ဆောင်းပါး

စစ်အာဏာသိမ်းမှုက နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများသာ အမြတ်ထွက်သည်

ဖေဖော်ဝါရီ ၁ ရက် မြန်မာပြည် စစ်အာဏာသိမ်းမှုသည် ပြည်တွင်းရေးသာ ဖြစ်သည်ဟု အိမ်နီးချင်းနိုင်ငံ အစိုးရများက ရှုမြင်နေကြသော်လည်း လက်တွေ့မြေပြင်တွင် ထိခိုက်ပျက်စီးလာနေမှုအပေါ် လေ့လာစောင့်ကြည့်သူ ဒေသတွင်း သုတေသီများကမူ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ တိုးပွားလာနိုင်သည်ဟု စိုးရိမ်နေကြသည်။

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ထွက်လာသော မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လုံခြုံရေးစနစ်များ ပြိုကွဲပျက်စီးမှုက ရှိပြီးသား တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေးကို အကြီးအကျယ် ပိုမို၍ ဖြစ်ထွန်းလာစေနိုင်ကြောင်း ကုလသမဂ္ဂက သတိထားနေပြီ ဖြစ်သည်။

“ရှိပြီးသား မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ သယ်ယူရေးတွေ အရမ်းမြင့်တက်လာမယ်လို့ ကျနော်တို့ စိုးရိမ်နေပါတယ်” ဟု ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) မှ ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ဆိုသည်။

မကြာသေးမီက ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်များ ကလပ် (FCCT) က “ မြန်မာအာဏာသိမ်းမှုရလဒ်-တရားမဝင် စီးပွားရေးများ၊ လူကုန်ကူးမှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ” အမည်ဖြင့် အွန်လိုင်းမှ ပြုလုပ် ခဲ့သော ဆွေးနွေးပွဲ၌ Jeremy Douglas က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ FCCT ၏ ဥက္ကဌဟောင်း Gwen Robinson က ဦးဆောင်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲတွင် လူကုန်ကူးခြင်းဆိုင်ရာ လွတ်လပ်သော အကြံပေးပုဂ္ဂိုလ် Marika McAdam နှင့် International Crisis Group ၏ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံ Richard Horsey တို့လည်း ပါဝင်ခဲ့သည်။

မက်သဖက်တမင်း

အဓိက ပြဿနာမှာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများက ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ၏ မက်သဖက်တမင်း ထုတ်လုပ်မှု ဖြစ်သည်ဟု Jeremy Douglas က အလေးအနက်ထားပြောဆိုခဲ့သည်။ ၎င်းသည် ဘိန်းနှင့်မတူဘဲ ဝန်ထမ်း အနည်းငယ်သာ လိုအပ်ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း ထုတ်လုပ်မှုကို အရှိန်မြှင့်နိုင်သည်ဟု သူက ဆိုသည်။

အဓိက ပြဿနာမှာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများက ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ၏ မက်သဖက်တမင်း ထုတ်လုပ်မှု ဖြစ်သည်ဟု Jeremy Douglas က အလေးအနက်ထားပြောဆိုခဲ့သည်။ ၎င်းသည် ဘိန်းနှင့်မတူဘဲ ဝန်ထမ်း အနည်းငယ်သာ လိုအပ်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ထုတ်လုပ်မှုကို အရှိန်မြှင့်နိုင်သည်ဟု သူက ဆိုသည်။

မြန်မာနိုင်ငံမှ ဓာတုဆေးဝါးများ၊ အထူးသဖြင့် မက်သဖက်တမင်း ထုတ်လုပ်ခြင်းနှင့် ကုန်ကူးခြင်းတို့သည် ပြီးခဲ့သည့် နှစ် အ နည်းငယ် အတွင်း မူးယစ်ဆေးများနှင့် ဓာတုပစ္စည်းများ အမြောက်အများ စံချိန်တင် ဖမ်းဆီးရမိမှုများနှင့် အတူ နယ်စပ်ပိတ်ဆို့ခြင်းများနှင့် သယ်ယူပို့ဆောင်ရေးကွန်ယက်များ ပြတ်တောက်ခြင်းတို့ကို ခံနိုင်ရည် ကြီးမားစွာ ရှိကြောင်း တွေ့ခဲ့ရပြီး ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ တရားဝင် စီးပွားရေး ကျဆင်းသွားပြီး COVID-19 ကူးစက်ရောဂါ လျော့ပါးသွားသောကြောင့် အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးများ ပြန်လည် နာလံထလာသည်နှင့် အမျှ မြင့်တက်လာမည့် မူးယစ်ဆေးဝါး ဝယ်လိုအားကို မြန်မာနိုင်ငံမှ အဖွဲ့များနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်အဖွဲ့များ က ဖြည့်ဆည်းပေးရန် အဆင်သင့် ရှိနေလိမ့်မည်ဟု Jeremy Douglas က ဆိုသည်။

နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများအတွက် ဒေါ်လာဘီလီယံ ဆယ်ဂဏန်းနှင့် ချီ၍ ရှာဖွေပေးပြီး မြန်မာနိုင်ငံတွင်းသို့ အနည်းငယ်မျှသော အစိတ်အပိုင်းသာ ရောက်ရှိသည့် မက်သဖက်တမင်းကို ထိုင်းနိုင်ငံတွင် ဈေးကွက်ဝေစု ၁၀၀ ရာခိုင်နှုန်း ဒေသတွင်းနှင့် တရုတ်နိုင်ငံတွင် ဈေးကွက်ဝေစု ၈၀ မှ ၉၀ ရာခိုင်နှုန်းဖြင့် ကမ္ဘာတလွှားသို့ ကုန်သွယ်နေပြီး သြစတြေးလျ၊ ဂျပန်နှင့် ထိုင်ဝမ် ဈေးကွက်များ အတွက် အဓိက ထောက်ပံ့ပေးနေသည်။

၂၀၁၁ မှ ၂၀၂၀ ခုနှစ်ထိ မဲခေါင်မြစ်ဝှမ်းရှိ အရှေ့အာရှနှင့် အရှေ့တောင်အာရှတွင် မက်သဖက်တမင်း ဖမ်းဆီးရမှု ရာခိုင်နှုန်း ၆၄၀ တိုးလာခဲ့ပြီး ယခုနှစ် ဖမ်းဆီးရမှုမှာ ယမန်နှစ်ကထက် ၄၀ ရာခိုင်နှုန်း ပိုများကြောင်း ကုလသမဂ္ဂ၏ အချက်အလက်များက ဆိုသည်။ ၂၀၁၉ တွင် တန် ၁၄၀ ဖမ်းမိပြီး ၂၀၂၀ တွင် တန် ၁၇၀ ဖမ်းမိသည်။

မူးယစ်ဆေးများ မြန်မာပြည်မှ ဆက်ပြီး ထွက်လာနေသည်။ မေလအတွင်း မြန်မာဘက်မှ ထိုင်းဘက်သို့ သယ်ယူလာသည့် ဆေးပြားအများအပြား ၂ ကြိမ် ဖမ်းဆီးရမိသလို ဩစတြေးလျတွင်လည်း အကြီးအကျယ် ဖမ်းမိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်တွင်လည်း ဖမ်းမိကြောင်း သတင်းများ ရရှိသည်။

ဘိန်းစိုက်ပျိုးရေးနှင့် ဘိန်းဖြူ

မြန်မာပြည်တွင်းမှ သတင်းအချက်အလက်များမှာမူ အာဏာသိမ်းပြီးနောက်ပိုင်း ပျောက်ကွယ်သွားသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမှု သတင်းများ ၎င်း၏ ဖေ့ဘွတ်တွင် ဖေဖော်ဝါရီ အစောပိုင်းကတည်းက ရပ်ဆိုင်းသွားသည်။ ကုလသမဂ္ဂနှင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်းလည်း မရှိတော့ပါ။

မြန်မာနိုင်ငံ၏ တရားမဝင် စီးပွားရေးကို နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများက ကာလရှည်ကြာစွာ လွှမ်းမိုးထားခဲ့သည်။ အထူးသဖြင့် ပြီးခဲ့သော နှစ်အနည်းငယ်အတွင်းတွင် ဖြစ်သည်။ အဓိကအားဖြင့် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ကုန်သွယ်မှုများတွင် ဖြစ်သည်။

မြို့ကြီးများ၊ မြို့များနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အထူးသဖြင့် ဆင်းရဲ သော ဒေသများတွင် အလုပ်အကိုင်များ ဆုံးရှုံးခြင်း နှင့် တရားဝင်စီးပွားရေးကျဆင်းသွားခြင်း တို့ကြောင့် အချို့က ငွေရှာရန် ဘိန်းစိုက်ပျိုးသည့် ဒေသများသို့ ပြန်သွားကြလိမ့်မည်ဟု Jeremy Douglas က မျှော်လင့်သည်။

စိုက်ပျိုးရန် အနည်းဆုံး ၁၂ လကြာသည့် အတွက် ဘိန်းစီးပွားရေးက ကျယ်ပြန့်လာရန် နှေးကွေးလိမ့်မည်ဟု ကျွမ်းကျင်သူများက ယူဆသည်။ ထို့နောက် ဘိန်းဖြူစီးပွားရေးက ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု ကွန်ယက်များ ပြန်လည် စတင်ခြင်းနှင့် အတူ ဘိန်းရိတ်သိမ်းခြင်းနောက်ပိုင်းတွင် လိုက်လာဖွယ် ရှိသည်။ ဤအဆင့်တွင် ငွေကြေးများက ကုန်သွယ်ရေးကို ထိန်းချုပ်ထားသော အဖွဲ့များထံသို့ ရောက်သွားမည် ဖြစ်သည်။ ၁၂ လမှ ၁၈ လအတွင်း ဒေသတွင်းနှင့် ကမ္ဘာဈေးကွက်များ သို့ ဘိန်းဖြူ အမြောက်အမြား ရောက်လာဖွယ် ရှိသည်။

လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့စစ်များ

ပဋိပက္ခများ အရှိန်မြင့်တက်လာခြင်းနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြိုကွဲပျက်စီးခြင်းနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAO) နှင့် ပြည်သူ့စစ်များ အနေဖြင့် ကြိုတင်ခန့်မှန်း မရသော အနာဂတ်များ တိုးလာခြင်းနှင့် ရင်ဆိုင်နေရသည်။ ယခုအခါ အများစုမှာ ဖြစ်လာတော့မည့် ပဋိပက္ခများ အတွက် ကြို တင်ပြင်ဆင်ရန် ငွေကြေးပိုမိုလိုအပ်နေကြောင်း Richard Horsey က မှတ်ချက်ပေးသည်။ ပဋိပက္ခက တန်ဖိုးကြီးသည်။

အချို့သူများအတွက်မူ နိုင်ငံရေးမငြိမ်မသက်မှုများသည် စစ်တပ်နှင့် ပတ်သက်သော သူတို့၏ အာဏာကို တိုးမြှင့်ရန် အခွင့်အလမ်းတခု ဖြစ်သည်။ ပြီးခဲ့သည့် ၅ နှစ်မှ ၁၀ နှစ်အတွင်း တရားမဝင် စီးပွားရေးကို စစ်တပ်က နှိမ်နင်းခဲ့သည်။ တရားမဝင် စီးပွားရေးကို ဂရုစိုက်သောကြောင့် မဟုတ်ဘဲ အဆိုပါ ငွေရသည့် နည်းလမ်းများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများမှ တဆင့် ထိုလက်နက်ကိုင်အဖွဲ့ များ အင် အားကြီး လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည် ဟု Richard Horsey က ပြောသည်။

ဖိအားပေးမှုများ ရပ်ဆိုင်းသွားခြင်းနှင့် အတူ အချို့သော အဖွဲ့များက တရားမဝင်လုပ်ငန်းများကို ပြန်လည် စတင်လုပ်ဆောင်ခဲ့ကြပြီး ဖြစ်သည်။ ဥပမာဆိုလျှင် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းဖြင့် စီးပွားဖြစ်ထွန်းနေခဲ့သော ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ထိန်းချုပ်သော ရွှေကုက္ကိုလ်ဒေသကို မည်သူမျှ အရေးမထားတော့ပါ။ လောင်းကစားလုပ်ငန်းများ ပိတ်ပစ်ရန်နှင့် နယ်ခြားစောင့်တပ်ခေါင်းဆောင်များ နုတ်ထွက်ရေးကို အာဏာသိမ်း စစ်တပ်က မပြောတော့ပါ။

အချို့လက်နက်ကိုင်များအတွက် ဝင်ငွေသည် အစဉ်အလာအားဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့် ကုန်ကူးခြင်း၊ သတ္ထုတူးဖော်ခြင်း၊ သစ်လုပ်ငန်းနှင့် လောင်းကစားလုပ်ငန်းများမှ ရရှိသည်။

လက်နက်ဈေးကွက်

EAO များနှင့် ပြည်သူ့စစ်များအပြင် ယခုအခါ ခန့်မှန်းခြေအားဖြင့် ၄၀ ခန့် ရှိသော ခုခံရေး အဖွဲ့သစ်များက လက်နက် တပ်ဆင်ရန်ရှာဖွေနေကြကြောင်း Gwen Robinson က မှတ်ချက်ပေးသည်။

ဒေသတွင်းတွင် ကာလကြာရှည်စွာ အသက်ဝင် တည်ရှိနေသည့် လက်နက်မှောင်ခို ဈေးကွက်ရှိပြီး မြန်မာနိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်၍ အိန္ဒိယ အရှေ့မြောက်ပိုင်းမှ လက်နက်ကိုင် အဖွဲ့များထံသို့ လက်နက်များ ဝင်ရောက်နေသည့် တရားမဝင် လမ်းကြောင်းရှိသည်ဟု Richard Horsey က ရှင်းပြသည်။

အစဉ်အလာအားဖြင့် ဤဈေးကွက်နှင့် လမ်းကြောင်းများသည် ကာလရှည်ကြာသော ဆက်သွယ်မှုများရှိသည့် အချို့သော အုပ်စုများအတွက် ဖြစ်သည်။ သို့သော်လည်း အဆိုပါ လမ်း ကြောင်းအချို့တွင် တွေ့ရှိရသည့် လတ်တလော တိုက်ပွဲများမှတဆင့် တွေ့ရှိမှုများအရ ငွေကြေးနှင့် စိတ်ပိုင်းဖြတ်မှုတို့နှင့် အတူ အပြောင်းအလဲ ရှိနိုင်သည်ဟု Richard Horsey က ပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ မူးယစ်ဆေးဝါးရောင်းဝယ်မှု ကွန်ယက်တခုမှ တဆင့် ဝင်ရောက်လာသည့် လက်နက်များကို တာချီလိတ်တွင် ဧပြီလနှင့် မေလအတွင်းက ဖမ်းဆီးရမိမှုနှင့်အတူ လက်နက်ကုန်သွယ်မှု ပြန်လည်စတင်ခြင်းကို ညွှန်ပြနေသည့် အစောပိုင်း လက္ခဏာများ ရှိကြောင်း ပါဝင် ဆွေးနွေးသူများက မှတ်ချက်ပေးခဲ့သည်။

ရွှေ့ပြောင်း အခြေချခြင်းနှင့် လူကုန်ကူးမှု

စစ်အာဏာသိမ်းမှုက တိုင်းပြည် စီးပွားရေးကို ပြိုကျလုလု အနေအထားသို့ ယူသွားခဲ့သည်။ ကမ္ဘာ့ဘဏ်က ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် အရှေ့အာရှနှင့် ပစိဖိတ်စီးပွားရေးဆိုင်ရာ နောက်ဆုံးထုတ် အစီရင်ခံစာတွင် ပုံမှန် စီးပွားရေးက အနည်းဆုံး ၁၀ ရာခိုင်နှုန်း လျှော့ကျမည်ဟု ခန့်မှန်းထားသည်။

ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က ၂၅၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ခန့်မှန်းခဲ့သည်။ လာမည့်နှစ်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၄၈.၂ ရာခိုင်နှုန်းက ဆင်းရဲနွမ်းပါးမှုနှုန်းအောက်သို့ ရောက်ရှိသွားမည်ဟု UNDP က ယခု မျှော်လင့်ထား သည်။

ယင်းသည် အိမ်နီးချင်းနိုင်ငံများသို့ ပိုမိုကောင်းမွန်သော ဘဝနှင့် အလုပ်အကိုင် ရှာဖွေရန် တွန်းပို့စေမည် ဖြစ်သည်။ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာမှုဖြင့် နေ့စဉ်လိုလို ဖမ်းခံရသည့် မြန်မာနိုင်ငံသား အများအပြား ရှိနေရာ ဧပြီလ နောက်ဆုံးပတ်မှ မေလ၂၀ ရက် အတွင်း မြန်မာနိုင်ငံသား ၅၀၀ ဝန်းကျင် ဖမ်းခံထားရကြောင်း မြန်မာပြညာ်းများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီထံက သိရသည်။

ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေး စည်းကမ်းတင်းကျပ်မှုများအပြင် လတ်တလော နိုင်ငံရေး တင်းမာမှုနှင့် လက်နက်ကိုင် ပဋိပက္ခအခြေအနေများအရ နယ်စပ်များ နောက်ထပ်တင်းကျပ်လာခြင်းကြောင့် နယ်စပ်ဖြတ်ကျော်ရေးတွင် တရားမဝင် ဥပဒေပ လုပ်ကိုင်သူများက ပြည်သူများ၏ အားနည်းချက်ကို အခွင့်ကောင်း ယူကြပါလိမ့်မည်။

ထိုလမ်းကြောင်းများကို မဖြစ်မနေ အသုံးပြုရန် ဖြစ်လာခြင်းက နှိပ်စက်ညှင်းပန်းခြင်းနှင့် ဖိနှိပ်မှုများမှ ထွက်ပြေးလာသူများကို ရွှေ့ပြောင်းအလုပ်သမားများအဖြစ် မှတ်ယူခြင်းခံရနိုင်ပြီး စစ်အစိုးရလက်သို့ ပြန်လည် ရောက်ရှိသွားနိုင်ပါသည်။

ကလေးများနှင့် အရွယ်ရောက်ပြီးသူများမှာ အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခြင်း၊ မိုင်းတွင်း အလုပ်သမားများ၊ ငါးဖမ်း လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆက်စပ်အလုပ်များ၊ လက်နက်ကိုင် ပဋိပက္ခများအတွင်း ပေါ်တာဖြစ်သွားရခြင်း၊ စစ်သားများ၊ လူသားဒိုင်းများ သို့မဟုတ် ရာဇဝတ်မှုမကင်းသည့် အလုပ်များတွင် ယာဉ်မောင်းများ သို့မဟုတ် ပစ္စည်းသယ် ဆောင်ပေးရသူများ အဖြစ်သို့ ရောက်ရှိသွားရခြင်းများ အပါအဝင် အခြေအနေ အမျိုးမျိုးဖြင့် လူကုန်ကူးခြင်း ခံရနိုင်ပါသည်။

မကြာသေးမီနှစ်များအတွင်း လူကုန်ကူးခြင်းနှင့် ပတ်သက်၍ တိုးတက်မှုအချို့ရှိခဲ့ပြီး Marika McAdam က ထိုအချက် ဆုံးရှုံးသွားရကြောင်း ပြောသည်။

”ကျမတို့မှာ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းမယ့် ဗဟိုအဖွဲ့တခုရှိခဲ့ တယ်။ ကျမတို့မှာ ခိုင်မာအားကောင်းတဲ့ ဥပဒေ တချို့ ရှိခဲ့တယ်။ ခေါင်းပုံဖြတ် အမြတ်ထုတ်မှု မပါဘဲ တကယ့် အလုပ်သမားဈေးကွက်ကို ဘေးကင်းစွာ၊ မျှတစွာ ရွှေ့ပြောင်းစေနိုင်မယ့် အစဉ်အလာလမ်းကြောင်းတွေကို လုပ်ပေးဖို့ အပြန်အလှန် သဘောတူညီချက်တချို့ ရှိခဲ့တယ်။ ဒါကြောင့် အဲဒါတွေ အားလုံး ဘာဖြစ်ကုန်ပြီလဲ။” ‘

အာဏာသိမ်းအပြီးတွင် မြန်မာနိုင်ငံ၌ အချက်အလက်ကောက်ယူနိုင်မှု စွမ်းရည်ပြိုလဲသွားခြင်းကြောင့် လူကုန်ကူး ခြင်းနှင့် မှောင်ခိုလုပ်ငန်း ပမာဏအပေါ် မှန်းဆမှုသာ ပြုလုပ်နိုင်သည်ဟု Marika McAdam က မှတ်ချက်ချသည်။ သို့သော် လည်း သေချာသည့် အချက် ၂ ချက်မှာ ထိုရာဇဝတ်မှုများကို ရင်ဆိုင်ရန် စွမ်းရည်နှင့် နိုင်ငံရေးဆန္ဒ အလွန်အမင်း လျော့နည်းသွားခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

လူတိုင်းနီးပါး အရှုံးသမား

တိုင်းပြည်တလွှားမှ တရားဥပဒေစိုးမိုးရေးနှင့် လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုများ ပုံမှန်လည်ပတ်မှုများမှာ အာဏာသိမ်းမှုကြောင့် ဖြစ်ရသည့် မငြိမ်မသက်မှုများ၊ မသေချာ မရေရာမှုများနှင့် လုံခြုံမှုကင်းမဲ့ခြင်းတို့၏ တားဆီး နှောက်ယှက်မှု ခံနေရခြင်းသည် စီးပွားရေး၏ လက်ရှိ သရုပ်သကန် ဖြစ်သည်ဟု Richard Horsey က ရှင်းပြခဲ့သည်။

ဤနည်းအားဖြင့် စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံ၏ တရားမဝင်စီးပွားရေး စည်ပင်ကြီးထွားရန် အခြေအနေများ ဖန်တီးပေးခဲ့သည်။

”ဒါကြောင့် UNDP နဲ့ ကမ္ဘာ့ဘဏ တို့က ဖော်ပြခဲ့တဲ့ စီးပွားရေး ခြေလွတ်လက်လွတ် ကျဆင်းမှုက တရားမဝင် စီးပွားရေး တွေအတွက် အထောက်အကူဖြစ်လာဖို့ ရှိပြီးတော့ သူတို့က အရွယ်အစား ကြီးထွားလာဖွယ်ရာ အလွန်များပါတယ်” ဟု Jeremy Douglas ကပြောသည်။

မြန်မာ့အရေး ကျွမ်းကျင်သူ Richard Horsey ကလည်း အာဏာသိမ်းမှုသည် စစ်တပ်နှင့် စစ်ခေါင်းဆောင်များသာမက မြန်မာနိုင်ငံရှိ မည်သူ့ကိုမျှ အမြတ်မထွက်စေဘဲ နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းများနှင့် တရားမဝင် လုပ်ဆောင်သူများသာ အကျိုးအမြတ် များစွာ ရမည်ဖြစ်ကြောင်း ဆိုသည်။

” ဒီအာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ထူးခြားတာကတော့ နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းတွေနဲ့ အဲဒီ စီးပွားရေးတွေက တရားမဝင် လုပ်ဆောင်သူတွေက လွဲရင် ဒီအာဏာသိမ်းမှုမှာ လူတိုင်းနီးပါး အရှုံးသမားတွေအဖြစ် ပေါ်ထွက်လာခဲ့တာပါပဲ” ဟု Richard Horsey က ပြောဆိုသွားသည်။

ကိုးကား။ ။ Nikkei Asia, Mizzima

You may also like these stories:

စစ်ကောင်စီအောက်တွင် “ကာကီရောင် စီးပွားရေး” ထွန်းကားမည်

လုပ်ကြံသတ်ဖြတ်သူတဦးနှင့် တွေ့ဆုံခြင်း

မြန်မာ့ပြည်တွင်းစစ်သည် ဆီးရီးယားနှင့် မတူ

Loading