲယမ်း သို့မဟုတ် ၎င်းတို့ထက် လက်နက်ပိုမိုကောင်းမွန်စွာ တပ်ဆင်ထားသည့် စစ်ကောင်စီတပ်ကို ခုခံရန် သို့မဟုတ် ရေရှည် ထိုးစစ်ဆင်ရန် လုံခြုံစွာ နယ်စပ်ဖြတ်ကျော်ခွင့်ပေးသော ပြည်ပမှ ကူညီသူ မရှိပေ။
လွန်ခဲ့သော ဆယ်စုနှစ်များက EAO များသည် မြန်မာ၏ အိမ်နီးချင်းများထံမှ နိုင်ငံရေး၊ ပထဝီနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အကူအညီများ ရခဲ့ကြသည်။ သို့သော် ယခုအခါ ထိုသို့မဖြစ်နိုင်တော့ပေ။
ထိုင်းနှင့် တရုတ်နိုင်ငံတို့သည် အိမ်နီးချင်းမြန်မာနိုင်ငံမှ မတည်ငြိမ်မှုများကို မီးထိုးပေးရန် စိတ်ဝင်စားမှု မရှိသလောက်ပင် ဖြစ်သည်။ အထူးသဖြင့် တရုတ်သည် ၎င်း၏ ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) ကြောင့် ပိုမိုကျယ်ပြန့်သည့် သေနင်္ဂဗျူဟာ အကျိုးစီးပွားရှိနေပြီး အိန္ဒိယသမုဒ္ဒရာသို့ မြန်မာနိုင်ငံကို ဖြတ်ဆက်သွယ်ထားသည့် သေနင်္ဂဗျူဟာအရ အရေးပါသည့် ရေနံနှင့် ဓါတ်ငွေ့ပိုက်လိုင်းများ ရှိနေသည်။
ထိုင်းနိုင်ငံသည်လည်း ၁၉၈၈ ခုနှစ်မှ စတင်ပြီး “စစ်မြေပြင်ကို ဈေးကွက်အဖြစ်ပြောင်းရေး”မူအရ မြန်မာနိုင်ငံနှင့် စီးပွားရေးဆက်ဆံရေးကို တည်ဆောက်ရန်ကြိုးစားသောကြောင့် ၎င်း၏ အနောက်ဖက်နှင်မြောက်ဖက်နယ်စပ် တလျှောက်မှ EAO များကို ထောက်ခံမှု ရုတ်သိမ်းလာသည်။
ဒုက္ခသည်များ အကြီးအကျယ်ဝင်ရောက်ခြင်း၊ နယ်စပ်ကျေးရွာများတိုက်ခိုက်ခံရခြင်း၊ နယ်စပ်မူးယစ်ဆေးဝါး အကြီးအကျယ်ရောင်းဝယ်ခြင်း စသည်တို့ကိုဖြစ်စေသည့် နယ်စပ်မတည်ငြိမ်မှုသို့ ပြန်ရောက်သွားသည့် အခြေအနေကို ထိုင်းက ထောက်ခံမည့်ပုံ မရှိပေ။ နယ်စပ်မြို့ဖြစ်သော မဲဆောက်ကဲ့သို့သော နေရာများတွင် နိုင်ငံရေးအတ်ိုက်အခံများ၏ ရုံးခန်းများ ပြန်လည်များပြားလာသည်ကိုလည်း ဘန်ကောက်က ထောက်ခံမည့် ပုံမရှိပေ။
ထိုသို့ အရေးပါသော အိမ်နီးချင်း ၂ နိုင်ငံမပါဘဲ EAO သို့မဟုတ် NUG-PDF သည် ပိုမိုဝေးကွာသော နိုင်ငံများ အထူးသဖြင့် အနောက်နိုင်ငံများမှ ရုပ်ဝတ္တုပံ့ပိုးမှုကို ရရှိရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ လုံခြုံသော နယ်စပ်ဖြတ်ကျော်ရန် နေရာမရှိဘဲ လက်နက်ခဲယမ်း အနည်းငယ်မျှဖြင့် ထိရောက်သော နယ်မြေသိမ်းပိုက် စိုးမိုးရန် စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်မည် မဟုတ်ပေ။
မြန်မာနိုင်ငံမှ တိုင်းရင်းသားအခြေပြု ပုန်ကန်မှုများသည် ထိုင်းနှင့် တရုတ်မှောင်ခိုဈေးကွက်များမှ လက်နက်ခဲယမ်းများကို အကြီးအကျယ် မှီခိုကြရသည်။ သို့သော် ဘန်ကောက်နှင့်ဘေ့ဂျင်းမှ အနည်းဆုံး လျှို့ဝှက် သဘောတူညီချက်မရှိဘဲ ထိုလက်နက်အရောင်းအဝယ်များဖြစ်လာရန် လွန်စွာ ခက်ခဲမည်ဖြစ်သည်။
သေချာသည်မှာ ဒေသတွင်းမှောင်ခိုဈေးကွက်သည် အဆင့်နိမ့်သော ပုန်ကန်မှုကို နှစ်ပေါင်းများစွာ ထိန်းထားရန် လုံလောက်ရုံသာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ဆီးရီးယားနိုင်ငံမှ အလက်ပိုနှင့် ဆိုမာလီးယားမှ မိုဂါဒစ်ရှူးကဲ့သို့ ကြီးမားပြီး အပျက်အဆီးများသည့် ပြည်တွင်းစစ်ကို အကောင်အထည်ဖော်ရန် အားပေးနိုင်မည်မဟုတ်ပေ။
၎င်းတို့၏ ကိုယ်ပိုင်ကွန်ရက်မရှိပါက NUG နှင့် ၎င်း၏ PDF တို့သည် လက်နက်ခဲယမ်းအတွက် EAO များထံမှ လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီတပ်များထံမှ ၎င်းသိမ်းဆည်းမိသည်များကိုသာ လုံးဝနီးပါး အားထားနေရမည်ဖြစ်သည်။
EAOs များသည် လွန်ခဲ့သော ဆယ်နှစ်ခန့်အတွင်း လက်နက်အများအပြား သိုလှောင်ထားနိုင်သော်လည်း နယ်စပ်တဖက်တွင် ၎င်းတို့ကို လိုလားသော မိတ်ဆွေမရှိပါက ယခု စစ်ပွဲအရှိန်ဖြင့်ဆိုလျှင် လက်ရှိလက်နက်ခဲယမ်းများသည် အလျှင်အမြန် ကုန်ခန်းသွားမည်ဖြစ်သည်။
စစ်တပ်၏ ထိုးစစ်များကို ကာကွယ်ရန် လက်နက်ခဲယမ်း အလုံအလောက် ထိန်းသိမ်းထားရေးကလည်း ၎င်းတို့အတွက် ပိုမိုအရေးကြီးမည်ဖြစ်သည်။ ထို့ကြောင့် PDF များကို မျှဝေပေးရန် လက်နက် အနည်းငယ်သာ ရှိတော့မည် ဖြစ်သည်။
လက်နက်ကိုင်ပဋိပက္ခက ရေရှည်တွင် ပိုမိုဖြစ်နိုင်ခြေရှိသော အခြေအနေမှာ ၁၉၈၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် အခြေအနေနှင့် တူညီနေခြင်းဖြစ်သည်။
ထိုကာလအတွင်း EAO အများအပြားသည် နှစ်ဖက်အပစ်ရပ်ရေးသဘောတူစာချုပ်များကို ထိုစဉ်က စစ်အုပ်စုနှင့် လက်မှတ်ရေးထိုးခဲ့ကြသည်။ တချိန်တည်းတွင်လည်း အခြားအဖွဲ့များက ဆက်လက်တိုက်ခိုက်နေသော်လည်း ထိုင်းနယ်စပ်တလျှောက်ရှိ ပိုမိုကျဉ်းမြောင်းလာသော ဒေသများတွင်သာ ပိုမိုပိတ်မိလာသည်။
ထိုစဉ်က EAO များ၏ မဟာမိတ်အဖွဲ့သည် အဓိက အဖွဲ့ဝင်များဖြစ်သော KIO က ၁၉၉၄ ခုနှစ်တွင် လည်းကောင်း၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ၎င်း၏ လက်နက်ကိုင်တပ်က ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်ဆဲရေးသဘောတူခဲ့သောကြောင့် လုပ်ကိုင်နိုင်စွမ်း အကန့်အသတ်ဖြင့်သာ ရှိတော့သည်။
သို့သော် ဆန့်ကျင်ဖက်ဖြစ်နေသည်မှာ ယခုအခါတွင် KIO က တိုက်ခိုက်နေပြီး KNU က အပစ်အခတ်ရပ်စဲရေးကို အများအားဖြင့် ဆက်လက်လိုက်နာကာ ခြွင်းချက်အားဖြင့် စိတ်ဓါတ် ပြင်းထန်သည့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ တပ်မဟာ ၅ ကသာ တိုက်ခိုက်နေခြင်းဖြစ်သည်။
ပတ်ဝန်းကျင် နယ်မြေများမှ EAO အဖွဲ့ကြီးများက ၎င်းတို့၏ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းထားရန် ကြိုးစားနေလျှင် EAO အဖွဲ့ငယ်များသည် ပိုမိုကျယ်ပြန့်သော ပဋိပက္ခတွင် ပါဝင်ရန် အလားအလာ မရှိပေ။ အထူးသဖြင့် မြန်မာနိုင်ငံတောင်ပိုင်းတွင် ထိုသို့ဖြစ်သည့် အလားအလာ ပိုမိုရှိနေသည်။ နိုင်ငံတောင်ပိုင်းတွင် မွန်၊ ကရင်နီ၊ ကယန်းနှင့် ကရင်အုပ်စုများရှိနေပြီး KNU နှင့် RCSS ၏ ထောက်ပံ့မှုမရလျှင် အမှီအခိုကင်းစွာ ရပ်တည်နိုင်ခြင်း မရှိပေ။ (သို့သော် ယခုအခါ ကယန်းနှင့် ကရင်နီအုပ်စုများက ချင်းနှင့် စစ်ကိုင်းတွင်ကဲ့သို့ ရရာလက်နက်များဖြင့် စစ်တပ်ကို ပြန်တိုက်ခိုက်နေကြသည်။)
KNU နှင့် RCSS နှစ်ဖွဲ့လုံးသည် စစ်အာဏာသိမ်းမှု၊ ရွေးကောက်ခံအရာရှိများကို ဖမ်းဆီးခြင်းနှင့် လက်နက်မဲ့ ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းခြင်းတို့ကို ကနဦးတွင် ပြင်းထန်စွာ ဆန့်ကျင်သည့် ကြေညာချက်များ ထုတ်ပြန်ကြသည်။ ထိုအဖွဲ့များသည် ၎င်းတို့၏ လွတ်မြောက်ဒေသများသို့ ပြေးလာသော အစိုးရဆန့်ကျင်သူများများ စစ်သင်တန်းများပေးသော်လည်း ထိုအချိန်နောက်ပိုင်းတွင် ထိုထက်ပိုမိုလုပ်ဆောင်သည်ကို မတွေ့ရပေ။
စစ်အုပ်စုတပ်များကို တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF တို့က အသေးစား ပြောက်ကြားတိုက်ခ်ိုက်မှုများကို မျှော်လင့်နိုင်သည်။ ထိုသို့တိုက်ခိုက်မှုများတွင် အိုင်းရစ် သမ္မတနိုင်ငံတပ်မတော် (IRA) နှင့် အခြား မြို့ပြအခြေစိုက် ပျောက်ကြားလှုပ်ရှားမှုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ဗုံးခွဲတိုက်ခိုက်ခြင်းတို့ ပါဝင်နိုင်သည်။
ထိုသို့ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်များက ဖိနှိပ်သည့် လက်စားချေမှုများနှင့် မြန်မာနိုင်ငံမြို့ကြီးများတွင် ပိုမိုများပြားသည့် တပ်များကို ချထားနိုင်သည်။ သို့သော် ဆီးရီးယား၊ ဆိုမာလီယာ၊ ချေချင်ညှာနှင့် အခြားနေရာများတွင် တွေ့ရသည့် အမြောက်များဖြင့်ပစ်ခြင်းနှင့် အခြားထိုးစစ်များကြောင့် ရပ်ကွက်လုံးကျွတ် ပျက်စီးသွားသည့် လမ်းမပေါ်တိုက်ပွဲများကို မဖြစ်နိုင်ပေ။
EAO အများအပြား အထူးသဖြင့် ယခုအခါ ဆိုင်းငံ့ထားလိုက်ပြီဖြစ်သည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်သူများက နေပြည်တော်တွင် တရားဝင်အစိုးရ မရှိမခြင်း နိုင်ငံရေး ကိစ္စများကို ညှိနှိုင်းမည် မဟုတ်ကြောင်း ကြေညာချက်များတွင် အခိုင်အမာပြောသည်။
သို့သော် စစ်အာဏာရှင်စနစ်နှင့် ညှိနှိုင်းရခြင်းက ၎င်းတို့၏ ဆွေးနွေးပွဲများကို မရပ်ဆိုင်းသွားစေဘဲ အချို့သည် အပစ်အခတ်ရပ်စဲရန်ပင် သဘောတူခဲ့ကြသည်။ ၎င်းတို့သည် ၁၉၆၃ ခုနှစ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (BSPP)နှင့်လည်းကောင်း၊ ၁၉၈၉-၁၉၉၅ အတွင်းက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) နှင့်လည်းကောင်း ၂၀၀၄-၂၀၀၅ အတွင်းက နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) နှင့်လည်းကောင်း အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့ကြသည်။
ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (USDP) အပြင် ဗ်ိုလ်ချုပ်ကြီး သိန်းစိန်၏ အရပ်သားတပိုင်းအစိုးရနှင့် စစ်တပ်အကြား နီးကပ်သော ဆက်ဆံရေးရှိသော်လည်း ၂၀၁၁ နှင့် ၂၀၁၅ အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် NCA လက်မှတ်ထိုးခြင်းကို အဟန့်အတား မဖြစ်ပေ။
သို့သော်အရေးပါသည့် သတိထားရမည့်အချက်များ ရှိနေသည်။ ပထမအချက်မှာ ယခုအခါတွင် ထိုင်းနိုင်ငံသည် ပိုမိုတင်းကျပ်သည့် နယ်စပ်ကန့်သတ်ချက်များချထားမည့် အလားအလာရှိပြီး အထူးသဖြင့် မဲဆောက်တွင် ချထားမည်ဖြစ်သောကြောင့် တိုင်းရင်းသားနှင့် ဒီမိုကရက်တစ် အတိုက်အခံအုပ်စုများအတွက် နေရာတခု ထူထောင်ရန် အဟန့်အတားဖြစ်စေမည်ဆိုသည့် အချက်ဖြစ်သည်။ အဓိကကျသည့် ဒုတိယ သတိထားရမည့် အချက်မှာ နိုင်ငံရေးဆွေးနွေးပွဲများပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ပိုမိုတိုးတက်နေခြင်းဖြစ်သည်။
ကာလလတ်အတွင်း မြန်မာနိုင်ငံသည် ပိုမိုရက်စက်ကြမ်းကြုတ်သည့် ပဋိပက္ခအဆင့်သို့ ရောက်လာနိုင်သော်လည်း မြန်မာနိုင်ငံမှ များပြားလှသည့် ပြည်တွင်းစစ်များသည် အခြားနေရာများတွင် တွေ့ရသည့် ထိန်းချုပ်မရသည့် အခြေအနေသို့ ရောက်သွားမည်ဟု ယူဆရန် ခက်ခဲသည်။ စစ်တပ်သည်လည်း ပြိုကွဲမည့် အလားအလာမရှိသလို EAO နှင့် NUG-PDF တွင်လည်း လက်နက်ခဲယမ်းနှင့် စစ်ရေးလှုပ်ရှားမှု အကန့်အသတ်ဖြင့်သာရှိကာ မြန်မာ့ပြည်တွင်းစစ်သည် ပျံ့နှံလောင်ကျွမ်းသော်လည်း ခက်ခဲသည့် အကန့်အသတ်များအတွင်းမှသာ ပျံ့နှံ့လောင်ကျွမ်းမည်ဖြစ်သည်။
(Asia Time တွင် ဖော်ပြထားသော Brian McCartan ၏ Why Myanmar’s civil war won’t be like Syria’s ကို ဘာသာပြန်သည်။ ဘရိုင်ယန် မက်ကာတန်သည် မြန်မာနိုင်ငံမှ ပဋိပက္ခနှင့် အုပ်ချုပ်ရေးဆိုင်ရာများကို လေ့လာနေသည့် သီးခြားလွတ်လပ်သော သုတေသီဖြစ်သည်။)
You may also like these stories:
စစ်တပ် လူသစ် စုဆောင်းရေး ပိုခက်ခဲလာနေ
ပြည်တွင်းစစ်နှင့် ပြောက်ကျားစစ်ဆင်ရေး
အလော့ဘွမ်ကြောင့် စစ်ရေး ပိုတင်းမာလာနိုင်တဲ့ မိုးမောက်ဒေသ
စစ်ကိုင်းနှင့် ချင်းပြည်နယ်တို့က စစ်ကောင်စီ တော်လှန်ရေး တူမီး တိုက်ပွဲများ