မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုကို မည်သည့် တုံ့ပြန်မည်နှင့်ပတ်သက်ပြီး အဖွဲ့ဝင် ၁၀ နိုင်ငံတို့သည် ဆက်လက်သဘောထားကွဲနေသော်လည်း အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးချုပ်သည် ယခုအခါ နေပြည်တော်သို့ ရောက်ရှိလာပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြသည်။
အာဆီယံ ဥက္ကဋ္ဌကိုယ်စား ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး ဒါတို အီရဝန် ယူဆော့ဖ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ် ဒါတို လင်မ်ဂျော့ဟွိုင်တို့ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ကြာသပတေးညပိုင်းက နေပြည်တော်သို့ ရောက်ရှိလာပြီး သောကြာနေ့ မနက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံများ၏ ရေးရာများကို ဝင်ရောက်မစွက်ဖက်သည့် မူဝါဒ ကျင့်သုံးသည့် ASEAN အဖွဲ့ဝင်ဖြစ်သော်လည်း ထိုအသင်းသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် အစိုးရကို ဖြုတ်ချပြီးနောက် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် အကျပ်အတည်းကို ဖြေရှင်းရန် အဓိက သံတမန်ရေး အားထုတ်မှုကို ဦးဆောင်နေသည်။
စစ်အုပ်စုသည် ဆန္ဒပြပွဲများကို သတ်ဖြတ်ဖြိုခွဲစဉ်အတွင်း မြန်မာအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီး နိုင်ငံရေး အတိုက်အခံများကို ထောင်ချထားသောကြောင့် ဒုက္ခသည် အကျပ်အတည်းနှင့် စီးပွားရေး ပြိုကွဲမည့် အန္တရာယ်မှာ ပိုမိုကြီးထွားလာနေသည်။
အာဆီယံအဖွဲ့ ကိုယ်စားလှယ် နှစ်ဦးသည် ဒီမိုကရေစီရေးလှုပ်ရှားသူ အတိုက်အခံများနှင့်တွေ့ဆုံမည် မတွေ့ဆုံမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော် ထိုအတိုက်အခံအများအပြားမှာ ဖမ်းဆီးခံထားရသည် သို့မဟုတ် ပုန်းအောင်းနေကြရသည်။
အရှေ့တောင်အာရှ ပါလီမန်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လူ့အခွင့်အရေးဆိုင်ရာ ASEAN ပါလီမန်အမတ်များ (APHR) က အရပ်သားခေါင်းဆောင်များကို ထည့်သွင်းရန် အရေးကြီးကြောင်း နှင့် ASEAN ကိုယ်စားလှယ်များသည် ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်ကို တွေ့ရမည်ဖြစ်ကြောင်း ပြောကြားထားသည်။
“ASEAN သည် စစ်ကောင်စီနှင့်သာတွေ့ဆုံခဲ့ပါက စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးကစားကွက်အတွင်းသို့ ထပ်မံရောက်ရှိပြီး သတိပေးဆုံးမမှုနှင့်သာ ထိုက်တန်သော စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုရာသာ ရောက်မည်” ဟု APHR ဥက္ကဌနှင့် မလေးရှားပါလီမန် ကိုယ်စားလှယ် ချားလ်စ် ဆန်တီယာဂို က ကြေညာချက်တစောင်တွင် ဖေါ်ပြသည်။
အဆုံးအရှုံးများနေသော အာဆီယံ
ယခုစီစဉ်ထားသည့် ခရီးစဉ်ကို အကြမ်းဖက်မှု ရပ်ဆိုင်းရေး၊ တွေ့ဆုံဆွေးနွေးရေး၊ အကူအညီများ ပေးပို့ရေး၊ အထူးသံတမန်တဦးခန့်ရေးနှင့် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရန် ထိုအထူးသံတမန်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို စေလွတ်ရေးစသည့် အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို ASEAN ခေါင်းဆောင်များက ကြေညာခဲ့ပြီးနောက် ၅ ပတ် ကျော်အကြာတွင်း ထိုစီစဉ်ထားသော ခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
သို့သော် ထိုအထူးသံတမန်အလုပ်အတွက် အကောင်းဆုံးလူ၊ ထိုအထူးသံတမန်၏ လုပ်ပိုင်ခွင့်နှင့် သူ၏ ရာထူးသက်တမ်းတို့နှင့်ပတ်သက်ပြီး ASEAN အတွင်း သဘောထားကွဲလွဲနေသောကြောင့် အထူးသံတမန်ကို ခန့်အပ်နိုင်ခြင်းမရှိသေးပေ။
ကြာသပတေးနေ့က အင်ဒိုနီးရှားနိုင်ငံသည် ထိုအထူးသံတမန်ကို ရွေးချယ်ခန့်အပ်ရန် တောင်းဆိုခဲ့သည်။
သတင်းရင်းမြစ်မှ ထပ်မံဖြည့်စွက်ရာ၌ မကြာမီ အာဆီယံ ဥက္ကဋ္ဌ ဘရူနိုင်း ဘုရင် ဆူလ်တန် ဟာစင်နယ် ဘူကီးယားက မြန်မာပြည်ဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ကို ကြေညာမည်ဟု ဆိုသည်။ နောက်ဆုံးစာရင်းတွင် ရှေ့ပြေးနေသူ ၂ ဦးမှာ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟက်ဆန်ဝီရာယုဒါနှင့် ထိုင်း ဒု နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဝီရာဆက်ဖူထရာကူးလ် တို့ ဖြစ်သည်။
အဆိုပါ ၂ ဦးစလုံးမှာ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အတွေ့အကြုံများသူများ ဖြစ်သည်။ ဝီရာယုဒါသည် ၂၀၀၈ နာဂစ်ဆိုင်ကလုန်းကာလ လူသားချင်းစာနာမှု အကူအညီပေးရေးတွင် တာဝန်ယူခဲ့ဖူးပြီး ဝီရာဆက်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်အဖြစ် ၁၉၉၁ မှ ၁၉၉၄ ထိ နှင့် ထိုင်း ဒု နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၅ မှ ၂၀၁၉ ထိ တာဝန်ယူဖူးသည်။
သို့ရာတွင် ဝီရာဆက်သည် ထိုင်းသံအမတ်ဖြစ်စဉ်ကာလက မြန်မာစစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့ဖူးသောကြောင့် နေပြည်တော်က သူ့အား မျက်စိကျ ပိုကျနိုင်သည်။ ၎င်းသည် ယခုအခါ ထိုင်းစစ်တပ်က ခန့်အပ်ထားသော ထိုင်းအထက်လွှတ်တော်အမတ်တဦးလည်း ဖြစ်သည်။
ဘရူနိုင်းနိုင်ငံက ASEAN နိုင်ငံများသို့ လွန်ခဲ့သောလက ပေးပို့သည့် အခြေခံအယူအဆဆိုင်ရာ စာတမ်းတွင် ထိုအထူးသံတမန်၏ ရာထူးသက်တမ်းကို ယခုနှစ်ကုန်အထိသာ အဆိုပြုထားပြီး နှစ်ကုန်သောအခါ နောက်လာမည့် ASEAN ဥက္ကဌ ဖြစ်သည့် ကမ္ဘောဒီးယားက ပြန်လည်သုံးသပ်ရန်ဖြစ်ကြောင်း ထိုအကြောင်းအရာများကို သိရှိသည့် သတင်းရင်းမြစ် ၃ ခုက Reuters သတင်းဌာနကို ပြောသည်။ ထို့အပြင် ထိုစာတမ်းသည် အထူးသံတမန်၏ လုပ်ပိုင်ခွင့်ကိုလည်း ကြားဝင်စေ့စပ်ပေးခြင်း၊ မြန်မာနိုင်ငံတွင် အခြေမစိုက်စေခြင်းနှင့် အထူးသံတမန်၏ နိုင်ငံက လစာပေးသည့် ဝန်ထမ်းအနည်းငယ် ခန့်ထားပေးရေးတို့ဖြင့် ကန့်သတ်ထားသည်။
ထိုစည်းကမ်းချက်များသည် အထူးသံတမန်၏ အဆင့်အတန်းနှင့် သြဇာကို အကြီးအကျယ် ထိခိုက်စေသည်ဟု ASEAN နိုင်ငံအများအပြားကမြင်ကြောင်း ထိုသတင်းရင်းမြစ်များပြောသည်။
လူဦးရေ ၅ သိန်း ပင်မပြည့်ဘဲ သံတမန်ရေးရာခေါင်းဆောင်မှုအနည်းငယ်သာရှိသော ရေနံကြွယ်ဝသည့် စော်ဘွားနိုင်ငံဖြစ်သော ဘရူနိုင်းသည် အခြားနိုင်ငံများက တင်ပြသည်များကို တုံ့ပြန်ခြင်းမရှိသေးကြောင် သတင်းရင်းမြစ်များကပြောသည်။ အထူးသံတမန်သည် ဥက္ကဋ္ဌကို ကိုယ်စားပြုသောကြောင့် သဘောတရားအရ ဘရူနိုင်းက ခန့်အပ်ရမည်ဟုလည်း ဆိုသည်။
ASEAN သည် ဘုံသဘောတူညီချက်ဖြင့် လုပ်ငန်းဆောင်ရွက်သော်လည်း ဒီမိုကရေစီနိုင်ငံများ၊ အကြွင်းမဲ့ဘုရင်စနစ်ကျင့်သုံးသော နိုင်ငံများ၊ အာဏာရှင်များနှင့် တပါတီကွန်မြူနစ်နိုင်ငံများ စသည့် နိုင်ငံမျိုးစုံပါဝင်သော အဖွဲ့အစည်းဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံတခုခုပါဝင်နေသော ပြဿနာများတွင် သဘောထားပြတ်သားစွာ ရပ်တည်ခဲလှသည်။
“ASEAN က အဆုံးအရှုံး များလွန်းနေတယ်။ ASEAN အတွင်း သံတမန်ရေး ဝေဖန်မှုတွေ များနေတယ်။ အားလုံးက စိတ်မချမ်းသာစရာတွေပဲ ဖြစ်နေတယ်” ဟု စေ့စပ်ညှိနှိုင်းမှုများနှင့် ကျွမ်းဝင်သော ရင်းမြစ်တဦးပြောသည်။
စစ်ကောင်စီက လက်ခံ မခံ
ASEAN တွင် အရေးကြီးဆုံး အဖွဲ့ဝင်များအနက် နှစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့သည် အထူးသံတမန်ကိစ္စနှင့်ပတ်သက်ပြီး အကြီးအကျယ် သဘောထားကွဲလွဲကြောင်း သံတမန်သတင်းရင်းမြစ်များကို ကိုးကားပြီး Reuters က ရေးသည်။
အင်ဒိုနီးရှားသည် ကနဦးတွင် အထူးအလုပ်ငန်းအဖွဲ့ကို ဦးဆောင်ရန် အထူးသံတမန်တဦးတည်း စေလွှတ်သည်ကိုသာ ပိုမိုလိုလားပြီး အိမ်နီးချင်းမြန်မာစစ်တပ်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် ထိုင်းနိုင်ငံက ဥက္ကဋ္ဌ၏ မိတ်ဆွေများအဖြစ် ကိုယ်စားလှယ်အများအပြားပါသော အဖွဲ့တခုကို စေလွှတ်လိုကြောင်း သတင်းက ဆိုသည်။
ASEAN နိုင်ငံခြားရေး ဝန်ကြီးများသည် လာမည့်အပတ်တွင် နှစ်စဉ်ကျင်းပမြဲ တရုတ်- ASEAN ထိပ်သီးဆွေးနွေးပွဲအတွက် တရုတ်နိုင်ငံတွင် တွေ့ဆုံရန် စီစဉ်ထားသည်။ အထူးသံတမန်နှင့် ပတ်သက်သည့် ၎င်းတို့၏ သဘောထားကွဲလွဲမှုကို ကြိုတင်ဖြေရှင်းနိုင်ပါက ထိုထိပ်သီးဆွေးနွေးပွဲ၏ သီးခြားဆွေးနွေးမှုတွင် အပြီးသတ်သဘောတူမည်ဟု မျှော်လင့်ရသည်။
တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို ပိုမိုပျော့ပျောင်းအောင် လုပ်ဆောင်ခဲ့သော်လည်း မြန်မာန်ိုင်ငံ၏ လက်ရှိန်ိုင်ငံရေးအခြေအနေသည် တရုတ်နိုင်ငံက လိုလားသည့် နိုင်ငံရေးအခြေအနေ လုံးဝမဟုတ်ပေ။
ASEAN ၏ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို ကြေညာပြီးချိန်မှစတင်ပြီး မြန်မာဗိုလ်ချုပ်များက ၎င်းတို့သည် အထူးသံတမန်သွားရောက်ရေးအပါအဝင် အဆိုပြုချက်များကို တည်ငြိမ်မှု ပြန်လည်ထိန်းသိမ်းပြီးချိန်မှသာ စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
စစ်ကောင်စီ၏ ထိုသဘောထားသည် ASEAN က တညီတညွတ်တည်း ဂျကာတာတွင် ကြေညာထားသည့် သဘောထားကို ထိခိုက်စေရုံသာမက မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် သတ်မှတ်သည့် သံတမန်ရေးရာ ပကတိအရှိတရားကိုလည်း ထင်ဟပ်နေကြောင်း သံတမန်များနှင့် သုတေသီများပြောသည်။
“ဒီအချက်တွေအားလုံးက စစ်ကောင်စီက အပြည့်အ၀ လက်ခံမှသာ ဖြစ်မှာ” ဟု ဒေသဆိုင်ရာ သံတမန်တဦးက ပြောသည်။
ASEAN ၏ သဘောထားကွဲလွဲမှုသည် လွန်ခဲ့သောအပတ်က မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ပ်ိတ်ပင်သည့် ကုလသမဂ္ဂဆုံးဖြတ်ချက်မူကြမ်းကို ၎င်းတို့ကန့်ကွက်ခြင်းဖြင့်လည်း ထင်ဟပ်နေသည်။
Reuters သတင်း၏အဆိုအရ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကို မဖြစ်မနေ လိုက်နာရမည့် တာဝန်မရှိသော ထိုဆုံးဖြတ်ချက်တွင် ထည့်သွင်းရန် ASEAN နိုင်ငံအများအပြားက သက်တောင့်သက်သာ ဖြစ်ကြသော်လည်း ထိုအပိုဒ်ကို ဖြုတ်ပေးရန် ထိုင်းနှင့်စင်္ကာပူတို့က ဦးဆောင်ကြခြင်းဟု သိရသည်။
မြန်မာနိုင်ငံသို့ မည်သည့်အချိန်တွင် အကူအညီများ ပေးပို့မည်နှင့်ပတ်သက်ပြီးလည်း ASEAN နိုင်ငံများအကြား သဘောထားကွဲလွဲကြသည်။ အတိုက်အခံများနှင့် ဆွေးနွေးရန် မြန်မာန်ိုင်ငံမှ မည်သည့် ကတိကဝတ်မျှမရဘဲ စောစီးစွာ အကူအညီ အထောက်အပံ့များပေးခြင်းအား စစ်ကောင်စီခေါင်းဆောင်များက ဝါဒဖြန့်ချိရေးအတွက် အသုံးချမည်ကိုလည်း စိုးရိမ်မှုများ ရှိကြောင်း သိရသည်။
ကိုးကား။ ။ Reuters
You may also like these stories:
ဆွေးနွေးမှုများ မစတင်မီ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် NUG တောင်းဆို
အာဆီယံ တောင်းဆိုချက်က လေးစား အထင်ကြီးစရာ လုံးဝ မရှိ
မြန်မာ့အရေး အာဆီယံထိပ်သီး အစည်းအဝေး သဘောတူညီချက်အပေါ် အမြင်များ