ဆောင်းပါး

စစ်ကောင်စီ ဝါဒဖြန့်စာအုပ်များက သမိုင်းကို ပြင်ရေးရန် မျှော်လင့်နေ

Want create site? Find Free WordPress Themes and plugins.

ဖေဖေါ်ဝါရီလတွင် စစ်အာဏာသိမ်းပြီး ၂ လခန့်ကြာသောအခါ စစ်ကောင်စီထိန်းချုပ်ထားသည့် ပြန်ကြားရေး ဝန်ကြီးဌာနသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုကို ရှုတ်ချပြီး စစ်ကောင်စီကို ချီးကျူးသည့် စာအုပ်များကို စတင်ထုတ်ဝေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရခေတ် စာရေးဆရာ ဦးဖေမြင့်မှအပ ကွယ်လွန်သူ အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်း၏ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုအပြီး နောက်ပိုင်း လက်ရှိပြန်ကြားရေးဝန်ကြီး ဦးချစ်နိုင်အပါအဝင် ပြန်ကြားရေးဝန်ကြီးတိုင်းသည် စစ်အရာရှိများဖြစ်ကြသည်။

ထို့ကြောင့် စစ်အုပ်ချုပ်ရေးအပေါ်ထောက်ခံမှု အပြည့်အဝရှိနေပြီး ဒီမိုကရေစီတောင်းဆိုမှုများကို ထိုဝန်ကြီးများက ပုန်ကန်မှုဟု မြင်ကြသည်။

စစ်ကောင်စီထိန်းချုပ်သော ထိုဝန်ကြီးဌာနသည် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းများကို စာအုပ် ၃ အုပ် ထုတ်ဝေပြီးဖြစ်သည်။ ထိုစာအုပ်များတွင် စစ်ခေါင်းဆောင်က အများပြည်သူသို့ပြောကြားသည့် မိန့်ခွန်းများ၊ စစ်ကောင်စီဝန်ထမ်းများနှင့် စစ်သားများကို ပြောသောမိန့်ခွန်းများ၊ မြန်မာနိုင်ငံမှ တိုင်းရင်းပြည်နယ်များ၏ အမျိုးသားနေ့များတွင်ပြောကြားသော မိန့်ခွန်းများပါဝင်သည်။

ထိုစာအုပ်များတွင် စစ်အုပ်ချုပ်ရေးဆန့်ကျင်သူ ၉၀၀ နီးပါးကို စစ်ကောင်စီက သတ်ဖြတ်သည့် အကြောင်းအရာများနှင့် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် လူထုအုံကြွမှုအကြောင်း မပါပေ။ အာဏာသိမ်းခြင်းသည် မှန်ကန်ကြောင်း အကြိမ်ကြိမ်ပြောပြီး ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် NLD က မဲလိမ်သောကြောင့် စစ်တပ်က အာဏာသိမ်းရသည်ဟုသာ ပြောသည်။

ထိုစာအုပ်များ၏ အမှာစာများတွင် အာဏာသိမ်းရခြင်းအတွက် NLD ကို အပြစ်တင်သည်။ “ ၁၉၈၈ ခုနှစ်မှစတင်ပြီး တပ်မတော်က ချမှတ်ခဲ့သော မြန်မာ့ဒီမိုကရေစီ အုတ်မြစ်သည် တိုးတက်မှုအချို့ ရှိသော်လည်း ဒီမိုကရေစီခရီးလမ်းသည် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းအမှားများနှင့် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် တပ်မတော်၏ပြောဆိုချက်များကို ကိုင်တွယ်ဖြေရှင်းပေးရန် ပျက်ကွက်ခြင်းတို့ကြောင့် နှောင့်နှေးရသည်” ဟု ထိုအမှာစာများက ဆိုသည်။

အခြားစာအုပ်တအုပ်ဖြစ်သော “ယနေ့အချိန်သည် ပြည်သူများအနေဖြင့် အမှားနှင့်အမှန်၊ တရားမျှတမှုနှင့် မတရားမှုကို ခွဲခြားရမည့် အချိန်ဖြစ်သည်” ဆိုသည့် စာအုပ်တွင် ဆောင်းပါးပေါင်း ၉၀ ကျော် ပါဝင်ပြီး အများစုမှာ စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာများတွင် ဖေါ်ပြခဲ့သော ဆောင်းပါးများဖြစ်သည်။

ရွေးကောက်ပွဲသည် တရားမျှတမှုရှိလျှင် စစ်တပ်သည် ဝင်ရောက်စွက်ဖက်ခဲ့မည် မဟုတ်ဟု ထိုဆောင်းပါးများက ဆိုသည်။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုကိုလည်း မဲသူခိုးများကို ပြန်တင်ချင်သည့် တော်လှန်ရေးဟု လှောင်ပြောင်သည်။ ဆန္ဒပြပွဲလှုံဆော်မှုများအတွက် လူမှုသြဇာကြီးမားသူများကို အပြစ်တင်သည်။ ထိုသူများကြောင့် ပြည်သူများ ဖမ်းဆီးသတ်ဖြတ်ခံရသည်ဟု အပြစ်တင်သည်။

NLD ပါတီ၊ စစ်ကောင်စီကို ဆန့်ကျင်နေဆဲဖြစ်သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုနှင့် ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများ အားလုံး မှားယွင်းသည်ဟု ထိုဆောင်းပါးများက ဆိုသည်။

နောက်ထပ်စာအုပ်များကိုလည်း ထုတ်ဝေမည်ဟု မြန်မာ့အလင်းနှင့်ကြေးမုံတို့က ကြေညာထားသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံအပြီးတွင် ထိုစဉ်က စစ်အုပ်စုသည်လည်း ထိုအတိုင်းပင် လုပ်ခဲ့သည်။

ထိုစဉ်က စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ဖြစ်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC)နှင့် နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီ တို့သည် အာဏာရှင်များဖြစ်သော ဗိုလ်ချုပ်ကြီး စောမောင်နှင့် ဗိုလ်ချုပ်ကြီး သန်းရွှေတို့ ၏ မိန့်ခွန်းများ၊ တပ်မတော်သမိုင်းကို ချီးကျူးသော စာအုပ်များ၊ ဒီမိုကရေစီလှုပ်ရှားမှုကို အပြစ်တင်သည့် သတင်းစာဆောင်းပါးများ၊ NLD ကို ဗမာပြည်ကွန်မြူနစ်ပါတီက ထိန်းချုပ်ထားသည်ဟု စွပ်စွဲသည့် စစ်တပ်သတင်းစာရှင်းလင်းပွဲများ၊ BBC နှင့် VoA တို့ကထုတ်လွှင့်သည့် စွပ်စွဲချက်များတုံ့ပြန်သော စာအုပ်များ၊ NLD ဒေါ်အောင်ဆန်းစုကြည် ယခင်ဝန်ကြီးချုပ်ဟောင်း ဦးနု အဝေးရောက် စင်ပြိုင်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို ဝေဖန်သော စာအုပ်များအပါအဝင် စာအုပ်ရာပေါင်းများစွာ ထုတ်ဝေကြသည်။

ယခု စစ်အာဏာသိမ်းစဉ်ကတည်းက ဖမ်းဆီးခံထားရသော NLD ခေါင်းဆောင် ဦးဝင်းထိန်က သူ၏ အတ္ထုပတ္တိစာအုပ်တွင် “SLORC သည် စာအုပ်ပေါင်းများစွာ ထုတ်ဝေသည်။ ၎င်းတို့သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို ရှုတ်ချရန် ရည်ရွယ်သည်ဟု ယူဆရသည်။ မိမိကဲ့သို့သော နိုင်ငံရေး အကျဉ်းသားများသည် ထိုစာအုပ်များကို ဖတ်ရတိုင်း အံကြိတ်နေရသည်။ ၎င်းတို့သည် သမိုင်းကို သရုပ်ဖျက်ရန်ကြိုးစားနေကြသည်” ဟု ရေးသားခဲ့သည်။

စစ်အာဏာရှင်များ၏ စာအုပ်များသည် နောက်ဆုံး ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းသို့သာ ရောက်ကုန်ပြီး နှစ်ပြားတပဲဖြင့် ရနိုင်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏ စစ်အုပ်စုသစ်ကို ချီးကျူးရန် မကြာသေးမီက ထုတ်ဝေသော စာအုပ်များသည်လည်း ထိုလမ်းကြောင်းအတိုင်း နိဂုံးချုပ်ဖွယ်ရှိပေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Propaganda Books Hope to Rewrite History ကို ဘာသာပြန်သည်။)

မြန်မာ အာဏာသိမ်းခေါင်းဆောင်ကို မော်စကို သတိထားဆက်ဆံ

စစ်ကောင်စီ ဒုဗိုလ်မှူးကြီး တဦးသေဆုံးရတဲ့ မန္တလေးဖြစ်စဉ်

စစ်ကောင်စီတပ်က ဓားပြလုပ်ရပ်များ ကျူးလွန်နေ

မြန်မာ့တပ်မတော်က KNU ကို ရှက်ပါ

Did you find apk for android? You can find new Free Android Games and apps.
Loading