၂၀၂၀ ခုနှစ်က လူအနည်း ၁၇၂ ဦးသေဆုံးစေသည့် ကျောက်စိမ်းတွင်း မြေပြိုမှုသည် လူသားအမှားများကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံမှ အဆိုးရွားဆုံး ကျောက်မျက်တူးဖေါ်မှု မတော်တဆများကို ပထမဆုံးအကြိမ်အဖြစ် သိပ္ပံနည်းကျလေ့လာသည့် အစီရင်ခံစာက ဖေါ်ပြလိုက်သည်။
ဂြိုလ်တုမှရသော အချက်အချက်များနှင့် အဝေးမှ အာရုံခံသော ကိရိယာများမှ ရရှိသော အချက်အလက်များကို အသေးစိတ် သရုပ်ခွဲလေ့လာမှုအရ မြန်မာနိုင်ငံမြောက်ပိုင်း ဝှေခါ ကျောက်စိမ်းတွင်းမှ ညံ့ဖျင်းလှသော အခြေအနေများကို ဖေါ်ထုတ်ခဲ့သည်။ ထိုနေရာသည် လွန်ခဲ့သောနှစ် ဇူလိုင်လက ၁၇၀ ကျော်သေဆုံးစေသည် အထိမြေပြိုခဲ့သော နေရာဖြစ်သည်။

ထိုကြေကွဲစရာဖြစ်ရပ်သည့် မူလယူဆထားသကဲ့သို့ မိုးကြောင့်မဟုတ်ဘဲ စီမံခန့်ခွဲမှု မှားယွင်းခြင်းနှင့် ဒီဇိုင်းညံ့ဖျင်းခြင်းကြောင့် ဖြစ်ကြောင်း ရလဒ်များက ပြသနေသည်ဟု ထိုလေ့လာမှုကို လုပ်ဆောင်ခဲ့သည့် နိုင်ငံတကာစာတမ်းရှင်အဖွဲ့က ပြောသည်။ ထိုလေ့လာမှုသည် မြန်မာနိုင်ငံမှ သယံဇာတတူးဖေါ်ရေး မတော်တဆမှုများကို ပထမဆုံးအကြိမ် အလေးအနက် လေ့လာမှတ်တမ်းတင်သော လေ့လာမှုဖြစ်သည်။
ထိုလေ့လာမှုသည် အပြည့်အ၀ ရှင်းလင်းချက် မပေးနိုင်သေးသည့် ထိုကပ်ဒုက္ခ၏ အကြောင်းရင်းကို ဖေါ်ထုတ်ပြသလိုက်ရုံသာမက မြန်မာနိုင်ငံနှင့် သတ္တုတွင်း မကြာခဏပြိုသည့် နိုင်ငံများတွင်ပါ ကျောက်တူးမိုင်းပြိုမှုများ မှတ်တမ်းတင်ခြင်းနှင့် လုပ်ငန်းခွင်စီမံမှု တိုးတက်ရေးကိုလည်း အထောက်အကူပြုမည်ဟု စာတမ်းရှင်များက ယုံကြည်ကြသည်။
အများအားဖြင့် တရုတ်အတွက် လက်ဝတ်ရတနာနှင့် ပန်းပုပစ္စည်းများ ပြုလုပ်ရန် ကျောက်စိမ်းတူးခြင်းသည် မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံတွင် အလျင်အမြန် ကျယ်ပြန့် များပြားလာသည်။ ကျောက်ရှာသူ ၄ သိန်းခန့်သည် မည်သည့်လုံခြုံရေး ကိရိယာမျှ မပါဘဲ ကျောက်တူးဖော်ရေး အပွင့်မိုင်းများ၏ ဆင်ခြေလျှောများတွင် ကျောက်စိမ်းရှာကြသည်။ ၎င်းတို့သည် ကမ္ဘာ့ကျောက်စိမ်းထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းရှိပြီး ၂၀၁၁ ခုနှစ် ခန့်မှန်းခြေအရ ဒေါ်လာ ၈ ဘီလျံ ဝင်ငွေရသော ကျောက်စိမ်းတူးဖေါ်ရေး လုပ်ငန်းကို အမှီပြု လုပ်ကိုင်သူများ ဖြစ်သည်။ ထိုဝင်ငွေပမာဏသည် မြန်မာ၏ ပို့ကုန်ဝင်ငွေ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းနှင့် ညီမျှသည်။
ရာနှင့်ချီသော သေဆုံးမှုများ
မြန်မာကျောက်စိမ်းလုပ်ငန်းကို စည်းကမ်းထိန်းကြောင်းမှု ညံ့ဖျင်းပြီး ကျောက်မိုင်းပြိုကျမှုများ မကြာခဏ ဖြစ်ပေါ်ကာ ၂၀၀၄ ခုနှစ်မှ စတင်ပြီး ရာနှင့်ချီသော သူများသေဆုံးရကြောင်း စာတမ်းရှင်များပြောသည်။ သို့သော် မြန်မာအာဏာပိုင်များဘက်က ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် ကျောက်စိမ်းတူးဖေါ်မှု ဗဟိုချက်ဖြစ်သော မြောက်ပိုင်း ကချင်ပြည်နယ်မှ နိုင်ငံရေးနှင့် လူမျိုးစုရေး ပဋိပက္ခတို့ ပေါင်းစပ်လိုက်သောအခါ ကျောက်မိုင်းနေရာများကို ကွင်းဆင်းလေ့လာရန် မဖြစ်နိုင်သလောက်ပင်ဖြစ်ကြောင်း စာတမ်းရှင်များက ပြောသည်။
မြန်မာနိုင်ငံ၏ အဆိုးရွားဆုံး ကျောက်စိမ်းတွင်းပြိုကျမှု ဖြစ်သည့် လွန်ခဲ့သောနှစ် ဇွန်လက မြေပြိုမှုတွင် မိုးရေများ ဖားကန့်ဒေသရှိ ဝှေခါ ကျောက်စိမ်းတူးဖော်ရေး အပွင့်မိုင်းတွင်း မြောက်ဖက်မြေသားတွင် စိမ့်ဝင်ရာမှ စတင်ခဲ့သည်။ နောက်ဆုံး ဇူလိုင်လ ၂ ရက်နေ့တွင် ကျောက်စိမ်းတွင်း နံရံမှ ကြီးမားလှသော မြေစာပုံသည် ရေလွှမ်းမိုးနေသည့် မိုင်းတွင်းထဲသို့ ပြိုကျပြီး မိုင်းတွင်းရေကန်တွင် ရေလှိုင်းကြီးများ ဖြစ်လာကာ မိုင်းကမ်းပါးတွင် ရေမဆေးကျောက်ရှာသူ အနည်းဆုံး ၁၂၇ ဦးကို ဖုံးလွှမ်းသေဆုံးစေသည် ဟု စာတမ်းရှင်များက ရေးသားသည်။

ဇူလိုင်လ ၁ ရက်နေ့မှ စတင်ပြီး ကျောက်စိမ်းတူးဖေါ်ခြင်းကို မိုးရာသီ ၃ လ ဆိုင်းငံ့ထားရန် ဖားကန့်ရှိ ကျောက်တူးဖေါ်ရေး ကုမ္ပဏီများအား အာဏာပိုင်များက အမိန့်ထုတ်ထားသော်လည်း ဆင်းရဲနွမ်းပါးသော ရေမဆေးကျောက်ရှာသူများသည် မိုးရေတိုက်စားရာမှ ပေါ်လာသည့် ကျောက်စိမ်းများကို လိုက်လံရှာဖွေကြသည်။ မိုးသည်းထန်သောကြောင့် မြေပြိုမှုကို ဖြစ်စေသည်ဟု ကနဦးက ယူဆခဲ့ကြသည်။
ထိုမြေပြိုမှုသည် ကျောက်မျက်တူးဖေါ်ရေး ကုမ္ပဏီများက လုံလောက်သော လုံ့လစိုက်ထုတ်ခြင်းမပြုခြင်းနှင့် အန္တရာယ်ဖြစ်နိုင်ခြေ အကဲဖြတ်မှု မရှိခြင်းကြောင့်ဖြစ်ကြောင်း မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်က အပြစ်တင်သည်။ ထိုကျောက်မျက်တူးဖေါ်ရေး ကုမ္ပဏီများအနက် အနည်းဆုံး ၁၂ ခုတို့သည် ဝှေခါကျောက်စိမ်းတွင်းပါဝင်သော နေရာတွင် လိုင်စင်များ ပိုင်ဆိုင်ထားသည်။ သို့သော် သယံဇာတတူးဖေါ်ရေး လုပ်ငန်းတွင် အစိုးရက လုပ်ထုံးလုပ်နည်းဖြင့် ကြီးကြပ်မှု ကင်းမဲ့ခြင်းသည်လည်း မြန်မာကျောက်မျက်တူးဖေါ်ရေးသမားများကို အန္တရာယ်ကျရောက်စေသည့် အဓိကအချက်ဖြစ်ကြောင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများက ပြောသည်။
ဝှေခါ ကျောက်စိမ်းတူးဖေါ်ရေး လုပ်ငန်းများကို ထိုမတော်တဆမှု မဖြစ်ပေါ်မီ ဇွန်လ ၂၉ ရက်နေ့ကပင် ရပ်ဆိုင်းပြီးဖြစ်ကြောင်းနှင့် မိုးရေများသည် မြေကွဲအက်မှုများအကြား စိမ့်ဝင်ပြီး မြေပြိုစေကြောင်း အစိုးရ စုံစမ်းစစ်ဆေးမှုက ပြသနေကြောင်း မြန်မာအစိုးရပိုင် ကျောက်မျက်တူးဖေါ်ရေးလိုင်စင်များ ထုတ်ပေးပြီး စည်းကမ်းထိန်းကျောင်းမှု ပြုလုပ်သည့် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း ပြောခွင့်ရသူတဦးက Nature သို့ပြောသည်။ ယခု သုတေသန တွေ့ရှိချက်များသည် အနာဂတ် သယံဇာတတူးဖေါ်ရေးလုပ်ငန်းများကို ကူညီရေးအတွက် အဖိုးမဖြတ်နိုင်အောင် အထောက်အကူပြုမည်ဟုလည်း သူပြောသည်။
ကျောက်မျက်တူးဖေါ်ရေး ကုမ္ပဏီအားလုံးထံမှ ယခုစာတမ်းအတွက် ဝေဖန်ပြောကြားပေးရန် မဆက်သွယ်နိုင်သလို ဆက်သွယ်နိုင်သော ကုမ္ပဏီများကလည်း ထိုဘေးအန္တရာယ်ဖြစ်ပွားရခြင်း အကြောင်းရင်းအတွက် Nature ၏မေးမြန်းမှုများကို တုံ့ပြန်ခြင်း မရှိကြပေ။
မြန်မာနိုင်ငံမှ သယံဇာတ တူးဖေါ်သော နေရာများသို့ သွားရောက်ခွင့် မရသောကြောင့် ထိုင်ဝမ်၊ စင်္ကာပူ၊ ဘရာဇီးလ်နှင့် ထိုင်းနိုင်ငံမှ သုတေသီများ ပါဝင်သောအဖွဲ့တခုသည် အဝေးမှ အာရုံခံသိနိုင်သည့် နည်းလမ်းများနှင့် ဂြိုလ်တုနည်းပညာကို သုံးကာ ထိုမြေပြိုမှုကို စုံစမ်းစစ်ဆေးကြသည်။ ၎င်းတို့သည် သယံဇာတ တူးဖေါ်မှုနှင့်ပတ်သက်ပြီး တင်းကျပ်သော စည်းကမ်းများရှိသည့် အခြားနိုင်ငံများကိုလည်း လေ့လာကြသည်။ “အာကာသထဲကနေ ကျနော်တို့ လုပ်လို့ရတာတွေ အများကြီးရှိတယ်” ဟု အထက်ပါစာတမ်းကို ပူးတွဲရေးသားသူ ထိုင်ပေရှိ ထိုင်ဝမ်အမျိုးသား တက္ကသိုလ်မှ ဘူမိဗေဒပညာရှင် ဝန်ယုက ပြောသည်။
သယံဇာတများကို အလောတကြီး တူးဖေါ်ခြင်း
ဝှေခါကျောက်စိမ်းတွင်းပတ်ဝန်းကျင်မှ မြေမျက်နှာပြင်ပျက်စီးမှုများကို အချိန်အလိုက်လေ့လာသောအခါ သူ၏အဖွဲ့သည် မြေပြင်မှ ထိုမတော်တဆမှု အွန်လိုင်းဗီဒီယိုများကို ကောင်းကင်နှင် ဂြိုလ်တု အချက်အလက်များ၊ ၂၀၀၀ ပြည့်နှစ်က NASA လွန်းပျံအာကာသယာဉ် ခရီးစဉ်မှ သမိုင်းအချက်အလက်များနှင့် ပေါင်းစပ်လိုက်သည်။

မိုးသည်းထန်ခြင်းအပြင် မြေပြိုမှုကိုဖြစ်စေသည့် အခြားအကြောင်းနှစ်ခုကို သုတေသီများတွေ့ရှိခဲ့သည်။ ပထမအကြောင်းမှာ ထိုကျောက်မိုင်းမှ နံရံများသည် ကျင်းပတ်ဝန်းကျင်ကျောက်များ၏ အားနည်းသော သဘောသဘာ၀ကြောင့် အန္တရာယ်များလောက်အောင် မတ်စောက်နေခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်အတွင်း Google Earth မှ ရိုက်ကူးထားသော ပုံများအရ ထိုကျင်းတွင် မြေပြိုမှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်းနှင့် မြေပြိုခြင်းကို တားဆီးရန် လှေခါးထစ်များသဖွယ် အဆင့်များလုပ်ထားသည့် နေရာများတွင်ပင် မြေပြိုကြောင်း သိရသည်ဟု ဝမ် ပြောသည်။
“အဲဒီကျောက်မိုင်းမှာ တူးဖေါ်မှုတွေကို အလောတကြီးလုပ်ကြတယ်။ အခြေအနေက မကြာခဏ ထိန်းချုပ်မရတဲ့ မြေပိုမှုတွေကြောင့် ပိုမိုဆိုးရွားစေတယ်” သုတေသီများက ရေးသားသည်။ ထိုသို့ တူးဖေါ်ခြင်းသည် ကျောက်စိမ်း ထုတ်ယူရာတွင် ပိုမိုမြန်ဆန်စေသော်လည်း အန္တရာယ်များသည့် အခြေအနေများကို ဖြစ်ပေါ်စေသည်။
“ဆင်ခြေလျှောက အရမ်းမတ်စောက်လွန်းတယ်ဆိုတဲ့ အချက်က တော်တော်လေး ဖြစ်နိုင်တယ်” ဟု အင်္ဂလန်နိုင်ငံ University of Sheffield မှ မြေပြိုမှုများကို လေ့လာသည့် ပထဝီပညာရှင် ဒေ့ဖ် ပက်တလေပြောသည်။ ထိုမြေပြိုမှုသည် တူးဖေါ်သည့် အလေ့အထများနှင့် ပတ်သက်ခြင်း ရှိ မရှိ သူ သေချာမပြောနိုင်သော်လည်း တူးဖေါ်မှုလုပ်ငန်းများသည် ပုံစံပျက်ခြင်းကို တားဆီးရန် ပြုလုပ်ထားသင့်ကြောင်း သူပြောသည်။ ကျင်းနံရံများသည် မြေမပြိုမီကပင် ပုံစံပျက်ယွင်းနေကြောင်း သုတေသီများပြောသည်။
မိုင်းတွင်းပုံစံ ဒီဇိုင်းညံ့
ဒုတိယအချက်မှာ တူးဖေါ်ရာမှ ထွက်လာသည့် မြေစာပုံများသည် မိုးရွာသောရေကို သို့မဟုတ် မြေအောက်ရေကို သိမ်းဆည်းထားကာ မိုင်းတွင်းကျင်းနံရံကို တဖြည်းဖြည်းတိုက်စားစေနိုင်သောကြောင့် မြေပြိုမှုဖြစ်ခြင်းဖြစ်သည်။ NASA ၏ ၂၀၂၀ ခုနှစ်လွန်းပျံယာဉ်နှင့် ဂျပန်မှ အဆင့်မြင့်မြေပြင်လေ့လာရေး ဂြိုလ်တု – Advanced Land Observing Satellite တို့မှ ရရှိသည့်အချက်အလက်များအရ ထိုမြေစာပုံများသည် ကျောက်စိမ်းတွင်းနှင့် ထိုမျှ နီးကပ်မနေသင့်ကြောင်း သုတေသီများပြောသည်။

“စီမံခန့်ခွဲမှုအမှားများနှင့် ကျင်းဒီဇိုင်းဆိုင်ရာ ပြဿနာများရှိသည်”ဟု ထိုစာတမ်းရှင်များက Nature သို့ပေးပို့သော အီးမေးလ်တွင် ဆိုသော်လည်း ထိုမြေပြိုမှုနှင့်ပတ်သက်ပြီး မည်သူ့ကိုမျှ အပြစ်တင်ထားခြင်းမရှိပေ။ “မိမိတို့၏ သရုပ်ခွဲလေ့လာမှုကို သိပ္ပံပညာရှုထောင့်မှသာ ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုလေ့လာမှုကို နောက်ကြောင်းပြန် လေ့လာခြင်းအဖြစ်သာ မြင်သင့်ပြီး ရာဇဝတ်မှု တိုင်ကြားခြင်းအဖြစ် မမြင်သင့်ပေ။ အမျိုးမျိုးသော ပါဝင်ပတ်သက်သူများအကြား တာဝန်ရှိမှုများကို ခွဲဝေသတ်မှတ်ရန် အသေးစိတ် စုံစမ်းစစ်ဆေးမှုတခုကို ပြုလုပ်ရန်လိုမည်” ဟု ၎င်းတို့က ရေးသားသည်။
ထိုစစ်တမ်းကိုဖတ်ပြီးနောက် ထိုပြိုကျသော ဆင်ခြေလျှောသည် အချိန်နှင့်အမျှ မည်သို့ ပြောင်းလဲနေသည်ကို မလေ့လာခြင်းနှင့် မြေစာများကို စနစ်တကျ မစွန့်ပစ်ခြင်းကဲ့သို့သော ကျောက်စိမ်းတွင်း စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းသည် ထိုမတော်တဆမှုတွင် အခန်းကဏ္ဍတခုမှ ပါဝင်မည်ဟု သူထင်ကြောင်း ရန်ကုန်မှ လွတ်လပ်သော သတ္တုတူးဖေါ်ရေး အတိုင်ပင်ခံ ဦးကြည်ထွန်းပြောသည်။ “ ဝှေခါ ကျောက်စိမ်းတွင်းမှာ ကျင်းဒီဇိုင်းကို ဘယ်သူမှ စနစ်တကျ မလုပ်ကြဘူး” ဟု သူပြောသည်။
အခြားနိုင်ငံများကို ကူညီခြင်း
ထိုတွေ့ရှိချက်များသည် သူ၏အမြင်နှင့်တူညီကြောင်း မြေပြိုမှုဖြစ်ပြီးနောက် ထိုနေရာသို့ သွားရောက်လေ့လာခဲ့သည့် ထိုင်းနိုင်ငံ ကချင်အမျိုးသမီးအစည်းအရုံးမှ ပြောခွင့်ရသူ ဆန်းထွိုင်ကပြောသည်။ “ဆင်ခြေလျှောက အရမ်းမတ်တော့ အရမ်းအန္တရာယ်များတယ်” ဟု သူပြောသည်။
၎င်းတို့အဖွဲ့၏ စာတမ်းသည် အခြားသိပ္ပံပညာရှင်များအနေဖြင့် သယံဇာတတူးဖေါ်ရေးကို ညံ့ဖျင်းစွာ စီမသည့် အခြားနိုင်ငံများတွင် အလားတူလေ့လာရန် အားပေးမည်ဟု မျှော်လင့်ကြောင်း စာတမ်းရှင်များပြောသည်။ ၂၀၀၄ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အတွင်း သတ္တုမိုင်းတူးဖေါ်သော မတော်တဆမှုများကြောင့် နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် သေဆုံးမှုများဖြစ်စေခဲ့ကြောင်း အစီရင်ခံစာတခု၏ အဆိုအရ သိရသည်။
ယခုနောက်ဆုံးလေ့လာမှုနှင့်ပတ်သက်ပြီး “ဒါက သယံဇာတတူးဖေါ်မှု မတော်တဆမှုတွေနဲ့ ပတ်သက်တဲ့ အရမ်းကျယ်ပြန့်တဲ့လေ့လာမှုဖြစ်တယ်” ဟု သဘာဝပတ်ဝန်းကျင်စိန်ခေါ်မှုများကို တုံ့ပြန်မှုများအား သိရှိအောင် ဆောင်ရွက်နေသည့် နိုင်ငံတကာ အစီအစဉ်တခုဖြစ်သော ခတ္တမန္တူမှ SERVIR-Hindu Kush Himalaya အဖွဲ့မှ ညှိနှိုင်းရေးမှူး ဘာရင်ဒရာ ဘာဂျရာချာယာပြောသည်။ “ ဒီသုတေသနနည်းက အခြားပညာရှင်တွေအတွက်လည်း အသုံးဝင်လိမ့်မယ်” ဟု သူပြောသည်။
ထိုမတော်တဆမှုတွင် သေဆုံးသွာသူများ၏ မိသားစုများအနေဖြင့် ထိုကျောက်စိမ်းတူဖေါ်သည့်နေရာတွင် နှစ်ပေါင်းများစွာအတွင်း မည်သည်တို့ဖြစ်ခဲ့သည်ကိုလေ့လာခွင့်ရမည်ဟု မျှော်လင့်ကြောင်းနှင့်အာဏာပ်ိုင်များ အနေဖြင့်လည်း ယခုသုတေသနမှ သတင်းစကားများကို လက်တွေ့လုပ်ရပ်များအဖြစ် ပြောင်းလဲနိုင်မည်ဟု မျှော်လင့်ကြောင်း စာတမ်းရှင် တိုင်ပေရှိ Academia Sinica မှ ဘူမိဗေဒ ပညာရှင် ယန်နန်နီနာလင်းပြောသည်။
(ဗြိတိသျှ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဂျာနယ် Nature ပါ Deadly Myanmar mine disaster caused by poor planning, say data sleuths ကို ဘာသာပြန်သည်။ အဆိုပါ သုတေသန အစီရင်ခံစာကိုတွင် ဖတ်ရှုနိုင်ပါသည်။)
You may also like these stories:
အန္တရာယ်ချောက်ကမ်းပါးပေါ်က ခကျန်ရွာ
ဖားကန့်မှာ မြေပြိုပြီး လူသေတာ ရေမဆေးသမားတွေက တရားခံတဲ့လား
မုဒိမ်းကျင့်ခံရသလိုပဲ ခံစားနေရပါတယ်
ဖားကန့်ကျောက်စိမ်းကုမ္ပဏီများ အကျိုးစီးပွားပိုင်ဆိုင်သူကို ဖော်ပြရန် ပျက်ကွက်နေ
တိုက်ပွဲများကြားမှ ကျောက်စိမ်းအမြတ်အစွန်းကို စစ်ကောင်စီထိန်းချုပ်ထား