အာဏာသိမ်းပြီး ၅ လနီးပါး ကြာသည်အထိ နိုင်ငံတကာ အသိအမှတ်ပြုမှု မရသေးသည့် စစ်ကောင်စီဥက္ကဋ္ဌသည် အာဏာသိမ်းပြီးနောက် ရုရှားနိုင်ငံသို့ ပထမဆုံး သွားသည့် ခရီးစဉ်အတွင်း Russia 24 မီဒီယာနှင့် အင်တာဗျူးတွင် နိုင်ငံတည် ငြိမ်အေးချမ်းသွားပါက ရွေးကောက်ပွဲလုပ်ပေးမည်ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တည်ငြိမ်အေးချမ်းတဲ့ အခြေအနေ ရောက်ဖို့တော့ လိုပါတယ်။ နောက်တခါ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြီးမြောက်အောင်လည်း လိုပါတယ်။ ဒီအပေါ်မှာ ပြီးလို့ရှိရင်တော့ ရွေးကောက်ပွဲ မလွဲမသွေ လုပ်မယ်ဆိုတာ ကျနော် ပြောလိုတယ်” ဟု ပြောဆိုသည်။
လက်ရှိ နိုင်ငံရေးအခြေအနေအရ မြန်မာစစ်ကောင်စီသည် NLD မပါသည့် ရွေးကောက်ပွဲကျင်းပပြီး ယင်းရွေးကောက်ပွဲမှ တဆင့် အာဏာချုပ်ကိုင်ထားနိုင်ရေး လုပ်ဆောင်နိုင်ဖွယ်ရှိသည်။
သို့သော် မေးခွန်းထုတ်စရာ ရှိသည်က တည်ငြိမ်အေးချမ်းသည့် အခြေအနေ ဆိုသည်မှာ မည်သည့်ကာလတွင် ရောက်မည်နည်း၊ လိုအပ်သော ပြင်ဆင်မှုများဟူသည် အဘယ်နည်း။
လက်ရှိ နိုင်ငံရေးအခြေအနေအရ မြန်မာစစ်ကောင်စီသည် NLD မပါသည့် ရွေးကောက်ပွဲကျင်းပပြီး ယင်းရွေးကောက်ပွဲမှ တဆင့် အာဏာချုပ်ကိုင်ထားနိုင်ရေး လုပ်ဆောင်နိုင်ဖွယ်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် အပါအဝင် ပါတီခေါင်းဆောင်များအား ဖမ်းဆီးတရားစွဲဆိုထားသလို စစ်ကောင်စီ ဆန့်ကျင်ရေး အမျိုးသား ညီညွတ်ရေး စင်ပြိုင်အစိုးရ ထောင်သည်အထိ လုပ်သောကြောင့် ထိုလှုပ်ရှားမှုနှင့် ဆက်စပ်နိုင်သော ပါတီဝင်များကိုလည်း စစ်ကောင်စီက ဖမ်းဆီးနေသည်။
တချိန်တည်းတွင် စစ်ကောင်စီသည် ဒီမိုကရေစီအသွင်ကူးပြောင်းမှု စတင်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲမှ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲအထိ ကျင့်သုံးခဲ့သော အနိုင်ရသူအကုန်ယူစနစ် (FPTP) ကို ပယ်ဖျက်နိုင်ပြီး အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် အစားထိုးနိုင်သည်ဟူသော ခန့်မှန်းမှုများ ရှိသည်။
၂၀၂၀ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ စတုတ္ထအကြိမ် အစည်းအဝေးတွင်လည်း PR စနစ် စဉ်းစားသင့်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်တွန်းခဲ့ဖူးသည်။
၂၀၂၁ မေလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင်လည်း PR စနစ်နှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုများ ရှိခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်ထုတ် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့အလင်း သတင်းစာတွင်လည်း ထိုင်းနိုင်ငံ၌ ထိုင်း အာဏာသိမ်း စစ်တပ်က ဦးဆောင် အကောင်အထည်ဖော်ခဲ့သော PR စနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပပေးခဲ့သည့် အကြောင်းအရာကို စတင်မိတ်ဆက်လာသည်ကို တွေ့ရသည်။
သို့သော် စစ်တပ် ကျောထောက်နောက်ခံ နိုင်ငံရေးပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ တာဝန်ရှိသူ တဦးက စစ်တပ်သည် ယခင်ကာလများကဲ့သို့ ၎င်းတို့ပါတီကို ပြန်လည်အုပ်ချုပ်ခွင့် ပေးတော့မည်မဟုတ်ဘဲ ချောင်ထိုးရန် ကြံစည်နေသည်ဟု ဧရာဝတီကို ပြောသည်။
အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်နေရာပေးသည့် ပြည်ထောင်စုဝန်ကြီးများထဲတွင် ဦးဝဏ္ဏမောင်လွင်ကဲ့သို့ USDP ၏ ထိပ်ပိုင်းခေါင်းဆောင်တချို့ ပါဝင်နေသော်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို အပြတ်အသတ် ရှုံးနိမ့်ထားသောကြောင့် လက်ရှိပါတီခေါင်းဆောင်ပိုင်းကို စစ်ခေါင်းဆောင်များက အထင်ကြီး လေးစားခြင်း မရှိပုံရသည်။
စစ်တပ်က ထိန်းချုပ်ထားသော ၂၅ ရာခိုင်နှုန်းအပြင် နောက်ထပ် ၂၅ ရာခိုင်နှုန်းကျော်ကို စစ်တပ်၏ မဟာမိတ် တိုင်းရင်းသားများနှင့် အခြား စစ်တပ်လိုလားသူများအား ဆွဲခန့်ရန် ဖြစ်မည်။
ထိုသို့ဆိုလျှင် စစ်ကောင်စီက စဉ်းစားနေသော ထိုင်းပုံစံ PR စနစ်ဆိုသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံက အာမခံထားသော နိုင်ငံရေးတွင် စစ်တပ်က ထိန်းချုပ်ထားသော ၂၅ ရာခိုင်နှုန်းအပြင် နောက်ထပ် ၂၅ ရာခိုင်နှုန်းကျော်ကို စစ်တပ်၏ မဟာမိတ် တိုင်းရင်းသားများနှင့် အခြား စစ်တပ်လိုလားသူများအား ဆွဲခန့်ရန် ဖြစ်မည်။ သို့မှသာ လွှတ်တော်များတွင် စစ်တပ်က လူများစုဖြစ်မည်။ ရွေးကောက်ပွဲမှ တက်လာသူများကမူ အမြဲ လူနည်းစု ဖြစ်စေမည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ကလေးသူငယ်များ အပါအဝင် အရပ်သားပြည်သူ ၈၀၀ ကျော်ကို အကြမ်းဖက် သတ်ဖြတ်ခဲ့သဖြင့် ကမာ္ဘ့အလယ်တွင် မျက်နှာပျက်ခဲ့ရသည့် စစ်တပ်သည် လွယ်လွယ်နှင့် အာဏာကို လက်လွှတ်တော့မည် မဟုတ်ပေ။ ယခင် စစ်အစိုးရကဲ့သို့ အာဏာထိန်းချုပ်မှုကို စိတ်ချရသော အနေအထားကို တည်ဆောက်ပြီးမှ အာဏာအကူးအပြောင်းကို လုပ်ဆောင်မည် ဖြစ်သည်။
အာဏာအကူးအပြောင်းဆိုသည်မှာ PR စနစ်အရ တင်မြှောက်သော တိုင်းပြည်အကြီးအကဲ သမ္မတရာထူးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရယူမည်ကို ဆိုလိုပြီး ထိုမှသာ နောက်တကြိမ် မော်စကိုသွားလျှင် ရုရှသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံနိုင်မည် ဖြစ်သည်။ ယခုအကြိမ်တွင် ရုရှက တိုင်းပြည်အကြီးအကဲအနေဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဆက်ဆံသော်လည်း စစ်တပ်ခေါင်းဆောင်အနေဖြင့် စစ်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဘွဲ့ပေးခြင်း၊ ရုရှ ဖက်ဒရယ် ပြည်ထောင်စုဝင် နယ်မြေခေါင်းဆောင်များမှ လက်ခံကြိုဆိုခြင်းများဖြင့် သူ၏ အရှေ့တောင်အာရှမှ လက်နက်ဖောက်သည်ကို ကောင်းစွာ ပြုစုခဲ့သည်။
မြန်မာစစ်ခေါင်းဆောင်၏ ရုရှခရီးစဉ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အခြားဗီတိုကိုင်ထားပြီး မြန်မာအပေါ် အမြဲကာကွယ်ပေးနေသူ တရုတ်ကလည်း စောင့်ကြည့်သည်။ မြန်မာစစ်တပ်အား လက်နက်အများဆုံး ရောင်းနေသည့် တရုတ်ဘက်ကလည်း စစ်အာဏာသိမ်းမှုသည် အောင်မြင်သွားပြီဟု ယူဆထားကာ မြန်မာစစ်တပ်နှင့် ပိုမိုနီးစပ်ရန် ကြိုးစားနေကြောင်း တရုတ်- မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူ တချို့က သုံးသပ်လာသည်။
ဘေဂျင်းသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ နောက်ထပ် စစ်အုပ်ချုပ်ရေး ကာလတခုသို့ သွားနေသည် ဆိုသည့် အကဲဖြတ်ချက်တရပ်ကို ချမှတ်ထား
အမေရိကန်နိုင်ငံ အခြေစိုက် သုတေသနအဖွဲ့ဖြစ်သော Stimson Center မှ တရုတ်- မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူ မစ္စယွန်ဆွန် Yun Sun က ဘေဂျင်းသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ နောက်ထပ် စစ်အုပ်ချုပ်ရေး ကာလတခုသို့ သွားနေသည် ဆိုသည့် အကဲဖြတ်ချက်တရပ်ကို ချမှတ်ထားကြောင်း Financial Times သတင်းဌာနသို့ ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံသည် NLD အစိုးရနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိခဲ့သော်လည်း ရုရှားနှင့် စစ်ဘက်ရေးရာ ကဏ္ဍတွင် ပိုမို အလွမ်းသင့်လာသော မြန်မာစစ်တပ်ကို ၎င်းတို့နှင့်လည်း မကင်းကွာရန် လုပ်ဆောင်နေသည်။ ပြီးခဲ့သည့် ဇွန်လအတွင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်း Chen Hai သည် အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့ပြီး ၎င်းအား မြန်မာခေါင်းဆောင်အဖြစ် ရည်ညွှန်းပြီး ကြေညာချက်ထုတ်ခဲ့မှုနှင့် ဦးဝဏ္ဏမောင်လွင်ကို တရုတ်- အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ချုံချင့် တွေ့ဆုံပွဲ ဖိတ်ပြီး ၂ နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အကူအညီပေးမည်ဟု ပြောဆိုခြင်းတို့က ထင်ရှားသော ဥပမာများ ဖြစ်သည်။
တရုတ်သည် NLD အစိုးရလက်ထက်က သဘောတူသော်လည်း နှောင့်နှေးနေခဲ့သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စီမံကိန်းများကို ငွေလိုနေသော စစ်ကောင်စီလက်ထက် မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရေး အခွင့်ရန် အခွင့်ရပြီဟု တွက်နိုင်သည်။ မြန်မာနိုင်ငံရှိ စီမံကိန်းများအတွက် အာဏာသိမ်း စစ်ကောင်စီသို့ ငွေချေးရန် တရုတ်ကျောထောက်နောက်ခံပြု အာရှ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှု ဘဏ် Asian Infrastructure Investment Bank -AIIB က တံခါးဖွင့်ထားကြောင်း စီးပွားရေး သတင်းစာကြီး Financial Times က မကြာသေးမီက ရေးသားခဲ့သည်။ စွမ်းအင်ကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ပိုဝင်ရောက်လာမည်ဟု ဩစတြေးလျနိုင်ငံ Curtin တက္ကသိုလ်မှ Associate Professor (International Business) ဒေါက်တာထွေးထွေးသိန်းကလည်း ဧရာဝတီသို့ ပြောသည်။
ပြည်တွင်းရှိ အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုကလည်း အကြမ်းနည်းဖြင့် တိုက်ခိုက်ရေးဘက်သို့ ပိုယိမ်းလာပြီး လက်နက်ဖြင့် ဖြေရှင်းလိုလာနေသည်။
ကိုယ်ကျိုးစီးပွားသာမက ပထဝီ နိုင်ငံရေး အားသာချက်ပါ ထည့်သွင်းစဉ်းစားကြသော ရုရှနှင့် တရုတ်တို့၏ ရပ်တည်ချက်သည် စစ်ကောင်စီက မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်ကြောင်း ဒေသတွင်းနှင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို အသည်းအသန် ရှာဖွေနေရချိန်တွင် ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းရှိ အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုကလည်း အကြမ်းနည်းဖြင့် တိုက်ခိုက်ရေးဘက်သို့ ပိုယိမ်းလာပြီး လက်နက်ဖြင့် ဖြေရှင်းလိုလာနေသည်။ ဗုံးပေါက်ကွဲမှုများ၊ လုပ်ကြံသတ်ဖြတ်ခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနေပြီး အမျိုးသားညီညွတ်ရေး NUG အစိုးရကလည်း ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ပြီး လက်နက်ကိုင်တိုက်ပွဲ D-Day ဒီဒေးခေါ်နေသည်။
စစ်တပ်က အာဏာသိမ်းမှုဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အပါအဝင် မဆိုင်သည့် အရပ်သားများကိုပါ သိမ်းကျုံး အကြမ်းဖက် နှိမ်နင်းခြင်း၏ အကျိုးဆက်အနေဖြင့် လက်နက်ကိုင် ခုခံတိုက်ခိုက်ရေး လုပ်ဆောင်သည့် ပြည်သူ့ကာကွယ်ရေးများ တိုးပွားလာခြင်း ဖြစ်သည်ဟု နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) ၏ ဇွန်လထုတ် စာတမ်းတွင် ဆိုထားသည်။ မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းပြီးနောက် ကျေးလက်နှင့် မြို့ပြ ၂ ခုလုံးတွင် လက်နက်ကိုင် ပြည်သူ့စစ်များ တိုးပွားလာခြင်းနှင့်အတူ ဥပဒေမဲ့ လုပ်ဆောင်မှု နှင့် ပရမ်းပတာ အခြေအနေများ ပိုမို တိုးပွားလာနေကြောင်း ဖော်ပြထားသည်။
လုံခြုံရေးတပ်ဖွဲ့တွေက သူတို့ကို မကာကွယ်နိုင်တဲ့ အခါ သူတို့ဟာ အတူတကွ သူတို့ကိုယ်ကို ကာကွယ်ဖို့ လုပ်ဆောင်လာကြတယ်
ထို့အတူ စစ်အာဏာသိမ်း ဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့်လည်း ကိုယ့်ကိုယ်ကို ခုခံရေး ဆောင်ရွက်မည့် “ပျူစောထီး”ဟု အလူသိများသော တန်ပြန်ပြည်သူ့စစ်များ ပေါ်ပေါက်လာနေကြောင်း ICG ၏ စာတမ်းက ဆိုသည်။
ICG ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး မစ္စတာ ဟော်ဆီက “အဲဒီ တန်ပြန်ပြည်သူ့စစ်တွေထဲမှာ အချိန်မရွေး လုပ်ကြံခံရနိုင်ပြီး စစ်တပ်ကလည်း အပြည့်အဝ မကာကွယ် ပေးနိုင်တော့ဘူးလို့ ခံစားရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ကြံ့ခိုင်ရေးပါတီကလူတွေနဲ့ စစ်မှုထမ်းဟောင်းတွေ ပါဝင်တယ်။ လုံခြုံရေးတပ်ဖွဲ့တွေက သူတို့ကို မကာကွယ်နိုင်တဲ့ အခါ သူတို့ဟာ အတူတကွ သူတို့ကိုယ်ကို ကာကွယ်ဖို့ လုပ်ဆောင်လာကြတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်မှုများ တိုးပွားလာနေပြီး တရားဥပဒေစိုးမိုးရေး ပြိုပျက်သွားကာ ကျန်းမာရေး၊ ပညာရေး နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကောင်းစွာ မလည်ပတ်နိုင်တော့ကြောင်း၊ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံသည် ကျရှုံးသွားပြီဖြစ်ပြီး ပိုမိုအခြေအနေ ဆိုးလာဖို့သာ ရှိသည်။
မြန်မာနိုင်ငံ၏ အခြေအနေပို မဆိုးသွားစေရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် မြန်မာစစ်ကောင်စီကို ၎င်းတို့ လုပ်ဆောင်ချက်များ၏ အကျိုးဆက်အား ရင်ဆိုင်စေရေး ကြိုးပမ်းလုပ်ဆောင်သင့်ကြောင်း ICG က အကြံပြု တိုက်တွန်းသည်။
You may also like these stories:
မြန်မာ အာဏာသိမ်းခေါင်းဆောင်ကို မော်စကို သတိထားဆက်ဆံ
မြန်မာစစ်ကောင်စီနှင့် တရုတ် စီးပွားရေး ဆက်လုပ်မည်ဟု MRTV ထုတ်လွှင့်
မြန်မာ၊ အကြမ်းဖက်ဝါဒနှင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးမှ တောင်းဆိုချက်များ
စစ်အာဏာရှင်စနစ်ကို ပံ့ပိုးနေသော နိုင်ငံတကာ နည်းပညာကုမ္ပဏီများ
စစ်ကောင်စီ ဝါဒဖြန့်စာအုပ်များက သမိုင်းကို ပြင်ရေးရန် မျှော်လင့်နေ