မြန်မာနိုင်ငံမှ အင်အားချည့်နဲ့သည့် ဒီမိုကရေစီကို ဆယ်စုနှစ်တခုကြာ စမ်းသပ်မှုအား အဆုံးသတ်လိုက်သော ဖေဖေါ်ဝါရီလ ၁ ရက်နေ့စစ်အာဏာသိမ်းမှုသည် လမ်းမများပေါ် တွင်သာမက အွန်လိုင်းလောကတွင်လည်း အကြမ်းဖက်မှုများဖြစ်စေသည်။
မြန်မာစစ်တပ်သည် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များကို ဖမ်းဆီးထောင်ချခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အရေးပေါ်အခြေအနေကြေညာကာ နိုင်ငံကို ထိန်းချုပ်လိုက်သည်။
အာဏာလုယူပြီးနောက် လူပေါင်း ၉၀၀ နီးပါးသည် စစ်ကောင်စီတပ်များ လက်ချက်ဖြင့် သေဆုံးသည်။ ထောင်ပေါင်းများစွာလည်း ဒဏ်ရာရပြီး ရာပေါင်းများစွာ ညှင်းပမ်းနှိပ်စက်ခံရသည်။ လူ ၆၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် ၈၀ ရာခိုင်နှုန်းကျော်ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်။
တချိန်တည်းတွင် ဒစ်ဂျစ်တယ်လောကသည်လည်း စစ်ကောင်စီနှင့် ၎င်းကို ဆန့်ကျင်သူများအကြား အပြိုင်စစ်မြေပြင်တခုဖြစ်နေသည်။
အာဏာလုပြီးမကြာမီ စစ်အုပ်စုသည် အွန်လ်ိုင်းဖိနှိပ်မှုများကို အကြီးအကျယ်မြှင့်တင်လိုက်ပြီး အသုံးပြုသူများ၏ အချက်အလက်များကို ရယူနိုင်သည့် ဥပဒေများ ပြဋ္ဌာန်းကာ အတိုက်အခံများကို ဖိနှိပ်သည်။ ဝက်ဆိုက်များနှင့် VPNs အသုံးပြုမှုများကို ကန့်သတ်ရန် မိုဘိုင်းဖုန်းနှင့် အင်တာနက်ဝန်ဆောင်မှုပေးသူများထံ နေ့စဉ် သတိပေးစာများ ထုတ်ပြန်သည်။ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများတွင် စမတ်ဖုန်းအချက်အလက်များကို အထောက်အထားအဖြစ် အသုံးပြုနေသည်။
ထို့နောက် မကြာမီ အာဏာပိုင်များသည် ကြီးထွားနေသော ဆန္ဒပြပွဲများကို တုံပြန်သည့်အနေဖြင့် အင်တာနက်ကို လုံးဝပိတ်လိုက်ပြီး Facebook, WhatsApp, Twitter နှင့် Instagram တို့ကိုလည်း ပိတ်ပင်သည်။
ပြည်ထဲရေးဝန်ကြီးဌာန (MOHA)နှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနတို့မှ ပေါက်ကြားလာသည့် ဘဏ္ဍာငွေအသုံးစရိတ်ဆိုင်ရာ မှတ်တမ်းများအရ ကိုယ့်နိုင်ငံသားများ ကိုယ်ပြန်ဖိနှိပ်ရန် စစ်ကောင်စီကို အနောက်ကုမ္ပဏီများက ရောင်းချခဲ့သော နည်းပညာက အထောက်အကူပြုနေကြောင်းတွေ့ရသည်။
သုတေသနနှင့် ဒီမိုကရေစီလိုလားသော အဖွဲ့အစည်း တခုဖြစ်သည့် Justice for Myanmar (JFM) က ရရှိသည့် ထိုပေါက်ကြားမှတ်တမ်းများကို Lighthouse Reports သို့ ပေးပို့ခဲ့သည်။ ထိုအဖွဲ့က သတင်းဌာနအများအပြားနှင့် စုံစမ်းစစ်ဆေးမှု တခုပြုလုပ်ခဲ့ပြီး နိုင်ငံတကာ ကုန်စည်ထုတ်လုပ်တည်ဆောက်သူ ၄၀ ကို ဖေါ်ထုတ်ခဲ့သည်။
၂၀၁၈ မှ ၂၀၂၁ ခုနှစ်အတွင်း ဝယ်ယူမှုများတွင် အစိုးရက ဝယ်ယူသည့် သူလျှိုနှင့် မှုခင်း ဖေါ်ထုတ်ရေးဆိုင်ရာ ထုတ်ကုန်များကို ဖေါ်ပြထားပြီး ထိုထုတ်ကုန်များတွင် ဖုန်းခေါ်ဆိုမှုများနှင့် စာတိုပေးပို့များကို ကြားဖြတ်ရန်၊ စကားဝှက်ကို ဖေါ်ထုတ်ရန်၊ မိုဘိုင်းဖုန်းအချက်အလက်များကို ထုတ်ယူပြီး ပုံဖေါ်ထုတ်ရန်နှင့် မျက်နှာမှတ်သားမှုပြုလုပ်သည့် ဆော့ဖ်ဝဲလ်စနစ်များပါဝင်သည်။
“၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများကို လူမျိုးစု သုတ်သင်မှုအပြီးမှာတောင်မှ မြန်မာစစ်အုပ်ဟာ သူတို့ အခု စစ်အာဏာသိမ်းမှုဆန့်ကျင်သူတွေကို ချေမှုန်းဖို့ သုံးနေတဲ့ အဆင်မြင့် အီလက်ထရွန်းနစ်ထောက်လှမ်းရေးနဲ့ ဒစ်ဂျစ်တယ် ရာဇဝတ်မှုဖေါ်ထုတ်ရေး ကိရိယာတွေကို ဆက်လက်ရရှိနေတယ် ” ဟု နိုင်ငံတကာ အကျပ်အတည်းလေ့လာရေးအဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ရစ်ချတ်ဟော်ဆေးက TRT World သို့ ပြောသည်။
“ မြန်မာစစ်အုပ်စုဟာ မြန်မာပြည်သူတွေကို အလုံးအရင်းနဲ့ ထောက်လှမ်းတဲ့သမိုင်းရှိပြီး သူတို့ရဲ့ စွမ်းရည်ဟာ အနောက်နိုင်ငံတွေဆီက နည်းပညာတွေ ဝယ်ခွင့်ရတဲ့ စစ်တပ်ဦးဆောင်တဲ့ အသွင်ကူးပြောင်းမှု ကာလအတွင်း ကြောက်စရာကောင်းလောက်အောင် တိုးတက်လာတယ်” ဟု JFM ပြောခွင့်ရသူ ဒေါ်ရတနာမောင်ကလည်း ပြောသည်။
“အခုတော့ စစ်ကောင်စီမှာ ဖုန်းတွေက အချက်အလက်တွေကို ထုတ်ယူဖို့နဲ့ လူမှုကွန်ရက်မီဒီယာကို စောင့်ကြည့်ဖို့ ကိရိယာတွေရှိလာပြီး သတင်းသမားတွေနဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေကို အန္တရာယ်ကျရောက်စေတယ်” ဟု သူက TRT World သို့ပြောသည်။
စစ်ကောင်စီတပ်က ရရှိထားသည့် နည်းပညာမျိုးကို ကမ္ဘာတဝန်းမှ ရဲတပ်ဖွဲ့များက မူးယစ်ဆေးကွန်ရက်နှင့် လူမှောင်ခိုကူမှုကဲ့သို့သော တရားမဝင်လုပ်ငန်းများကို တားဆီးရန် သုံးသည်။ သို့သော် ထိုကိရိယာများကို စစ်ကောင်စီက အရပ်သားများအား ထောက်လှမ်းအကြမ်းဖက်ရာတွင် သုံးနိုင်ကြောင်း အများအပြားက စိုးရိမ်ကြသည်။
“ဒီလိုနည်းပညာမျိုးကို ညှင်းပမ်းနှိပ်စက်တာနဲ့အခြားပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေမှာ သုံးတဲ့အဆင့်အထိ ဖြစ်ကုန်တတ်တယ်” ဟု တိုရွန်တို တက္ကသိုလ်မှ ဒစ်ဂျစ်တယ်အခွင့်အရေး သုတေသနဌာနဖြစ်သည့် Citizen Lab မှ ဂျွန်စကော့ရေးလ်တန်ပြောသည်။
“ဥပမာအားဖြင့်ပြောရရင် ဒစ်ဂျစ်တယ် ရာဇဝတ်မှုဖေါ်ထုတ်ရေး ကိရိယာတွေသုံးပြီး ဖုန်းတွေက ထုတ်ယူထားတဲ့ သတင်းအချက်အလက်တွေကို လူ့အခွင့်အရေး ကာကွယ်ရေးသမားတယောက်၊ သတင်းသမားတယောက်ကို စီရင်ဖို့ သုံးလာနိုင်တယ်” ဟု သူပြောသည်။
မြတ် ဟု အမည်ဝှက်သုံးသည့် အသက် ၂၀ ကျော်အရွယ် မြန်မာကျောင်းသားတဦးသည် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ပါဝင်သောကြောင့် မတ်လ နှောင်းပိုင်းက ဖမ်းဆီးခံရသည်။ ဖမ်းဆီးတိုက်ခိုက်ခံရပြီးနောက် သူ၏ဖုန်းကို ရဲက သိမ်းသွားကြောင်း သူပြောသည်။
“ သူတို့ ကျနော့်ကို စဖမ်းတော့ သူတို့ ၃၀ လောက်က ကျနော့်ကို ဆိုးဆိုးဝါဝါး ရိုက်နှက်တာပဲ လုပ်ကြတယ်။ လမ်းပေါ်မှာ မီတာ ၁၀၀ လောက် ဒရွတ်ဆွဲခေါ်သွားတော့ ကျနော်သတိလစ်တော့မယ်လို့တောင်ထင်နေတာ” ဟု သူက The Intercept သတင်းသို့ ပြောသည်။
ဖမ်းဆီးခံရပြီးနောက် သူ၏စမတ်ဖုန်းကို လော့ဖွင့်ခိုင်းပြီး သိမ်းယူလိုက်ကြသည်။
အာဏာပိုင်များသည် သံသယူရှိသူများကို အရေးယူရန်အတွက် ၎င်းတို့၏ ဆက်သွယ်ရေးကိရိယာများတွင် စစ်အုပ်စုဆန့်ကျင်ရေး အကြောင်းအရာများကို ရှာဖွေကြကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာကျောင်းသားများနှင့် လူငယ်များ ကွန်ဂရက်မှ အထွေထွေအတွင်းရေးမှူး ကိုတင်ဦးက ပြောသည်။
“ဖုန်းကိုသိမ်းပြီးတ့အခါကျတော့ အဲဒီဖုန်းထဲက အချက်အလက်အားလုံးကို စစ်ဆေးတယ်။ သူတို့က စစ်ဆေးရေး စခန်းတွေမှာ ဘတ်စ်ကားတွေ ကားတွေပေါ်ကလူတွေရဲ့ ဖုန်းတွေကိုတောင်မှ စစ်ဆေးတယ်။ Messenger, Viber နဲ့ Facebook မှာ တင်ထားတာတွေကို စစ်တာ” ဟု သူက Globe and Mail သို့ပြောသည်။
ကမ္ဘာ့နည်းပညာကုမ္ပဏီများ ကြံရာပါဖြစ်ကြခြင်း
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်ဆလင်များကို စစ်တပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းအား စုံစမ်းနေသည့် Reuters သတင်းသမားနှစ်ဦးကို ဖမ်းဆီးရန် အစ္စရေး သူလျှိုဆော့ဖ်ဝဲလ်လုပ်ငန်း Cellebrite ၏ ဖုန်းခိုးဝင်နည်းပညာကို စစ်တပ်က သုံးလိုက်သောကြောင့် မြန်မာစစ်တပ်က ပြည်သူများကို ဖိနှိပ်ရန် အသုံးပြုနေသည့် ထောက်လှမ်းရေးနည်းပညာများ၏ အထောက်အထားကို ရခဲ့သည်။
ထိုကိစ္စ လူသိရှင်ကြားဖြစ်လာသောအခါ Cellebrite က ၎င်းတို့သည် မြန်မာမှ ထွက်ခွာပြီးဖြစ်ကြောင်းပြောသည်။ ထိုနေရာတွင် အစားထိုးရန် အစိုးရက အခြားလုပ်ငန်းများကို ရှာဖွေသည်။
နောက်ဆုံးပေါက်ကြားခဲ့သည့် ဘဏ္ဍာရေး အသုံးစရိတ်တွင် ကနေဒါ ကုမ္ပဏီ နှစ်ခုဖြစ်သော OpenText နှင့် Magnet Forensics တို့က ၎င်းတို့သည် ၎င်းတို့၏ ကိရိယာများကို ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုမတိုင်မီက ရောင်းခဲ့ခြင်းဖြစ်ကြောင်း ကနေဒါနိုင်ငံ၏ လက်နက်ရောင်းချမှု ပိတ်ပင်ရေးစနစ်အရ ထပ်မံရောင်းချခြင်း မရှိကြောင်း ပြောသည်။
သို့သော် ဝယ်ယူထားပြီဖြစ်သည့် Magnet ၏ AXIOM နှင့် AXIOM Cloud ၊ OpenText ၏ EnCase Forensic V8 နှင့် EnCase Mobile Investigator တို့သည် စာတိုပေးပို့မှုများကို ပြန်လည်ဖေါ်ထုတ်နိုင်ခြင်း၊ ဖျက်ထားသော အချက်အလက်များကို ပြန်ဖေါ်ထုတ်နိုင်ခြင်း၊ စကားဝှက်ကိုကျော်နိုင်ခြင်းနှင့် cloud တွင်သိမ်းဆည်းထားသည်များနှင့် လူမှုကွန်ရက်အကောင့်များသို့ ဝင်ရောက်နိုင်ခြင်းတို့ကြောင့် စစ်တပ်အတွက် လွန်စွာအသုံးဝင်သော ကိရိယာများဖြစ်နေသည်။
အခြားသော ကုမ္ပဏီတခုမှာ ဆွီဒင်လုပ်ငန်း MSAB ဖြစ်ပြီး ထိုလုပ်ငန်းက ဒေတာအချက်အလက်ထုတ်ယူသည့် ဆော့ဝဲတခုကို ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဆိုက်ဘာ ရာဇဝတ်မှုဌာနသို့ ၂၀၁၉ ခုနှစ်တွင် ရောင်းခဲ့ကြောင်း The Intercept သို့ အတည်ပြုပြောကြားသည်။ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနသည် ရဲနှင့် ပူးပေါင်းဆောင်ရွက်နေသည်။
MSAB သည် တတိယကြားလူ ဖြန့်ချိရေးလုပ်ငန်းဖြစ်သည့် စစ်အရာရှိဟောင်း ကျော်ကျော်ထွန်း ပိုင်သည့် MySpace International မှတဆင့် ဖုန်းအချက်အလက် ထုတ်ယူသောဆော့ဖ်ဝဲလ်ကို ပြည်ထဲရေး ဝန်ကြီးဌာန၏ ထောက်လှမ်းရေးအဖွဲ့တခုဖြစ်သော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသို့လည်း ရောင်းချရန် ရည်ရွယ်ခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် ထိုကိစ္စကို ရုတ်သိမ်းလိုက်ကြောင်း MSAB ကပြောသည်။
သို့သော် ထိုလုပ်ငန်းက ယခင်လွှဲပြောင်းပေးခဲ့သော ဆော့ဖ်ဝဲလ်သည် ဖိနှိပ်သော ကိရိယာဖြစ်နေသည်။ စစ်အာဏာသိမ်းပြီးနောက် ထိုဆော့ဖ်ဝဲလ်အတွက် လိုင်စင်ကို ဖျက်သိမ်းသည် ဆိုသော်လည်း ထိုကိရိယာကို လိုင်စင်သက်တမ်း ကုန်ဆုံးနေသည့်တိုင် ဆက်သုံးနိုင်ကြောင်း ၎င်းတို့ဝက်ဆ်ိုက်တွင် ဖေါ်ပြထားသည်။
ယခုနှစ် အစောပိုင်းကလည်း အမေရိကန် ဒစ်ဂျစ်တယ် ရာဇဝတ်မှု ဖေါ်ထုတ်ရေး လုပ်ငန်း Oxygen Forensics က ၎င်းတို့သည် လိုင်စင်တခုရောင်းခဲ့ကြောင်း အတည်ပြုသော်လည်း မည်သူ့ကို ရောင်းခဲ့သည်အား ထုတ်ဖေါ်ပြောဆိုခြင်း မပြုပေ။ Al Jazeera သတင်းဌာန၏ 101 East ဗီဒီယိုမှတ်တမ်း အစီအစဉ်အရ အချို့သော လုပ်ငန်းများ၏ ထုတ်ကုန်များကို တဆင့်ခံပြန်ရောင်းသူများဖြစ်သည့် US SUMURI နှင့် MediaClone တို့မှတဆင့် ရောင်းချခဲ့ပုံရကြောင်း သိရသည်။ US SUMURI နှင့် MediaClone တို့သည် MySpace International သို့ ကုန်ပစ္စည်းပေးသွင်းသူများဖြစ်ကြသည်။
အခြားလုပ်ငန်းတခုမှာ အီတလီမှ SecurCube ဖြစ်ပြီး ထိုလုပ်ငန်းသည် မြန်မာသို့ မည်သည့်ထုတ်ကန်ုကိုမျှ တိုက်ရိုက်ရောင်းချခြင်းမရှိဟု ယခင်က ငြင်းဆိုထားသည်။ သို့သော် ၎င်း၏ထုတ်ကုန်များကို ဝယ်ယူသည့် MySpace International ကဲ့သို့သော ကြားခံလုပ်ငန်းများက အထက်ပါပေါက်ကြားမှု စာရင်းတွင် ဖေါ်ပြထားသည်။
MySpace International ၏ ဝက်ဆိုက်ကို ယခုအချိန်တွင် သွားရောက်ကြည့်ရှုနိုင်တော့မည် မဟုတ်သော်လည်း မှတ်တမ်းတင် သိမ်းဆည်းထားသည့် အချက်အလက်များအရ ၎င်းထံရောင်းချသူများတွင် အခြားလုပ်ငန်းအများအပြားနှင့်အတူ MSAB, SecurCube နှင့် Oxygen Forensics တို့လည်း ပါဝင်နေသည်။
အနောက်နိုင်ငံကုမ္ပဏီများအပြင် တရုတ်နှင့်ရုရှားလုပ်ငန်းများက မြန်မာနိုင်ငံသို့ ရောင်းချသည့် ကိရိယာများကိုလည်း ကောင်းစွာမှတ်တမ်းတင်ထားပြီးဖြစ်သည်။
လွန်ခဲ့သော ဒီဇင်ဘာလက စစ်အုပ်စုသည် မျက်နှာခွဲခြားသိနိုင်ပြီး ကားနံပတ်ဖတ်သည့် ထောက်လှမ်းရေး ဟွာဝေး ထောက်လှမ်းရေး ကင်မရာ ၃၃၅ လုံးကို ဘေးကင်းသော မြို့တော်အစီအစဉ်အရ တပ်ဆင်ခဲ့သည်။ စစ်အရာရှိများကို ထောက်လှမ်းရေး နည်းပညာများ သင်ယူရန် ရုရှားသို့ စေလွှတ်သည်။
ဗီယက်နမ်သည်လည်း နည်းပညာလွှဲပြောင်းပေးရာတွင် ကြံရာပါဖြစ်သည်။ ဗီယက်နမ် စစ်တပ်လုပ်ငန်းစုဖြစ်သော Viettel မှ အရာရှိများသည် မြန်မာတွင် လျှို့ဝှက် စစ်ရေးအခြေခံ အဆောက်အအုံများကို ထိန်းကျောင်း လုပ်ကိုင်နေသည်။
ယခုလ အစောပိုင်းက JFM ၏ စုံစမ်းဖေါ်ထုတ်မှုအရ အိန္ဒိယအစိုးရက အများစုပိုင်သည့် လက်နက်ထုတ်လုပ်ရေးလုပ်ငန်း Bharat Electronics Limited (BEL) သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုအပြီး ရေဒါနည်းပညာနှင့် ဆက်သွယ်ရေးကိရိယာများကို ၇ ကြိမ်ပို့ခဲ့ကြောင်း သိရသည်။
ထိုသို့လွှဲပြောင်းပေးအပ်ကြောင်းကို အိန္ဒိယနိုင်ငံမှ ပို့ကုန်အချက်အလက်များအရ သိရခြင်းဖြစ်သည်။
BEL သည် ဆွီဒင်မှ Saab ၊ ဒိန်းမတ်မှ Terma ၊ အီတလီမှ Beretta နှင့် Elettronica ၊ ပြင်သစ်-ဒတ်ချ် ဖက်စပ်လုပ်ငန်း Thales နှင့် အစ္စရေးလုပ်ငန်းများဖြစ်သည့် Israel Aerospace Industries နှင့် Elbit Systems တို့နှင့် ပူးပေါင်းဆောင်ရွက်နေသော လုပ်ငန်းဖြစ်သည်။
BEL ၏မြန်မာသို့ရေဒါနည်းပညာ လွှဲပြောင်းပေးအပ်မှုတွင် ဥရောပသမဂ္ဂမှလာသော နည်းပညာများပါနိုင်ပါသလား။ ပါလျှင် ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုပိတ်ပင်ခြင်းကို ချိုးဖေါက်နေသည်။
ကမ်းရိုးတမ်းထောက်လှမ်းရေးရေဒါများကို ရောင်းချပေးရန် BEL နှင့် သဘောတူထားသော Terma က ၎င်းတို့တွင် မည်သည့်တာဝန်မျှ မရှိကြောင်း JFM သို့ ထုတ်ပြန်ပေးသည့် ကြေညာချက်တွင် ဖေါ်ပြထားသည်။ Thales သည်လည်း မြန်မာနိုင်ငံသို့ ယခင်က ရေဒါများ ရောင်းခဲ့ဖူးသည်။
မြန်မာသို့ လက်နက်ရောင်းချမှု ပိတ်ပင်ရန် ကမ္ဘာတဝှမ်းတောင်းဆို
စိုးရိမ်စရာ ကိစ္စတခုမှာ ဥရောပသမဂ္ဂ အများပြည်သူ ရန်ပုံငွေဖြင့် တည်ဆောက်ထားသည့် MSAB မှ ပစ္စည်းများကဲ့သို့သော စစ်ဖက်အရပ်ဖက် နှစ်မျိုးသုံးနိုင်သည့် ပစ္စည်းများအပေါ် ကြီးကြပ်မှုဖြစ်သည်။ သို့သော် စစ်ဖက်အရပ်ဖက် နှစ်မျိုးသုံးနည်းပညာနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများသည် နည်းပညာသစ်များ ပေါ်ပေါက်လာခြင်းကို အမီလိုက်နိုင်ခြင်း မရှိပေ။
မြန်မာအစိုးရနှင့်ပတ်သက်မှုများကို လက်နက်ရောင်းချမှုပိတ်ပင်ခြင်း၏ စစ်ဖက်အရပ်ဖက် နှစ်မျိုးသုံးနည်းပညာပြဋ္ဌာန်းချက်ဖြင့် တားမြစ်နိုင်ခဲ့သင့်ပြီး ထိုကုမ္ပဏီများသည် ထိုက်သင့်သော လုံ့လစိုက်ထုတ်မှု လုပ်လျှင်ပင် ထိုကိစ္စကို တားဆီးပြီး ဖြစ်မည်ဟု ရစ်ချတ်ဟော်ဆေးက ပြောသည်။
“ ဒီနိုင်ငံတွေအနေနဲ့ ပိုမိုတင်းကျပ်တဲ့ လုပ်ထုံးလုပ်နည်းနဲ့ အရေးယူဆောင်ရွက်မှု လိုနေတယ်ဆိုတာ ရှင်းပါတယ်” ဟု သူပြောသည်။
ထိုသို့အလွဲသုံးစားပြုမှုများကို ဆားဆီးရန်အတွက် ဥရောပသမဂ္ဂသည် စစ်ဖက်အရပ်ဖက် နှစ်မျိုးသုံးနည်းပညာနှင့် သမားရိုးကျလက်နက်များနှင့် ဆိုင်သည့် Wassenaar သဘောတူစာချုပ်ကို သုံးသည်။ သို့သော် ထိုစာချုပ်သည် အဖွဲ့ဝင်နိုင်ငံများ မည်သို့ဆောင်ရွက်ရမည်ကို ဖေါ်ပြမထားဘဲ စစ်ဖက်အရပ်ဖက်နှစ်မျိုးသုံး နည်းပညာတင်ပို့သည့် လိုင်စင်များကို နိုင်ငံအာဏာပိုင်များက အတည်ပြု သို့မဟုတ် ပယ်ချနိုင်သည်ဟုသာ ဖေါ်ပြထားသည်။
ဥရောပပါလီမန်သည် စစ်ဖက်အရပ်ဖက် နှစ်မျိုးသုံးကုန်ပစ္စည်းများ ရောင်းချခြင်းအတွက် စည်းမျဉ်းသစ်များကို မတ်လက အတည်ပြုပြီး ဒစ်ဂျစ်တယ် ထောက်လှမ်းရေးနည်းပညာနှင့် ကိရိယာများ၊ နိုင်ငံအာဏာပိုင်များ၏ တာဝန်များကို ထည့်သွင်းလိုက်သည်။
သို့သော် ကမ္ဘာတဝှမ်း ညှိနှိုင်းဆောင်ရွက်မှု မရှိဘဲ မြန်မာကဲ့သို့ ဖိနှိပ်သော ထောက်လှမ်းရေးအုပ်ချုပ်မှုအောက်တွင် ခံစားနေရသူမျးအတွက် ထူးခြားလာမည် မဟုတ်ပေ။
မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ပိတ်ပင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ အဖွဲ့အစည်း ၁၃၆ ခုက ဖေဖေါ်ဝါရီလတွင် တောင်းဆိုသည်။ သို့သော် ကုလသမဂ္ဂသည် အကောင်အထည်ဖေါ်ရန် ပျက်ကွက်ခဲ့ပြီး မေလရောက်သောအခါ အရှေ့တောင် အာရှ နိုင်ငံများအသင်းကလည်း ထိုသို့ပိတ်ပင်ခြင်းကို မထောက်ခံရန် လှုံ့ဆော်ပြန်သည်။
ဇွန်လ ၁၉ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာ စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး လက်နက်များ တင်ပို့ရောင်းချခြင်း မပြုရန် မဲခွဲတောင်းဆိုခဲ့သည်။ ဘယ်လာရုစ်က ကန့်ကွက်မဲပေးပြီး ၁၁၉ နိုင်ငံက ထောက်ခံမဲပေးသည်။
မြန်မာကို အဓိက လက်နက်ရောင်းနေသော ရုရှနှင့် တရုတ်အပြင် အိမ်နီးချင်းနိုင်ငံများ ပါဝင်သော ၃၆ နိုင်ငံက မဲမပေးဘဲ ကြားနေခဲ့သည်။
“ အာဏာသိမ်းဖို့ကြိုးစားပြီးနောက် စစ်တပ်က အကြမ်းဖက်စစ်ဆင်ရေးတွေကို တိုးချဲ့နေချိန်မှာ အိန္ဒိယနဲ့ ရုရှားအပါအဝင် နိုင်ငံတွေက လက်နက်ရောင်းပြီး အမြတ်ရတော့ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါတွေဖြစ်တယ်” ဟု ဒေါ်ရတနာမောင်ပြောသည်။
“ သွေးချောင်းစီးတာတွေ ရပ်ဖို့ မြန်မာကို ကမ္ဘာတဝှမ်းလက်နက်ပိတ်ပင်ဖို့အရေးပေါ်လိုနေတယ်။ မြန်မာပြည်သူတွေရဲ့အသက်တွေကို အမြတ်အစွန်းထက်ပိုမိုတန်ဖိုးထားရမယ်” ဟုလည်း သူပြောသည်။
ကိုးကား။ ။ TRT World မှ How global tech companies prop up Myanmar’s digital dictatorship
You may also like these stories:
ကုလက လက်နက်ပိတ်ပင်လည်း စစ်ကောင်စီက လက်နက်အဝယ် ထွက်
မြန်မာ အာဏာသိမ်းခေါင်းဆောင်ကို မော်စကို သတိထားဆက်ဆံ
မြန်မာ၊ အကြမ်းဖက်ဝါဒနှင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးမှ တောင်းဆိုချက်များ