မြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုကို ထောက်ခံကြောင်း တရုတ်ကကြေညာသည်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့မှုများချမှတ်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်သူ့အာဏာလှုပ်ရှားမှုကို ထောက်ခံကြောင်းကြေညာသည်။
တရုတ်နိုင်ငံ၏ လက်ခုပ်အတွင်း မြန်မာနိုင်ငံ ပိုမိုရောက်ရှိသွားမည်ကို စိုးရိမ်သောကြောင့် အိန္ဒိယနှင့် ဂျပန်တို့က နှုတ်ဆိတ်နေကြသည်။ ထိုင်းသည်လည်း မြန်မာနိုင်ငံမှ သဘာဝဓါတ်ငွေ့တင်သွင်းမှုကို လွန်စွာမှီခို နေရသောကြောင့် အာဏာသိမ်းမှုကို ရှုတ်ချရန် အသာထား ဝေဖန်ရန်ပင် သတ္တိမရှိ။
ကျန် ASEAN နိုင်ငံများသည်လည်း ဒေသတွင်းအကျပ်အတည်းများကို လုံးလုံးလျားလျား ဖြေရှင်းနိုင်ခြင်း မရှိသည့် ၎င်းတို့၏စွမ်းရည်ကို ထပ်မံပြသလိုက်သည်။
ယင်းတို့သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သူ့လက်ပါးစေများ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းလိုက်သောအခါ မြန်မာနိုင်ငံတွင် ပေါ်ပေါက်နေသည့် ဖရိုဖရိုဖြစ်ရပ်များကို ပြည်ပနိုင်ငံများ မည်သို့ တုံ့ပြန်သည်ကို အနှစ်ချုပ် တင်ပြလိုက်ခြင်းသာဖြစ်သည်။
ထိုသို့နောက်ကွယ်မှ ကစားသည့် မဟာကစားပွဲဇာတ်ခုံတွင် မည်သည်တို့ ဆက်လက်ဖြစ်မည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သော်လည်း သေချာသည့်အချက်မှာ ဒေသတွင်း အကျပ်အတည်းဖြစ်လာသည့် ထိုပဋိပက္ခတွင် တရုတ်နှင့် အမေရိကန်တို့ ရင်ဆိုင်တွေ့ကြခြင်းပင်။
ထိုသို့ မဟာအင်အားကြီးများ အားပြိုင်မှုအပြင် ဂျပန်၊ တရုတ်နှင့် အခြားဒေသတွင်းနိုင်ငံများသည် မျှော်လင့်ချက် ကင်းမဲ့နေသည့် မြန်မာနိုင်ငံတွင် တရုတ်သြဇာ ကြီးထွားလာသည်ကို မမြင်လိုကြပေ။

ထိုမျှော်လင့်ချက်ကင်းမဲ့မှုသည် ကြီးထွားလာနေသည်။ ဒုက္ခသည်လှိုင်းကြီးများသည် မြန်မာ-ထိုင်းနယ်စပ်နှင့် အိန္ဒိယနယ်စပ်သို့ စီးလာနေပြီး မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ အလုံးအရင်းနှင့် ထွက်ပြေးသည်နှင့် နှိုင်းယှဉ် ပြောကြားနိုင်သည့် လူသားချင်းစာနာမှု အကျပ်အတည်းသစ်တခု ဖြစ်လာနေသည်။
စီးပွားရေးနှင့် နိုင်ငံရေးအရ နိုင်ငံသည် ပြိုလဲတော့မည့် အခြေအနေရောက်နေပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး မျှော်လင့်ချက်များဖြင့် မြန်မာနိုင်ငံသို့ ရောက်လာခဲ့သော အနောက်တိုင်းရင်းနှီးမြှုပ်နှံသူများကို မောင်းထုတ်နေသည်။ သို့သော် မြန်မာအကျပ်အတည်းတွင် တရုတ်က အခွင့်အလမ်းများ ရှာနေသည့် ကြီးမားလာသော လက္ခဏာများကို တွေ့နေရသည်။
မြန်မာပြည်တွင်းနှင့် ပြည်ပအခြေအနေပြောင်းလဲမှုဟု ခေါ်သည့်အချက်များကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မည် မဟုတ်ကြောင်း ဇွန်လ ၈ ရက်နေ့က ချုံချင့်တွင် ကျင်းပသည့် ဒေသတွင်းစည်းဝေးပွဲ၌ တရုတ်နိုင်ငံခြားဝန်ကြီး ဝမ်ယိက မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်အား အာမခံပြောကြားသည်။
ဧပြီလ ၂၄ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ASEAN ကိုယ်စားလှယ်များအကြား တရက်ကြာ စည်းဝေးပွဲတွင် သဘောတူခဲ့သည့် ဘုံသဘောတူညီချက် ၅ ချက်ကို အသက်မမီတော့သော်လည်း မြန်မာအကျပ်အတည်းဆိုင်ရာ ASEAN ၏ သံတမန်ရေးအစီအစဉ်များအား ထောက်ခံကြောင်းလည်း ထိုတရုတ် အရာရှိကပြောသည်။
အနှစ်သာရအားဖြင့်ဆိုပါက ဘုံသဘောတူညီချက်သည် အသက် ၅ နှစ်အထိ ငယ်သည့် ကလေးများ အပါအအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်ကောင်စီက ပစ်သတ်ခြင်းနှင့်အတူ ထိုစဉ်က ၎င်းတို့ကိုယ်၎င်းတို့ ကာကွယ်ရန် လေးခွနှင့် လက်လုပ်လက်နက်များသာ တပ်ဆင်ထားသည့် ဆန္ဒပြသူများကိုလည်း အပြစ်တင်ထားသည်။
ဇွန်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တွင် ဘရူနိုင်းအရာရှိများဖြစ်သော ဒုတိယမြောက် နိုင်ငံခြားရေးဝန်ကြီး အာရီဝန် ယူစွတ်နှင့် ASEAN အထွေထွေအတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင်တို့ကို ASEAN က မြန်မာနိုင်ငံသို့ စေလွှတ်လိုက်သော်လည်း ၎င်းတို့သည် စစ်ကောင်စီကိုယ်စားလှယ်များနှင့် အလာပသလာပပြောသည်ထက် မည်သည်ကိုမျှ ပိုမိုလုပ်ဆောင်နိုင်ခြင်း မရှိကြောင်းမှာ ထင်ရှားလှသည်။

ASEAN အတွင်းရေးမှူးချုပ်ရုံးက ၎င်းတို့၏ အင်တာနက်စာမျက်နှာတွင် တင်ပြီး နောင်တွင် ပြန်လည်ဖြုတ်ချခဲ့သည့်သတင်းထုတ်ပြန်ချက်တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် အစည်းအဝေး တက်ရောက်သည့် အခြားသူများ ရယူထားသော ရာထူးများကို ဖေါ်ပြထားပြီး အာဏာသိမ်းသူများနှင့် ၎င်းတို့၏ သွေးချောင်းစီးစေသည့် အာဏာသိမ်းမှုကို ASEAN က နောက်ကွယ်မှ တရားဝင် အသိအမှတ်ပြု ထားသည်။
ထို့ကြောင့်ပင် ဂျကာတာပို့စ် အယ်ဒီတာ ကောနီးလီးယပ်စ် ပူဘာက ဇွန်လ ၉ ရက်နေ့တွင် အတွေးအမြင် ဆောင်းပါးရေးသားကာ “ASEAN သည် မြန်မာပြည်သူများ၏ ဆိုးရွားလှသော ကံကြမ္မာကို မဖြေရှင်းပေးနိုင်သောကြောင့်သာမက မင်းအောင်လှိုင်၏ ထောင်ချောက်အတွင်းသို့ပါ သက်ဆင်းသွားသောကြောင့် နိုင်ငံတကာအသိုက်အဝန်း၏ အမြင်တွင် လှောင်ပြောင်စရာဖြစ်ခဲ့ရသည်” ဟု ဖေါ်ပြသည်။
ASEAN သည် ဥရောပသမဂ္ဂကဲ့သို့သော အဖွဲ့အစည်းမဟုတ်ဘဲ မစွက်ဖက်ရေးနှင့် ဘုံသဘောတူညီချက်ဆိုသည့် အဓိကသဘောတရားနှစ်ခုဖြင့် အများအားဖြင့် ဒီမိုကရေစီ မဟုတ်သောနိုင်ငံများ လျော့တိလျော့ရဲဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်ကို မကြာခဏဆိုသလို မေ့နေတတ်ကြသည်။ ထိုအဓိက သဘောတရားနှစ်ခုကြောင့်ပင် ASEAN သည် ဒေသတွင်းအကျပ်အတည်းများကို မဖြေရှင်းနိုင်သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
အင်ဒိုနီးရှားသည် မြန်မာပြဿနာများ ပိုမိုကျယ်ပြန့်သော ဒေသတွင်းသို့ ကူးစက်မှုများကို ဖြေရှင်းရန် စိတ်အားထက်သန်သည့် တခုတည်းသော နိုင်ငံဖြစ်သည်။
ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်နှင့် ဇွန်လ ၂ ရက်နေ့ ဂျကာတာတွင် တွေ့ဆုံစဉ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက မြန်မာနိုင်ငံမှ သတ်ဖြတ်မှုများ ချက်ခြင်းရပ်ပြီး နိုင်ငံရေးအကျဉ်းသား ၄၀၀၀ ကျော်ကို လွှတ်ပေးရေး သူမ၏ နိုင်ငံသည် ASEAN ဥက္ကဋ္ဌ ( လက်ရှိ ဘရူနိုင်း) နှင့် အခြားအဖွဲ့ဝင်များအား ဆက်လက် ဆက်သွယ်နေကြောင်း ပြောသည်။
ASEAN ၏ စွမ်းဆောင်ရည်ကင်းမဲ့ခြင်းသည် တရုတ်အကြိုက်ဖြစ်ပုံရသည်။ မြန်မာပြည်တွင်း ပဋိပက္ခနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသာမကတော့ တိုက်ပွဲများဖြစ်ပွားခြင်း မရှိသည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်သည့် နိုင်ငံအနှံ့မှ ဒေသခံများပါ ရရာလက်နက်ကိုင်စွဲ ပါဝင်လာသည့် ပြင်းထန်လာသော ပြည်တွင်းစစ်ကို ဘေ့ဂျင်းက စိတ်ပူသော်လည်း မြန်မာဗ်ိုလ်ချုပ်များနှင့် လက်တွဲ လုပ်ကိုင်နိုင်ကြောင်း မကြာခဏဖေါ်ပြနေသည်။
တရုတ်သည် မြန်မာကိုကာကွယ်ရန် ပထဝီသေနင်္ဂဗျူဟာ အကျိုးစီးပွားရှိနေပြီး ဘေ့ဂျင်းသည် အပေါ်စီးရနေပုံ ရှိသည့် နိုင်ငံရေးအုပ်စုဘက်က ရပ်တည်သည်။ လတ်တလောတွင် မင်းအောင်လှိုင်၏ လူထုထောက်ခံမှု ကင်းမဲ့သော စစ်ကောင်စီသည် အပေါ်စီးရနေပုံရှိသည်။
မြန်မာနိုင်ငံသည် တရုတ်ကို အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်ပေးနိုင်သည့် တခုတည်းသော အိမ်နီးချင်း နိုင်ငံဖြစ်သည်။ ထို့ကြောင့် တရုတ်အတွက် လောင်စာနှင့်အခြား အဓိကသွင်းကုန်များသည် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်နှင့် မလက္ကာရေလက်ကြားကို မဖြတ်ဘဲ တင်သွင်းနိုင်စေသည်။ အမေရိကန်နှင့် ပဋိပက္ခဖြစ်သောအခါ မလက္ကာရေလက်ကြား ပိတ်ဆို့ခံရမည်ကို ဘေ့ဂျင်းက စိုးရိမ်နေသည်။
မြန်မာ အာဏာသိမ်းမှုအလွန် နိုင်ငံရေး အခြားတဖက်တွင် အမေရိကန် ရပ်တည်သည်။ ဇွန်လမှ စတင်ပြီး ၎င်းတို့၏ မီဒီယာနှစ်ခုဖြစ်သော အမေရိကန်အသံနှင့် လွတ်လပ်သောအာရှအသံတို့သည် မြန်မာအတွက် ၂၄ နာရီ ရုပ်သံထုတ်လွှင့်မည်ဖြစ်ကြောင်း အမေရိကန် ကမ္ဘာ့မီဒီယာအေဂျင်စီ (USAGM) ကကြေညာသည်။
USAGM က ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်သည့်သတင်းထုတ်ပြန်ချက်အရ ထိုရုပ်သံလိုင်းသည် မြန်မာတနိုင်ငံလုံးကို လွှမ်းခြုံသည့် နေအိမ်များသို့ တိုက်ရိုက်ဆက်သွယ်သည့် ဂြိုလ်တုရုပ်သံလိုင်း ၂ ခုမှ ထုတ်လွှင့်မည်ဟု သိရသည်။ စစ်ကောင်စီက လွတ်လပ်သော မီဒီယာများကို ပိတ်ပင်ခြင်းနှင့် ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း မိုဘိုင်းဝန်ဆောင်မှု ပိတ်ပင်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ထုတ်လွှင့်နေကြောင်း သိရသည်။
ပြည်တွင်းနှင့် ပြည်ပတွင်ရောက်နေသည့် လူမှုအခြေပြုအဖွဲ့အစည်းများသည်လည်း အမေရိကန်ပြည်ထောင်စုထံမှ အကူအညီများ ရရှိကြမည်ဖြစ်သည်။ သို့သော် သာမန်ပြည်သူများ၏မျှော်လင့်ချက်ကို ရှင်သန်စေရုံမှအပ ထိုသို့လုပ်ခြင်းကြောင်း အရပ်သားများကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ရန် လက်မရွံ့သည့် စစ်ကောင်စီ၏ အာဏာကို ထိခိုက်စေရန် ခက်ခဲနေသေးသည်။
အာဏာသိမ်းချိန်မှ ဇွန်လ ၁၁ ရက်နေ့အထိ ဆန္ဒပြသူ အနည်းဆုံး ၈၆၁ ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ပြီးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ သိရသည်။ အာဏာသိမ်းပြီး စစ်ကောင်စီတပ်နှင့် ရဲက ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခဲ့သည်ဟု သိရှိရသောသူ ၂၁ ဦး၏ အမည်များကိုလည်း AAPP က ထုတ်ပြန်ခဲ့သည်။
လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုနှင့် ရှေ့တန်းဒေသများမှ လက်နက်ကိုင်တိုက်ပွဲများသည် စစ်ကောင်စီကို ဖြုတ်ချနိုင်ဖွယ် မရှိကြောင်း လုံခြုံရေးနှင့် အခြားသုတေသီများက ပြောကြသည်။ စစ်တပ်အတွင်း ပြိုကွဲမှုကသာ ထိုသို့ဖြုတ်ချနိုင်မည်ဖြစ်သော်လည်း စစ်အရာရှိများအကြား ထိုမျှကြီးမားသော သဘောထားကွဲလွဲမှုများကို မတွေ့ရပေ။
သို့သော် မြန်မာနိုင်ငံသည် တရုတ်ကို မှီခိုသည့် ဖေါက်သည် နောက်တကြိမ် မဖြစ်ရေး စစ်ကောင်စီကို ဆန့်ကျင်သည့် အင်အားစုများကို ပိုမိုတောင့်တင်းကြံ့ခ်ိုင်အောင် လုပ်ဆောင်ပေးပါက ဝါရှင်တန်အတွက် သေနင်္ဂဗျူဟာ အကျိုးစီးပွားရှိနေသည်။

Asia Times က ကြည့်ရှုခွင့်ရခဲ့သည့် မြန်မာစစ်တပ် မှတ်တမ်းများအရ တရုတ်နိုင်ငံအပေါ် မှီခိုရခြင်းကိုထိပ်တန်း စစ်ခေါင်းဆောင်များက စိုးရိမ်နေပြီး အနောက်နိုင်ငံများနှင့် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးချိန်ခွင်လျှာညှိရန် လုပ်ဆောင်သောကြောင့် ၂၀၁၁-၁၂ ခုနှစ်က ပိုမိုပွင့်လင်းသည့် လူ့အဖွဲ့အစည်းကို စတင်မိတ်ဆက်စေခဲ့ကြောင်း သိရသည်။
အနောက်နိုင်ငံများနှင့်ဆက်ဆံရေးသည် မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာ မွတ်ဆလင်များကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေချိန် မတိုင်မီကအထိ တိုးတက်နေသည်။ ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ထိုရက်စက်မှုများကို ရှုတ်ချရန် ငြင်းဆန်ခဲ့သည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ဒီမိုကရေစီနောက်ပြန်လှည့်သွားခြင်းကို ဗြောင်ကျကျ ရှုတ်ချသော်လည်း စစ်အာဏာသိမ်းမှုကို ဂျပန်နှင့် အိန္ဒိယတို့၏ တုံ့ပြန်မှုမှာ ပြင်းထန်ခြင်း မရှိပေ။ ဂျပန်သည် အနောက်နိုင်ငံများကဲ့သို့ စစ်ကောင်စီကို အရေးယူပိတ်ဆို့ခြင်း မရှိရုံသာမက စစ်ကောင်စီက ညှင်းပမ်းနှိပ်စက်သတ်ဖြတ်နေသည်များကိုပင် ပြင်းပြင်းထန်ထန် ရှုတ်ချခြင်းမပြုပေ။
အိန္ဒိယသည်လည်း ကြီးမားသော အကျပ်အတည်းကို ရင်ဆိုင်နေရပြီး အာဏာသိမ်းအလွန်မြန်မာတွင် တရုတ်က ပိုမိုထိုးဖေါက်လာမည်ကို ပိုမိုစိုးရိမ်နေသည်။ နယူးဒေလီသည် စစ်ကောင်စီကို မဆန့်ကျင်လိုပေ။ အိန္ဒိယသည် မကြာသေးမီကမှ ရေငုတ်သင်္ဘောရောင်းချမှုအပါအဝင် သဘောတူညီချက်များဖြင့် စစ်တပ်နှင့် ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဆောင်ထားရသည်။ သို့သော် တချိန်တည်းတွင် အိန္ဒိယသည် မြန်မာမှ ဒုက္ခသည်အများအပြားကို လက်ခံထားနေရသည်။
ဒေသခံ သတင်းရင်းမြစ်များ၏ အဆိုအရ အရှေ့မြောက်မီဇိုရမ်ပြည်နယ်တွင် မြန်မာမှ ဒုက္ခသည် ၂၁၀၀၀ ရှိနေပြီး အနီးရှိ မဏိပူပြည်နယ်တွင် မည်မျှအထိရှိနေကြောင်း မသိရသေးပေ။
ထိုပြည်နယ်နှစ်ခုသည် မြန်မာနှင့် နယ်နိမိတ်ထိစပ်နေပြီး မီဇိုတိုင်းရင်းသားတို့သည် မြန်မာဘက်ခြမ်းမှ ချင်းတိုင်းရင်းသားများနှင့် ဆွေမျိုးရင်းခြာများဖြစ်သောကြောင့် ဒေသအာဏာပိုင်များသည် နယူးဒေလီမှ ဗဟိုအစိုးရက ဒုက္ခသည် လက်မခံရန် ညွှန်ကြားခြင်းကို လျစ်လျူရှုနေကြသည်။ ချင်းပြည်နယ်သည် စစ်ကောင်စီတပ်များနှင့် ဒေသခံခုခံရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားသည့် နေရာများအနက် တခုဖြစ်သည်။
တရုတ်နှင့်အပြိုင် သေနင်္ဂဗျူဟာ အကျိုးစီးပွားများရှိနေကြသည့် ဒီမိုကရေစီနိုင်ငံကြီးများဖြစ်သော အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့သည် မြန်မာကဲ့သို့ ခန့်မှန်းရန် ခက်ခဲသောပြဿနာတွင် သဘာဝမဟာမိတ်များ ဖြစ်သင့်သည်။ သို့သော် တရုတ်သည် မြန်မာနိုင်ငံတွင် ခိုလှုံနေပြီး အိန္ဒိယကို တိုက်ခိုက်နေသည့် အိန္ဒိယအရှေ့မြောက်ပိုင်းမှ သူပုန်များကို ထောက်ပံ့မှု ပြန်လည်ပေးအပ်နိုင်သောကြောင့် ထိုသို့ ဖြစ်ရန် မလွယ်ကူပေ။
ယခင်က တရုတ်သည် အဓိကအားဖြင့် နာဂများ၊ မဏိပူများနှင့် အာသံမှ ခုခံရေးအင်အားစုများကို အကူအညီများ ပေးခဲ့သည်။ လွန်ခဲ့သော အောက်တိုဘာလက အိန္ဒိယက ထိုင်ဝမ်နှင့် ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်သောကြောင့် တရုတ်က အိန္ဒိယသူပုန်များကို ထောက်ပံ့ခြင်းဖြင့် လက်စားချေမည်ဟုပြောသည်။
အာဏာသိမ်းပြီး ၄ လကြာသောအခါ ပေါ်ပေါက်လာသော အကျပ်အတည်းသည် ပြည်တွင်းရေး သက်သက် မဟုတ်တော့ပေ။ သို့သော် မြန်မာနိုင်ငံတွင် ရှေ့ဆက် မည်သို့ဖြစ်မည်ကို အကျော်ကြားဆုံး ဗေဒင်ဆရာဖြစ်စေ ရှေ့ဖြစ်ဟောသူဖြစ်စေ အနောက်တိုင်း နိုင်ငံရေး စစ်ရေးသုတေသီဖြစ်စေ ခန့်မှန်းရဲမည် မဟုတ်ပေ။
သေချာသည့် တခုတည်းသော ကိစ္စမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ၏ ဒီမိုကရေစီဖျက်သ်ိမ်းရေး အာဏာသိမ်းယူမှုအား ခုခံမှု၏ အတိုင်းအတာ၊ ကျယ်ပြန့်မှုနှင့် သက်တမ်းရှည်ကြာမှုကို ကြိုတင်မှန်းဆနိုင်ခြင်း မရှိ ဆိုသည့်အချက်ဖြစ်သည်။ ထိုသို့ တွက်ချက်မှု မှားယွင်းသောကြောင့် နိုင်ငံသည် အင်အားကြီးနိုင်ငံများ၏ လျှို့ဝှက်သြဇာ လွှမ်းမိုးစွက်ဖက်မှုများကို ရင်ဆိုင်ရတော့မည်ဖြစ်ပြီး မင်းအောင်လှိုင်မွေးသည့် မီးကိုလေပင့်ကာ ငြိမ်းသတ်နိုင်တော့မည် မဟုတ်ပေ။
(Asia Times ပါ Bertil Lintner ၏ New Great Game rages in post-coup Myanmar ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
အာဏာသိမ်းမှုကို ရှုတ်ချ၊ အာဆီယံသဘောတူညီချက်ကို ထောက်ခံ ဟု G7 ခေါင်းဆောင်များပြော
တရုတ်က မြန်မာကို ဝင်မစွက်ဖက်ဘူးတဲ့လား
လူသားချင်းစာနာမှုကို အာရုံစိုက်ခြင်းက မြန်မာ့အကျပ်အတည်းကို ပိုမိုဆိုးရွား ရှည်ကြာစေနိုင်သည်
မြန်မာစစ်ကောင်စီနှင့် တရုတ် စီးပွားရေး ဆက်လုပ်မည်ဟု MRTV ထုတ်လွှင့်