ကြားဝင်စွက်ဖက်မှုတွေ တော်လောက်ပြီ” ဟု တရုတ်ကမ္ဘာ့ရုပ်သံကွန်ရက် (CGTN) ၏ အင်တာနက်စာမျက်နှာမှ မတ်လ ၁၆ ရက်နေ့ဆောင်းပါးခေါင်းစဉ်က ဆိုသည်။ ညံ့ဖျင်းစွာ ရေးသားထားသည့်အပြင် ထိုဆောင်းပါးတွင် ထိုတရုတ်နိုင်ငံပိုင် သတင်းဌာနသည် ဖေဖေါ်ဝါရီ ၁ ရက်နေ့ မြန်မာစစ်အာဏာသိမ်းမှုအပေါ် အနောက်နိုင်ငံများ၏ တုံ့ပြန်မှုနှင့်ပတ်သက်ပြီး ထူးထူးခြားခြား ပြင်းပြင်းထန်ထန် တိုက်ခ်ိုက်ထားသည်။ ထိုဆောင်းပါးတွင် အမေရိကန်ပြည်ထောင်စုက ၎င်းတို့သည် ပြည်သူများကို ကူညီရန်ဟုဆိုကာ အီရတ်နှင့် အာဖဂန်တွင် ကြားဝင်စွက်ဖက်ကြောင်း သို့သော် ထိုစစ်ရေးတုံ့ပြန်မှုသည် ထိုနှစ်နိုင်ငံလုံးတွင် လူသေဆုံးမှုများနှင့် ဖရိုဖရဲဖြစ်မှုများကိုသာ ဖြစ်စေပြီး ပြည်သူလူထုသည် ကြောက်လန့်နေရကြောင်း ဖေါ်ပြသည်။ ထိုအပြင် အနောက်နိုင်ငံများမှ အသံများသည် မြန်မာနိုင်ငံတွင် မတည်ငြိမ်မှုများကို အားပေးပြီး ထိုအတိုင်းဆက်သွားလျှင် မြန်မာတွင် ပြည်တွင်းစစ်ဖြစ်မည်ဟု ထိုဆောင်းပါးက ဆက်လက်ရေးသားလိုက်ပြီး မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာကြာသည့် ပြည်တွင်းစစ် မရှိသည့် သဘောမျိုးပင် ဖေါ်ပြသည်။ ဆန္ဒပြသူများကို အနှစ်သာရကင်းမဲ့သည့် စကားလုံးများဖြင့် အားပေးထောက်ခံခြင်းသည် တာဝန်မဲ့သည်ဟုပင် CGTN က ကောက်ချက်ချသည်။
တဖက်တွင် တရုတ်နိုင်ငံသည် ဘေ့ဂျင်းမှ ထုတ်ပြန်သည့် ကြေညာချက်အများအပြားတွင် ဖေါ်ပြထားသည့်အတိုင်း ၎င်းတို့ ကာလရှည်ကြာစွာ ဆုပ်ကိုင်ထားသည့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူကိုသာ လိုက်နာကြောင်း ပြောသည်။ တရုတ်မှ အာဏာချုပ်ကိုင်ထားသူများ၏ အဆိုအရ ထိုမူဝါဒတွင် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထ်ိုင်ရေး မူကြီး ၅ ခုဖြစ်သော အချုပ်အခြာနှင့်နယ်မြေတည်တံ့ခိုင်မြဲရေးကို အပြန်အလှန်လေးစားခြင်း၊ ကျူးကျော်ရန်စမှု မပြုလုပ်ခြင်း၊ တနိုင်ငံ၏ ပြည်တွင်းရေးကို အခြားတနိုင်ငံက ဝင်ရောက်မစွက်ဖက်ခြင်း၊ တန်းတူညီမျှမှုနှင့် အပြန်အလှန် အကျိုးပြုခြင်းနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခြင်းတို့ဖြစ်ကြောင်း ဆိုသည်။ သို့သော် ဗြိတိန်နိုင်ငံအခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြံရေးလေ့လာရေးဌာနမှ ဒါရိုက်တာ ရှရစ် အေ အယ်လ်ဂက်ဘလီ၏ ၂၀၁၇ ခုနှစ် South China Morning Post သတင်းစာပါ အတွေးအမြင်ဆောင်းပါး၏ အဆိုအရ ထိုရပ်တည်ချက်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တရုတ်နိုင်ငံက မဲပေးခဲ့သည့် မှတ်တမ်းကဲ့သို့သော နိုင်ငံပြင်ပနှင့် သက်ဆိုင်သည့် လုပ်ရပ်များကို မှန်ကန်ကြောင်းပြသရန် ချမှတ်ထားသည့် ရပ်တည်ချက်ဖြစ်သည်။ ဥပမာအားဖြင့် ဆိုပါက မြန်မာဗိုလ်ချုပ်များ အားလုံးစုပေါင်းပြီး ကုလသမဂ္ဂက ဒဏ်ခတ်ခြင်းကို လိုလားသည့် အခြားလုံခြုံရေးကောင်စီဝင်နိုင်ငံများကို ပိတ်ဆို့တားဆီးရန်နှင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံများက ဝေဖန်ခြင်းအား ကန့်ကွက်ရန် ချမှတ်ထားသည့် ရပ်တည်ချက်သာဖြစ်သည်။

နိုင်ငံရေးသဘောထားကွဲသူများ၊ တိဗက်များနှင့် ဇင်ကျန်းမှ ဝီဂါမွတ်ဆလင်များအပေါ် လူ့အခွင့်အရေး ချိုးဖေါက်မှုများအတွက် တရုတ်နိုင်ငံကို အနောက်နိုင်ငံများက ဝေဖန်သည့်အခါတိုင်း တရုတ်နိုင်ငံက တုံ့ပြန်မှုမှာ မည်သည့်နိုင်ငံမျှ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့်မရှိ ဆိုသည့်စကားသာ ဖြစ်သည်။ ဟောင်ကောင်တွင် ဖိနှိပ်သည့် အမျိုးသားလုံခြုံရေး ဥပဒေသစ်ကို စတင်ချမှတ်ခြင်းအတွက် အမေရိကန်နိုင်ငံက လွန်ခဲ့သောနှစ် နိုဝင်ဘာလက တရုတ်အရာရှိလေးဦးကို ပိတ်ဆို့အရေးယူလိုက်သောအခါ ထိုလုပ်ရပ်သည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် လုပ်ရပ်ဖြစ်ကြောင်း တရုတ်နိုင်ငံကပြောသည်။
လူ့အခွင့်အရေး ချိုးဖေါက်မှုများသည် မည်သည့်နိုင်ငံ၏ ပြည်တွင်းရေးမျှမဟုတ်ဘဲ ထိုသို့သော လုပ်ရပ်များကို ဝေဖန်ခြင်းသည် အာဏာရှင်များ မကြာခဏပြောလေ့ရှိသကဲ့သို့ အမျိုးသားအချုပ်အခြာအာဏာကို ချိုးဖေါက်ခြင်း မဟုတ်ပေ။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကဲ့သို့သော နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများသည် ကမ္ဘာတဝန်း လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းများဖြစ်သည်။ ထို့အပြင် ၁၉၄၈ ခုနှစ် လူ့အခွင့်အရေးကြေညာစာတမ်း၊ ၁၉၇၆ ခုနှစ်တွင် စတင်သက်ဝင်ခြင်းမရှိမီ ၁၉၆၆ ခုနှစ်က ကုလသမဂ္ဂအထွေထွေ ညီလာခံက ချမှတ်ခဲ့သည့် နိုင်ငံတကာသဘောတူစာချုပ်ဖြစ်သော နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်နှင့် နိုင်ငံတကာ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ သဘောတူစာချုပ်တို့သည် မည်သည့်နိုင်ငံကမျှ လျစ်လျူရှု မရသည့်သည့် နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေများပင်ဖြစ်သည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးထားသော်လည်း နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ စာချုပ်တွင် လက်မှတ် ရေးထိုးခြင်း မရှိပေ။ တရုတ်နိုင်ငံသည် ၁၉၄၈ ခုနှစ် လူ့အခွင့်အရေးကြေညာစာတမ်းကို အနည်းဆုံး မူအားဖြင့် သဘောတူထားသော်လည်း တရုတ်သမ္မတရှီကျင့်ဖျင်က ၂၀၁၇ ခုနှစ်ဂျနီဗာတွင် မိန့်ခွန်းပြောသောအခါ လူသားများ၏ အနာဂတ်နှင့်ပတ်သက်သည့် အခြားအမြင်တခုကို တင်ပြသည်။ ထိုအမြင်တွင် သူက နိုင်ငံတခုစီ၏ အကြွင်းမဲ့ အချုပ်အခြာအာဏာပိုင်မှုကို အလေးထားပြောကြားပြီး နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ယဉ်ကျေးမှုနှင့် နိုင်ငံရေးသဘောထားကွဲလွဲမှုများကို လက်ခံရမည်ဖြစ်ကြောင်း ပြောသည်။ တရုတ်နိုင်ငံအကြောင်း ကာလကြာမြင့်စွာလေ့လာခဲ့သည့် သုတေသီတဦး၏ စကားဖြင့် ဆိုရပါက ဘေ့ဂျင်းမှ ခေါင်းဆောင်များနှင့် ၎င်းတို့နှင့် စိတ်ချင်းနီးသည့် မြန်မာစစ်အုပ်စုကဲ့သို့သော သူများသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှု အချုပ်အခြာအာဏာကို ကာကွယ်ရန်ကြိုးစားနေခြင်းဟုသာ ဆိုရမည်ဖြစ်သည်။
မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက လွန်ခဲ့သောနှစ် ဇန်နဝါရီလက ကြေညာချက်တစောင်ထုတ်ပြန်ပြီး ထိုကြေညာချက်တွင် “လွန်ခဲ့သော နှစ် ၇၀ က နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ပြီးနောက် တရုတ်-မြန်မာဆက်ဆံရေးသည် အပြန်အလှန်လေးစားမှု၊ အပြန်အလှန် ယုံကြည်မှုနှင့် အပြန်အလှန်ကူညီမှုများဖြင့် မှန်မှန်တိုးတက်လာခဲ့ပြီး နိုင်ငံကြီးများနှင့် နိုင်ငံငယ်များအကြား နှစ်ဖက်အကျိုးရှိပြီး သဟဇာတဖြစ်သော ပူးတွဲတည်ရှိမှု၏ နမူနာတရပ်ကို ချမှတ်နိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာ၏ ပြည်တွင်းရေးကို မစွက်ဖက်ရေးမူကို လိုက်နာပြီး မြန်မာနိုင်ငံ၏ အမျိုးသား ဂုဏ်သိက္ခာ၊ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရာတွင် ထောက်ခံသည်” ဟု ဖေါ်ပြထားသည်။
မြန်မာနိုင်ငံ မျက်မှောက်ခေတ်သမ်ိုင်းနှင့် ရင်းနှီးကျွမ်းဝင်သူ မည်သူမဆို ထိုအချက်သည် မမှန်ကြောင်း သိကြသည်။ မြန်မာ့နိုင်ငံရေးတွင် ပြည်တွင်းရေးတွင် တရုတ်လောက် မည်သည့် နိုင်ငံကမျှ စွက်ဖက်ခဲ့ခြင်း မရှိပေ။ ထိုသို့ စွက်ဖက်မှုများသည် ရန်ကုန်ရှိအစိုးရကို ပုန်ကန်ရာတွင် အကူအညီတောင်းရန် ဗမာပြည်ကွန်မြူနစ်ပါတီမှ ကေဒါ ၁၄၃ ဦးတို့ ၁၉၅၀ ခုနှစ်များက တရုတ်နိုင်ငံသို့ သွားရောက်ချိန်မှ စတင်ခဲ့သည်။ ထိုအချိန်နှင့် တချိန်တည်းခန့်မှာပင် ဒုတိယကမ္ဘာစစ် စစ်ပြန်မှ သူပုန်ဖြစ်လာသူ နော်ဆိုင်း ခေါင်းဆောင်သည့် ကချင်တိုင်းရင်းသား ၂၀၀ မှ ၃၀၀ ခန့်သည် ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာစစ်တပ်၏ ချေမှုန်းခံရပြီး တရုတ်နိုင်ငံတွင်းသို့ ဆုတ်ခွာလာသည်။ မြန်မာကွန်မြူနစ်များသည် စီချွမ်ပြည်နယ် ချန်ဒူးတွင် အခြေချပြီး ထိုနေရာတွင် ၎င်းတို့ကို နိုင်ငံရေးသင်တန်းများပေးသည်။ အချို့သည် ဘေ့ဂျင်းရှိ တရုတ်ကွန်မြူနစ်ပါတီ သင်တန်းကျောင်းတွင် မာ့က်စ်-လီနင် ဝါဒ သင်တန်းများ တက်ရောက်ကြသည်။ ကွန်မြူနစ်မဟုတ်သော ကချင်များကို ကွေ့ကျိုးပြည်နယ်ရှိ ပြည်သူ့ကွန်မြူးများတွင် နေထိုင်ခွင့်ပေးခဲ့သည်။

ထိုစဉ်က တရုတ်နိုင်ငံသည် ရန်ကုန်ရှိ ဦးနုအစိုးရနှင့် ဆက်ဆံရေးကောင်းမွန်ပြီး မြန်မာပြည်ပြေးများကို မည်သည့် အထောက်အပံ့ သို့မဟုတ် သင်တန်းပေးခြင်း မရှိပေ။ ၁၉၆၂ မတ်လတွင် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် ထိုအခြေအနေသည် ပြောင်းလဲသွားသည်။ ရည်မှန်းချက်ကြီးပြီး ခန့်မှန်းရန် ခက်ခဲ့သည့် ထိုဗိုလ်ချုပ်ကို စိတ်ပူသောကြောင့် တရုတ်န်ိုင်ငံသည် မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပုန်ကန်မှုကို အစွမ်းကုန် အားပေးရန် ဆုံးဖြတ်လိုက်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီကို ပထမဆုံးအကြိမ်အဖြစ် ဝါဒဖြန့်နှင့် အခြားစာရွက်စာတမ်းများကို ဘေ့ဂျင်းတွင် ရိုက်နှိပ်ခွင့်ပေးကာ ပါတီမှ စစ်ပြန်များကို မြန်မာနယ်စပ်သို့ စေလွှတ်ကာ ထိုးဖေါက်စိမ့်ဝင်နိုင်ခြေရှိသည့် လမ်းကြောင်းများကို လေ့လာစေသည်။ မြန်မာကွန်မြူနစ်များသည့် စိတ်အားထက်သန်သည့် မော်ဝါဒီများဖြစ်ကြသော်လည်း စစ်ရေးအတွေ့အကြုံမရှိသလောက် နည်းသည်။ ထို့ကြောင့် ၎င်းတို့ကို ကွေ့ကျိုးရှိ စစ်ရည်၀နေသော ကချင်များနှင့် မိတ်ဆက်ပေးသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ တပ်မတော်သစ်၏ အမြုတေကို တည်ထောင်ပေးပြီး သမိုင်းအလှည့်အပြောင်းဖြစ်လာသောအခါ နေဝင်းအစိုးရက ထိုအဝေးရောက်ကွန်မြူနစ်များနှင့် ပဲခူးရိုးမနှင့်မြန်မာနိုင်ငံအလယ်ပိုင်းအခြားနေရာများတွင် ခိုအောင်နေသော ကွန်မြူနစ်များနှင့် ပြန်လည်ချိတ်ဆက်ခွင့်ပေးသည်။
၁၉၆၃ ခုနှစ်သို့ရောက်သောအခါ နေဝင်းသည် တနိုင်ငံလုံးရှိ လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ခေါ်ယူပြီး ဗမာပြည်ကွန်မြူနစ်ပါတီဝင် ၂၉ ဦးတို့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန်ဟု အကြောင်းပြကာ ဘေ့ဂျင်းမှ လေယာဉ်ဖြင့် ရောက်လာသည်။ ထိုသို့လာရောက်သူများအနက်တဦးမှာ နောင်တွင် ပါတီဥက္ကဋ္ဌ ဖြစ်လာသည့် သခင်ဗသိန်းတင်ဖြစ်သည်။ သူသည် ရန်ကုန်ပြင်ပသို့ ခိုးထွက်ပြီး ပဲခူးရိုးမသို့ သွားရောက်သည်။ သူသည် တရုတ်နိုင်ငံမှ ရေဒီယိုလွှင့်စက်များနှင့် အခြားအကူအညီများကို ယူဆောင်လာခဲ့သည်။ နောက်ထပ်အကူအညီများ လာဦးမည်ဖြစ်ကြောင်း ထိုအစီအစဉ်ကို တရုတ်နိုင်ငံတွင် လုပ်နေကြောင်း ပဲခူးရိုးမမှ ကေဒါများကို သူပြောသည်။ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တရုတ်တို့ ကြိုတင်ခန့်မှန်း စီစဉ်ထားသည့်အတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်သည်။ သခင်ဗသိန်းတင်နှင့် အခြား ဗကပ ကေဒါတဦးတို့ ဘေ့ဂျင်းသို့ ပြန်ကြသော်လည်း ကျန်ကေဒါ ၂၇ ဦး (ပီကင်းပြန်များဟု ခေါ်သူများ) သည် မြန်မာနိုင်ငံတွင် နေရစ်ကြသည်။ ၎င်းတို့သည် ပြည်တွင်းရှိ ပါတီခေါင်းဆောင်နေရာများကိုယူပြီး မကြာသေးမီကမှ ရရှိထားသော ရေဒီယိုစက်များဖြင့် တရုတ်နိုင်ငံမှ အဝေးရောက်များနှင့် ဆက်သွယ်ကြသည်။
နှစ်ပေါင်းများစွာကြံစည်ပြီးနောက် ၁၉၆၇ ခုနှစ် ဇွန်လ မြန်မာနိုင်ငံတွင် ပြည်တွင်းရှိ တရုတ်များက တရုတ်နိုင်ငံမှ ယဉ်ကျေးမှုတော်လှန်ရေးကို ထောက်ခံသောကြောင့် ဖြစ်ပွားသည့် တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းသည် ဘေ့ဂျင်းရှိ ခေါင်းဆောင်များနှင့် ဗကပများအား ၎င်းတို့၏ လှုပ်ရှားမှုအတွက် လိုအပ်နေသည့် အကြောင်းပြချက်ကို ရရှိသွားစေသည်။ ၁၉၆၈ ခုနှစ် နှစ်သစ်ကူးနေ့တွင် နော်ဆန်းနှင့် သူ၏ကချင်များသည် ဗကပ နိုင်ငံရေးမှူးများနှင့်အတူ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ကျေးရွာငယ်ကလေး တခုဖြစ်သော မုန်းကိုးသို့ ပြန်လည် ဝင်ရောက်လာကြသည်။ ထိုဖြစ်ရပ်သည် တရုတ်ထောက်ခံမှုဖြင့် ဖြစ်ပွားသည့် ဆယ်စုနှစ် နှစ်ခုကြာ သွေးချောင်းစီး ပြည်တွင်းစစ်၏အစ ဖြစ်သည်။
တရုတ်နိုင်ငံသည် အင်ဒိုချိုင်းနားဒေသပြင်ပ အခြားမည်သည့်ကွန်မြူနစ်လှုပ်ရှားမှုထက်မဆို ဗကပကို အကူအညီပေးသည်။ အော်တိုမက်တစ် တိုက်ခိုက်ရေး ရိုင်ဖယ်များ၊ စက်သေနတ်ကြီးများ၊ လေယာဉ်ပစ် အမြောက်များ၊ မော်တာများ၊ ပြောင်းချောရိုင်ဖယ်များကို ရေဒီယို ဆက်သွယ်ရေးစက်များ၊ ဂျစ်ကားများ၊ ထရပ်ကားများ၊ ဆေးဝါး၊ ဓါတ်ဆီနှင့် ဆန်နှင့် အစားအသောက်မျိုုးစုံတို့နှင့်အတူ ပို့ဆောင်ပေးသည်။
ပြည်သူ့အသံဟု ခေါ်သည့် လျှို့ဝှက်အသံလွှင့်ဌာနသည် ၁၉၇၁ ခုနှစ်တွင် နယ်စပ်၏ တရုတ်နိုင်ငံဘက်မှ စတင်ထုတ်လွှင့်ပြီး နောင်တွင် တရုတ်နယ်စပ် ၀တောင်တန်းရှိ ဗကပဌာနချုပ် ပန်ဆန်းသို့ ရွှေ့ပြောင်းသည်။ အစောပိုင်းနှစ်များက တိုက်ပွဲများအတွင်း ဗကပ တပ်များတွင် တရုတ်နိုင်ငံမှ စေတနာ့ဝန်ထမ်းလူငယ်များ အဓိက ပါဝင်သည်။ ၁၉၇၀ ခုနှစ်များအလယ်သို့ ရောက်သောအခါ ၎င်းတို့ကို ဝများနှင့်အခြား နယ်စပ်တောင်တန်းမှ လူသစ်များဖြင့် အစားထိုးခဲ့သည်။
သို့သော် ထိုအစီအစဉ် မအောင်မြင်ပေ။ ဗကပသည် ပဲခူးရိုးမှ မဆင်းလာနိုင်ပေ။ ၁၉၇၆ ခုနှစ်တွင် မော်စီတုန်းသေပြီး စီးပွားရေး ပြုပြင်ပြောင်းလဲရေးသမား တိန့်ရှောင်ဖိန် သြဇာတက်လာပြီးနောက် ဗကပသည် နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပ်ိုင်းတွင် သီးခြားဖြစ်နေကာ ဘေ့ဂျင်းသည် ကမ္ဘာတဝှမ်းမှ တော်လှန်ရေးများကို ထောက်ပံ့ရန် စိတ်ဝင်စားခြင်း မရှိတော့ပေ။ ဘေ့ဂျင်းသည် စီးပွားရေးတိုးတက်မှုနှင့် အိမ်နီးချင်းများနှင့် ကုန်သွယ်ရေးကိုသာ စိတ်ဝင်စားတော့သည်။
ထိုနောက် ၁၉၈၉ ခုနှစ် မတ်နှင့် ဧပြီလများတွင် ၀တောင်တန်းမျိုးနွယ်စုမှ တပ်ဖွဲ့ဝင်များက ဗကပကို ပုန်ကုန်ကာ မော်ဝါဒီ ခေါင်းဆောင်များကို တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးစေခဲ့သည်။ ပုန်ကန်သူ အများစုသည် ၀ များဖြစ်ပြီး ၎င်းတို့သည် ၀ပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် တပ်မတော် (UWSA) ကို ထူထောင်ကြသည်။ ထိုအဖွဲ့သည် စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးယူပြီး ထိုသို့ငြိမ်းချမ်းရေးယူသောကြောင့် တရုတ်-မြန်မာနယ်စပ်ရှိ ယခင် ဗကပ ထိန်းချုပ်သည့် နေရာအများစုကို ထိန်းချုပ်ခွင့်ရသည်။ ၎င်းတို့သည် တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးလည်း ထူထောင်ထားပြီး တရုတ်ထံမှ အဆင့်မြင့်လက်နက်သစ်များကို နယ်စပ်မှ တဆင့် ရနေသည်။ မကြာမီ ၎င်းတို့သည် ဗကပထက် ပိုမိုကောင်းမွန်စွာ လက်နက်တပ်ဆင်နိုင်ပြီး တရုတ်တို့က မြန်မာနိုင်ငံတွင် နှစ်ဖက်လုံးမှ ဝင်ကစားနေသည်မှာ ထင်ရှားလာတော့သည်။ ရန်ကုန်ရှိ အစိုးရအတွက် ကုန်သွယ်ရေးနှင့်ချေးငွေများသည် ဆုကြေးများဖြစ်ပြီး UWSA ကဲ့သို့သော အဖွဲ့များကို အထောက်အပံ့ပေးခြင်းက ဒဏ်ကြေးများဖြစ်သည်။ UWSA သည် မြန်မာစစ်တပ်ကို တိုက်ခိုက်ခြင်းမရှိသော်လည်း တရုတ်နယ်စပ်မှ ၎င်းတို့၏ အခြေစိုက်နယ်မြေထိန်းချုပ်မှုကို မြန်မာစစ်တပ်က တိုက်မရအောင် တားဆီးနိုင်လောက်သည့် အင်အားကြီးမားလာသည်။
“ နိုင်ငံတနိုင်ငံဟာ သူ့ပိုင်နက်က အကြမ်းဖက်အဖွဲ့အစည်းတခုကို နှိမ်နင်းလို့ ရရင်ရမယ်။ ဒါပေမယ့် ဒီအကြမ်းဖက်အဖွဲ့အစည်းနောက်ကွယ်မှာ အင်အားကြီးတဲ့ အင်အားစုတွေရှိနေတော့ ဒီပြဿနာကို နိုင်ငံတခုတည်းနဲ့ကိုင်တွယ်လို့မရတော့ဘူး” ဟု ပင်စစ်အာဏာသိမ်းခေါင်ဆောင် မင်းအောင်လှိုင်က ၂၀၂၀ ခုနှစ် ဇွန်လက ZVEZDA ရုရှားသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင်ပြောသည်။ သူသည် ရှမ်းပြည်မြောက်ပိုင်းမှ UWSA ၏ မဟာမိတ် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်ထံမှ ၂၀၁၉ ခုနှစ်တွင် တရုတ်လုပ်လက်နက်အများအပြား ဖမ်းမိခြင်းကို ရည်ရွယ်ပြောဆိုနေကြောင်း ထင်ရှားသည်။ ထိုလက်နက်များတွင် အသစ်ထုတ်လုပ်ထားသော ပခုံးထမ်း စိန်ပြောင်းများနှင့် လေယာဉ်ပစ် ဒုံးကျည်များပင် ပါသည်ဟု သတင်းများက ဆိုသည်။
ထိုသို့လှေနံနှစ်ဖက်နင်းသည့် မူဝါဒဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပါတီချင်းဆက်ဆံရေးနှင့် မြန်မာစစ်အုပ်စုနှင့် အစိုးရချင်းဆက်ဆံရေးဖြင့် တရုတ်သည် ၁၉၉၀ ခုနှစ်များအတွင်း အနောက်နိုင်ငံများက ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကို သွေးချောင်းစီးနှ်ိမ်နင်းမှုအတွက် စစ်အုပ်စုကို လက်နက်ရောင်းချမှု ပိတ်ပင်စဉ် ရန်ကုန်ရှိ ဗိုလ်ချုပ်များအား လက်နက်ရောင်းချသော အဓိက နိုင်ငံဖြစ်လာသည်။ တရုတ်သည် မြန်မာမှ တွင်းထွက်များ၊ ပင်လယ်စာနှင့် စိုက်ပျိုးရေးထုတ်ကုန်များကို အများဆုံးတင်သွင်းသည့် နိုင်ငံလည်းဖြစ်လာသည်။ သစ်များကိုလည်း အများအပြားတင်သွင်းသည်။ ထိုကြောင့်ပင် မြန်မာနိုင်ငံမြောက်ပိုင်းတွင် သစ်တော အကြီးအကျယ်ပြုန်းတီးသွားပြီး ဆိုးရွားလှသည့် သဘာဝပတ်ဝန်းကျင် အကျိုးဆက်များ ပေါ်ပေါက်လာသည်။
လက်တွေ့တွင် တရုတ်နိုင်ငံသည် ၁၉၈၀ ခုနှစ်များနှောင်းပိုင်းကပင် ကျယ်ပြန့်သည့် စီးပွားရေးသတင်းထောက်လှမ်းမှုများဖြင့် မြန်မာဈေးကွက်ကို စတင်ထိုးဖေါက်ခဲ့သည်။ ထိုကွန်ရက်သည် မြန်မာနိုင်ငံပြည်တွင်းမှ ထုတ်ကုန်များ၊ ထိုင်း မလေးရှား စင်္ကာပူနှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများနှင့် မြန်မာအကြား ကုန်သွယ်မှုအတိုင်းအတာနှင့် ပမာဏကိုလည်း စောင့်ကြည့်လေ့လာသည်။ ထိုနောက် တရုတ်နိုင်ငံသည် ၎င်းတို့၏ အစိုးရပ်ိုင်စက်ရုံများတွင် ဈေးကွက်အခြေအနေနှင့် ကိုက်ညီသည့် ပစ္စည်းများကို ထုတ်လုပ်ကာ ၁၉၉၀ ခုနှစ်များအစောပိုင်းတွင် အထူးရွေးချယ်ထားသည့် ကုန်ပစ္စည်း အမျိုးပေါင်း ၂၀၀၀ ကျော်သည် မြန်မာဈေးကွက်သို့ အလုံးအရင်းဖြင့် ဝင်ရောက်လာတော့သည်။ တရုတ်လုပ် လူသုံးကုန် ပစ္စည်းများကို အခြားအိမ်နီးချင်းနိုင်ငံများထက် ဈေးသက်သာအောင် ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ်ထားရုံသာမက မြန်မာပြည်တွင်းထုတ်ကုန်များထက်လည်း ပိုဈေးချိုသည်။

နောက်ဆုံးတွင် မြန်မာနိုင်ငံက တရုတ်နိုင်ငံအပေါ်မှီခိုမှုသည် လွန်စွာကြီးထွားလာသောကြောင့် အာဏာရ စစ်အုပ်စုသည် အမျိုးသားအချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို ထိခိုက်သည်ဟု ၎င်းတို့၏ လျှို့ဝှက်စာတမ်းများတွင် ဖေါ်ပြခဲ့ပြီး အနောက်နိုင်ငံများကို တံခါးဖွင့်ပေးခဲ့ကြောင်း စာရေးသူ ကြည်ခွင့်ရသည့် စာတမ်းများက ဆိုသည်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ သတင်းလွတ်လပ်ခွင့်ကို အာမခံခြင်းနှင့် နိုင်ငံရေးပါတီများကို ပိုမိုလွတ်လပ်စွာ လုပ်ပိုင်ခွင့်များ ပေးခဲ့သည်။ ထို့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ဗိုလ်ချုပ်ဟောင်းတဦးဖြစ်သူ သမ္မတ ဦးသိန်းစိန်က ကချင်ပြည်နယ် မြစ်ဆုံမှ ဒေါ်လာ ၃.၆ ဘီလျံတန် ရေအားလျှပ်စစ် စီမံကိန်းကို ဆိုင်းငံ့ကြောင်း ကြေညာလိုက်သည်။ ထိုစီမံကိန်းမှ ထုတ်လုပ်သည့် ရေအားလျှပ်စစ် ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပေးပို့ရမည်ဖြစ်သည်။ ထို့နောက် မြန်မာနိုင်ငံသည် နိုင်ငံတကာအပယ်ခံဘဝမှ အနောက်နိုင်ငံများ၏ အချစ်တော်လေးဖြစ်လာသည်။
သို့သော် ထိုအခြေအနေသည် သက်ဆိုးမရှည်လှပေ။ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွဲမှုကြောင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမွတ်ဆလင် သိန်းချီပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကြသည်။ ၎င်းတို့သည် ၎င်းတို့နှင့်အတူ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ မုဒိန်းပြုကျင့်ခံရမှုနှင့် ရွာလုံးကျွတ်မီးရှို့သည့် ကြောက်မက်ဖွယ်ဇာတ်လမ်းများကို ဆောင်ယူခဲ့ကြပြီးနောက် အနောက်နိုင်ငံများသည် မြန်မာကို ထပ်မံကျောခိုင်းလိုက်ပြန်သည်။ တရုတ်သည် အခြေအနေကို အပြည့်အဝအသုံးချပြီး မြန်မာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အကာအကွယ်ပေးကာ မြန်မာနိုင်ငံအတွင်းတွင် ၎င်းတို့၏ ပြည်သူ့ဆက်ဆံရေး လှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်သည်။ မြန်မာနိုင်ငံရေးသမားများနှင့် သတင်းသမားများကို စရိတ်ငြိမ်းခရီးစဉ်များဖြင့် တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ခြင်း၊ ပြည်တွင်းစီးပွားရေးသမားများမှ တဆင့် နိုင်ငံရေးပါတီများသို့ ငွေကြေးထောက်ပံ့ခြင်းနှင့် ပြည်တွင်း သတင်းစာများနှင့် ဂျာနယ်များတွင် ကြားခံများမှတဆင့် သြဇာသက်ရောက်မှု ဝယ်ယူခြင်းစသည်တို့ကိုလုပ်ဆောင်ခဲ့သည်။
ထိုနောက်တွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ပေါ်ပေါက်လာသည်။ ထိုအာဏာသိမ်းမှုကို တရုတ်နိုင်ငံက ကိုင်တွယ်ပုံမှာ လွန်စွာ ညံ့ဖျင်းလှသည်။ တရုတ်အာဏာပိုင်များက ထိုစစ်အာဏာသိမ်းမှုသည် အစိုးရဖွဲ့အတွင်း ရာထူးအပြောင်းအလဲဖြစ်သည် ဟုဖေါ်ပြကာ စစ်အာဏာသ်ိမ်းမှုဆန့်ကျင်သည့် လက်နက်မဲ့ ပြည်သူများအား သတ်ဖြတ်ခြင်းကို ရှုတ်ချခြင်းမပြုသည့်အပြင် ရန်ကုန်ရှိ တရုတ်စီးပွားရေးများကို တိုက်ခိုက်သူများအား ထိထိရောက်ရောက် အရေးယူရန် စစ်ကောင်စီကိုပင် တိုက်တွန်းလိုက်သေးသည်။ ကြိုတင်မှန်းဆထားသည့်အတိုင်း တရုတ်နှင့် ရုရှားတို့သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် စစ်အာဏာသိမ်းမှုအား ပြတ်ပြတ်သားသား ရှုတ်ချသော ဗြိတိန်နိုင်ငံက ကမကထပြုသည့် ကြေငြာချက်ကို အားပျော့သွားအောင် လုပ်ကြသည်။ ထို့အပြင် ရုရှား၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် တရုတ်တို့သည် မြန်မာစစ်အာဏာသိမ်းသူများကို အပြစ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ထပ်မံအားထုတ်မှုများကို လိုက်လံပိတ်ဆို့ကြသည်။ ရန်ကုန်နှင့် အခြားမြို့များမှ စစ်အာဏာသိမ်းမှုဆန့်ကျင်သူများကို မတ်လ ၁၆ ရက်နေ့ CGTN သတင်းက စက်ရုံများအဆောက်အအုံများကို မီးရှို့သူများအဖြစ် ဖေါ်ပြသည်။
မြန်မာနိုင်ငံသည် တရုတ်၏ အရှင်းလင်းဆုံးနှင့် အပြင်းထန်ဆုံး အခြားနိုင်ငံပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု ဥပမာတခုဖြစ်နိုင်သည်။ ကမ္ဘာတဝန်း အခြားနေရာများတွင်မူ တရုတ်နိုင်ငံသည် အခြားသော အသွင်များကို ယူကာ လုပ်ဆောင်သော်လည်း စွက်ဖက်မှုသည် အလားတူ ပြင်းထန်သည်။ အိမ်နီးချင်းထိုင်းနိုင်ငံတွင် တရုတ်အထူးသံတမန်များက ကိုဗစ်-၁၉ ခြေရာခံထိန်းချုပ်ရာတွင် သုံးသည့် Thai Chana နှင့် Mor Chana အပလီကေးရှင်းများမှ ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများ၏ တဦးချင်း အချက်အလက်များကို ပေးရန် ထိုင်းအာဏာပိုင်များအား ဖိအားပေးသည်။ တရုတ်ခရီးသွားများ ထိုင်းနိုင်ငံသို့ လည်ပတ်မှု ပြန်လည်စတင်ခြင်းသည် ထိုအပလီကေးရှင်းများမှ အချက်အလက်များကို မျှဝေခြင်းပြုမပြုအပေါ်မူတည်ကြောင်းလည်း တရုတ်က ထိုင်းအာဏာပ်ိုင်များကို ဖိအားပေးသည်။ တရုတ်က တရုတ်နိုင်ငံပြင်ပရှိ လူအများအပြားကို စောင့်ကြည့်မည့် အားထုတ်မှုကို ထိုင်းအာဏာပိုင်များက ကျွမ်းကျင်စွာ တုံ့ပြန်ပြီး အသေးစိတ်များကို အချက်အလက်သိုမှီးရာ နေရာအများအပြားတွင် သိမ်းဆည်းထားသောကြောင့် အပလီကေးရှင်းတခုနှင့် လုံလောက်မည်မဟုတ်ကြောင်း အကြောင်းပြန်ခဲ့သည်။
သြစတြေးလျသည်လည်း တရုတ် သူလျှိုများ ပါဝင်ပတ်သက်သည့် သူလျှိုမှု နောက်တခုကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက BBC နှင့် သြစတြေးလျ သတင်းဌာနများက တရုတ် သူလျှိုဂိုဏ်းပါဝင်ပတ်သက်သည့် သူလျှိုမှုတခုကို ဖေါ်ပြခဲ့သည်။ ထိုသူလျှိုဂိုဏ်းသည် ပါလီမန်ကိုယ်စားလှယ်အဖြစ် အရွေးခံမည့် တရုတ်-သြစတြေးလျ တဦးကို ချဉ်းကပ်နေသည်။ အသက် ၃၂ နှစ်အရွယ်ရှိထိုသူသည် ထိုသတင်းထွက်လာပြီးနောက် မဖြေရှင်းနိုင်သော အကြောင်းများကြောင့် သေဆုံးသွားကြောင်း BBC ကဖေါ်ပြသည်။ တရုတ်က ထိုစွပ်စွဲချက်များကို ငြင်းပယ်ပြီး ထိုကိစ္စကို သြစတြေလျ ထောက်လှမ်းရေးဌာနက စုံစမ်းစစ်ဆေးနေကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဆွီဒင်နိုင်ငံဆ်ိုင်ရာ တရုတ်သံအမတ်ဖြစ်သော ဂွေခေါင်ယုသည် ဒေသခံသတင်းသမားများ၊ ဆွီဒင်စာရေးဆရာအသင်းနှင့် ယဉ်ကျေးမှုဝန်ကြီး အာမင်ဒါလင်း တို့ကို စာအုပ်ထုတ်ဝေရေးလုပ်ငန်းပိုင်ရှင် ကွေ့မင်းဟိုင်အကြောင်း ထုတ်ဖေါ်ပြောဆိုသောကြောင့် “အကျိုးဆက်များ” ခံစားရနိုင်ကြောင်း ခြိမ်းခြောက်သဖြင့် ဆွီဒင်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်ရသည်မှာ အကြိမ် ၄၀ မကတော့ပေ။ ကွေ့မင်းဟိုင်သည် တရုတ်နွယ်ဖွား ဆွီဒင်နိုင်ငံသားဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ပြန်ပေးဆွဲခံရကာ အဆက်အသွယ်မရတော့သလို ရုံးတင်စစ်ဆေးခြင်းမရှိဘဲ တရုတ်တွင် ချုပ်နှောင်ထားခံရသူဖြစ်သည်။ ထိုတရုတ်သံအမတ်သည် အခြားကိစ္စများတွင်လည်း ဆိုးရွားလှသောကြောင့် ဆွီဒင်နိုင်ငံမှ လူ ၇၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံကို မလိုလားကြောင်း လူထုသဘောထားစစ်တမ်းများတွင် ဖေါ်ပြကြသည်။
၂၀၁၇ ခုနှစ်က စင်္ကာပူတွင် တရုတ်-အမေရိကန် ပညာရှင် ဟောင်ကျင်းသည် ပြည်ပသြဇာခံဖြစ်ကြောင်း ပြည်ထဲရေးဌာနက ကြေညာခံရပြီးနောက် နေထိုင်ခွင့် ရုတ်သိမ်းခံရသည်။ ၂၀၁၇ ခုနှစ်က နယူးဇီလန်တွင် တရုတ်နိုင်ငံကို ဝေဖန်သူ ပညာရှင် အန်းမာရီ ဘရက်ဒလေ၏ ရုံးနှင့်အိမ်များကို ခိုးဝင်ခံရပြီး သူမ၏ကားကိုလည်း ဖျက်ဆီးခံရသည်။ သူမသည် ပစိဖိတ်ဒေသတွင် တရုတ်ကွန်မြူနစ်ပါတီ၏ သြဇာနှင့် ပတ်သက်သည့် စာတမ်းတစောင်ရေးသားပြီးနောက် ခြိမ်းခြောက်စာနှင့် ဖုန်းခေါ်ဆိုမှုများ ခံရပြီး ထိုသို့ပြုလုပ်ခြင်းခံရခြင်းဖြစ်သည်။ သူမနှင့် မိသားစုသည် ဘေ့ဂျင်း၏ ခြိမ်းခြောက်မှုနှင့် စိတ်ဓါတ်စစ်ဆင်ရေးကို ခံနေရကြောင်း ဘရက်ဒလေက ယုံကြည်သည်။ သို့သော် တရုတ်အစိုးရက တစုံတရာပြောကြားရန်ငြင်းကြောင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ထုတ် ဂါးဒီးယန်း သတင်းစာက ဖေါ်ပြသည်။
မြန်မာနိုင်ငံတွင် ကြီးထွားနေသည့် တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်များကို တရုတ်နိုင်ငံက မည်သို့ကာကွယ်မည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။ သို့သော် မြန်မာပြည်သူလူထုသည် စစ်ကောင်စီ လူဆိုးဂိုဏ်း၏ လုပ်ရပ်များအပေါ် တရုတ်က နှုတ်ဆိတ်နေသောကြောင့် လူ့အခွင့်အရေး ချိုးဖေါက်မှုများတွင် ကြံရာပါအဖြစ် သတ်မှတ်ကြသည်။ ထိုလူ့အခွင့်အရေးချိုးဖေါက်မှုများသည် စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့် လူ ၈၀၀ ကျော်နှင့်သာ ပတ်သက်သည် မဟုတ်ပေ။ ပြည်သူများသည် လက်ဖက်ရည်ဆိုင်များမှ ဆွဲထုတ် ရိုက်နှက်ခံနေရပြီး လူမှုကွန်ရက်ဗီဒီယိုတခုအရ ရဲများသည် မန္တလေးရှိ စားသောက်ဆ်ိုင်တခုသို့ ဝင်ရောက်ကာ မြင်မြင်ရာ ရိုက်နှက်သောကြောင့် စားသုံးသူများ ထွက်ပြေးရသည်။ ရဲတယောက်က ခိုးယူသွားသည့် ဝီစကီတပုလင်းမှအပ ဆိုင်အတွင်းရှိ ကျန်အရာများအားလုံး ဖျက်ဆီးခံရသည်။ ရဲနှင့် စစ်သားများသည် ကားများနှင့်မော်တာဆိုင်ကယ်များကိုလည်း ရိုက်ခွဲကြပြီး ကျော်ကြားလှသော ပန်းချီကားများကို ပြသထားသည့် ရန်ကုန်ရှိ လူသိများသည့် ပန်းချီပြခန်းတခုကို မီးရှို့ကြသည်။ ထိုနောက် စစ်တပ်လိုလားသူများက လူမှုကွန်ရက်မှ ထိုလုပ်ရပ်များကို ဆန္ဒပြသူများက လုပ်သည်ဟု ဝါဒဖြန့်ကြသည်။ “သူတို့တွေက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို နှိမ်နင်းတာသက်သက် မဟုတ်တော့ဘူး၊ ပြည်သူတွေရဲ့ ဘ၀တွေကို ဖျက်ဆီးနေတာ” ဟု သတင်းရင်းမြစ်တခုက ပြောဆိုသည်။
တရုတ်နိုင်ငံက မြန်မာစစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ ရက်စက်ကြမ်းကြုတ်မှုများအား တုံပြန်ပုံအပေါ် ထားသည့် မြန်မာပြည်သူများ၏ ဒေါသသည် အံ့သြဖွယ်မဟုတ်ပေ။ တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်များ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ပေါ်ပေါက်စေသော အကြောင်းရင်းမှာ တရုတ်က မြန်မာ၏ သဘာ၀ သယံဇာတများကို လုယက်ခြင်း၊ ပြည်တွင်းစစ်တွင် အမြဲတမ်း ဝင်ရောက်စွက်ဖက်နေခြင်း၊ ပြည်တွင်းနိုင်ငံရေးနှင့် မီဒီယာတွင် ဝင်ရောက်စွက်ဖက်ခြင်းတို့ကြောင့် ဖြစ်သည်။ မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုများ ရပ်တန်းက ရပ်သင့်သည်ဆိုသည်မှာ မှန်ကန်ပေသည်။ သို့သော် အဓိက ဝင်ရောက်စွက်ဖက်သူမှာ တရုတ်ဖြစ်နေသည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူများနှင့် အနိမ့်ဆုံး ဆက်ဆံရေးကို ထားရှိလိုသည်ဆိုလျှင်ပင် စစ်အာဏာသိမ်းမှုကို ဝေဖန်သော အမြင်ရှိရမည်ဖြစ်သည်။ CGTN သတင်းဌာနက မတ်လ ၁၆ ရက်နေ့က လုပ်ခဲ့သကဲ့သို့ စစ်အာဏာသိမ်းမှုဆန့်ကျင်သူများကို တိုက်ခ်ိုက်ရှုတ်ချခြင်းသည် ဆိုးကျိုးများကိုသာဖြစ်စေပြီး တရုတ်နှင့် တရုတ်မူဝါဒများကို ပိုမိုဆန့်ကျင်လာစေရန်သာ ဖြစ်စေမည်။
You may also like these stories:
မြန်မာစစ်ကောင်စီနှင့် တရုတ် စီးပွားရေး ဆက်လုပ်မည်ဟု MRTV ထုတ်လွှင့်
စစ်ကောင်စီကို ငွေချေးရန် တရုတ်နောက်ခံ အာရှဘဏ် တံခါးဖွင့်ထား
NUG ကို ထိတွေ့ဆက်ဆံမှု မပြုသည့် အပေါ် စိုးရိမ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးထံ စာပို့
စစ်ကောင်စီကို တရားဝင်အောင် ကြိုးစားခြင်းသည် တရုတ်အတွက် ဆိုးကျိုးသာဖြစ်နိုင်