ဆောင်းပါး

ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြားက အဖြေမရှိသေးတဲ့ ပဋိပက္ခ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်အတွင်း စစ်ရေးနှင့် နိုင်ငံရေးအာဏာ အားပြိုင်နေသည့် ရှမ်းတော်လှန်ရေး လက်နက်ကိုင်နှစ်ဖွဲ့ကြား စစ်မီးက တငွေ့ငွေ့ တောက်လောင်လျက် ရှိသည်။

ရှမ်းပြည်နယ်တောင်ပိုင်း သို့မဟုတ် အလယ်ပိုင်းဟု ခေါ်ဆိုကြသည့် ကျေးသီးမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ တဖက်နှင့်တဖက် ကျားကုတ်ကျားခဲ တိုက်ခိုက်နေသည်မှာ တလတာရှိပြီ ဖြစ်သည်။

ကျေးသီးမြို့နယ်တွင်း အဓိက ဦးတည်တိုက်ခိုက်နေသည့် တိုက်ပွဲမှာ ကျေးသီး – မိုင်းနောင် မြို့နယ်နှစ်ခုကို ဆက်သွယ် ထားသည့် ကားလမ်းမ တောင်ဘက်ရှိ လွယ်ဟွန်းတောင်ကြောကို စစ်ရေးအရ ထိန်းချုပ်နိုင်ရန် တိုက်ခိုက်နေကြခြင်း ဖြစ် သည်။

လွယ်ဟွန်းတောင်ကြောပေါ်တွင် RCSS တပ်ဖွဲ့များက အခြေစိုက်ကာ စခန်းထိုင်ထားပြီး SSPP က RCSS တပ်ဖွဲ့များ ကို တောင်ကြောပေါ်မှ ဖယ်ထုတ်ရန် ကြိုးစားလျက် ရှိသည်။

လွယ်ဟွန်းတိုက်ပွဲသည် သာမန်ထိတွေ့ရုံ တိုက်ပွဲငယ်တခု မဟုတ်ဘဲ နှစ်ဖက်တပ်များကြား စစ်သား အင်အား ထောင်ချီ၊ ပေါက်ကွဲအား ပြင်းထန်သည့် လက်နက်ခဲယမ်း မီးကျောက်ကြီးများကို ဖောဖောသီသီသုံးပြီး တိုက်နေကြသည့် တိုက်ပွဲကြီး တခု ဖြစ်သည်။

ဌာနချုပ်ကို ကာကွယ်တဲ့ တိုက်ပွဲ

RCSS က စခန်းထိုင်ထားသည့် လွယ်ဟွန်းတောင်ကြောသည် SSPP ၏ စစ်ဌာနချုပ်တည်ရှိရာ မိုင်းရှုးမြို့နယ်၊ ဝမ် ဟိုင်း ကျေးရွာအုပ်စုနှင့် ၁၀ မိုင်ကျော်သာ ကွာဝေးသည်။

ရှမ်းလူမျိုးတပ်ဖွဲ့ချင်း တူသော်လည်း မဟာမိတ်လည်းမဟုတ်၊ စစ်ရေးနှင့် နိုင်ငံရေး သဘောတူညီမှုလည်း မရှိသည့် RCSS က ဝမ်ဟိုင်းကို မိုးထားသည့် တောင်ကြောပေါ်တွင် စခန်းထိုင်နေခြင်းသည် SSPP အတွက် ကြီးမားသည့် စစ်ရေး ခြိမ်းခြောက်မှုတခု ဖြစ်နေသည်။

SSPP ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးစိုင်းဖုန်းဟန်က လွယ်ဟွန်းတောင်ကြောသည် SSPP ၏ တပ်များ ဖြန့် ကျက်လှုပ်ရှားခဲ့ရာ တောင်ကြောဖြစ်ပြီး ၂၀၁၆၊ ၂၀၁၇ ခုနှစ်အတွင်း တပ်မတော်နှင့် SSPP ကြား စစ်ရေးပဋိပက္ခ ဖြစ်နေချိန် တွင် RCSS က လွယ်ဟွန်းကို ဝင်ရောက် နေရာယူလိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။

“လွယ်ဟွန်းတောင်ကြောကို စိုးမိုးရင် ဝမ်ဟိုင်းအထိ လှမ်းပစ်ခတ်လို့ ရပါတယ်။ ၁၂၀ မမတို့နဲ့ လှမ်းထုရင် ရောက်နိုင်တယ်။ ဒီနေရာက သူတို့ လွယ်တိုင်းလျန်နဲ့ မိုင် ၂၀၀ကျော် ဝေးပါတယ်။ ကျနော်တို့ ဌာနချုပ်နဲ့ ၁၀/၈ မိုင်ပဲ ဝေးတယ်။ တော်တော် နီးတယ်။ အချိန်မရွေး ထတိုက်နိုင်တဲ့ အနေအထားဖြစ်တယ်” ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က မြေပြင်အခြေအနေကို ရှင်းပြ သည်။

RCSS ကို တောင်ကြောပေါ်မှ ပြန်ဆုတ်ခွာပေးရန် ညှိနှိုင်းခဲ့သော်လည်း မပြေလည်ခြင်းကြောင့် လက်နက်နှင့် ဖြေရှင်းရမည့် အခြေအနေ ဖြစ်လာခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ဗိုလ်မှူးစိုင်းဖုန်းဟန်က “သူတို့က လွယ်ဟွန်းတင်မကဘူး။ ပန်ဖြေ၊ ပန်ခါး၊ လွယ်ခေးတောင် ဒါလည်း သူတို့ ဝင်ယူခဲ့တယ်။ နမ္မတူဘက်က ပန်လုံတောင်ဆိုလည်း စစ်တပ်ကို အကာအကွယ်ယူပြီး သူတို့ အခွင့်ကောင်းယူပြီး တပ်အခြေချခဲ့တယ်။ ဒါတွေ လူထုကိုပြောရင် ကျနော်တို့ အချင်းချင်းကြားမှာ ဖြစ်နေလို့ ပြောရင်လည်း မကောင်းပြန်၊ မပြောပြန်လည်း မရှင်း လင်းဘူး။ အခု တိုက်ပွဲဖြစ်နေတဲ့ နေရာတွေက ကျနော်တို့ SSPP လုံးဝထိန်းချုပ်ထားတဲ့ (Completely Control) နေ ရာတွေမှာ ဖြစ်နေတာပါ” ဟု ပြောသည်။

လွယ်ဟွန်းကို စစ်မျက်နှာဖွင့် တိုက်ခိုက်ခြင်းမှာ ဌာနချုပ်ကို ကာကွယ်ရန် တိုက်သည့်ပွဲဖြစ်ပြီး ၎င်းတို့ စိုးမိုးရာတောင်ကြော ကို လုယူသွားသည့် RCSS အား ပြန်လည်တိုက်ထုတ်နေခြင်း ဖြစ်သည်ကို ၎င်းက ရှင်းလင်းပြောဆိုနေခြင်း ဖြစ်သည်။

လွယ်ဟွန်းတောင်ကြော၏ အရှေ့ဘက်သည် SSPP လှုပ်ရှားရာ မိုင်းရှုးမြို့နယ်ဖြစ်ပြီး တောင်ကြော၏ အနောက်ဘက် ရှိ ကျေးသီး – မိုင်းနောင် ကားလမ်းကို ကျော်ဝင်လိုက်ပါက RCSS တပ်ဖွဲ့များ လှုပ်ရှားသည့် နယ်မြေကို ရောက်ရှိ သွားမည် ဖြစ်သည်။

SSPP က RCSS ကို တောင်ကြောပေါ်မှတဆင့် ကျေးသီး – မိုင်းနောင် ကားလမ်း၏ အနောက်ဘက်ခြမ်းသို့ တိုက်ထုတ်လို သည့် အခြေအနေ ရှိနေသည်။

RCSS ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးခမ်းစံက “ကျနော်တို့ RCSS က တိုင်းရင်းသားအချင်းချင်း မတိုက်ချင် ဘူး။ အရင်တည်းက တွေ့ဆုံဆွေးနွေးတယ်။ မတိုက်ဘူး။ ထိုးစစ်ဆင်တာ မလုပ်ဘူး။ သူတို့က ဆွေးနွေးမှုမလုပ်ဘဲ ကျနော် တို့ကို တပ်ဆုတ်ခိုင်းတယ်။ တပ်ဆုတ်ခိုင်းတာက စစ်ရေးအရတော့ ဆုတ်လို့ မရဘူး။ ဒါကို သူတို့က ထိုးစစ်နဲ့ ထိုးလာတော့ ကျနော်တို့က ပြန်လည်ခုခံရတယ်” ဟု ပြောသည်။

ဗိုလ်မှူးခမ်းစံက ၎င်းတို့တပ်ဖွဲ့အနေဖြင့် လွယ်ဟွန်းတောင်ကြောပေါ်တွင် ရှိနေစဉ် တလျှောက်လုံး SSPP ဌာနချုပ်၊ ဝမ်ဟိုင်း ကို ခြိမ်းခြောက်ခြင်းများ မပြုလုပ်ခဲ့ကြောင်း ငြင်းဆိုသည်။

လွယ်ဟွန်း နှင့် ဝမ်ဟိုင်းကြားတွင် လူနေကျေးရွာအုပ်စုများ ရှိသဖြင့် RCSS အနေဖြင့် ပစ်ခတ်ခြင်း မလုပ်ကြောင်း၊ SSPP ဘက်ကသာ ကျေးရွာများအတွင်းထိ လက်နက်ကြီးများ သယ်လာကာ လွယ်ဟွန်းဘက်ကို ပစ်ခတ်ခြင်းများ ပြုလုပ်ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးခမ်းစံက ပြောသည်။

၎င်းက “သူတို့က အင်အားထောင်ချီ သုံးထားတယ်။ နောက် ၁၂၀ မမ၊ ၈၂ မမ ၊ ၁၀၇ ရော့ကတ်တွေ သုံးတယ်။ ရှော့တိုက် ဒုံးတွေ သုံးတယ်။ သူတို့ လူအင်အား ၁၀၀၀ ကနေ ၂၀၀၀ ကြားထိ ရှိပါတယ်” ဟုလည်း ဆိုသည်။

မြေပြင်အခြေအနေအရ SSPP တဖက်တည်းက အင်အားထောင်ချီ အသုံးပြုနေခြင်း မဟုတ်ဘဲ RCSS သည်လည်း ဗျူဟာ ကျသည့် လွယ်ဟွန်းကို မဆုတ်ခွာရရေးအတွက် အင်အား ၁၀၀၀ နှင့်အထက် စစ်အင်အားဖြင့် တောင်ကြောကို ခြေကုပ် ထားသည်။

အင်အားထောင်ဂဏန်းဖြင့် တလကြာ တိုက်ခိုက်နေသည့် တိုက်ပွဲတွင် လွယ်ဟွန်းကို လက်မလွှတ်ရသေးဘဲ ဆက်လက် ထိန်းနိုင်သည့် RCSS သည် ၎င်း၏ တပ်ဖွဲ့များ စစ်ရေးစွမ်းရည်ကို ပြသနေခြင်းလည်း ဖြစ်သည်။

ကျေးသီးမြို့နယ်နေ ဒေသခံအချို့က ရာနှင့်ချီသည့် ဝ စစ်သားများက ကျေးသီးနယ်ထဲ ရောက်နေပြီး SSPP ဘက်က ကူ တိုက်ပေးနေသည်ဟုလည်း ပြောဆိုကြသည်။

ဒေသခံတဦးက “ဇွန် ပထမပတ်လောက်မှာ တိုက်ပွဲဖြစ်တော့ ပစ်ကြခတ်ကြတဲ့ အနီးနားရွာတွေက နောင်ဆွမ်းရွာဘက် ကို ပြေးကြတယ်။ အဲဒီမှာ တိုက်ပွဲငြိမ်နေတုန်း တချို့ ကိုယ့်ရွာဘက် နည်းနည်းပြန်ကြသူတွေ၊ တောဘက်သွားတဲ့သူတွေ ထဲမှာ ဝ စစ်သားတွေကို SSPP နဲ့ တွဲပြီးတွေ့တာ ရှိပါတယ်။ သူတို့ပြောတာ ကျနော်တို့ ဒေသခံတွေကို ထိခိုက်မှာစိုး လို့ ရှောင်နေ ကြတဲ့။ အဲဒါနဲ့ ဇွန် ၂၈ လောက်ကျတော့ အများစုက ကျေးသီးဘက်ကို တက်ရှောင်ကြတာ” ဟု ပြောပြသည်။

ဧရာဝတီက ဆက်သွယ်မေးမြန်းသည့် ဒေသခံများက ၎င်းတို့အနေဖြင့် ရှမ်းနှင့် ဝ လူမျိုးများ၏ အသွင်အပြင် ကို ကောင်းကောင်း ခွဲခြားနိုင်သည်ဟု ဆိုသည်။

အများအားဖြင့် ရှမ်းလူမျိုး စစ်သည်များသည် အသားဖြူဖြူ ၊ ဝ စစ်သည်များက အသားခပ်ညိုညို၊ မျက်နှာသွင်ပြင်ကလည်း ရှမ်းလူမျိုးများနှင့် ကွဲပြားသည့်အပြင် ဘာသာစကားသည်လည်း မတူကြသဖြင့် ဒေသခံများက ဝ စစ်သည်များကို မြင်သည် နှင့် ခွဲခြားနိုင်သည်ဟု ပြောဆိုကြသည်။

ဒေသခံများ ပြောဆိုသည့် ဝ စစ်သည်များ ဆိုသည်မှာ သံလွင်မြစ်အနောက်ဘက်ခြမ်းတွင် နေထိုင်သည့် SSPP ၏ မဟာမိတ်၊ ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) စစ်သည်များကို ဆိုလိုခြင်း ဖြစ်သည်။

လွယ်ဟွန်းတောင်ကြော ပတ်ဝန်းကျင်တွင် ဝ စစ်သားများ ရောက်ရှိနေသည်ဟု မျက်မြင်တွေ့သည့် ဒေသခံများက ပြော ဆိုသော်လည်း တိုက်ပွဲတွင်း ဝ ပါဝင်ခြင်း ရှိမရှိကို SSPP နှင့် RCSS နှစ်ဖက်လုံးက အတည်ပြုပြောဆိုခြင်း မရှိပါ။

SSPP နှင့် RCSS တို့၏ လာရာနှင့် လားရာ

SSPP နှင့် RCSS တို့သည် ရှမ်းပြည်နယ်တွင်း ရှမ်းအမျိုးသားရေးအပေါ် ရပ်တည်တော်လှန်နေသည့် လက်နက်ကိုင် တပ်ဖွဲ့ များဖြစ်ကြသော်လည်း အဖွဲ့အစည်းအသီးသီး၏ လာရာများက မတူညီကြပါ။

SSPP/SSA၏ သမိုင်းကြောင်းက ရှည်လျားပြီး ကနဦးတည်ထောင်စဉ်ကတည်းက ရှမ်းအမျိုးသားတော်လှန်ရေးအတွက် ဦးတည် ပေါက်ဖွားလာခဲ့သည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက်ပိုင်း ရှမ်းစော်ဘွားများနှင့် ရှမ်းနိုင်ငံရေး ခေါင်းဆောင်အများစု ရှမ်းပြည်ကို သီးခြား လွတ်လပ်သည့် ပြည်နယ်တခုအဖြစ် ထူရန် အာသီသ ပြင်းပြခဲ့သည်။

ထို့အတွက် ၁၉၅၀ ခုနှစ်ခန့်ကတည်းက ရှမ်းန်ိုင်ငံရေးသမိုင်းတွင် ထင်ရှားသူ ညောင်ရွှေစော်ဘွား၏ မဟာဒေဝီ စဝ်နန်း ဟိမ်းခမ်း၊ သီပေါ၊ မိုင်းရယ်၊ မိုင်းရှူး၊ ကျေးသီး တကြောမှ စော်ဘွားများ၊ ရှမ်းခေါင်းဆောင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ရှမ်းလူငယ်များက ရှမ်းပြည်ကို သီးခြားခွဲထွက်ပြီး သီးခြားထူထောင်ရေး လှုပ်ရှားမှုများစွာကို လုပ်ခဲ့ကြသည်။

ထို့နောက် ၁၉၅၈ ခုနှစ် ရှမ်းပြည်ခွဲထွက်ရေး စိတ်အားထက်သန်သည့် အင်အားစုများနှင့် ကျိုင်းတုံစော်ဘွား အနွယ်တော် များက နွမ်စစ်ဟန် တော်လှန်ရေးတပ်ဖွဲ့(NSH)ကို တည်ထောင်ကာ ရှမ်းလက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့ကြသည်။

၁၉၆၀ ခုနှစ် အလွန်တွင် ရှမ်းပြည်လွတ်လပ်ရေး တပ်မတော် (SSIA) နှင့် ရှမ်းအမျိုးသားတပ်မတော် (SNA) တို့ ဖြစ်လာ ကာ နွမ်စစ်ဟန်သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အလယ်ပိုင်း တကြောတွင် လှုပ်ရှားပြီး SSIA နှင့် SNA သည် ရှမ်းပြည် နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတို့တွင် အခြေစိုက် လှုပ်ရှားခဲ့ကြသည်။

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းရာ ရှမ်းလက်နက်ကိုင်တော်လှန်ရေး အင်အားစုများ အင်အားပိုမိုတောင့် တင်းလာပြီး ၁၉၆၄ ခုနှစ်တွင် နွမ်စစ်ဟန် တပ်ဖွဲ့မှ ခွဲထွက်လာသည့် ဗိုလ်မိုးဟိန်း အင်အားစုက SSIA နှင့် ပေါင်းကာ ရှမ်းပြည်တပ်မတော် (SSA) ကိုတည်ထောင်လိုက်သည်။

SSA ကို ၁၉၆၄ ခုနှစ် ဧပြီတွင် စတင်တည်ထောင်ပြီး တည်ထောင်သူများသည် ရှမ်းတော်လှန်ရေး ခေါင်းဆောင်များ ဖြစ်သည့် ခွန်ကြာနု၊ ခွန်အုန်းဘောင်၊ စဝ်ဆေဝိုင်၊ စဝ်ဆေထင်၊ စိုင်းလှအောင်တို့ ပါဝင်ခဲ့သည်။
SSA ကိုတည်ထောင်ရာတွင် ရှမ်းလက်နက်ကိုင် အမျိုးသားခေါင်းဆောင်များအပြင် မဟာဒေဝီသည်လည်း တဦးအဖြစ် ပါဝင်ခဲ့သည်။

SSA စတင်တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့သည့် စဝ်ဆေထင်သည် လက်ရှိအချိန်တွင် SSPP၏ နာယက တဦးအဖြစ် တာဝန်ယူထားဆဲ ဖြစ်သည်။

ထိုသို့ စတင်တည်ထောင်လာပြီး ကြားကာလ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် နီးစပ်မှုများ၊ ပါတီနှင့် တပ်တွင်း ခေါင်းဆောင် များကြား သဘောထားကွဲလွဲမှုများ၊ တပ်တွင်းမှ တပ်မဟာအလိုက် ခွဲထွက်သွားမှုများ၊ နိုင်ငံရေး ခေတ်စနစ် အပြောင်း အလဲများကြား စစ်အစိုးရလက်အောက် တွင် ပြည်သူ့စစ်အဖြစ် ခွဲထွက်ဖွဲ့စည်းသွားခြင်းများ ရှိသော်လည်း SSPP/SSA သည် ယနေ့ထိ အင်အား အသင့်အတင့်ရှိသည့် ရှမ်းတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ဆက်လက် တည်တံ့ နေဆဲဖြစ်သည်။

SSPP သည် သံလွင်မြစ် အရှေ့ဘက်ခြမ်း တကြောဖြစ်သည့် မိုင်းရှုး၊ ကျေးသီး၊ တန့်ယန်းအပြင် ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ နမ္မတူ၊ သိန္နီ၊ နမ့်ခမ်း မြို့နယ်များအထိ ဖြန့်ကျက်လှုပ်ရှားသည်။

သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၂ တွင် SSPP က ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ကိုယ်စားလှယ်များ နှင့် ဆွေးနွေးပြီး ပဏာမအပစ်ရပ် စာချုပ် ၂ စောင်ကို လက်မှတ်ရေးထိုးခဲ့သည်။

ပဏာမအပစ်ရပ်စာချုပ်များ လက်မှတ်ရေးထိုးထားသော်လည်း ၂၀၁၅ မှ ၂၀၁၇ အတွင်း SSPP ၏ ဌာနချုပ် အခြေစိုက်ရာ မိုင်းရှုးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာအနီးနှင့် ကျေးသီးမြို့နယ်တို့တွင် တပ်မတော်နှင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ သည်။

ထို့ပြင် SSPP တပ်များ ဖြန့်ကျက်လှုပ်ရှားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှ ကျောက်မဲ၊ လားရှိုး၊ သီပေါ မြို့နယ်များ တွင် တပ်မတော်နှင့် ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွားမှုများ ရှိနေဆဲ ဖြစ်သည်။

RCSS ၏ လာရာကား SSPP နှင့် မတူပါ။

ကမာ္ဘ့မူးယစ်ဆေး သမိုင်းတလျှောက်တွင် ဘိန်းဘုရင်တပါးအဖြစ် နာမည်ကြီးခဲ့သည့် ခွန်ဆာ၏ မောဝ်တိုင်းစစ်တပ် (MongTai Army- MTA) မှ တဆင့် ပေါက်ဖွားလာသည့်တပ်ဖွဲ့ ဖြစ်သည်။
သို့သော် MTA ထဲတွင် ဘိန်းကုန်ကူးသည့် တပ်သားများသာ ဖွဲ့စည်းထားခြင်း မဟုတ်ခဲ့ဘဲ SSA မှ ခွဲထွက်လာပြီး ဗိုလ်မိုး ဟိန်း ဦးဆောင်သည့် SURA ရှမ်းတော်လှန်ရေး တပ်သားများလည်း ပါဝင်ခဲ့သည်။

ခွန်ဆာ၏ MTA သည် ရှမ်းပြည်နယ်တွင်းမှ ဘိန်းကုန်ကြမ်းများကို ရွှေတြိဂံဒေသနှင့် ကမ္ဘာ့မူးယစ်ဆေး ကုန်သွယ်မှုဆီသို့ ဖြန့်ကျက်သည့် တပ်အဖြစ်သာ ထင်ရှားသည်။

MTA ထဲမှ ရှမ်းအမျိုးသားရေးလှုပ်ရှားသည့် အင်အားစု တစုသည်လည်း ခွဲထွက်ကာ ရှမ်းပြည်အမျိုးသားတပ်မတော် (SSNA) ဖြင့် ထူထောင်ခဲ့ဖူးသည်။

၁၉၉၅ တွင် ခွန်ဆာခေတ် ပျက်သုဉ်းပြီး MTA လည်း စစ်အစိုးရထံ လက်နက်ချရာ ရှမ်းအမျိုးသားရေးစိတ်ဓါတ် ပြင်းပြသူ များအုပ်စုက လက်နက်ဆက်ကိုင်ထားပြီး တောင်ပိုင်းအခြေစိုက် ရှမ်းပြည်တပ်မတော် (SSA) ကို ၁၉၉၆ ဇန်နဝါရီတွင် ထူထောင်လိုက်သည်။

ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် SSA ထဲတွင် ခွန်ဆာ၏ MTA တပ်မှ ခွဲထွက်လာသူများအပြင် SSNA မှ တပ်သား များလည်း ပူးပေါင်းပါဝင်ခဲ့သည်။

ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် တောင်ပိုင်း SSA သည် ထိုင်း – မြန်မာ နယ်စပ်၊ လွယ်တိုင်းလျန်းတွင် ဌာနချုပ် အခြေစိုက်ကာ ၎င်းတို့၏ နိုင်ငံရေးဦးဆောင်မှု အဖွဲ့အဖြစ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကို ၂၀၀၀ မေလတွင် တည်ထောင်ခဲ့သည်။

တပ်မတော်နှင့် ထိတွေ့တိုက်ခိုက်မှုများရှိခဲ့ပြီး သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၂ တွင် RCSS သည် ပဏာမအပစ်ရပ် စာချုပ်နှစ်စောင်ကို လက်မှတ်ထိုးခဲ့သည်။

ထို့ပြင် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ပါ ထပ်မံလက်မှတ်ရေးထိုးကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်ဆွေးနွေးသည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည်။

RCSS သည် တပ်မတော်နှင့် အပစ်ရပ်စာချုပ်များ အဆင့်ဆင့် လက်မှတ်ရေးထိုးစဉ်က ပြုလုပ်ခဲ့သည့် သဘောတူညီမှုများ တွင် တပ်နေရာ တဖက်နှင့်တဖက် အသိအမှတ်ပြုမှုကဏ္ဍ၌ RCSS ၏ တပ်များသည် ရှမ်းပြည်နယ် တောင်ပိုင်းတွင်သာ အင်အားကောင်းခဲ့သော်လည်း NCA ရေးထိုးပြီးနောက်တွင် ရှမ်းပြည်နယ် အလယ်ပိုင်း၊ မြောက်ပိုင်းရှိ SSPP ထိန်းချုပ်ရာ နယ်မြေများအထိပါ အင်အားထောင်နှင့်ချီ၍ တိုးဝင်လာပါသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် တနှစ်ပြီးတနှစ် ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှု နယ်မြေများ ချဲ့ထွင်ခြင်း၊ လူထုကို စည်းရုံးခြင်း၊ အုပ်ချုပ်ရေးယန္တရားများ ချဲ့ထွင်ခြင်းနှင့် စစ်အင်အား တိုးချဲ့ခြင်းများသည် တိုင်းရင်းသားတပ်ဖွဲ့တိုင်း ပြုလုပ်သည့် လုပ်ငန်း စဉ်များ ဖြစ်သည်။

SSPP ဘက်က ၎င်းတို့ စစ်ရေးအရ လှုပ်ရှားနေသည့် နယ်မြေများ၊ အုပ်ချုပ်ရေးယန္တရား တည်ဆောက်ထားသည့် ကျေးရွာ များဘက်သို့ ဝင်လာခြင်းကို လက်မခံနိုင်သည့်မူရှိပြီး RCSS ဘက်က သမိုင်းကြောင်းတလျှောက်တွင် ၎င်းတို့တပ်များ လှုပ် ရှားခဲ့ဖူးသည့် နယ်မြေများကို ပြန်လည်လှုပ်ရှားခြင်း ဖြစ်ကာ ရှမ်းတပ်ဖွဲ့ဖြစ်သဖြင့် ရှမ်းတပြည်နယ်လုံးတွင် လှုပ်ရှားခွင့် ရှိ သည်ဟူသောမူကို ဆုပ်ကိုင်ထားသည်။

RCSS ၏ အရာရှိအချို့က ၎င်းတို့တပ်ဖွဲ့များ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အင်အားတိုးချဲ့ လှုပ်ရှားခြင်းနှင့် ပတ်သက်၍ ယခင် သမိုင်းတလျှောက်တွင် SSNA၊ MTA အဖြစ် လှုပ်ရှားခဲ့စဉ်ကလည်းက ၎င်းတို့၏ နယ်မြေများဖြစ်သည်ဟု ပြန်လည် ပြောဆိုမှုများ ရှိသည်။

ဤသို့ဖြင့် ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြား ပြဿနာများမှာ တစတစ ကြီးထွားလာခြင်း ဖြစ်သည်။

စစ်ရေး၊ နိုင်ငံရေး အားပြိုင်မှုများ

လက်ရှိတွင် တိုက်ခိုက်မှု အပြင်းထန်ဆုံး ဖြစ်ပွားနေသည့် လွယ်ဟွန်းတောင်ကြော တိုက်ပွဲသည် SSPP နှင့် RCSS တို့ကြား ဖြစ်ပွားသည့် ပထမဆုံး ပဋိပက္ခ မဟုတ်ပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါ၊ နမ္မတူနှင့် နမ့်ခမ်းမြို့နယ်တို့တွင်လည်း နယ်မြေအငြင်းပွားမှုကြောင့် ၎င်းတို့ နှစ်ဖွဲ့ကြား တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားထားသည်။

RCSS သည် နယ်မြေအငြင်းပွားမှုကြောင့် ကျောက်မဲ ၊ သီပေါ၊ နမ္မတူတို့တွင် တိုက်ပွဲဖြစ်ရာ SSPP တဖွဲ့တည်းနှင့် တိုက်ခိုက် ခြင်း မဟုတ်ဘဲ ထိုမြို့နယ်များတွင် လှုပ်ရှားသည့် တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်ပါ တိုက်ခိုက်သည်။

RCSS နှင့် TNLA ကြားတွင် ၂၀၁၅ ဒီဇင်ဘာမှစ၍ ယနေ့ထိ စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

နမ္မတူနှင့် ကျောက်မဲမြို့နယ်တွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် TNLA နှင့် SSPP ပူးပေါင်းကာ RCSS ကို တိုက်ခိုက်ကြ သည်။

တိုင်းရင်းသားတပ်ဖွဲ့အချင်းချင်း တိုက်ခိုက်မှုများကြောင့် နှစ်ဖက်တော်လှန်ရေးတပ်သားများ သေဆုံးရသည့်အပြင် အရပ် သားများသည်လည်း သံသယဖြင့် ဖမ်းဆီးနှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ နေအိမ်များ ဖျက်ဆီးခံရခြင်းများပါ ဖြစ်လာ သည်။

စစ်ရေးအရ လူထုက ဒုက္ခထမ်းပိုးရသည့်အပြင် နိုင်ငံရေးအရ အုပ်ချုပ်ရေးယန္တရား ချဲ့ထွင်ခြင်းနှင့် ဆက်ကြေး ခေါ်သည့် အခွန်အခ ငွေများလည်း တဖွဲ့နှင့်တဖွဲ့ အပြိုင်အဆိုင် ကောက်ခံကြရာ လူထုက ထမ်းဆောင်ကြရသည်။

လွယ်ဟွန်းတောင်ကြော တိုက်ပွဲမတိုင်ခင် အကြီးမားဆုံး တိုက်ခိုက်မှု ဖြစ်ခဲ့သည့် တိုက်ပွဲတခုမှာ နမ္မတူမြို့နယ်တွင်း တိုက် ခိုက်မှုဖြစ်ပြီး ယင်းတိုက်ပွဲတွင် နမ္မတူမြို့နယ်၊ အဝေးပြေးလမ်းမကြီးနံဘေး တည်ရှိသည့် မန်လီကျေးရွာအတွင်းရှိ နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့သည်။

တိုက်ပွဲတွင်း ပါဝင်ပတ်သက်နေသည့် TNLA နှင့် RCSS က တဖက်နှင့်တဖက် မီးရှို့သူဟု အပြန်အလှန် စွပ်စွဲကြသည်။

မီးလောင်သွားသည့် နေအိမ် အားလုံးနီးပါးသည် တအန်းလူမျိုးများ၏ နေအိမ်များ ဖြစ်သဖြင့် ဒေသခံများ၊ တအန်း အရပ် ဘက်အဖွဲ့အစည်းများက RCSS မီးရှို့သည်ဟု ပြောဆိုကြသည်။

မီးလောင်သွားသည့် နေအိမ်များ ပြန်လည်ထူထောင်ရေးလုပ်ရန်အတွက် SSPP က လူထုကို ကျပ် သိန်း ၆၃၀ ထောက်ပံ့ပေးခဲ့သည်။

SSPP နှင့် RCSS ကြား အားပြိုင်မှုများ ဖြစ်နေသည့် နောက်တနေရာမှာ ရွှေလီမြစ်ဝှမ်းဒေသဟု ခေါ်ဆိုသည့် နမ့်ခမ်းမြို့နယ် အတွင်း၌ ဖြစ်သည်။

တရုတ် – မြန်မာ နယ်စပ်နှင့် ကချင်ပြည်နယ်၊ မန်စီမြို့နယ်တို့၏ နယ်အစပ်တွင် တည်ရှိသည့် နမ့်ခမ်းမြို့နယ်တွင်းရှိ မန့် ဆွမ်းကျေးရွာတွင် ပြီးခဲ့သည့် မေလက RCSS နှင့် SSPP ကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

မန့်ဆွမ်းကျေးရွာအတွင်း အုပ်ချုပ်ရေးယန္တရား ထူထောင်ထားသည့် RCSS ကို တိုက်ခိုက်ပြီး SSPP က ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရားကို တည်ဆောက်သည်။

မန့်ဆွမ်းကျေးရွာကို SSPP ဝင်ရောက်ပြီး မေ ၃၀ တွင် ကျေးရွာရပ်မိရပ်ဖ တဦးလည်းဖြစ်၊ နမ့်ခမ်းမြို့နယ် သျှမ်းလူငယ်အဖွဲ့ (TYO) ၏ ဒုဥက္ကဋ္ဌလည်းဖြစ်သူ ဦးစိုင်းစံအိုက်ခမ်းကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဦးစိုင်းစံအိုက်ခမ်းသည် RCSS ၏ ထောက်ခံသူ ဖြစ်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရပြီး ဇွန် ၂၇ ရက်တွင် SSPP လက်ထဲ၌ သေဆုံးသွားခဲ့သည်။

ဦးစိုင်းစံအိုက်ခမ်း မသေဆုံးခင်အချိန် ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် RCSSက SSPP ကို မန့်ဆွမ်းကျေးရွာအနီး ပြန်လည် လာရောက် တိုက်ခိုက်ခဲ့သည်။

SSPP က ဦးစိုင်းစံအိုက်ခမ်းသည် တိုက်ပွဲဖြစ်ပွားချိန် သွေးတက်ကာ ဆုံးပါးသွားခြင်း ဖြစ်သည်ဟူ၍ ဆင်ခြေပေးသည့် အပေါ် ဒေသခံများက လက်မခံနိုင်သဖြင့် ဦးစိုင်းစံအိုက်ခမ်း အလောင်းကို ပြန်တောင်းခြင်း၊ နမ့်ခမ်းမြို့ပေါ်တွင် လူစုလူဝေး ပြုလုပ်ကာ SSPP ကို ဆန္ဒပြခြင်းများအထိ ဖြစ်ပေါ်ခဲ့သည်။

SSPP ကို ဆန္ဒပြနေချိန် အမျိုးသားနှစ်ဦးက လူထုကို ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး အဆိုပါ အမျိုးသားနှစ်ဦးသည်လည်း လက်တွင်း ဗုံးပေါက်ကွဲခြင်းကြောင့် နေရာတွင်ပင် သေဆုံးခဲ့ပြန်သည်။

ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြား စစ်ရေး၊ နိုင်ငံရေး အားပြိုင်မှုက ဒေသခံ လူထုဘဝများဆီကိုပါ ရိုက်ခတ်မှုများစွာ ရှိနေသည်။

အဖြေမရှိသေးတဲ့ ပဋိပက္ခ

SSPP နှင့် RCSS တို့ကြား မပြေလည်မှုများကို ဖြေရှင်းရန်အတွက် ၂၀၁၈ မှ ၂၀၂၀ အတွင်း ရှမ်းနိုင်ငံရေး အသိုင်းအဝိုင်း ကြားတွင် အကြိမ်ကြိမ်ညှိနှိုင်းခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

နှစ်ဖက်တပ် ကိုယ်စားလှယ်များ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခြင်းအပြင် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU)မှ တဆင့် ညှိနှိုင်းပေးခြင်း၊ ကြားခံအဖွဲ့များဖြင့် စေ့စပ်ပေးခြင်း၊ ပြည်တွင်းပြည်ပ ရှမ်းသံဃာအဖွဲ့အစည်းများမကျန် ညှိနှိုင်းပေါင်းကူးပေးခဲ့သော်လည်း SSPP နှင့် RCSS ကြား မပြေလည်ခဲ့ကြပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သည့် ရှမ်းနိုင်ငံရေးသမားတဦးက “အများအမြင်မှာတော့ နယ်မြေလုတယ်။ ရှမ်း အချင်းချင်း ချကြတယ်ပေါ့။ တကယ်တမ်း အဖွဲ့အစည်းတွေရဲ့ နောက်မှာ အင်အားချဲ့ထွင်မှုနဲ့ နိုင်ငံရေး အာဂျန်ဒါတွေ ပါကြ တယ်။ ရှမ်းပြည်ရဲ့ နေရာတိုင်းမှာ လှုပ်ရှားနိုင်ဖို့ RC ဘက်က ကြိုးစားနေပုံ ရှိတယ်။ ဒါက အနာဂတ် ရှမ်းနိုင်ငံရေးမှာ ပြော ဆိုဆွေးနွေးတဲ့အခါ အင်အားနဲ့ လူထုအပေါ် ကိုယ်စားပြုမှု၊ နယ်မြေလှုပ်ရှားမှုကလည်း အရေးပါတယ်လေ။ ဒါတွေ အားလုံး က ဆက်စပ်နေတယ်” ဟု ပြောသည်။

SSPP နှင့် RCSS ကြားတွင် နှစ်ဖက်တပ်နေရာကိစ္စ ညှိနှိုင်းရေးမှာ ပြေလည်မည်ဟု မထင်ကြောင်းလည်း ၎င်းက ပြောဆို သည်။

အဆိုပါ တပ်ဖွဲ့များနှင့် ရင်းနှီးသူများ၏ ပြောဆိုချက်အရ SSPP ဘက်က RCSS ၏ တပ်အချို့ကို ၎င်းတို့ နယ်မြေအတွင်း ဝင်ရောက်နေခြင်းမှ ဆုတ်ခွာရန်နှင့် နှစ်ဖက်တပ်ကြား နယ်နိမိတ်မျဉ်းများ သတ်မှတ်နေထိုင်ကြရန် စတင် ဆွေးနွေးလိုခြင်း ဖြစ်သည်ဟု သိရသည်။

နှစ်ဖက်တပ်နေရာ သတ်မှတ်ရေး သဘောတူညီပြီးမှသာ ရှမ်းအမျိုးသားရေး၊ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို ဆက် လက် ဆွေးနွေးလိုကြောင်း SSPP ဘက်က သဘောထား ရှိသည်ဟုလည်း ဆိုသည်။

RCSS ကမူ ရှမ်းအမျိုးသားရေးနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စများကို ဦးစွာဆွေးနွေးပြီး နောက်မှသာ တပ်နေရာ ချထားရေး ကိစ္စများကို ညှိနှိုင်းလိုခြင်း ဖြစ်သည်။

ထိုသို့ သဘောထားကွဲလွဲနေရာ ဆက်လက် ညှိနှိုင်းနိုင်ခြင်း မရှိတော့ဘဲ ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြန်ဖြစ်ကြခြင်း ဖြစ် သည်။

SSPP နှင့် RCSS နှစ်ဖက်တပ်များ၏ ပြောရေးဆိုခွင့်ရှိသူများက ၎င်းတို့နှစ်ဖွဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံလူထုက တိုက်ပွဲ ကြား မြေစာပင် ဖြစ်ရသည်ကို သိရှိကြောင်းနှင့် နှစ်ဖက်တပ်အချင်းချင်း တွေ့ဆုံညှိနှိုင်းမှု လိုအပ်သည်ဟု ပြောဆိုကြသော် လည်း တကယ့် မြေပြင်အခြေအနေတွင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့သည် တဖက်နှင့်တဖက် ရန်လိုနေကြဆဲ ဖြစ်သည်။

နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်၍ SSPP ဖြစ်လိုသည့်ဆန္ဒမှာ သမိုင်းတလျှောက် ရှမ်းတော်လှန်ရေး အဖွဲ့အစည်းများ ထိန်းချုပ်လွှမ်းမိုးခဲ့သည့် နယ်မြေ၊ သတ်မှတ်ခဲ့ကြသည့် ဒေသများအတိုင်း သူ့စည်းကိုယ့်စည်းဖြင့် နေလိုသည်ဟု ဗိုလ်မှူး စိုင်းဖုန်းဟန်က ဆိုသည်။

RCSS က ၎င်းတို့သည် ရှမ်းတော်လှန်ရေးတပ်ဖွဲ့ ဖြစ်သဖြင့် ရှမ်းပြည်နယ်အနှံ့ လှုပ်ရှားနိုင်ခွင့် ရှိသည်ဟူသော မူပေါ်တွင် ရပ်တည်ထားသည်။

SSPP ဘက်မှ သုံးသပ်ထားချက်အရ RCSS သည် နယ်မြေဒေသများ၊ ဗျူဟာကျသည့် တောင်ကြောများကို တဖြည်းဖြည်း အင်အားချဲ့ထွင်ခြင်း၊ ဒေသခံလူထုအပေါ် အုပ်ချုပ်ရေးယန္တရားများ ဖြန့်ကျက်ခြင်းအပြင် စစ်ရေးအရလည်း SSPP ကို တိုက် ခိုက်ပြီး SSPP/SSA အဖွဲ့အစည်း တရပ်လုံး ပြိုကျသွားအောင် စနစ်တကျ ကြံစည်နေသည်ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြော သည်။

၎င်းက “RCSS က ကျနော်တို့ SSA အပြုတ်တိုက်မယ်ဆိုတာ ခိုင်လုံတဲ့ အထောက်အထားရှိတယ်။ ဒါ့ကြောင့် ကျနော်တို့ အဖွဲ့အစည်း ရပ်တည်နိုင်ဖို့ တခြားရွေးစရာ မရှိဘူး။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့ နည်းကလွဲလို့ တခြားရွေးစရာ မရှိဘူး” ဟု ပြောဆိုသည်။

လူထုနှင့် ပတ်သက်၍လည်း တိုက်ပွဲများအတွင်း ထိခိုက်နစ်နာရသည်များကို တိုက်ခိုက်မှုများ ပြီးသွားပါက SSPP က ပြန် လည်ထူထောင်ရေးကို တာဝန်ယူပြီး လုပ်ပေးမည်ဖြစ်ကြောင်း ရဲရဲတင်းတင်း အာမခံပြီး ပြောရဲသည်ဟုလည်း ၎င်းက ဆိုပြန်သည်။

RCSS ဘက်ကလည်း ရှမ်းလူမျိုးအချင်းချင်း တိုက်ခိုက်လိုခြင်း မရှိကြောင်း တဖွဖွပြောဆိုနေသော်လည်း လက်တွေ့တွင်မူ SSPP ကို စစ်ရေးအရ ခြိမ်းခြောက်နေသည့် နေရာများမှ ဆုတ်ခွာပေးလိုသည့် သဘောမရှိပေ။

ထိုကဲ့သို့ ရှမ်းပြည်နယ်တွင်း SSPP နှင့် RCSS ကြား နှစ်ဖက်တပ်နေရာ သတ်မှတ်ရေး၊ နယ်မြေပိုင်းခြားရေးကို သဘောမတူ နိုင်ဘဲ တင်းမာမှုများ ရှိနေသရွေ့ ရှမ်းလူမျိုးအချင်းချင်းကြား သွေးချောင်းစီးအောင် တိုက်ခိုက်နေကြဦးမည် ဖြစ်သည်။ ။

You may also like these stories:

ဗိုလ်ချုပ်ကြီး ယွက်စစ် အပစ်ရပ် ၁၀ ဖွဲ့၏ ခေါင်းဆောင် အဖြစ်မှ နှုတ်ထွက်စာတင်

နမ့်ခမ်းမြို့နယ် သျှမ်းလူငယ်အဖွဲ့ ဒုဥက္ကဋ္ဌ SSPP လက်ထဲတွင် သေဆုံး

ကျေးသီးမြို့နယ်တွင်း ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြား တိုက်ပွဲ ပြင်းထန်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading