မြန်မာလုံခြံရေးတပ်များအတွက် မလုံခြုံမှု ရနံ့များက လေထဲ၌ လွင့်ပျံ့နေသည်။
မကြာသေးမီကအထိ ၎င်းတို့သည် မြို့ပေါ်တွင် အနိုင်ကျင့်သူများသာ ဖြစ်ကြသည်။ ၎င်းတို့သည် လမ်းမများတွင် ရမ်းကားဖျက်ဆီးကြပြီး ပြည်သူများကို လုယက်ကြသည်။ ရပ်ကွက်များကို ဝင်ရောက်စီးနင်းပြီး ပြည်သူများကို စိန်ခေါ်သည်။ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူများကို လိုက်ဖမ်းရင်း အော်တိုမက်တစ် ရိုင်ဖယ်များ ပစ်ဖေါက်ကာ “သေရဲတဲ့ကောင် ထွက်ခဲ့” ဟု အော်ဟစ်ကြသည်။
သို့သော် ထိုသို့သော ရက်များ ကုန်ဆုံးတော့မည့်သဘော ရှိသည်။
မကြာသေးမီရက်များကမှ သူတို့ စတင် သဘောပေါက်လာသည့် ခါးသီးသော အမှန်တရားတခုမှာ ၎င်းတို့သည် ရန်ကုန်ကဲ့သော မြို့ကြီးများတွင်ပင် မည်သည့်နေရာတွင်နေနေ လုံခြုံမှု မရှိတော့ခြင်း ဖြစ်သည်။
ထိုအတွက် အထောက်အထားမှာ မည်သည်နည်း။
မည်သည့် မယုံကြည်သူမဆို မြို့တွင်းတွင် သွားလာကြည့်လျှင် သိနိုင်သည်။ ရဲစခန်း သို့မဟုတ် သင်၏ရပ်ကွက် အုပ်ချုပ်ရေးရုံးတို့ကို ဖြတ်သွားလျှင် ကြည့်ကြည့်ပါ။
ကွဲပြားခြားနားချက်မှာ တချိန်က ထိုအဆောက်အအုံဂိတ်များကို စောင့်ကြပ်နေသည့် ကြောက်စရာကောင်းသော စစ်သားများနှင့် တိုက်ခိုက်ရေးရိုင်ဖယ်ကိုင် ရဲများ ကင်းမဲ့နေခြင်းဖြစ်သည်။
ယခုအခါ ထိုဝင်ပေါက်များတွင် သဲအိတ်များဖြင့် အသစ်တည်ဆောက်ထားသော ခံတပ်လေးများရှိနေပြီဖြစ်သည်။ လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် စစ်သားများနှင့် ရဲများသည် ထိုသဲအိတ်များနောက်တွင် ကျီးလန့်စာစား ထိုင်နေကြသည်။
မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမျက်နှာစာမှာလည်း ယခုအခါ မြင့်မားသော သံဇကာများဖြင့် ကာထားပြီး တိရစာ္ဆန်ရုံမှ လှောင်အိမ်တခုနှင့် တူနေလျှင် ဝေခွဲမရ မဖြစ်ပါနှင့်။ “တိရစာ္ဆန်များကို မစရ” ဆိုသည့် စာတန်းမရှိခြင်းသာ ကွာခြားပါသည်။
ထိုသို့အသစ်တွေ့ရှိလာသော အန္တရာယ်သစ်သည် လွန်ခဲ့သောရက်များအတွင်း စစ်ကောင်စီတပ်များကို အမျိုးအမည်မသိ လက်နက်ကိုင်များက တ်ိုက်ခိုက်လာပြီးနောက် ညတွင်းချင်းပေါ်လာသည့် အန္တရာယ်သစ်ဖြစ်သည်။ ရန်ကုန်မှ စမ်းချောင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေး ရုံးသို့ ဖေါက်ခွဲပစ္စည်းများပစ်ထည့်လိုက်သောအခါ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်ဆုံး နှစ်ဦးသေသည်။ ထိုဖြစ်ရပ်သည် နေ့ခင်းကြောင်တောင်တွင် ဖြစ်ပွားခြင်းဖြစ်သည်။ အတည်မပြုရသေးသည့် သတင်းများအရ ထိုနေရာတွင် အစောင့်ကျနေသည့် စစ်သားတယောက်ကိုလည်း အနီးကပ် ပစ်သတ်သွားကြောင်း သိရသည်။

နောက်တနေ့တွင် ရန်ကုန်ရှိ သင်္ကန်းကျွန်းမြို့နယ်ရှိ တပ်စခန်းအဖြစ် ပြောင်းထားသည့် အထက်တန်းကျောင်းတကျောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမျိုးအမည်မသိ တိုက်ခိုက်သူများ ပွဲချင်းပြီးသေအောင် ပစ်သတ်သည်။ စစ်သားများနှင့် အမျိုးအမည်မသိ တိုက်ခိုက်သူများအကြား ဟောလီးဝုဒ် ရုပ်ရှင်ပုံစံ အပြန်အလှန်ပစ်ခတ်မှုတွင် ကျည်များကို အတွဲလိုက်ပစ်ကြောင်း မျက်မြင်သက်သေတဦးက ဆိုသည်။ ထိုပစ်ခတ်မှုအပြီး ထိုမြို့နယ်တွင်ပင် ပေါက်ကွဲမှုတခုဖြစ်သည်။
လွန်ခဲ့သောအပတ်က အသေအပျောက်များသည့် တိုက်ခိုက်မှုများမတိုင်မီက ရန်ကုန်တွင် ယူနီဖေါင်းဝတ်များအတွက် နှိုင်းယှဉ်ချက်အားဖြင့် လုံခြုံသည်။ ဟိုနေရာ သည်နေရာတွင် ပေါက်ကွဲမှုများ ရှိသော်လည်း ၎င်းတို့သည် အများအားဖြင့် လက်နက်မပါဘဲ လှုပ်ရှားကြသည်။ နေ့ခင်းကြောင်တောင်အချိန်တွင် အစိုးရ ရုံးများအတွင်းသို့ လမ်းမမှ ဗုံးများပစ်သွင်းသည်ကို ယခင်က မကြားဘူးပေ။ ဂိတ်ဝများတွင်စောင့်နေသော စစ်သားများကို ကျည်ဖြင့် ဒလစပ်ပစ်သည်ကိုလည်း မကြားဘူးပေ။
သို့သော် ထိုသို့သော ဖြစ်ရပ်များသည် ပကတိ အခြေအနေဖြစ်လာပြီး နောက်ထပ်တိုက်ခိုက်မှုသည် မည်သည့်အချိန် မည်သည့်နေရာတွင်ဖြစ်မည်ကို မည်သူမျှမသိပေ။ တိုက်ခိုက်မှုဖြစ်သောအခါ တိုက်ခိုက်ခံရသူသည် စစ်ကောင်စီ စစ်သား သို့မဟုတ် ရဲသားဖြစ်သည်မှာ သေချာသည်။ တ်ိုက်ခိုက်မှုများက ၎င်းတို့ကို ပစ်မှတ်ထားလာခဲ့ကြသည်။
မည်သည့်နေရာမှ ရောက်လာမှန်းမသိသည့် ကျည်ဆံမှ ၎င်းတို့ကို ၎င်းတို့ကာကွယ်ရန် သဲအိတ်များနောက်တွင် ပုန်းအောင်နေရပြီ သို့မဟုတ် ဝင်ရောက်လာမည့် မည်သည့်ဖေါက်ခွဲပစ္စည်းကိုမဆို ကာကွယ်ရန် လှောင်အိမ်နှင့်တူသည့် မြင့်မားသော သံဇကာများနောက်တွင် နေရယူထားရပြီ ဖြစ်သည်ကို တွေ့ရသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
လုံခြုံရေးမြှင့်တင်သည့် အစီအမံများကို စစ်တပ်စခန်းများနှင့် အစိုးရရုံးများတွင်သာမက စစ်ကောင်စီ၏ ပိုင်ဆိုင်မှုများတွင်လည်း တွေ့ရသည်။
အထင်ရှားဆုံးဥပမာမှာ ရန်ကုန်မှ ရန်ကင်းမြို့နယ်ရှိ စစ်မှတ်တမ်းရုံးဝင်းအတွင်း စစ်ကောင်စီက မကြာသေးမီကဖွင့်လှစ်လိုက်သည့် မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံဖြစ်သည်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုလ အစောပိုင်း ဖွင့်လှစ်ခဲ့သည် သက်တမ်းသုံးပတ်သာ ရှိသေးသော ထိုဆေးရုံသည် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံနှင့် မတူတော့ပေ။ ထိုသို့ဖွင့်လှစ်ပြီး ၂ ရက်ကြာသောအခါ ဝင်ပေါက်အနီးတွင် ဗုံး ၂ လုံး ထပေါက်သည်။ ယခုအခါ ထိုဂိတ်တံခါးကို ပိတ်ထားသည်။ ဝင်ပေါက်ဝရှိ လုံခြုံရေးအဆောက်အအုံ အမိုးပေါ်တွင် သဲအိတ်များကို မြင့်မားစွာ တင်ထားရပြီး ထိုသဲအိတ်များနောက်တွင် လက်နက်ကိုင်စစ်သားများ နေရာယူထားသည်။ ဆေးရုံပြင်ပလမ်းမတွင် အတားအဆီးများကို အကွေ့အကောက် ပုံချထားရသည်။ အတိုချုပ်ပြောရပါက ထိုနေရာသည့် ဖျားနာမှု ကုသသည့် နေရာနှင့်မတူတော့ဘဲ စစ်မြေပြင်နှင့်သာ တူနေသည်။
သဲအိတ်များနောက်တွင် ခိုလှုံနေရသော စစ်ကောင်စီတပ်များအတွက် ထိုအခြေအနေသည် စိတ်ဖိစီးစရာ အခြေအနေဖြစ်သည်။ လမ်းသွားလမ်းလာများနှင့် မျက်လုံးချင်းဆုံသောအခါ အချို့သူများ၏ မျက်နှာတွင် အမုန်းတရားကို သူတို့တွေ့ကြရသည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက လူ ၈၀၀ ကျော်သတ်ဖြတ်အပြီး ယနေ့မြန်မာပြည်သူအများစုအတွက် စစ်သားများနှင့် ရဲများသည် စက်ဆုပ်စရာဖြစ်နေသည်။ စစ်သားတယောက်အတွက် ပြည်သူများက စက်ဆုတ်နေသည်ကို ခံစားရသည့်အသိထက် ပိုမိုစိတ်ဓါတ်ကျဆင်းစေသည့်အရာမှာ မရှိသလောက်ပင် ဖြစ်သည်။
တချိန်တည်းတွင် ရန်ကုန်ပြင်ပမှသတင်းများကလည်း အလားတူ စိတ်ဓါတ်ကျစရာဖြစ်နေသည်။
နိုင်ငံအရှေ့တောင်ပိုင်း ကယားပြည်နယ်တွင် ရဲစခန်းအများအပြားကို စစ်ကောင်စီဆန့်ကျင်ရေး အရပ်သားတပ်ဖွဲ့များက မီးရှို့လိုက်သည်။ လွန်ခဲ့သော ရက်သတ္တပတ်များက ခုခံရေးတပ်ဖွဲ့ဝင်များက ပြောက်ကျားတိုက်ခိုက်သောအခါ ရဲနှင့်စစ်သား ၄၀ ကျော်သေသည်။ ထိုသို့ သေဆုံးသူအရေအတွက်မှာ များပြားလွန်းသောကြောင့် စစ်ကောင်စီသည် ထိုတိုက်ခိုက်မှုသတင်း ထုတ်ပြန်သောအခါ မည်သည့်ကိန်းဂဏန်းကိုမျှ ဖေါ်ပြခြင်းမပြုဘဲ လုံခြုံရေးတပ်ဖွဲဝင်အချို့သေသည်၊ အချို့ပျောက်နေသည်ဟုသာဖေါ်ပြသည်။

ချင်းပြည်နယ်နှစ် စစ်ကိုင်းတိုင်းတို့ကဲ့သို့ အခြားနေရာများတွင်လည်း ဒေသခံ ခုခံရေးအင်အားစုများသည် စစ်ကောင်စီတပ်များကို လက်နက်ကိုင် ခုခံတိုက်ခိုက်ကြသည်။ နှစ်ဖက်လုံး ထိခိုက်သေဆုံးမှုများ ရှိနေသည်။
သို့သော် ကယား၊ ချင်းနှင့် စစ်ကိုင်းတို့နှင့် မတူသည်မှာ ရန်ကုန်မှ တိုက်ခိုက်မှုများကို အဖွဲ့အစည်းတခုခုက တာဝန်မယူခြင်း ဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီတပ်များသည် ပိုမို ကျီးလန့်စာစား ဖြစ်ကြရသည်။ လူတိုင်းလူတိုင်းသည် ၎င်းတို့ကို တိုက်ခိုက်သူဖြစ်နိုင်ကြောင်း မှတ်ယူနေရသော အနေအထားဖြစ်သည်။
လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် စစ်သားများနှင့် ရဲများ သဲအိတ်များနောက်နှင့် လှောင်အိမ်နှင့်တူသည့် သံဆူးကြိုးများနောက်တွင် ပုန်းအောင်နေသည်ကို မြင်ရခြင်းသည် ဒေသခံများအတွက် ရယ်မော ဟာသလုပ်စရာဖြစ်ရသည်။
သဲအိတ်နောက်တွင် ပုန်းအောင်းနေသော စစ်သားများ၏ ဓါတ်ပုံများ ဖေ့ဘွတ်တွင် ပျံ့နှံ့သွားသောအခါ ပြည်သူများက ၎င်းတို့ကိုလှောင်ပြောင်ပြီး သူရဲဘောကြောင်သူများဟု ခေါ်ကြသည်။
မတ်လအထိ လုံခြုံရေးတပ်များ၏ ဖြိုခွဲမှုကို ကြောက်ရွဲ့သောကြောင့် သဲအိတ်များကို အသုံးပြုရသူများမှာ လူငယ် ဆန္ဒပြသူများဖြစ်သည်။ ယခုအခါ ယူနီဖေါင်းဝတ်များသည် အကြောက်တရားကို စတင်ခံစားနေရပြီး အတားအဆီး အကာအရံများသည် ၎င်းတို့အတွက် မရှိမဖြစ်ဖြစ်လာသည်။ အကြီးအကျယ် အကာအကွယ်များပြုလုပ်ထားသည့် စခန်းများအနက်တခု၏ ဓါတ်ပုံတပုံအောက်တွင် လူမှုကွန်ရက် အသုံးပြုသူတဦးက ရိုးရှင်းသော မှတ်ချက်တခုရေးသည်။ “သေရဲတဲ့ကောင် ထွက်ခဲ့” ဟု ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ For Myanmar’s Junta Forces, a New Sense of Vulnerability ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
စစ်တပ် လူသစ် စုဆောင်းရေး ပိုခက်ခဲလာနေ
မြန်မာ့ပြည်တွင်းစစ်သည် ဆီးရီးယားနှင့် မတူ
လုပ်ကြံသတ်ဖြတ်သူတဦးနှင့် တွေ့ဆုံခြင်း