ကမ္ဘာတဝန်း ကူးစက်ရောဂါဖြစ်ပွားပြီး တနှစ်ခွဲကြာသည်အထိ ကိုဗစ်-၁၉ ဖြစ်ပွားစေသော SARS-CoV-2 ဗိုင်းရပ်စ် မည်သည့်နေရာမှ လာသည်ကို မိမိတို့ မသိရသေးပေ။ အများစုအမြင်မှာ ထိုဗိုင်းရပ်စ်သည် လင်းနို့များမှ လူသားများသို့ ကူးစက်လာသည်ဆိုသည့် အယူအဆဖြစ်သည်။ သို့သော် ထိုဗိုင်းရပ်စ်သည် ၂၀၁၉ ခုနှစ်ကုန်က ကိုဗစ် စတင်ပေါ်ပေါက်လာသော တရုတ်နိုင်ငံ ဝူဟန်မြို့မှ ဓါတ်ခွဲခန်းတခုမှ လုံခြုံရေးစည်း ပေါက်ထွက်လာသည်ဆိုသည့် အယူအဆကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမှုများ ပိုမိုများပြားလာသည်။
ထို့ကြောင့် မိမိတို့သည် မည်သည်တို့ကို အသေအချာသိပြီး မည်သည်တို့ကို သိရှိရန် လိုသေးသနည်း။
SARS-CoV-2 ၏ မျိုးဗီဇ တည်ဆောက်ပုံစနစ်သည် လင်းနို့ကိုရိုနာဗိုင်းရပ်စ်များနှင့် နီးစပ်ကြောင်း မိမိတို့ သိသည်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာက ၎င်း၏ ဘိုးဘေးဘီဘင်များသည် တောင်အာရှရှိ လင်းနို့များတွင် ပျံ့နှံ့နေသည်။
သို့သော် မဖြေဆိုနိုင်သေးသည့် မေးခွန်းများစွာ ရှိနေသေးသည်။ ထိုဗိုင်းရပ်စ် ဝူဟန်သို့ မည်သို့ရောက်သည်၊ ၎င်း၏မျိုးဗီဇစနစ်သည် လူသားကို ကူးစက်နိုင်ရန် မည်သို့ဆင့်ကဲတိုးတက်သည်နှင့် ၎င်းနှင့်မမျှော်လင့်ဘဲ တွေ့သည့် ပထမဆုံးလူသားကို မည်သည့်အခြေအနေအောက်တွင် ကူးစက်လိုက်သည်ကို မိမိတို့မသိသေးပေ။ ထိုအဆင့်တခုစီတွင်လည်း လူသား၏ အထောက်အကူကို သွယ်ဝိုက်ဖြစ်စေ တိုက်ရိုက်ဖြစ်စေ ရ မရကိုလည်း မိမိတို့ မသိသေးပေ။
Zoonotic ကူးစက်မှု လမ်းကြောင်းခေါ် ဗိုင်းရပ်စ်များ တိရိစာ္ဆန်မှ လူသားသို့ ကူးစက်လမ်းကြောင်းကို ကမ္ဘာတဝန်းတွင် ကောင်းစွာ မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ ထိုဖြစ်ရပ်သည် ဗိုင်းရပ်သစ်များ ပျံ့နှံ့ခြင်း၏ အဓိကယန္တရားဖြစ်သည်ဟုပင် သိပ္ပံပညာရှင်များ သတ်မှတ်ကြသည်။
သို့သော် လူသားများကို ကူးစက်ရန် အလားအလာရှိသော ကိုရိုနာ ဗိုင်းရပ်စ်များကို အထူးပြုလေ့လာသည့် ဗိုင်းရပ်စ် သုတေသနဌာန (ဝူဟန် ဗိုင်းရပ်စ်ဗေဒ သိပ္ပံ) အနီးမှ ထိုကူးစက်ရောဂါ စတင်သည်ဆိုသည့် အချက်သည် နောက်ထပ် အခြေခံ မှန်းဆချက်ဖြစ်သော ဗိုင်းရပ်စ်အစ ဓါတ်ခွဲခန်းက ဆိုသည့် အယူအဆကို ပေါ်ပေါက်စေသည်။ ဓါတ်ခွဲခန်း မတော်တဆမှုများကြောင့် လူသားများကို ကူးစက်မှုများ ယခင်ကလည်း ရှိခဲ့ပြီး ဖြစ်သည်။ လူ ၇ သိန်းကျော် သေဆုံးစေသော ၁၉၇၇ ခုနှစ် ကမ္ဘာတဝှမ်း H1N1 flu တုတ်ကွေးကူးစက်ရောဖြစ်ပွားမှုသည် ထိုသို့သော မတော်တဆမှုများတွင် ပါဝင်သည်။
မည်သည့်အယူအဆ မှန်သနည်း။ တိကျသော သက်သေပြချက် မရှိသကဲ့သို့ လျှို့ဝှက်ပူးပေါင်း ကြံစည်မှု သဘောတရားများကိုလည်း အားမပေးဘဲ SARS-CoV-2 ၏ မူလအစကို နိုင်ငံတကာ အလေးအနက် ဆွေးနွေးမှု လိုအပ်သည်။
တိရိစာ္ဆန်မှ လူသို့ ကူးစက်မှု အယူအဆ
သိပ္ပံပညာ အသိုက်အဝန်းတွင် SARS-CoV-2 ၏ မူလအစကို ငြင်းခုန်ဆွေးနွေးမှုကို ထိုရောဂါဖြစ်ပွားစတွင် ဆောင်ပါးနှစ်ပုဒ် ထုတ်ဝေခြင်းဖြင့် စတင်သည်။
၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ ရက်စွဲဖြင့် ပထမဆောင်းပါးကို ဆေးသိပ္ပံဂျာနယ် Lancet တွင် ဖေါ်ပြသည်။ သိပ္ပံပညာရှင် ၂၇ ဦး လက်မှတ်ရေးထိုးထားသည့် ထိုဆောင်းပါးက ထိုကမ္ဘာတဝန်း ကူးစက်ရောဂါ၏ မူလအစကို ရှာဖွေရန်နှင့် ရလဒ်များကို မျှဝေရန် တရုတ်ကျွမ်းကျင်သူများ၏ အားထုတ်မှုကို ဖေါ်ပြသည်။ ထိုဆောင်းပါးရှင်များက ထိုဗိုင်းရပ်စ်၏ မူလအစနှင့် ပတ်သက်သည့် ကောလာဟလများနှင့် သတင်းမှားများသည် လွန်စွာဆိုးရွားကြောင်းပြောပြီး ကိုဗစ်-၁၉ တွင် သဘာဝအတိုင်းဖြစ်ပေါ်သော ရင်းမြစ်မရှိဆိုသည့် လျှို့ဝှက်ပူးပေါင်းကြံစည်မှု သဘောတရားများကို အပြင်းအထန် ရှုတ်ချကြောင်း ဖေါ်ပြသည်။ ထိုဆောင်းပါးရှင်များက ၎င်းတို့၏ အယူအဆကို ပထမဆုံးထုတ်ပြန်သည့် မျိုးဗီဇစနစ် အချက်အလက်များတွင် အခြေခံသော်လည်း SARS-CoV-2 အစ သဘာဝမှ ဆိုသည့် အချက်ကို အထောက်အကူပြုသည့် သိပ္ပံနည်းကျ ဆွေးနွေးချက် အသေးစိတ်ကို ဖေါ်ပြခြင်းမပြုပေ။
၂၀၂၀ ခုနှစ် မတ်လတွင် Nature Medicine စာစောင်တွင် ဖေါ်ပြသည့် နောက်ထပ်ဆောင်းပါးတပုဒ်ကမူ SARS-CoV-2 အစ သဘာဝမှ ဆိုသည့် သိပ္ပံနည်းကျဆွေးနွေးချက်အများအပြားကို ဖေါ်ပြသည်။ ထိုဆောင်းပါးရှင်များက –
ကိုရိုနာဗိုင်းရပ်စ် ပေါ်ပေါက်လာသည့် ထုံးစံစနစ်သည် သဘာဝသာဖြစ်သောကြောင့် သဘာဝမှ လာသည်ဆိုသည့် အခြေခံယူဆချက်သည် လက်ခံနိုင်ဖွယ်ရှိကြောင်း၊
ရရှိထားပြီးသော မျိုးဗီဇစနစ်များမှ ဗိုင်းရပ်စ်သစ်တခုကို ထုတ်လုပ်ရေးအတွက် မျှော်မှန်းမည်ဆိုလျှင်လည်း အခြားသိရှိပြီးသော ကိုရိုနာဗိုင်းရပ်စ်များနှင့် SARS-CoV-2 ၏ မျိုးဗီဇစနစ်အကြား ဆက်စပ်မှုမှာ ဝေးကွာလွန်းကြောင်းနှင့်
၎င်း၏ မျိုးဗီဇစနစ်သည် ဓါတ်ခွဲခန်းတွင် မျိုးဗီဇပြုပြင်ထားသည့် အထောက်အထားများကို မပြသကြောင်း တို့ဖြစ်သည်။
ဗိုင်းရပ်စ်၏ မျိုးဗီဇစနစ်များကို သဲလွန်စမထားခဲ့ဘဲ ပြုပြင်ပြောင်းလဲရန် သိပ္ပံပညာရှင်များအတွက် နည်းလမ်းမရှိ၍ ထိုနောက်ဆုံးဆွေးနွေးချက်ကို မေးခွန်းထုတ်စရာရှိသည်။ ထိုသို့ လုပ်ဆောင်ရာတွင် မျိုးဗီဇ အစုံများကို နောင်တွင်ပြန်လည်ပေါင်းစပ်နိုင်အောင် အပိုင်းပိုင်ဖြတ်တောက်ခြင်းနှင့် မကြာသေးမီက အသုံးပြုသည့် ကူးစက်တတ်သော မျိုးဗီဇ အစိတ်အပိုင်း ပွားများခြင်းနည်း – ISA protocol ကိုသုံးပြီး တူရာများ ပြန်လည် ပေါင်းစည်းခြင်း – homologous recombination နည်းဖြင့် တူညီသောအပိုင်းအစများသည် ဆဲလ်များတွင် အလိုအလျောက်ပေါင်းစည်းခြင်းတို့ ပါဝင်သည်။ ထိုဖြစ်ရပ်သည် ဒီအင်န်အေ မော်လီကျူးနှစ်ခုတို့ အပိုင်းအစများ ဖလှယ်သည့် အခြင်းအရာဖြစ်သည်။ ထို့အပြင် မျိုးဗီဇကို လိုသလို ပြုပြင်ခြင်းသည် ဓါတ်ခွဲခန်း မတော်တဆမှုနှင့် ကိုက်ညီသည့် တခုတည်းသော အခြေအနေမဟုတ်ပေ။
တချိန်တည်းတွင် သဘာဝမှ ဖြစ်ပေါ်လာသည်ဆိုသည့် အယူအဆကို သက်သေပြရန် ပြင်းထန်သော သုတေသနများကို တနှစ်ကျော် လုပ်ဆောင်ခဲ့သော်လည်း လက်ရှိအချိန်အထိ အောင်မြင်ခြင်းမရှိသေးပေ။ မျိုးစိတ်ပေါင်း ၃၀ မှ တိရိစာ္ဆန်အမျိုးအစား ၈၀၀၀ ၏ နမူနာများအားလုံးတွင် ကူးစက်ခြင်း မရှိကြောင်း တွေ့ရသည်။ ထိုတိရိစာ္ဆန်များအားလုံးမှာ တရုတ်နိုင်ငံပြည်နယ်အမျိုးမျိုးမှ မွေးမြူရေး တိရိစာ္ဆန်နှင့် သားရိုင်းတိရစာ္ဆန်များမှ နမူနာများဖြစ်သည်။ သို့သော် ထိုမျှများပြားသော တိရစာ္ဆန်များတွင် ကူးစက်ခြင်း မရှိခြင်းကြောင့် တိရိစာ္ဆန်မှ လူသို့ ကူးစက်သည့် အယူအဆကို ချေဖျက်နိုင်ခြင်း မရှိသည်ကိုလည်း မှတ်သားရန် လိုသည်။
SARS-CoV-2 အစ ဓါတ်ခွဲခန်းက အယူအဆ
ဓါတ်ခွဲခန်း မတော်တဆမှုနှင့်ပတ်သက်သည့် အစောပိုင်းဆောင်းပါးများသည် နည်းပညာကို ဝေဖန်လေ့ရှိသော Bulletin of the Atomic Scientists နှင့် ပြင်ပ အဖွဲ့အစည်းဖြစ်သော DRASTIC (decentralized radical autonomous search team investigating Covid-19) အဖွဲ့တို့မှ လာသောကြောင့် အာရုံစိုက်မှု အနည်းငယ်သာရသည်။
တွစ်တာစုံထောက်များဟု ၎င်းတို့ကိုယ်၎င်းတို့ခေါ်ပြီး အမည်ရင်းကို အသုံးပြုပါဝင်သည့် သိပ္ပံပညာရှင် အနည်းငယ်မျှမှအပ အများအားဖြင့် အမည်မဖေါ်သူ ၂၄ ဦးပါဝင်သောအဖွဲ့ DRASTIC ကို တွစ်တာတွင် ၂၀၂၀ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ၎င်းတို့ဖာသာ ၎င်းတို့ SARS-CoV-2 ၏ မူလအစကို ရှာရန် လုပ်ဆောင်ကြသည်။ ထိုအဖွဲ့မှ သတင်းအချက်အလက်များနှင့်ဆွေးနွေးချက်များကို အချို့သော ဗိုင်းရပ်စ်ဗေဒ ပညာရှင်များ၊ အဏုဇီ၀ဗေဒပညာရှင်များနှင့် သိပ္ပံပညာပေါင်းကူပေးသူမျာက ၎င်းတို့ဖာသာ ၎င်းတို့ စစ်ဆေး၊ လက်ခံ၊ ဖြည့်စွက်ကြသည်။
ဓါတ်ခွဲခန်းမတော်တဆမှု ဖြစ်နိုင်ခြေကို ဆွေးနွေးသည့် ပထမဆုံး သိပ္ပံနည်းကျ ဆောင်းပါးသည် ပညာရှင်များ ဖတ်သည့် သုံးသပ်မှုဂျာနယ်များတွင် ၂၀၂၀ ခုနှစ် ဇူလိုင်နှင့် သြဂုတ်လများတွင် ပါဝင်လာသည်။ ထိုဆောင်းပါးများအနက်တခုကို ယခုဆောင်းပါးရေးသားသူတဦးဖြစ်သည့် အီတီယန်ဒီခရိုလီက ပူးတွဲရေးသား ခဲ့သည်။ မေလ ၁၃ ရက်နေ့ထုတ် Science ဂျာနယ်မှ ဆောင်းပါးရှင် ၁၈ ဦးလက်မှတ်ရေးထိုးသည့် ဆောင်ပါးတပုဒ်က SARS-CoV-2 ဗိုင်းရပ်စ်၏ မူလအစကို စုံစမ်းစစ်ဆေးရန် ထပ်မံတောင်းဆိုသောအခါ ဓါတ်ခွဲခန်း မတော်တဆမှု အယူအဆသည် ပိုမိုအခြေခိုင်လာသည်။
ထိုသို့ ဖြစ်နိုင်ပါမည်လော။ ထိုဗိုင်းရပ်စ်ပေါ်ပေါက်လာပုံနှင့်ပတ်သက်သည့် အခြေခံအများအပြားသည် မေးခွန်းများကို ဖြစ်စေသည်။ အထူးသဖြင့် ဝူဟန် ဗိုင်းရပ်စ် သုတေသနဌာနသည် တရုတ်နိုင်ငံတောင်ပိုင်းမှ စုဆောင်းထားသည့် SARS-CoV-2 နှင့် နီးစပ်သည့် ဗိုင်းရပ်စ်များကို ကိုင်တွယ်နေသည်ဆိုသည့်အချက်သည် အခိုင်အမာဖြစ်လာသည်။
မျိုးဗီဇကို တိုက်ရိုက်လိုသလို ပြုပြင်ပြောင်းလဲခြင်းအတွက် ထပ်မံဖြည့်စွက်ကြည့်ရှုရန်မှာ တောထဲတွင် လိုက်လံစုဆောင်းစဉ် ကူးစက်ခံရခြင်း၊ ဓါတ်ခွဲခန်းအတွင်း ကြွက်တကောင်တွင် သို့မဟုတ် ဆဲလ်များတွင် ဆင့်ကဲတိုးတက်လာသော ဗိုင်းရပ်စ်နှင့် စမ်းသပ်မှုအတွင်း ကူးစက်ခံရခြင်းတို့ကြောင့် ဓါတ်ခွဲခန်း မတော်တဆမှုဟု ဆိုခြင်းသည် မျိုးဗီဇကို တိုက်ရိုက် ပြုပြင်ပြောင်းလဲခြင်းဟု ယူဆရန် မလိုပေ။
သေချာအောင် မည်သို့လုပ်ဆောင်နိုင်သနည်း
ယခုနှစ်အစောပိုင်းက တရုတ်နိုင်ငံနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပူးတွဲကော်မရှင်၏ စုံစမ်းစစ်ဆေးမှုသည် ထိုကူးစက်ရောဂါ၏ အကြောင်းရင်းကို မဖေါ်ထုတ်နိုင်ဘဲ တိရိစာ္ဆန်မှ လူသို့ ကူးစက်ခြင်းသည် ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ကြောင်း ဓါတ်ခွဲခန်းမတော်တဆမှု အခြေခံယူဆချက်သည် လွန်စွာမဖြစ်နိုင်ကြောင်း ကောက်ချက်ချသည်။ သို့သော် WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဟန်နွမ် ဂျီဘရေးရီးစပ်က နောက်ထပ်လေ့လာမှုများဖြင့် ကိုင်တွယ်ဖြေရှင်းရမည့် မေးခွန်းများရှိနေသေးကြောင်း ပြောသည်။
SARS-CoV-2 သည် ဓါတ်ခွဲခန်းမှ မတော်တဆလွတ်ထွက်လာခြင်း ဟုတ်မဟုတ်ကို ဆုံးဖြတ်ရန်မှာ ပိုမိုအသေးစိတ်သော စုံစမ်းစစ်ဆေးမှုတခု လိုမည်ဖြစ်ပြီး ထိုစုံစမ်းစစ်ဆေးမှုတွင် စုံစမ်းစစ်ဆေးသူများသည် တရုတ်သုတေသီများ၏ မျိုးဗီဇစနစ် အချက်အလက် သိုမှီးထားသည့်နေရာများသာမက ဓါတ်ခွဲခန်းမှတ်စုစာအုပ်များ၊ တင်သွင်းသော ပရောဂျက်များ၊ သိပ္ပံနည်းကျ ရေးသားဖေါ်ပြချက်များ၊ ဗိုင်းရပ်စ် မျိုးဗီဇတည်ဆောက်ပုံများ၊ အစီအစဉ်စာရင်းများနှင့် ဇီဝသရုပ်ခွဲလေ့လာမှုများအပါအဝင် အမျိုးမျိုးသော ရင်းမြစ်များကို လေ့လာခွင့်ရရန် လိုသည်။ ကံမကောင်းအကြောင်းမလှစွာပင် SARS-CoV-2 ၏ မျိုးဗီဇစနစ် အချက်အလက်များ သိုမှီးထားသောနေရာကို သိပ္ပံပညာရှင်များသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလကပင် လေ့လာခွင့်မရတော့ပေ။
တိုက်ရိုက်အထောက်အထားများ မရှိသောကြောင့် အခြားနည်းလမ်းများသည် နောက်ဆက်တွဲ သတင်းအချက်အလက်များကို ပေးနိုင်သည်။ SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးဗီဇစနစ်နှင့် အလားတူသော ရနိုင်သမျှ အချက်အလက်များကို အသေးစိတ် သရုပ်ခွဲလေ့လာခြင်းအားဖြင့် သိပ္ပံပညာ အသိုက်အဝန်းသည် ၁၉၇၇ ခုနှစ် H1N1 ဗိုင်းရပ်စ်အပါအဝင် အခြားကူးစက်မှုများက လုပ်ခဲ့သည့် အတိုင်း ခိုင်မာသော သဲလွန်စများအပေါ် အခြေခံသည့် ဘုံသဘောတူညီချက်တခု ရမည်ဖြစ်သည်။
ဇီ၀ဗေဒဆိုင်ရာ သေတ္တာနက်များ
မူလအစသည် တိရိစာ္ဆန်မှ လူသို့ ကူးသည်ဖြစ်စေ၊ မကူးသည်ဖြစ်စေ မိမိတို့သည် မိမိတို့နှင့် ဂေဟဗေဒစနစ်များအကြား အပြန်အလှန် ပြုမူဆောင်ရွက်မှုများ၊ အကြီးအကျယ်မွေးမြူရေးကို စက်မှုပုံစံလုပ်ဆောင်ခြင်း၊ ကမ္ဘာတဝန်း ကူးစက်နိုင်ခြေရှိသော ဗိုင်းရပ်စ်များကို စုဆောင်းခြင်းနှင့် စမ်းသပ်ခြင်း၊ လုံခြုံရေးမြင့်မားစွာ လိုသည့် ဓါတ်ခွဲခန်းများ ပျံ့နှံ့လာခြင်း အထူးသဖြင့် မဟာမြို့ကြီးများအနီးတွင် များပြားလာခြင်းတို့၏ အကျိုးဆက်များကို မေးခွန်းထုတ်ရန် လိုသည်။
မိမိတို့သည် ဗိုင်းရပ်စ်လေ့လာသော ဌာနများတွင် ညူကလီးယားစွမ်းအင်လေ့လာသော ဌာနများတွင် အသုံးပြုသည့် တင်းကျပ်သော လုံခြုံရေးစနစ်များကို တပ်ဆင်သင့်သည်။ ထိုသို့သော စနစ်များတွင် လေယာဉ်မတော်တဆမှု၏ နောက်ဆုံးအချိန်ကို ပြန်လည်ဖန်တီးပေးရန် စုံစမ်းစစ်ဆေးသူများ အသုံးပြုသည့် သေတ္တာနက်ကဲ့သို့သော ဇီ၀ဗေဒဆိုင်ရာသေတ္တာနက်များ အသုံးပြုခြင်း ပါဝင်နိုင်သည်။ အချို့အန္တရာယ်များသော ဓါတ်ခွဲခန်းများ အသုံးပြုခွင့်ကို စမ်းသပ်မှုများ၏ အသေးစိတ် ဒစ်ဂျစ်တယ်နည်းပညာဖြင့် သရုပ်ဖေါ်မှုအပေါ် မူတည်၍သာ ပေးနိုင်ပြီး မျိုးဗီဇစနစ်ဆိုင်ရာ အချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်နိုင်သည်။ ဓါတ်ခွဲခန်းလေစစ် ကိရိယာများကို ရယူနိုင်ရမည်ဖြစ်ပြီး ပိုးမွှားများ ပျံ့နှံ့သည်ဟု သံသယရှိလျှင် ၎င်းတို့ မျက်နှာပြင်များမှ မျိုးဗီဇနှင့်သက်ဆိုင်သော အရာများကို ရှေ့နောက် စနစ်တကျလေ့လာနိုင်ရမည်။
အနာဂတ် ကမ္ဘာတဝန်းကူးစက်ရောဂါ အန္တရာယ်ကို ကန့်သတ်ထားနိုင်ရန် ထိုသို့သော လုံခြုံရေး အစီအမံသစ်များကို နိုင်ငံတကာတွင် ချမှတ်ရမည်။ SARS-CoV-2 နှင့်ပတ်သက်လျှင် ထိုရောဂါပျံ့နှံ့ခြင်းကို ဖြစ်စေခဲ့နိုင်သည့် ချို့ယွင်းချက်များကို အတိအကျနားလည်ရန် ၎င်း၏ တိကျသော မူလအစကို ခြေရာခံမိရန် အရေးကြီးပါသည်။
(The Conversation တွင် ဖော်ပြထားသော ပြင်သစ် ဆေးသုတေသီ ၂ ဦး ဖြစ်သော Virginie Courtier နှင့် Etienne Decroly တို့၏ Covid-19: why the lab leak theory must be formally investigated ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ကိုဗစ်တတိယလှိုင်း ဖြစ်လာလျှင် မြန်မာ ခံနိုင်ရည် မရှိ
ကိုဗစ်ကူးစက်မှုနှုန်း ပြန်မြင့်တက်လာ
အမေရိကန်တွင် ကာကွယ်ဆေးထိုးပြီးသူများ နှာခေါင်းစည်း ဖြုတ်နိုင်ပြီ