ဆောင်းပါး

ကိုဗစ်ပိုး ထိန်းချုပ်မှု ကလေးမြို့ခံများ ကိုယ်အားကိုယ်ကိုးကြရ

Want create site? Find Free WordPress Themes and plugins.

“ကလေးမြို့ မှာ ကိုဗစ်ကို မထိန်းချုပ်နိုင်တော့ဘူး။ မထိန်းချုပ်နိုင်လို့သာ တနေ့ကို လူ ၃၀ လောက် သေနေတာ။ ထိန်းချုပ်လို့ မရတဲ့အဆင့် ဖြစ်သွားပြီ။ အစိုးရဆေးရုံမှာလည်း ဘာမှမရှိဘူး။ အဓိက သေကြရတာကတော့ အောက်စီဂျင် လုံလောက်အောင် မရလို့ပဲ”

မြန်မာပြည် စစ်ကိုင်းတိုင်း မြောက်ပိုင်း ကလေးမြို့သည် ကိုဗစ်တတိယလှိုင်းထဲတွင် အာဏာသိမ်း စစ်ကောင်စီ၏ ဆိုးရွားညံ့ဖျင်းလှသော ကျန်းမာရေးမူဝါဒနှင့် စစ်တပ်၏ အကြမ်းဖက်အင်အားသုံး နှိပ်ကွပ်ရေးတို့ကြောင့် အလူးအလဲ ဒဏ်ခံနေရကြောင်း မြို့ခံတဦးဖြစ်သူ ကိုကျော်ကျော်၏ စကားက အနှစ်ချုပ်ဖြစ်သည်။

လူဦးရေ ၃ သိန်းကျော်ရှိသော အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ကုန်သွယ်ရေး အချက်အခြာမြို့သည် ပြီးခဲ့သည့် ဇွန်လမှ စတင်ကာ အလွန်အမင်း ကူးစက်ပျံ့ နှံ့လာသည့် ကိုဗစ် – ၁၉ ကူးစက်ရောဂါနှင့် ဧပြီလ နောက်ပိုင်း ပေါ်ပေါက်လာသည့် စစ်အာဏာသိမ်း ဆန့်ကျင်ရေး လက်နက်ကိုင် လှုပ်ရှားမှုများကြောင့်ပါ မတည်ငြိမ်မှုများဖြင့် တိတ်ဆိတ်ခြောက်ကပ်နေသည်။ ညဘက်ဆိုလျှင် ခွေးများပင် အပြင်မထွက်ရဲ။

တကယ်ဖြစ်နေတာနဲ့ ကွာဟနေ

ကိုဗစ်ရောဂါ နောက်ဆုံး အခြေအနေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၄ ရက်နေ့ တွင် ကူးစက်ခံရသူ ၂၃၁၈ ဦး သေဆုံးသူ ၃၅ ဦးရှိကြောင်း ထုတ်ပြန်သည်။ သို့သော် ကျန်းမာရေးဝန်ကြီးဌာန၏ “တရားဝင်” ဟုဆိုသော ကိန်းဂဏန်းများသည် အမှန်တကယ် ဖြစ်ပွားနေမှုကို ကိုယ်စားမပြုကြောင်း ကလေးမြို့ခံများ ပြုစုသော စာရင်းက ဖော်ပြနေသည်။

ကလေးမြို့ လူသေဆုံးမှုကို ကူညီနေသော ပရဟိတအဖွဲ့များက ဇွန်လ ၁ လတည်းတွင် ကိုဗစ် ကူးစက်မှု၊ ကိုဗစ် သံသယတို့ဖြင့် လူ ၅၀၀ နီးပါး သေဆုံးသွားခဲ့ရကြောင်း ဆိုသည်။ ဇူလိုင်လ ၁ ရက်နေ့တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၂၆ ဦး၊ ဇူလိုင်လ ၂ ရက်နေ့တွင် ၂၃ ဦး၊ ဇူလိုင်လ ၃ ရက်နေ့တွင် ၃၃ ဦးနှင့် ဇူလိုင်လ ၄ ရက်နေ့တွင် ၂၇ ဦးတို့ဖြင့် ၄ ရက်ပေါင်း သေဆုံးသူ ၁၀၉ ဦးအထိ ရှိကြောင်းလည်း သူတို့က ပြောဆိုကြသည်။

စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာန၏ “တရားဝင်” ထုတ်ပြန်ချက်များအရမူ ကလေးမြို့တွင် ဇွန်လ ၃၀ ရက်နေ့တွင် ကိုဗစ် အတည်ပြုလူနာ ၁၁၅ ဦး၊ သေဆုံးသူ ၁ ဦး၊ ဇူလိုင်လ ၁ ရက်နေ့တွင် အတည်ပြုလူနာ ၆၃ ဦး၊ သေဆုံးသူ မရှိ၊ ဇူလိုင်လ ၂ ရက်နေ့တွင် အတည်ပြုလူနာ ၉၆ ဦး သေဆုံးသူ မရှိနှင့် ဇူလိုင်လ ၃ ရက်နေ့တွင် အတည်ပြုလူနာ ၂၆ ဦးနှင့် ၂ ဦး သေဆုံးကြောင်း ကြေညာသည်။

“ကလေးမြို့ မှာ ကိုဗစ်ကို မထိန်းချုပ်နိုင်တော့ဘူး။ မထိန်းချုပ်နိုင်လို့သာ တနေ့ကို လူ ၃၀ လောက် သေနေတာ။ ထိန်းချုပ်လို့ မရတဲ့အဆင့် ဖြစ်သွားပြီ။ အစိုးရဆေးရုံမှာလည်း ဘာမှမရှိဘူး။ အဓိက သေကြရတာကတော့ အောက်စီဂျင် လုံလောက်အောင် မရလို့ပဲ”

ယခုအခါ ကလေးမြို့ ရှိ စစ်ဆေးရုံ ယာယီပိတ်ထားပြီး ပြည်သူ့ဆေးရုံကြီးများလည်း ကိုဗစ် လူနာများလွန်းသဖြင့် မနိုင်ဝန်ထမ်း နေရသည်။ ထို့ပြင် ကလေးမြို့တွင် ကိုဗစ်အတည်ပြုလူနာများကို လက်ခံပေးပြီး ကုသပေးနေသည့် နေရာတခု ဖြစ်သည့် အိတ်စွပ် စင်တာသည်လည်း ယခုအခါ လက်ခံနိုင်သည့် လူနာအရည်အတွက်ထက် ပိုများနေပြီး လူနာ ၄၀၀ ကျော်အထိ လက်ခံထားရသဖြင့် လူနာသစ် လက်မခံနိုင်တော့ကြောင်း မြို့ ခံများက ပြောသည်။

အစိုးရ၏ ကွာရန်တင်း စင်တာများမှာလည်း အရည်အသွေး ပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မှု မပေးနိုင်ဘဲ လူနာများကို ဗီတာမင်စီနှင့် စီဗစ်သာ တိုက်ကြောင်း မြို့ ခံများက ပြောသည်။

ထို့ကြောင့် မြန်မာကျပ်ငွေ ၄ သောင်းပေးရသော ကွာရန်တင်းစင်တာသို့ မသွားကြတော့ဘဲ မိမိတို့၏ အိမ်များတွင် Home Quarantine သီးခြားနေထိုင်ကာ မိသားစု အချင်းချင်း အကူအညီပေးခြင်း၊ အိမ်နီးနားခြင်း ရပ်ကွက်က အကူအညီပေးခြင်းနှင့် ဒေသခံ ပရဟိတအဖွဲ့ များက ကူညီပေးခြင်းတို့ဖြင့် ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်နေကြသည်။

အောက်စီဂျင် အရေးပေါ် လိုသည်

ကလေးမြို့တွင် ကိုဗစ်လူနာ ကုသရန် အောက်စီဂျင် အများအပြား လိုအပ်လျက် ရှိသည်။ အောက်စီဂျင်ကို ပိုက်ဆံတတ်နိုင်သူများက ဘူးများ ကိုယ်တိုင် ဝယ်ယူထားကြပြီး မတတ်နိုင်သူများအတွက် ပရဟိတ အသင်းများက ကူညီ လှူဒါန်းပေးသည်။ အောက်စီဂျင် အချိန်မီ မရှုလိုက်ရသဖြင့် သေဆုံးသူများ ကလေးမြို့တွင် ဒုနှင့်ဒေး ရှိခဲ့သည်။

ကလေးမြို့တွင် ကိုဗစ်လူနာ ကုသရန် အောက်စီဂျင် အများအပြား လိုအပ်လျက် ရှိသည်။

ယခုအခါ ပြည်သူလူထု၏ ပါဝင်မှုဖြင့် လှူဒါန်းထားသည့် အောက်စီဂျင် ထုတ်ပေးသည့် စက်မှာ ဇွန်လကုန်ပိုင်းက ကလေးမြို့ သို့ ရောက်ရှိနေဖြစ်ကာ မြို့မိမြို့ဖ ဋ္ဌ ဦးအောင်မင်း၏ မင်းကြီးဟိုတယ်တွင် ယာယီတပ်ဆင်ပြီး တပတ်အတွင်း အောက်စီဂျင်အိုးများ ထုတ်လုပ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အဆိုပါစက်ကို ကလေးမြို့ တပ်ဦးသီတာ ရပ်ကွက်ရှိ တပ်ဦးဘုန်းတော်ကြီးကျောင်းတွင် တပ်ဆင်ရန် စီစဉ်ထားသော်လည်း လက်ရှိအခြေအနေများအရ မြန်မြန်ထုတ်လုပ်နိုင်ရန် ယခုလို စီစဉ်ရခြင်း ဖြစ်ကြောင်း ကလေးမြို့ခံများက ပြောသည်။

အောက်စီဂျင်စက်မှာ ကလေးမြို့တွင် တပ်ဆင်ရန် စက်ကြီး ၂ လုံး၊ စက်အသေး ၁ လုံးတို့ ပြင်ဆင်နေပြီး စက်တခု လည်ပတ်နိုင်ရန် သိန်း ၁၄၀၀ ခန့် ကုန်ကျကြောင်း၊ စက်များ ဆက်လက်တပ်ဆင်ရန် ငွေကြေး မလုံလောက်သဖြင့် အလှူခံနေကြောင်း၊ စက်ရုံတခုမှ တနေ့လျှင် အောက်စီဂျင်အိုး ၇၀ ခန့် ထုတ်နိုင်ဖွယ်ရှိကြောင်း သိရသည်။

သို့သော် ကလေးမြို့၏ တရက် အောက်စီဂျင် လိုအပ်ချက်မှာ အိုး ၁၀၀၀ ကျော် ကုန်သဖြင့် စက်ရုံ ၃ ရုံ လည်ပတ်နိုင်လျင်ပင် အိုး ၂၀၀ ခန့်သာ ထွက်ရှိဦးမည် ဖြစ်ကြောင်း မြို့ခံများက တွက်ချက်ပြသည်။

“အောက်စီဂျင်နဲ့ ပတ်သက်လို့လည်း အစိုးရဆီက ဘာအကူအညီမှ မရဘူး။ ပြည်သူတွေ အချင်းချင်းပဲ ကူညီရတယ်။ ထုတ်တဲ့ စက်တခုပဲ အစိုးရ အကူအညီနဲ့ ရောက်လာသေးတယ်။ အခုချိန်အထိ စစ်တပ်က ဝင်ကူညီပေး တာမျိုးလည်း တခါမှ မတွေ့ ရသေးဘူး”ဟု ကလေးမြို့ခံ ကိုဖြိုးက ပြောသည်။

ကိုဗစ်ကူးစက်ခံရမှု အများဆုံးနှင့် လူသေဆုံးမှု အများဆုံးမှာ ကလေးမြို့ အနောက်ဘက်ခြမ်းရှိ ချင်းတိုင်းရင်းသားများ အများစု နေထိုင်သည့် တာဟန်း ရပ်ကွက် ဖြစ်ပြီး ယင်းရပ်ကွက်တွင် ပိုးများ ပိုမိုကူးစက်ပြန့်နှံ့ရခြင်းမှာ ချင်းတို့၏ ဓလေ့ ဖြစ်သည့် ပွဲလမ်းသဘင်များကို လူစုလူဝေးဖြင့် မကြာခဏ လုပ်တတ်သည့် သဘောကြောင်း ဖြစ်ကြောင်း သုံးသပ်ကြသည်။

“မြို့့ အနောက်ဘက်ခြမ်း တာဟန်းဘက်က အဆိုးဆုံးပဲ။ ကလေးမြို့ ထဲဘက်လည်း တော်တော်ဆိုးနေပြီ။ ပြောရရင် တမြို့ လုံးလိုလို ဆိုးဝါးနေပြီလို့ ပြောလို့ ရပါတယ်”ဟု ကလေးမြို့တွင် ကိုဗစ်အရေး စေ့တနာဝန်ထမ်း ကူညီပေးနေသူ ဦးမောင်မောင်က ပြောသည်။

ပြည်သူမှ ပြည်သူသို့

ဦးမောင်မောင်တို့အဖွဲ့သည် လူ ၁၀ ဦးခန့်ဖြင့် ကိုဗစ် ရောဂါပိုး ကူးစက်ခံရသည့် နေအိမ်များအတွက် ဆေးဝယ်ယူပေးရန် ပရဟိတအဖွဲ့တခုကို ဖွဲ့စည်းလိုက်ပြီး ဆေးဝါးဝယ်ယူပေးရန် ဖုန်းဆက်လာပါက ဆေးဆိုင်များသို့ ကိုယ်စား သွားရောက် ဝယ်ယူပေးပြီး ဘောင်ချာနှင့်တကွ အိမ်တိုက်ရာရောက် ပို့ဆောင်ပေးလျက်ရှိသည်။

ကလေးမြို့တွင် ကိုဗစ်လူနာ ကုသရန် အောက်စီဂျင် အများအပြား လိုအပ်လျက် ရှိသည်။

“သူတို့အပြင်ထွက်လာရင် ပိုပျံ့နှံ့သွားမှာဆိုးလို့ သူတို့လိုအပ်တဲ့ဆေးကို ဝယ်ပေးတယ်။ သူတို့ အိမ်ရှေ့ မှာ စည်းကမ်း သတ် မှတ်ချက်နဲ့အညီ ချထားပေးတယ်။ သူတို့ဆီကရတဲ့ ပိုက်ဆံကိုလည်း ဆေးတွေဘာတွေ ဖြန်းပြီးမှ သေချာထုတ်ပိုးပြီး ထည့် ရတာ။ သူတို့ အပြင်ထွက်လိုက်ရင် ပိုဆိုးမှာဆိုးလို့ ကျနော်တို့က ကူပေးတာ”ဟု ဦးမောင်မောင်က ရှင်းပြသည်။

၎င်းတို့အနေဖြင့် ကူညီပေးနေရသူ အလွန်များပြားသဖြင့် မနိုင်ဝန်ထမ်းနေရသည့် သဘောဖြစ်ကြောင်း၊ ကလေးမြို့ ပေါ် တွင်သာ အကူအညီပေးနိုင်ပြီး ကျေးရွာများဘက်က အကူအညီတောင်းခံမှုများ ရှိလာသည့်အခါ ဆက်လက် မကူညီနိုင်တော့ကြောင်း သိရသည်။

“လူအင်အားနည်းတော့ ရွာတွေဘက်အထိတော့ ကျနော်တို့လည်း မပို့ပေးနိုင်ဘူး။ လမ်းမှာလည်း စစ်တပ်က ဖမ်းမှာဆီးမှာကို ကြောက်တာရယ်၊ ပိုးကူးမှာရယ်ကြောင့် Volunteer ကလည်း သိပ်မရှိဘူး။ ရွာတွေဘက်ကတော့ အခြေအနေတွေ ပိုဆိုးလိမ့်မယ်။ အခုနောက်ပိုင်း လူသေတာတွေလည်း ပိုကြားနေရတယ်”ဟု ဦးမောင်မောင်က ဆက်ပြောပြသည်။

ကိုဗစ်ကပ်ရောဂါဖြင့် လူသေဆုံးမှု အရမ်းများလာသည့်အခါ မြို့ခံများသည် နေအိမ် အပြင်သို့ မထွက်ကြတော့ဘဲ ရောဂါကူးစက်ခံရပါကလည်း မိမိအစီအစဉ်ဖြင့် မိမိအိမ်တွင်သာ နေထိုင်ပြီး ဆေးကုသမှု ခံယူကြတော့ကြောင်း၊ ထိုအချိန်တွင် ဆေးဝယ်ပေးသည့် ပရဟိတသမားများက အလွန်အထောက်အကူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

တချို့ အိမ်များတွင် ကိုဗစ်ရောဂါ ကူးစက်ခံရမှုမှာ တအိမ်လုံး ဖြစ်သည့်အခါ အပြင်ထွက်ရန် အဆင်မပြေတော့ကြောင်း၊ ထို့ကြောင့် ဆေးပို့ပေးမည့်သူများကို အားကိုးရကြောင်း သိရသည်။

“ဒီကာလမှာက သူ့မကူနိုင်၊ ကိုယ့်မကူနိုင် ဖြစ်နေတာ။ ဥပမာ အချင်းချင်း ဘယ်လောက်ပဲ ခင်မင်ရင်းနှီးပါစေ ဆွေမျိုး တော်စပ်ပါစေဦး။ ကိုယ်ကလည်း သူ့ကို သွားမကူနိုင်ဘူး။ သူကလည်း ကိုယ့်ကို လာမကူနိုင်ဘူး။ အဲလိုအခြေအနေမှာ Delivery Free ပို့ပေးမယ့်သူတွေ ရှိတာတော့ မြို့အတွက် အရမ်းကောင်းတယ်”ဟု ကလေးမြို့ခံ ကိုကျော်ကျော်က ပြောသည်။

ဆေးဝါးအခမဲ့ လိုက်ပါပို့ဆောင်သူများ ရှိသလို နောက်တမျိုးမှာ ပိုးသတ်ဆေး လိုက်ဖြန်းပေးသည့် အဖွဲ့ ဖြစ်သည်။

ကလေးမြို့တွင် ကာယကံ မေတ္တာအသင်းက ရပ်ကွက်များထဲတွင် လူနေအိမ်များ၊ လမ်းများကို ပိုးသတ်ဆေးများ လိုက်ဖြန်းပေးကြောင်း၊ အခကြေးငွေနှင့် မဟုတ်ဘဲ တတ်နိုင်သလောက် ငွေထည့်ဝင်၍ ရကြောင်း သိရသည်။

“အဲဒီငွေနဲ့ ပိုးသတ်ဆေးပုံးတွေ ထပ်ဝယ်တယ်။ ထပ်ဖြန်းပေးတယ်။ ကိုဗစ်နဲ့ဆုံးတဲ့ အိမ်တွေဆိုရင်တော့ ဦးစားပေး ဖြန်းပေးတယ်။ ကိုဗစ်နဲ့ ဆုံးတဲ့အိမ်ကိုတော့ PPE ဝတ်ပြီးမှ ဖြန်းရလို့ ကုန်ကျစရိတ်တော့ ပိုများတယ်”ဟု ကိုကျော်ကျော်က ပြောပြာသည်။

၎င်းက ဆက်၍ “ပြည်သူအချင်းချင်း ကူညီစောင့်ရှောက်တဲ့ အစီအစဉ်က အခုမှစတာ မဟုတ်ဘူး။ ကြာပြီ။ ပြည်သူမှ ပြည်သူသို့ လှူဒါန်းခြင်း ဆိုတာပေါ့နော်။ First Wave ကတည်းက စနေတာ။ ပြည်သူလူထု လှူဒါန်းငွေတွေနဲ့ ဝိုင်းဝန်း လုပ် ကြတာ။ First Wave ရော၊ Second Wave ရော ကျော်ဖြတ်နိုင်ခဲ့တယ်။ သိန်းထောင်နဲ့ချီပြီးတော့ ကုန်ကျခဲ့တယ်”ဟု ပြောသည်။

ယခုအခါ လူမှုကူညီရေးအသင်းမှ ပရဟိတသမားများပင် ကိုဗစ်လူနာများနှင့် ထိတွေ့ ဆက်ဆံခြင်း၊ အသုဘချပေးခြင်းတို့ ကြောင့် ကူးစက်ခံရမှုများ ရှိလာကြောင်း သိရသည်။

ဆေးဝါးအခမဲ့ လိုက်ပါပို့ဆောင်သူများ ရှိသလို ပိုးသတ်ဆေး လိုက်ဖြန်းပေးသည့် အဖွဲ့လည်း ရှိသည်။

“ဦးသော်လို့ ခေါ်တဲ့လူဆိုရင် သူက နာရေးကားမောင်းတာ။ ဘယ်ကနေ ကူးလဲတော့ မသိဘူး။ အရင်တုန်းကလည်း ကူးခံရတာတွေ ရှိပေမယ့် ပရဟိတသမားတွေ သေတာတော့ မရှိခဲ့ဘူး” ဟု ကိုကျော်ကျော်က ပြောသည်။

ဆုတောင်းနေရတယ်

ကိုဗစ်တတိယလှိုင်းသည် အိန္ဒိယ နယ်စပ်မှ ကူးစက်ပျံ့နှံ့လာသည်ဟု ယူဆနေကြပြီး နယ်စပ်ကုန်သည်လမ်းဆုံ အဓိက မြို့ဖြစ်သော ကလေးတွင် စစ်အာဏာသိမ်း ဆန့်ကျင်ရေးလှုပ်ရှားမှုများအပေါ် စစ်တပ်က အပြင်းအထန် အင်အားသုံး အကြမ်းဖက်နှိမ်နင်းခဲ့သောကြောင့် မြို့ခံလူထု အတော်များများသည် ကနဦးတွင် စစ်ကောင်စီ အုပ်ချုပ်ရေးနှင့် ကျန်းမာရေးဌာနများအား ပူးပေါင်းဆောင်ရွက်ခြင်း မလုပ်ခဲ့ကြပေ။

ကလေးမြို့ တွင် ကိုဗစ်ပိုး စတင်ကူးစက်သည့် ဇွန်လဆန်းတွင် အစိုးရ တက်လုပ်နေသည့် စစ်တပ်က “နိုင်အောင် ထိန်းလိမ့်မည်၊ သူတို့တာဝန်”ဟု ပြောဆိုပြီး ကလေးမြို့ခံများက လက်ရှောင်ခဲ့ကြသည်။

အိပ်စွပ်စင်တာ

စစ်တပ်က ထိန်းချုပ်ထားသည့် ကျန်းမာရေးဌာနက ကိုဗစ်ရောဂါပိုး ကာကွယ်ရေးအတွက် အကူအညီများ တောင်းခံလာသည့်အခါတွင်လည်း မပါဝင်ကြတော့ဘဲ မသိသလိုသာ နေခဲ့ကြောင်း၊ သို့သော် ၎င်းတို့ ထင်သလို စစ်တပ်က ရောဂါပိုးကို မထိန်းချုပ်နိုင်ခဲ့ကြောင်း ဆိုသည်။

“နောက်ဆုံးကျတော့ သေကုန်ကြတာ ကိုယ့်မြို့ခံ၊ ကိုယ့်လူတွေချည်းပဲ။ တကယ်တန်း ဖြစ်လာတဲ့အခါ စစ်တပ်က ဘာမှတောင် မလုပ်နိုင်ဘူး။ ဆရာဝန်၊ ဆရာမတွေလည်း လုံလောက်အောင် ရှိမနေဘူး။ ကူညီမယ့်လူလည်း မရှိဘူး။ သူတို့ လုပ်လည်း မလုပ်တတ်ကြဘူး။ နေပြည်တော်ကလည်း ဘာမှ မကူညီဘူး”ဟု ကလေးမြို့ခံ ကိုဖြိုးက ပြောသည်။

ယခု တတိယလှိုင်း ရိုက်ခတ်မှုတွင် စစ်တပ်ကို မကူဘူးဆိုသည့် အယူအဆမျိုး မရှိသင့်ဘဲ အမှန်တကယ် ဒုက္ခရောက်သူမှာ ပြည်သူများသာ ဖြစ်၍ ကလေးမြို့ ကဲ့သို့ အခြေအနေ မဆိုးသည့် အခြားမြို့ များအနေဖြင့် ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း ကိုဖြိုးက ပြောသည်။

ယခုအခါ ကလေးမြို့တွင် ကိုဗစ်ရောဂါ၊ ကိုဗစ်ရောဂါပိုး သံသယဖြင့် သေဆုံးပါက အသုဘသို့ မိသားစု အပါအဝင် မည်သူမျှ လိုက်ပါပို့ဆောင်ခွင့် မရှိသလို ဘုန်းကြီးများ တရားဟောပေးသည့် အစီအစဉ်လည်း မရှိတော့ပေ။ အသုဘချပေးသူ ပရဟိသမား ၇ ဦး၏ PPE ဝတ်စုံ ကုန်ကျစရိတ်နှင့် အခြားအဖိုးအခများအတွက် ကျပ် ၂ သိန်းခွဲ ရှာပေးရုံသာ။

ကလေးမြို့ ၏ ဆေးဝါးလိုအပ်ချက်၊ အောက်စီဂျင်ဘူး လိုအပ်ချက်များကို ရန်ကုန်၊ မန္တလေးနှင့် မုံရွာတို့မှ ကူညီ ဖြည့်တင်းပေးလျက်ရှိရာ ယင်းနေရာများတွင်ပါ ကိုဗစ်ရောဂါပိုး ကူးစက်ပျံ့ နှံ့လာပါက ကလေးမြို့အတွက် လိုအပ်သည့် ပစ္စည်းများ အချိန်မီ မရနိုင်တော့သဖြင့် ယင်းဒေသများတွင်ပါ ကိုဗစ်ဒဏ်ခံရမည်ကိုလည်း ကလေးမြို့ခံများက စိတ်ပူနေကြသည်။

“တခြားမြို့တွေလည်း အောက်စီဂျင် မရလို့ ကျနော်တို့ဆီ အောက်စီဂျင် မရောက်လာဘူးဆိုရင် ကျနော်တို့ကလေးမှာ လူတွေ အစုလိုက် အပြုံလိုက်သေပြီပဲ။ တခြားနေရာတွေမှာ ဆိုးဆိုးဝါးဝါး မဖြစ်ပါစေနဲ့လို့ ကျနော်တို့ ဆုတောင်းနေရတယ်” ဟု ကလေးမြို့ခံတဦးက ပြောသည်။

You may also like these stories:

စစ်ဘေးရော ကိုဗစ်ဘေးပါ ကလေးမြို့ ကပ်ဆိုက်

စစ်တပ်မိသားစုများပင် ကိုဗစ်-၁၉ ကုသရေး မရေရာ

မောင်တောနှင့် သံတွဲ၌ ကိုဗစ်ကူးစက်မှုနှုန်း မြင့်လာ

ကိုဗစ် တတိယလှိုင်းက ကပ်ဆိုးကို သယ်ဆောင်လာသည်

Did you find apk for android? You can find new Free Android Games and apps.
Loading