ဆောင်းပါး

NLD ပါတီ ဖျက်သိမ်းဖို့ အာဏာသိမ်းအုပ်စု ကြိုးပမ်း

Want create site? Find Free WordPress Themes and plugins.

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ် (NLD) ပါတီအား ဖျက်သိမ်းရေး ကြိုးပမ်းလျှက်ရှိရာတွင် စစ်ကောင်စီ ခန့်ထားသည့် ရွေးကောက်ပွဲ ကော်မရှင် (UEC) က အချက်အလက်စုဆောင်းမှုများ ပိုမိုပြုလုပ်လာလျှက် ရှိသည်။

ယင်းသို့ကြိုးပမ်းရာတွင် ယခင်က လုပ်ဆောင်ဖူးခြင်းမရှိသည့် နိုင်ငံရေးပါတီအားလုံး (၉၃ ပါတီ) ၏ ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ဝင်စာရင်းများအား ပြည်ထောင်စုဝန်ကြီးရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာနထံပေးပို့ကာ နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေပါ နိုင်ငံရေးပါတီများ ဖျက်သိမ်းနိုင်သည့်ပုဒ်မများနှင့် ငြိစွန်းခြင်းရှိမရှိ စိစစ်ရန် UEC က မေလ ၂၄ ရက်နေ့ရက်စွဲဖြင့် ပေးပို့ခဲ့ကြောင်းသိရသည်။

အဓိကအချက်အနေဖြင့် မတရားအသင်း (သို့) အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ပတ်သက်မှု ရှိမရှိ စိစစ်ကာ NLD အား ဖျက်သိမ်းရန် လုပ်ဆောင်ခြင်းဖြစ်သော်လည်း စစ်အာဏာသိမ်းမှုကို ဆန့် ကျင်သည့် အခြားသောပါတီများကိုလည်း ရိုက်ခတ်မှုရှိလာနိုင်ကြောင်း လေ့လာသုံးသပ်သူတဦးကပြောသည်။

“ပြဿနာက ပါတီတခုတည်း ပြဿနာမဟုတ်ပါဘူး။ မြန်မာပြည် ဒီမိုကရေစီပြဿနာပါ။ စစ်ကောင်စီအာဏာကို မဖျက်သိမ်းနိုင်ရင် စစ်ကောင်စီလိုလားတဲ့ ပါတီတွေပဲတည်ရှိပြီးတော့ ဒီမိုကရေစီအင်အားစုတွေ ရပ်တည်လို့ရမှာ မဟုတ်ဘူး။ စစ်ကောင်စီကိုဖျက်သိမ်းနိုင်ရင်တော့ စစ်ကောင်စီလိုလားတဲ့ပါတီတွေကို ပြည်သူတွေက ဖျက်သိမ်း တာတွေလည်း ဖြစ်လာနိုင်ပါတယ်၊ ဥပမာ-ကြံ့ခိုင်ရေးပါတီလိုပေါ့ဗျာ” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီက မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့တွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီနှင့် တအာင်း (ပလောင်) အမျိုးသားပါတီ (TNP)တ ို့မှ ကိုယ်စားလှယ်များ ပါဝင်လျှက်ရှိသည်။

သို့သော် ပါဝင်နေသူများအနေဖြင့် တဦးချင်းဆန္ဒအရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပါတီများဘက်ကပြောဆိုပြီး တချို့က ပါတီမှ ထုတ်ပယ်ထားသူများဖြစ်သည်။

TNP ပါတီအတွင်းရေးမှူး မိုင်းအုဏ်းခိုင်က “ပါတီအနေနဲ့ ပါဝင်ပတ်သက်တာတော့ မရှိပါဘူး။ ပါဝင်တဲ့သူတွေကလည်း တဦးချင်းအနေနဲ့ပဲ သွားတာပါ၊ UEC အနေနဲ့ ပါတီတွေ ဥပဒေနဲ့ငြိစွန်းတာရှိမရှိ စစ်ဆေးတဲ့အပေါ်မှာတော့ မှတ်ချက် မပေးလိုပါဘူး” ဟု ပြောသည်။

စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟုဆိုကာ အာဏာသိမ်းခဲ့ပြီးနောက် ဒေါ် အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အပါအဝင် NLD ခေါင်းဆောင် အားလုံးနီးပါးအား ဖမ်းဆီးထားပြီး ပါတီတာဝန် ခံအချို့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသည်။

ယင်းအပြင် ၂၀၂၀ ရွေးကောက်ပွဲအား တာဝန်ယူကျင်းပခဲ့သည့် ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းအား ထိန်းသိမ်းထား ကာ မဲမသမာမှုများစွာဖြင့် နာမည်ပျက်ကျော်ကြားသည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအား တာဝန်ယူခဲ့သူ ဦးသိန်းစိုး အား ရွေးကောက်ပွဲကော်မရှင်ဥက္ကဌအဖြစ် အစားထိုးခန့်အပ်ကာ မဲစာရင်းများအား စိစစ်လျှက်ရှိသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင်လည်း မဲမသမာမှုများကြောင့် NLD ပါတီအား ဖျက်သိမ်းရေးနှင့် ပါတီခေါင်းဆောင်များအား နိုင်ငံတော်သစ္စာဖောက်ဖျက် မှုဖြင့် အရေးယူရန် စဉ်းစားလုပ်ဆောင်နေကြောင်းလည်း UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောခဲ့သေးသည်။

ထိုပွဲတက်ရောက်ခဲ့သည့်ပါတီများထဲတွင် အများစုသည် ရွေးကောက်ပွဲတွင် တနေရာမှ အနိုင်မရခဲ့သည့် ပါတီများဖြစ်သည်။

NLD ပါတီမပါဝင်သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့သော်လည်း NLD ပါဝင်လာသည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အပြတ်အသတ်အရှုံးနှင့် စတင်ရင်ဆိုင်ခဲ့ရပြီး ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် NLD က တောင်ပြိုကမ်းပြို ထပ်မံအနိုင်ရရှိခဲ့သည်။

ဥပဒေပညာရှင်တဦးက “လူထုရဲ့ နိုင်ငံရေးနိုးကြားမှုက ဒီအုပ်စုကို လက်မခံဘူးဆိုတာ ၂၀၁၂၊ ၂၀၁၅ နဲ့ ၂၀၂၀ မှာ ပြခဲ့ပြီးပြီ။ လူထုထောက်ခံတဲ့ NLD ပါတီရှိနေရင် သူတို့ဘယ်လိုမှ လူရာမဝင်တော့ဘူးဆိုတာ သိနေတယ်။ အဲဒါကြောင့် NLD ကို ဖျက်သိမ်းမှ၊ ပျောက်သွားအောင်လုပ်မှ သူတို့ နေရာရမယ်လို့ တွက်တာ၊ ဒါကြောင့် ဒီလိုတွေကြံစည်တာ” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသို့ NLD ပါတီအား ဖျက်သိမ်းရန် လုပ်ဆောင်နေမှုနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပါတီအ များစုက လက်မခံကြဘဲ တနိုင်ငံလုံးအတိုင်းအတာ ထောက်ခံမှုရှိသည့် NLD ပါတီအား ဖျက်သိမ်းခြင်းဖြင့် လူထု ဆန္ဒသဘောထားအပေါ် ပစ်ပယ်ရာရောက်ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ထိခိုက်လာမည်ဖြစ်ကောင်း ထောက်ပြ ကြသည်။

ရခိုင်အမျိုးသားပါတီ၊ ပြောရေးဆိုခွင့်ရှိသူ ဦးဖေသန်းက “ဒီလိုအခင်းအကျင်းမျိုးကတော့ မကောင်းဘူး၊ NLD ဆိုတာက တနိုင်ငံလုံးထောက်ခံမှု အများဆုံးရထားတဲ့ပါတီဆိုတော့ ဒီလိုပါတီတွေ မရှိခြင်းအားဖြင့် တဖက်မှာတော့ ဒီမိုကရေစီလမ်းကြောင်းကို သွားတဲ့နေရာမှာတော့ နည်းနည်းမပြည့်မစုံ၊ အင်္ဂါမစုံတဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့၊ ခုအခြေအနေကတော့ ခြေလှမ်းတွေက တော်တော်ကျွံနေကြပြီးပြီ။ သူမပြုတ်ရင် ကိုယ်ပြုတ်ဆိုတဲ့ အခြေအနေမျိုး နှစ်ဖက်စလုံးကသွားနေကြပြီ၊ အနာဂတ် ဒီမိုကရေစီအတွက် ပြည်ထောင်စုအတွက် မကောင်းဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲလိမ်၊ မဲခိုး၊ မဲမသမာမှုများရှိကြောင်း အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်း တို့ခန့်ထားသည့် ရွေးကောက်ပွဲကော်မရှင်တို့က တွင်တွင်ပြောဆိုနေသော်လည်း မဲဆွယ်စည်းရုံးရေးကာလအတွင်း ဘာသာရေး၊ လူမျိုးရေး အသုံးချကာမဲဆွယ်မှုများနှင့် ရွေးကောက်ပွဲအတွင်း တံဆိပ်တုံးအတုများ လက်ပူ လက်ကြပ် ဖမ်းမိမှုများအပေါ် နှုတ်ဆိတ်ကာ လစ်လှူရှုလျှက်ရှိသည်။

ဘာသာရေးအသုံးချမဲဆွယ်မှုနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကိုယ်တိုင် ကန့်ကွက်လွှာတင် သွင်းခံခဲ့ရသည့်အပြင် မင်းကင်းမြို့နယ်တွင် ယှဉ်ပြိုင်ခဲ့သည့် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ဦးမောင်မြင့်သည်လည်း ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မများအပြင် ပါတီဖျက်သိမ်းနိုင်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂-က(၄)ဖြင့် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခံခဲ့ရသည်။

ဦးမောင်မြင့်သည် NLD ပါတွင် ဘာသာခြား ၄၂ ဦးပါဝင်ကြောင်း ပြောဆိုမဲဆွယ်ခဲ့သလို ကြံ့ခိုင်းရေးပါတီဝင်များနှင့် ထောက်ခံသူများကလည်း “တို့လူမျိုး၊ တို့ဘာသာကို အပျောက်မခံဘူးဟေ့၊ ပြည်ခိုင်ဖြိုးနိုင်မှဖြစ်မည် အမျိုးဖျက်တစုကို တိုက်ထုတ်ရမည်၊ တို့ပြည်ထောင်စုကြံ့ခိုင်ရေးအတွက် တို့မဲပေးမည်၊ တို့သာသနာမပျောက်ပျက်ဖို့ရည် ပြည်ခိုင်ဖြိုးကို မဲပေးကြပါမည်” စသည့် စာသာပါဝင်သော “ခြင်္သေ့ဟိန်းသံ” သီချင်းဖွင့်ကာ အင်အားပြလှည့် လည်မှုများလည်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ကြိုတင်မဲခြင်းနှင့် ရွေးကောက်ပွဲနေ့တို့တွင် မဲတံဆိပ်တုံးအတုများ ဖမ်းမိမှုများ အနက် လည်းကူးမြို့နယ်နှင့် ရေနီမြို့နယ်တို့တွင် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း၏ မဲရုံးကိုယ်စားလှယ် များထံက ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း UEC ကတရားဝင်ထုတ်ပြန်ခဲ့ပြီး သက်ဆိုင်ရာရဲစခန်းများတွင် ရာဇသတ်ကြီးဥ ပဒေ ပုဒ်မ ၄၂၀/၄၆၈ တို့ဖြင့် အမှုဖွင့်ထားသည်။

စစ်ကောင်စီက ခန့်ထားသည့် UEC အနေဖြင့် လတ်တလောမဲစာရင်းများနှင့် ပါတီများအပေါ် စိစစ်ရာတွင် မှန်ကန် မျှတမှုရှိရေးမှာလည်း မေးခွန်းထုတ်စရာဖြစ်နေပြီး မဲစာရင်းစစ်ဆေးမှုများတွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်များ ပါဝင်နေသည်ကိုတွေ့ရသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက “တရားမျှတမှုရှိမယ်လို့ မျှော်လင့်စရာအကြောင်းမရှိပါဘူး။ သူတို့က စစ်ကောင်စီရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ အင်အားစုတွေ ဆက်လက်ရပ်တည်ခွင့်ပြုမယ်၊ မကိုက်ညီတဲ့၊ ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေဆို ဖျက်သိမ်းမှာပါ။ NLD ပါတီကို ဖျက်သိမ်းဖို့ လုပ်လုပ်၊ မလုပ်လုပ် ပြည်သူတွေဘက်ကတော့ တရားတယ်၊ မှန်တယ် ဘာမှပြောဖို့မရှိဘူး။ သူတို့ဘာတွေပဲလုပ်လုပ် စစ်ကောင်စီနဲ့သူတို့ရဲ့အဖွဲ့အစည်းတွေကို နိုင်အောင်တိုက်နိုင်ရင် ဒီကိစ္စတွေကပြီး သွားမှာပါ” ဟု ပြောသည်။

တဖက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဆန္ဒပြပြည်သူများအပေါ် အကြမ်းဖက် ပစ်ခတ်သတ်ဖြစ်မှုများ ပြုလုပ်ခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ပြည်သူ ၈၀၀ ကျော်သေဆုံးခဲ့ရပြီး CRPH ကလည်း အာဏာသိမ်းစစ်ကောင်စီအား အကြမ်းဖက်အဖွဲ့အဖြစ် တန်ပြန်ကြေညာထားသည်။

ယင်းအပြင် စစ်တပ်အနေဖြင့် အခြေခံဥပဒေပြဌာန်းချက်များအား ချိုးဖောက်ကာ ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းခဲ့သည်အတွက် စစ်တပ်က အသာစီးယူထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အပြီးသတ် ဖျက်သိမ်းကြောင်းလည်း CRPH က မတ်လ ၃၁ ရက်နေ့ကကြေညာခဲ့သည်။

“အမျိုးသားရင်ကြားစေ့ရေးလို့ ကြွေးကြော်ခဲ့ကြပြီးမှ ပြောင်းပြန်ဖြစ်ပြီး ပိုပိုအလှမ်းဝေးသွားတာပေါ့။ ပါတီတွေအပေါ်မှာ ဒီလိုအရေးယူဆောင်ရွက်မှုအပိုင်းဆိုတာက သိပ်ပြီးတော့ မဖြစ်သင့်ဘူး။ ဒီအကျိုးဆက်ကတော့ မြန်မာတနိုင်ငံလုံး နှစ်ပေါင်းများစွာ မတည်မငြိမ်ဖြစ်စေတဲ့ အကျိုးဆက်အထိ သွားဦးမယ်လို့မြင်ပါတယ်” ဟု ဦးဖေသန်းက ပြောထားသည်။

You may also like these stories:

ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို

မြဝတီတွင် အာဏာသိမ်းတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်

ကယားရှိ PDF များကို စုစည်းထားသည့် KNDF က စစ်ကောင်စီကို တိုက်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading