ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်များ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၂၁ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ဟာ အစိတ်အပိုင်း ၂ ခုနဲ့ ဖွဲ့စည်းထားပြီး အစိတ်အပိုင်း ၁ အနေနဲ့က ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင်ရာမှာ ကိုင်စွဲကြရမယ့် နှုန်း၊ စံ၊ အခြေခံမူများ အဓိက ပါဝင်ပြီး အစိတ်အပိုင်း ၂ ကတော့ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံများ ဖြစ်ကြပါတယ်။
အဆိုပါ ကြားကာလဖွဲ့စည်းပုံဆိုင်ရာ အစီအမံများမှာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဖွဲ့စည်းရေးနဲ့ NUCC က တိုင်းပြုပြည်ပြု ညီလာခံကျင်းပရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကိစ္စရပ်များနဲ့ လူထုဆန္ဒခံယူပွဲဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရမယ်လို့ ပါဝင်ပါတယ်။ ဒါ့အပြင် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနရဲ့ ၂၀၂၁ ခုနှစ်၊ မေလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကိစ္စရပ်များကို NUCC ကသာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်က ဒီလို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အလားသဏ္ဍာန်တူတဲ့ ကောင်စီမျိုး ဖွဲ့စည်းဖို့ အောင်ဆန်း-အက်တလီစာချုပ်အရ ဖွဲ့စည်းခဲ့တဲ့ နယ်ခြားဒေသ စုံစမ်းစစ်ဆေးရေးကော်မတီ (FACE) က တိုင်းပြုပြည်ပြုလွှတ်တော်ကို အကြံပြု တင်ပြခဲ့ဖူးပါတယ်။ ဒါကြောင့် NUCC ဆိုတာဟာ ၂၀၂၁ ခုနှစ် မြန်မာ့နွေဦး (Myanmar’s Spring) မှာ သမိုင်းတပတ်ပြန်လည်လာခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
နယ်ခြားဒေသ စုံစမ်းစစ်ဆေးရေးကော်မတီ (FACE) နှင့် အကြံပြုတင်ပြချက်များ
နယ်ခြားဒေသစုံစမ်းစစ်ဆေးရေးကော်မတီအကြောင်းကို ပြောမယ်ဆိုရင် ပြည်ထောင်စုခဲ့ကြပုံ၊ အောင်ဆန်း-အက်တလီစာချုပ်နဲ့ ပင်လုံစာချုပ်တို့ကိုပါ တွဲဖက် ရှင်းလင်းပါမှ ပြည့်စုံပါလိမ့်မယ်။ အခုမြန်မာနိုင်ငံဆိုတာက ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အရ ဗြိတိသျှကိုလိုနီ ၄ ခုကို ပေါင်းစည်းကာ ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ အဲ့ဒီကိုလိုနီ ၄ ခုကတော့ ချင်းတောင်တန်းဒေသ၊ ကချင်တောင်တန်းဒေသ၊ ပြည်ထောင်စုရှမ်းပြည်နှင့် အင်္ဂလိပ် မသိမ်းပိုက်မီက မြန်မာမင်းများ အုပ်စိုးခဲ့တဲ့ နယ်မြေတွေ ဖြစ်ကြပါတယ်။
အင်္ဂလိပ်တို့ဟာ အဆိုပါ ကိုလိုနီနယ် ၄ ခုကို သီးခြားစီ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သီးခြားဥပဒေများနဲ့ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ ၁၈၉၃ ခုနှစ်မှာ ကချင်တောင်တန်းဒေသအတွက် “Kachin Hills Tribes Regulation”၊ ၁၈၉၆ ခုနှစ်မှာ ချင်းတောင်တန်းဒေသအတွက် “Chin Hills Regulations”၊ ၁၉၂၂ ခုနှစ်မှာတော့ ပြည်ထောင်စု ရှမ်းပြည်အတွက် “Federated Shan States Act”နဲ့ မြန်မာမင်းများ ပိုင်ဆိုင်ခဲ့တဲ့ နယ်မြေများအတွက်ကိုတော့ ၁၉၃၅ ခုနှစ်မှာ “1935 Burma Act”ကို အသီးသီး ပြဌာန်း အုပ်ချုပ်ခဲ့ကြပါတယ်။
ဒီလိုသီးခြားတိုက်ခိုက် ကျွန်ပြုပြီး သီးခြား အုပ်ချုပ်ခဲ့ကြတဲ့ ကိုလိုနီဒေသများ ဖြစ်တဲ့အားလျော်စွာ သီးခြားလွတ်လပ်ရေးရယူပြီး သီးခြားအမျိုးသားနိုင်ငံတော် တည်ထောင်ဖို့အတွက် အခွင့်အရေးများ ရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလမှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဗမာကိုယ်စားလှယ်အဖွဲ့က လန်ဒန်သွားပြီး ဗြိတိသျှ အစိုးရနဲ့ ဗမာပြည်အနာဂတ်အရေးဆွေးနွေးတဲ့အခါ ဗမာပြည်နှင့်အတူ တောင်တန်းဒေသ နယ်မြေများကိုပါ တပြိုင်နက် လွတ်လပ်ရေးပေးဖို့ အဆိုပြုခဲ့ပါတယ်။ အဲ့ဒီအဆိုနဲ့ ပက်သက်ပြီး ရှမ်းပြည်စော်ဘွားများကောင်စီ (Shan States Saophas Council) က “ဗမာပြည်အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ ရှမ်းပြည်နဲ့ တောင်းတန်းဒေသများကို ကိုယ်စားပြုနိုင်ခြင်း မရှိကြောင်း” ဗြိတိသျှ အစိုးရဆီ ကြေးနန်းစာများ ပေးပို့ကန့်ကွက်ခဲ့ကြပါတယ်။
ကြေးနန်းပေးပို့ ကန့်ကွက်မှုကြောင့် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ချုပ်ဆိုတဲ့ အောင်ဆန်း-အက်တလီစာချုပ်မှာ တောင်တန်း ဒေသများနှင့် စပ်လျဉ်းပြီး အောက်ပါ အပိုဒ် ၈ ကို ထည့်သွင်းဖော်ပြ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီ အပိုဒ် ၈ ကတော့
“ချင်း၊ ကချင်နှင့် ရှမ်းလူမျိုးများက ဗမာပြည် ကြားဖြတ်အစိုးနှင့် ပူးပေါင်း၍ လွတ်လပ်ရေးကို အတူတကွ ရယူသင့် မသင့် ဟူသော ကိစ္စနှင့်
“အကယ်၍ လွတ်လပ်ရေးကို အတူတကွ ရယူမည်ဆိုပါက မည်သို့ မည်ပုံ ပူးပေါင်း၍ ရယူမည်ဆိုသော ပူးပေါင်းရေးနည်းလမ်း (Method of Association) ကို တောင်တန်းဒေသရှိ တိုင်းရင်းသားလူမျိုးများရဲ့ ဆန္ဒအတိုင်း ဆောင်ရွက် နိုင်ရမည်” ဟူသော အချက်ပင် ဖြစ်ပါတယ်။
အဆိုပါအပိုဒ် ၈ ကြောင့် ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းဒေသ ရှမ်း၊ ကချင်နဲ့ ချင်း လူမျိုးစု ခေါင်းဆောင်များနဲ့ အတူ သမိုင်းဝင် ပင်လုံညီလာခံကို ကျင်းပကာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါပေမယ့် ပင်လုံစာချုပ်ဟာ ကချင်၊ ချင်းနှင့် ရှမ်းလူမျိုးစု တောင်တန်းဒေသများက လွှတ်လပ်ရေးကို ပိုမိုလျင်မြန်စွာရရှိလိုတဲ့အတွက် ဗမာကြားဖြတ် အစိုးရနှင့် ပူးပေါင်းရန် သဘောတူခြင်းသာ ဖြစ်ပြီး ဘယ်လို ပူးပေါင်းကြမယ်ဆိုတဲ့ ပူးပေါင်းရေးနည်းလမ်း (Method of Association) မပါဝင်သေးပါဘူး။
ဒါကြောင့် အောင်ဆန်း-အက်တလီစာချုပ်အရ ပူးပေါင်းရေးနည်းလမ်းရှာဖွေဖို့ “နယ်ခြားဒေသ စုံစမ်းစစ်ဆေးရေး ကော်မတီ (Frontier Areas Committee of Enquiry-FACE) ကို သခင်နုအပါအဝင် အဖွဲ့ဝင် ၇ ဦး ပါဝင်ဖွဲ့စည်းခဲ့ပြီး ဗြိတိန် Labor ပါတီ အမတ် Rees-Williams က ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။
နယ်ခြားဒေသစုံစမ်းစစ်ဆေးရေး ကော်မတီက ချင်း၊ ကချင်နဲ့ ရှမ်းလူမျိုးစုတွေသာမက ကရင်နှင့် ကရင်နီ (ကယား) လူမျိုးတို့ရဲ့ ဆန္ဒကိုပါ စုံစမ်းစစ်ဆေးခဲ့ပြီး တိုင်းပြုပြည်ပြုလွှတ်တော်ကို အကြုံပြုချက်များ ပေးပို့တင်ပြခဲ့ကြပါတယ်။ အဆိုပါ အကြံပြုချက်များမှာ ပြည်ထောင်စုရှမ်းပြည်နဲ့ ကချင်တောင်တန်း ဒေသတို့ဟာ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းမယ့် နိုင်ငံတော်ကို အထူးလိုလားကြပြီး ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်မှာ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်မျာနဲ့ ဖွဲ့စည်းဖို့ လိုလားကြပါတယ်။ ဆူမ္မရာဘွမ်၊ သောင်သွပ်၊ ဆင်ကလင်းခမ်းတီးနှင့် ဟုမ္မလင်းဒေသ ကိုယ်စားလှယ်များကတော့ ဗမာပြည် (Ministerial Burma) နဲ့ ပေါင်းစပ်လိုကြပြီး Ministerial Burma မှာ ရရှိမယ့် အခွင့်အရေးအားလုံးကို ရရှိခံစားလိုကြပါတယ်။
ချင်းတောင်တန်းဒေသတွေကတော့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ရဲ့ အဖွဲ့ဝင်ပြည်နယ်တခုအဖြစ် ပါဝင်ဖို့ လိုလားပေမယ့် ချင်းလူမျိုးတွေရဲ့ ဓလေ့ထုံထမ်း အစဉ်အလာအတိုင်း ကိုယ်ပိုင်စီမံပိုင်ခြင်းကို လုံးဝအနှောင့် အယှက် မပေးဖို့နဲ့ ရိုးရာ အစဉ်အလာအုပ်ချုပ်ရေးစနစ်အရ Chieftains ခေါ် ရမ်အုပ် (Ram-Uk) များက သက်ဆိုင်ရာ တောင်ကြောအလိုက် အုပ်ချုပ်ခြင်းကို လိုလားကြပါတယ်။ ကရင်နီ (ကယား) ပြည်နယ် ကိုယ်စားလှယ်များက တိုင်းပြုပြည်ပြုလွှတ်တော် တက်ရောက်ဖို့ ဆန္ဒရှိပေမယ့် ပြည်ထောင်စုဝင် ပြည်နယ်အဖြစ် ပါဝင်ရေး/မပါဝင်ရေးကို ယတိပျက် မဆုံးဖြတ်နိုင်သေးကြောင်း အစီရင်ခံစာအရ တွေ့ရှိရပါတယ်။ လူမျိုးစုအားလုံးအနေကတော့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရရှိရေးကို ဘုံသဘောတူလိုလားကြပါတယ်။
အထက်ကကဲ့သို့ ဗမာပြည်မနဲ့ တောင်တန်းဒေသအကြား၊ တောင်တန်းဒေသ အချင်းချင်းအကြားမှာ နိုင်ငံရေးအရ တွေ့ကြုံဖြတ်သန်းခဲ့မှု မတူညီကြတဲ့ အခြေအနေတွေကြောင့် လက်ရှိ တိုင်းပြုပြည်ပြုလွှတ်တော်ဟာ အနာဂတ်နိုင်ငံရေးပုံစံကို ဖက်ဒရယ်စနစ်နဲ့ သွားမယ်လို့ ဆုံးဖြတ်ထားရင်တောင်မှ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲဖို့ မသင့်လျော်ကြောင်း တွေ့ရှိရပါတယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မတီက တင်ပြခဲ့ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် အခုလက်ရှိ အခြေအနေမှာ အသင့်တော်ဆုံးလို့ ယူဆရတာက ယာယီဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကိုသာ ပြဌာန်းပြီး အဲ့ဒီယာယီဖွဲ့စည်းပုံ ဥပဒေနဲ့ ဖက်ဒရယ်ကောင်စီ (Federal Council) တရပ်ကို ဖွဲ့စည်းသင့်ပါကြောင်း အကြံပြုခဲ့တာကို တွေ့ရပါတယ်။ ဖက်ဒရယ်ကောင်စီအနေနဲ့က ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ ဆောင်ရွက်ညှိနှိုင်းရမယ့် အရေးအရာ ကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းသင့်ပြီး နောင်သောအခါမှ အဲ့ဒီကောင်စီကို ဖက်ဒရယ်ပြည်ထောင်စုရဲ့ အထက်လွှတ်တော် (senate) (ဝါ) လူမျိုးစုလွှတ်တော်အဖြစ် အသွင်ပြောင်းသင့်ကြောင်း အကြံပြုခဲ့ပါတယ်။
မပြီးမြောက်သေးသော တာဝန်ကို ဆက်လက်ထမ်းရွက်ရမယ့် NUCC
အဆိုပါ နယ်ခြားဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်ကို ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖ.ဆ.ပ.လ) အဖွဲ့ချုပ် အများစု (၉၅.၃%) အနိုင်ရခဲ့တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်က လစ်လျူရှုခဲ့ဟန်တူပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ဖ.ဆ.ပ.လ အဖွဲ့ချုပ်က ၁၉၄၇ ခုနှစ်၊ မေလ ၁၉ ရက်ကနေ ၂၃ ရက်နေ့အထိ အခြေခံဥပဒေရေးဆွဲရေးအတွက် ပဏာမညီလာခံတရပ်ကို ကျင်းပခဲ့ပါတယ်။
ပဏာမညီလာခံပြီးတဲ့နောက်မှာတော့ ၁၉၄၇ ခုနှစ်၊ ဇွန်လမှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော် ညီလာခံက နိုင်ငံတော်ဖွဲ့စည်းပုံရေးဆွဲရေး ၇၅ ဦးကော်မတီနှင့် ဆပ်ကော်မတီ ၇ ခုတို့ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ အဲ့ဒီ ညီလာခံမှာ သခင်အောင်ဆန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာမှာ အခြေခံရမယ့် အချက် ၇ ချက်ကို တင်သွင်းခဲ့ပါတယ်။ ဒါကြောင့် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်ကောင်စီဟာ အမေ့ခံ ဖြစ်ခဲ့ရပါတယ်။
သခင်အောင်ဆန်းအပါအဝင် နိုင်ငံခေါင်းဆောင်တွေ လုပ်ကြံခံတာကြောင့် လစ်လပ်နေရာတွေမှာ လူစားထိုး ခန့်အပ်ခဲ့ကြပြီး သခင်အောင်ဆန်းနေရာမှာ သခင်နုက ဆက်လက် တာဝန်ယူခဲ့ပါတယ်။ သခင်နုကလည်း သူကိုယ်တိုင် ကော်မတီဝင်အဖြစ် ပါဝင်ခဲ့တဲ့ နယ်ခြားဒေသစုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ အကြံပြုချက်တွေဖြစ်တဲ့ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးနဲ့ ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းရေးတို့ကို ဆက်လက် လစ်လျူရှုခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၂၉ မှာ ဒုတိယအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော် ညီလာခံကို လည်းကောင်း၊ စက်တင်ဘာလ ၁၅ ရက်မှာ တတိယအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော် ညီလာခံကိုလည်းကောင်း ကျင်းပပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၁၉၄၇ ကို ရေးဆွဲ အတည်ပြုခဲ့ပါတော့တယ်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေက ပင်လုံစာချုပ်၊ သခင်အောင်ဆန်းရဲ့ လမ်းညွှန်မူ ၇ ချက်တို့နဲ့ ကွဲလွဲရုံသာမက မူအရသာ ဖက်ဒရယ်ဖြစ်ကြောင်း လက်တွေ့အရ တပြည်ထောင်စနစ်သာ ဖြစ်တယ်လို့ ဦးဆောင်ရေးဆွဲသူ ဦးချန်ထွန်းကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ ဒီလိုဖြစ်ရခြင်းအကြောင်းတွေထဲက တခုကတော့ နယ်ခြားဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်ဖြစ်တဲ့ ဗမာပြည်မနဲ့ တောင်တန်းဒေသ အကြား၊ တောင်တန်းဒေသ အချင်းချင်းအကြား နိုင်ငံရေးအရ မတူကွဲပြားမှု အခြေအနေတွေကို ဖြေရှင်း ကိုင်တွယ်ဖို့အတွက် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီး ဖက်ဒရယ်ကောင်စီဖွဲ့ရန် အကြံပြုချက်ကို လျစ်လျူရှုခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။
အခုအခါမှာတော့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဟာ နယ်စပ်ဒေသစုံစမ်းစစ်ဆေးရေး ကော်မတီက အကြုံပြုခဲ့တဲ့ ဖက်ဒရယ်ကောင်စီနှင့် အလားသဏ္ဍာန်အားဖြင့် တူတယ်လို့ စာရေးသူအနေနဲ့ ရှုမြင်ပါတယ်။ မတူကွဲပြားတာကတော့ NUCC မှာ စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ နိုင်ငံရေးပါတီတွေ၊ CDM လှုပ်ရှားမှုအဖွဲ့တွေ၊ လူထုလှုပ်ရှားမှု ဦးဆောင်အဖွဲ့တွေ၊ အရက်ဖက်လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်သားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ စသဖြင့် အင်အားစုများ ပိုမို စုံလင်စွာ ပါဝင်ကြမှာ ဖြစ်ပါတယ်။ တူညီတာက NUCC အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ကိစ္စရပ်များကို ညှိနှိုင်းအဖြေရှာရမှာဘဲ ဖြစ်ပါတယ်။
ဒါကြောင့် NUCC အနေနဲ့က သမိုင်းတပတ်လည်လာပြီး ၁၉၄၇ ခုနှစ်ကတည်းက အဆုံးမသတ်ခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ကိစ္စရပ်များကို ဖြေရှင်းရမှာဖြစ်ကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အတွက် အုတ်မြစ် ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကို အခုအခါ ဆက်လက်တာဝန်ယူ လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။ ဒီလို ကြီးမားလှတဲ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်ရမယ့် NUCC အနေနဲ့က တော်လှန်ရေးအင်အားစုများနဲ့ လူမျိုးစုများ အားလုံးပါဝင်လာအောင် ကြိုးစားသင့်ပြီး အခုထက် ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်သင့်လှပါတယ်။
ဥသြ (နိုင်ငံရေးသိပ္ပံ) သည် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံပညာ ကျောင်းသားတဦး ဖြစ်ပြီး Myanmar Youth for Peace Development ရဲ့ သုတေသီ တဦးလည်း ဖြစ်ပါသည်။
You may also like these stories:
မိုးဗြဲ ရဲစခန်းကို PDF က ဝင်တိုက်၊ စစ်ကောင်စီဘက်မှ လက်နက်ကိုင် ၂၀ ဦး သေဆုံး
ပြည်တွင်းစစ်နှင့် ပြောက်ကျားစစ်ဆင်ရေး
ကနီ – မင်းကင်း လမ်းပေါ်တွင် တိုက်ပွဲ ဖြစ်၊ စစ်ကားများ မိုင်းဆွဲခံရ