ပေတရာလမ်းပေါ်က ဆန္ဒပြပွဲတွေအသွင်နဲ့ စတင်ခဲ့တဲ့ Gen Z တို့ရဲ့ တော်လှန်ရေးဟာ အခုအခါမှာ CDM အာဏာဖီဆန်ရေးနဲ့ PDF လူထုကာကွယ်ရေးတိုက်ပွဲတွေအဖြစ် နိုင်ငံအနှံ့ကို ရောက်ရှိသွားခဲ့ပါပြီ။ အလားတူပဲ နွေဦးတော်လှန်ရေးအစ ပေတရာလမ်းပေါ်မှာ ကျခဲ့ရတဲ့ ကျောင်းသားပြည်သူတွေရဲ့ သွေးနဲ့ မျက်ရည်တွေဟာလည်း မိုးဦးမှာကျတဲ့ မိုးရေစက်တွေနဲ့အတူ တိုင်းပြည်ရဲ့ အနက်ရှိုင်းဆုံးနေရာတွေအထိ စိမ့်ဝင်သွားခဲ့ပါပြီ။
Gen Z (Generation Z) ဆိုတာ ၁၉၉၀ ခုနှစ် ဝန်းကျင်နဲ့ ၂၀၁၀ ခုနှစ် ဝန်းကျင်အကြား မွေးဖွားခဲ့တဲ့ မျိုးဆက်ကို ခေါ်တာပါ။ အဲဒီမျိုးဆက်ဟာ Internet နဲ့ တခြား mobile digital ခေတ်မှာ ကြီးပြင်းလာကြသူတွေ ဖြစ်လို့ သူတို့ကို digital natives (ဒီဂျစ်တယ်ဌာနေသား) တွေလို့လည်း ခေါ်ကြပါသေးတယ်။ Gen Z တွေဟာ သူတို့ရဲ့အရင်က မျိုးဆက်တွေနဲ့ ယှဉ်ရင် ပညာကို ပိုပြီး လေးလေးစားစား သင်ယူတယ်၊ အလုပ်လုပ်တဲ့အခါ သေသပ်ပိရိတယ်၊ ကျန်းမာရေးကို ပိုပြီး လိုက်စားတယ်၊ ဒါ့အပြင် လွတ်လပ်မှုကိုလည်း ပိုပြီး မြတ်နိုးတယ်။ အဲဒီလို အကြောင်းရင်းခံတွေ ရှိလို့လည်းပဲ သူတို့ရဲ့တော်လှန်ရေးဟာ ဝါရင့်စစ်အာဏာရှင်တွေ အငိုက်မိသွားလောက်အောင် ပြောင်မြောက်ခဲ့တာပါ။ သမိုင်းမှာမကြုံဖူးလောက်အောင်ကို ထိရောက်အောင်မြင်ခဲ့တာပါ။
ဖက်ဆစ်တပ်အနေနဲ့ အာဏာသိမ်းပြီးလို့ ငါးလကျော် ခြောက်လကြာတဲ့အထိ လူမဆန်အောင် အပြင်းအထန် ရက်စက်ပြခဲ့ပေမဲ့၊ ဒီတော်လှန်ရေးက ရပ်တန့်မသွားခဲ့တဲ့အပြင် ဘာ့ကြောင့် တနေ့တခြား ကြီးထွားနေရတာလဲ၊ ဒီတော်လှန်ရေးဟာ ဘာ့ကြောင့် အခုလောက်အထိ ခိုင်ကျည်မြဲမြံနေရတာလဲလို့ မေးစရာ ရှိပါတယ်။
အဖြေက ရှင်းပါတယ်။ ဒီ နွေဦးတော်လှန်ရေးဟာ သူ့အရင်က ကံမကောင်းအကြောင်းမလှလို့ ပြိုသွားခဲ့ရတဲ့ မြေအုတ်တွေရဲ့ နေရာမှာ ကျောက်အုတ်တွေနဲ့ အစားထိုး တည်ဆောက်ထားတဲ့ တော်လှန်ရေးကြီး ဖြစ်နေလို့ပါပဲ။
ရေဒီယိုခလေးငယ်များ
၁၉၆၀ ခုနှစ်တဝိုက်မှာ လူငယ်ဘ၀ ရောက်နေကြသူတွေဟာ ဒုတိယကမ္ဘာစစ်ကြီးဝန်းကျင် ၁၉၄၀ ခုနှစ်တဝိုက်မှာ မွေးဖွားခဲ့ကြသူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ရေဒီယိုကို တိတ်တိတ်ဆိတ်ဆိတ် နားထောင်ရင်း ကြီးပြင်းလာခဲ့ကြတာဖြစ်လို့၊ သူတို့ကို ရေဒီယိုခလေးငယ်များ (radio babies) လို့ ခေါ်ကြသလို၊ ဆိတ်ငြိမ်မျိုးဆက် (silent generation) လို့လည်း ခေါ်ကြပါတယ်။ သူတို့ကြီးပြင်းခဲ့ကြတဲ့ အချိန်ဟာ စစ်တွင်းနဲ့ စစ်ပြီးစ၊ အရာရာ ရှားပါးပြီး မရေမရာလှတဲ့ ကာလမို့ သူတို့ဟာ ဘယ်အရာကိုမဆို သတိကြီးစွာနဲ့ တိတ်တဆိတ် ချဉ်းကပ်တတ်ကြပါတယ်။
အဲဒီအရွယ် ဆိတ်ငြိမ်မျိုးဆက် လူငယ်တွေ တက္ကသိုလ်ကျောင်းသားဘဝ ရောက်နေခဲ့ကြချိန်၊ မြန်မာနိုင်ငံမှာ အဖြစ်ဆိုးကြီးတခု ပေါ်ပေါက်ခဲ့ပါတယ်။ ဒီအခါမှာတော့ အဲဒီမျိုးဆက်ဝင် ကျောင်းသားတွေဟာ သူတို့ရဲ့ ဆိတ်ငြိမ်မှုကို ဖြိုခွင်းပြီး မြန်မာပြည်ရဲ့ ပထမဆုံး စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲကြီးကို ကျယ်ကျယ်လောင်လောင်နဲ့ စတင်ခဲ့ရပါတယ်။
လွတ်လပ်ပြီးစ မြန်မာပြည်ရဲ့ ဒီမိုကရေစီသက်တမ်း ၁၄ နှစ်၊ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းဟာ နိုင်ငံတော်သစ္စာဖေါက်မှုကို ကျူးလွန်ပြီး စစ်အာဏာသိမ်းခဲ့ပါတယ်။ ဒီလို စစ်အာဏာသိမ်းချိန်ဟာ ရန်ကုန်မြို့မှာ ဖက်ဒရယ်နှီးနှောဖလှယ်ပွဲ ကျင်းပနေချိန်ဖြစ်လို့ ဝန်ကြီးချုပ်ဦးနုရဲ့ အစိုးရအဖွဲ့နဲ့ တကွ နှီးနှောဖလှယ်ပွဲ လာတက်ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကိုပါ ဖမ်းဆီးခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးကိစ္စတွေကို ဖျက်ဆီးတဲ့ လုပ်ရပ်တခုလို့ ကျောင်းသားတွေက ရှုမြင်ကြပါတယ်။
ဒါ့ကြောင့် မတ်လ ၄ ရက်နေ့မှာပဲ တက္ကသိုလ်တပ်ဦးသစ်၊ ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတို့က “စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး” လို့ ကြေငြာခဲ့ပါတယ်။ ဒါ့အပြင် လူငယ်တပ်ဦးနဲ့ သူ့ရဲ့ မဟာမိတ်အဖွဲ့ ၁၀ ဖွဲ့၊ ရခိုင်သံဃာ့တပ်ဦး၊ ရခိုင်သောတုဇနအဖွဲ့ချုပ် စတဲ့ အဖွဲ့တွေကလည်း ကြေငြာချက်တွေထုတ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။
စစ်တပ်ကို ဆန့်ကျင်တာဟာ အန္တရာယ်ရှိမှန်း ကျောင်းသားတွေက ကောင်းကောင်းသိကြပါတယ်။ အကြောင်းကတော့ အိမ်စောင့်အစိုးရခေါင်းဆောင်အဖြစ် ဗိုလ်နေဝင်း တာဝန်ယူခဲ့တဲ့ ၁၉၅၈ ခုနှစ်ကနေ ၁၉၆၀ ခုနှစ်အထိ နှစ်နှစ်တာကာလအတွင်းမှာ ဒီမိုကရေစီနဲ့ လက်ဝဲနိုင်ငံရေးသမားတွေကို ထောင်ထဲထည့်ထားရုံနဲ့တင် အားမရဘဲ၊ ကိုကိုးကျွန်းအထိ ပို့ပြီး ရက်စက်ပြခဲ့ဖူးလို့ပါပဲ။ ဒါ့အပြင် ပြည်သူတွေက လမ်းပေါ်ထွက်ပြီး ဆန္ဒမပြကြဖို့ကိုအာဏာသိမ်းတဲ့နေ့မှာပဲ စစ်တပ်က အမိန့်ထုတ်ပြီး ချိန်းခြောက်ထားခဲ့ပါသေးတယ်။
ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီဟာ ၁၉၆၂ ခုနှစ် မေလ ၉ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ် အက်ဥပဒေတွေကို ဖျက်သိမ်းလိုက်ပါတယ်။ နောက်တနေ့မှာတော့ “ဆရာဆရာမတွေက အကျင့်ပျက်တယ်၊ ကျောင်းသားတွေက နိုင်ငံရေးပယောဂ မကင်းဘူး” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရန်ကုန်တက္ကသိုလ် အမှုဆောင်ကောင်စီကို ဖျက်သိမ်းလိုက်ပြန်ပါတယ်။ ဒီနောက် ကျောင်းသားတွေရဲ့ လွတ်လပ်ခွင့်ကို ချုပ်ချယ်ဖို့အတွက် ဇွန်လ ၁၈ ရက်နေ့မှာ ကျောင်းဆောင်စည်းကမ်းအသစ်နဲ့ ဇူလိုင်လ ၄ ရက်နေ့မှာ ကျောင်းစည်းကမ်းအသစ်တွေကို ထုတ်ပြန်လိုက်ပါတယ်။
၇.၇.၆၂ မမေ့ကြနဲ့
ဒါကို မကျေနပ်ကြတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေဟာ ဇူလိုင်လ ၅ ရက်နေ့၊ ကမာရွတ်ရဲစခန်းရှေ့မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စီတန်းပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒါကို ရဲတွေက သေနတ်နဲ့ ပစ်ခတ်ပြီး လူစုခွဲကြလို့ ကျောင်းသားတယောက် ဒဏ်ရာရပြီး ဆေးရုံကို ပို့လိုက်ရတဲ့ အခါမှာတော့ ကျောင်းသားလှုပ်ရှားမှုတွေ ပိုပြီး အရှိန်ရလာပါတယ်။ ဒီအခါမှာ ရန်ကုန်ခရိုင် ရာဇဝတ်တရားသူကြီးက ကမာရွတ်အဝိုင်းကြီးနယ်မြေမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သလို၊ တက္ကသိုလ်နယ်မြေထဲမှာလည်း နေဝင်မီးငြိမ်းအမိန့် ထုတ်ပြန်ခဲ့ပါတယ်။
ကျောင်းသားတွေဟာ အဲဒီနေ့မှာပဲ တက္ကသိုလ်ပရိဝုဏ်တခုလုံးက တံခါးတွေကို သော့ခတ်ပြီး၊ အချက်အချာကျတဲ့ နေရာတွေမှာ “ဒီမိုကရေစီခံတပ်ကြီး” ဆိုတဲ့ ဆိုင်းဘုတ်တွေကို တင်ကြပါတယ်။ တက္ကသိုလ်ထဲမှာလည်း ဒီမိုကရေစီတရားပွဲတွေကို အသံချဲ့စက်နဲ့ ဟောပြောကြပါတယ်။ ကျောင်းသားတွေ ဟောပြောသမျှ စစ်တပ်ဆန့်ကျင်ရေးတရားတွေကို စစ်သုံးဝိုင်ယာလက်ဖုန်းတွေကတဆင့် ဗိုလ်နေဝင်းနဲ့ (အသံလွှင့်ရုံမှာ စခန်းချထားတဲ့) လုံခြုံရေးကောင်စီဝင်တွေက နားထောင်ကြပါတယ်။ အဲဒီ လုံခြုံရေးကောင်စီမှာ ဥက္ကဌတာဝန်ယူထားတဲ့ ဗိုလ်မှူးကြီးကျော်စိုးနဲ့ အဖွဲ့ဝင် ဒေါက်တာလှဟန်တို့ဟာ တော်လှန်ရေးကောင်စီဝင်တွေ ဖြစ်ကြပါတယ်။
ကျောင်းသားတွေရဲ့ အာဏာဖီဆန်မှုကြောင့် ဒေါသကို မထိန်းနိုင်တော့တဲ့ ဗိုလ်နေဝင်းဟာ ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်ဖို့အတွက် ဝိုင်ယာလက်ဖုန်းနဲ့ ကိုယ်တိုင် အမိန့်ပေးခဲ့ပါတယ်။ တက္ကသိုလ်တဝိုက်မှာ တပ်စွဲထားတဲ့ စစ်သားတွေကို ကွပ်ကဲနေကြသူ ဒုဗိုလ်မှူးကြီးတွေ ဖြစ်ကြတဲ့ စိန်လွင်နဲ့ လှမြင့်တို့က ထပ်ဆင့် အမိန့်ပေးလိုက်ကြတဲ့အခါမှာတော့ ကျောင်းဝင်းထဲမှာ လက်နက်မပါဘဲ စုရုံးဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို စစ်သားတွေက ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ကြပါတော့တယ်။
ဒါ့အပြင် အဆောင်တွေထဲကို ဝင်ပြေးပြီး ခိုလှုံကြတဲ့ ကျောင်းသားတွေနဲ့ ဆန္ဒပြနေကြတာမဟုတ်တဲ့ အဆောင်နေ ကျောင်းသားတွေကိုလည်း ဒလစပ် ပစ်ခတ်ခဲ့ကြပါတယ်။ ဒဏ်ရာရသွားခဲ့တဲ့ မြောင်းမြမြို့သား ကိုကျော်ဝင်းဟာ သူ့ဒဏ်ရာကနေထွက်တဲ့ သွေးနဲ့ “၇.၇.၆၂ မမေ့ကြနဲ့” လို့ မန္တလေး ဆောင်ရဲ့ နံရံတခုမှာ ရေးသားသွားခဲ့ပါတယ်။
ဇူလိုင် ၇ ရက်နေ့ လူသတ်ပွဲမှာ ကျောင်းသား ၁၅ ယောက် သေဆုံးပြီး ၂၇ ယောက်သာ ဒဏ်ရာရခဲ့တယ်လို့ ဗိုလ်နေဝင်းအစိုးရက ကြေညာခဲ့ပေမဲ့၊ တကယ်တော့ ကျောင်းသားပေါင်း တရာကျော်၊ နှစ်ရာနီးပါးလောက် သေဆုံးခဲ့ရပြီး၊ လေးရာနီးပါးလောက် ဒဏ်ရာရခဲ့ကြပါတယ်။ ဒါပေမဲ့ ကျောင်းသားခေါင်းဆောင်တချို့ဟာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) အဆောက်အဦရဲ့ မျက်နှာကြက်မှာ ပုန်းအောင်းနေကြတယ် ဆိုတဲ့ သတင်းကို ဗိုလ်နေဝင်း ရသွားခဲ့တဲ့အခါမှာတော့ တကသခေါင်းဆောင်တွေကို သတ်ဖြတ်ဖို့နဲ့ တကသ အဆောက်အဦကြီးကိုပါ ညတွင်းချင်း ဖျက်ဆီးဖို့ အမိန့်ပေးခဲ့ပါတယ်။
ဒီလိုနဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်အဆောက်အဦကြီး ဖြစ်ရုံသာမက၊ နယ်ချဲ့ဆန့်ကျင်ရေးခံတပ်ကြီးရယ်လို့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ မှတ်တမ်းဝင်ခဲ့တဲ့ တကသဗိမ္မာန်ကြီးဟာ လူမဆန်သူတွေရဲ့ ဒိုင်းနမိုက်နဲ့ ဖြိုခွဲမှုကြောင့် ဇူလိုင်လ ၈ ရက်နေ့ မနက်အစောကြီး လေးနာရီမှာ တစစီ ပြိုကျသွားခဲ့ရပါတော့တယ်။ အဲဒီဗိမ္မာန်ကြီးမှာ ခိုလှုံနေကြတဲ့ ကျောင်းသားအာဇာနည်တွေဟာလည်း ဗိမ္မာန်ကြီးနဲ့အတူ ကြွေလွင့်သွားခဲ့ရပါတယ်။
တကသ အဆောက်အဦကြီးကို ဝံသာနု မြန်မာသူဌေးကြီး ဦးညိုက ၁၉၂၇ ခုနှစ်မှာ တည်ဆောက်လှူဒါန်းခဲ့တာပါ။ ကျောင်းသားတွေရဲ့ ပညာရေး၊ လူမှုရေးနဲ့ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ရေးမှာ အသုံးပြုဖို့ရည်ရွယ်တည်ဆောက်ခဲ့တဲ့ ဒီအဆောက်အဦကြီးဟာ မကြာခင်မှာပဲ ကျောင်းသားတွေရဲ့ စကားရည်လုပွဲတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ စကားစစ်ထိုးပွဲတွေ ကျင်းပရာ နေရာတခု ဖြစ်လာခဲ့ပါတယ်။ ဒီနောက် ကိုနု၊ ကိုရာရှစ်၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ စတဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ လက်ထက်အရောက်မှာတော့ သမဂ္ဂအဆောက်အဦကြီးဟာ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲရဲ့ ခံတပ်အဆောက်အဦကြီး ဖြစ်လာခဲ့ပါတယ်။ ၁၃၀၀ ပြည့်နှစ်အရေးတော်ပုံကြီးအပြီး တဟုန်ထိုး မြင့်တက်လာခဲ့တဲ့ လွတ်လပ်ရေးလှုပ်ရှားမှုဟာ တက္ကသိုလ်ကျောင်းသားတွေ ဖြစ်ခဲ့ကြတဲ့ ဗိုလ်တေဇနဲ့ ဗိုလ်လကျာ်တို့ရဲ့ ခေါင်းဆောင်မှုကြောင့် အင်္ဂလိပ်တွေကို စစ်ရေးအားဖြင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့တဲ့ အဆင့်အထိ ရောက်သွားချိန်မှာတော့ တကသ အဆောက်အဦကြီးဟာ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအဆက်ဆက်ရဲ့ ဘူမိနက်သန် အောင်ဗိမာန်ကြီး ဖြစ်လာခဲ့ပါတယ်။
သမဂ္ဂကို ဖြိုချခဲ့တဲ့ သမိုင်းတရားခံများ
တကသ အဆောက်အဦကြီးကို ဖြိုခွဲဖို့အတွက် ပထမအဆင့် အမိန့်ပေးသူက ဗိုလ်နေဝင်း ဖြစ်ပါတယ်။ သူ့ရဲ့အမိန့်ကို မရမ်းကုန်းက စစ်ရုံးဆီ ယူလာသူက ဗိုလ်သိန်းစိန်ပါ။ လုံခြုံရေးကောင်စီဥက္ကဌ ဗိုလ်မှူးကြီးကျော်စိုးကတော့ ဖောက်ခွဲရာမှာ သုံးမယ့် ဒိုင်းနမိုက်တွေကို အင်ဂျင်နီယာတပ်ခွဲနဲ့ အင်းတိုင်က ပင်မစစ်ပစ္စည်းသိုလှောင်ရေးစခန်းမှာ သွားယူဖို့၊ တပ်ဆင်ဖို့နဲ့ ဖေါက်ခွဲဖို့အတွက် ဒုတိယအဆင့် အမိန့်ပေးခဲ့သူပါ။ ဒိုင်းနမိုက်တွေကို ဦးစီးတပ်ဆင်ရသူကတော့ အင်ဂျင်နီယာတပ်က ဗိုလ်မှူးထွန်းရီ ဖြစ်ပါတယ်။ တတိယအဆင့် နောက်ဆုံးဖေါက်ခွဲမိန့်ကို ပေးခဲ့သူက ဗိုလ်မှူးကြီးသူရမင်းသိန်း ပါ။
သမဂ္ဂရုံးကို ဖြိုဖျက်ပြီးတဲ့နောက် ဇူလိုင်လ ၈ ရက်နေ့ မနက်မှာတော့ ဗိုလ်နေဝင်းက “စည်းမဲ့ကမ်းမဲ့ဘဝကို ပြင်ရမည့်တာဝန်သည် မိမိတို့အပေါ် ကျရောက်နေသဖြင့် တပ်မတော်၏အား တစိတ်တဒေသကိုသုံး၍ ဖြေရှင်းလိုက်ရခြင်းဖြစ်သည်” ဟု ကြေညာခဲ့ပါတယ်။ ဒါတင်မက လက်နက်ရယ်လို့ အပ်တိုတချောင်းတောင် မရှိတဲ့ ကျောင်းသားတွေကို သွေးအေးအေးနဲ့ သတ်ဖြတ်ခဲ့တဲ့ ဗိုလ်နေဝင်းဟာ ကျောင်းသားတွေကို ဧရာမရန်သူတော်ကြီး အသွင် ဖန်ဆင်းပြီး လီဆယ်စကားတွေကို အခုလို ပြောခဲ့ပါတယ်။ “ကျွန်တော်တို့ကို အပြောဘဝမှာ နစ်မွန်းစေခြင်းအားဖြင့် အလုပ်ပျက်ကွက်အောင် ရည်စူးပြီး တမင်လုပ်နေကြတယ်ဆိုလျှင်တော့ ကျွန်တော် နောက်ထပ် ဘာမှမပြောလိုတော့ပါဘူး။ အနည်းဆုံး ဓားကို ဓားချင်း၊ လှံကို လှံချင်း ရင်ဆိုင်ဖို့သာ ရှိပါတော့တယ်။”
သမိုင်းဝင် သမဂ္ဂအဆောက်အဦကြီးကို သူ့အမိန့်နဲ့ ဖြိုခွဲခဲ့ခြင်းဟာ အရင်ကတည်းက မစင်ကြယ်တဲ့ သူ့ရဲ့ဘဝမှာ ထပ်ပြီး အစွန်းထင်ခဲ့ရတယ်လို့ ဗိုလ်နေဝင်းက ယူဆပုံရပါတယ်။ ဒါ့ကြောင့် ၁၉၈၈ ခုနှစ် ဖုန်းမော်အရေးအခင်းအပြီး ရာထူးက အနားမယူခင် နောက်ဆုံးပြောခဲ့တဲ့ သူ့ရဲ့မိန့်ခွန်းမှာ သူဟာ သမဂ္ဂအဆောက်အဦကြီး ဖေါက်ခွဲမှုမှာ တာဝန်ရှိခဲ့သူမဟုတ်ဘဲ၊ သူ့လက်ထောက် ဗိုလ်အောင်ကြီးရဲ့ မလိမ့်တပတ်လုပ်မှုကြောင့်သာ သူနာမည်ပျက်ခဲ့ရတာလို့ လိမ်ညာခဲ့ပါသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ မုသားစကားတွေဟာ သမိုင်းအချက်အလက် အမှန်တွေအပေါ် ဖုံးလွှမ်းနိုင်စွမ်း မရှိခဲ့ပါဘူး။
သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့ မရ
သမဂ္ဂအဆောက်အဦကြီး ပျက်စီးသွားခဲ့ရပေမဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ ဇွဲမလျော့ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ၁၉၆၃ ခုနှစ် ဇူလိုင်လ ကျောင်းတွေ ပြန်ဖွင့်ချိန်၊ သမဂ္ဂအဆောက်အဦကြီး တည်ရှိခဲ့ရာနေရာမှာ ယာယီတဲထိုးပြီး ကျောင်းသားသမဂ္ဂကို တကျော့ပြန် ထူထောင်ခဲ့ကြပါတယ်။ ဒါတင်မက ကျဆုံးသွားခဲ့ရတဲ့ ကျောင်းသားတွေအတွက် ရည်စူးပြီး ဆွမ်းသွပ်တရားနာပွဲ ပြုလုပ်ခဲ့ကြတဲ့ အပြင်၊ အထိမ်းအမှတ် အဖြစ် “ရာကျော်ကျောက်တိုင်” ကို သမဂ္ဂရင်ပြင်မှာ စိုက်ထူခဲ့ကြပါတယ်။ ဒီအကြောင်းကို ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင် တယောက်လည်းဖြစ်၊ သထုံဆောင် သဟာယနဲ့စာဖတ်အသင်းဥက္ကဌလည်း ဖြစ်တဲ့ ကိုကြည်ဝင်း (ပခုက္ကူ) က အခုလို ရေးဖွဲ့ခဲ့ပါတယ်။
“အဖွင့်သစ္စာ”
တမလွန်ပြောင်း၊ သွေးနီချောင်း၏
ဖြစ်ကြောင်းကုန်စင်
ရေးတော်အင်ကို
တင်သည် ကဗ္ဗည်း၊ ရေးသည် စာမူ
ထူသည် ကျောက်တိုင်
တွဲခိုင်ခိုင်တည်
ဇူလိုင်ကြေးမုံ
ပြကွက်စုံသည်
ရင်အုံ အိုးထိန်းစက်သို့တည်း။
အဲဒီ ရာကျော်ကျောက်တိုင် ဖွင့်ပွဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက “ဒီအဆောက်အဦကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့ မရပါဘူး” လို့ မိန့်ကြားသွားခဲ့ပါတယ်။
မှန်ပါတယ်။ ကျောင်းသားတွေရဲ့ နှလုံးသည်းပွတ်မှာ ထာဝရကိန်းဝပ်နေတဲ့ သမဂ္ဂစိတ်ဓာတ်ကို ဗိုလ်နေဝင်းက ဖြိုဖျက်လို့ မရခဲ့သလို၊ သူ့ကို ဆက်ခံတဲ့ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်တို့ကလည်း ဖြိုဖျက်လို့ မရခဲ့ပါဘူး။ လက်ရှိ စစ်အာဏာရှင် ဗိုလ်မင်းအောင်လှိုင် အနေနဲ့ကတော့ ကျောင်းသားတွေရဲ့ သမဂ္ဂစိတ်ဓာတ်ကို ဖြိုဖျက်နိုင်ဖို့ဝေးလို့၊ သူကိုယ်တိုင်နဲ့ စစ်အာဏာရှင်စနစ်ရဲ့ နောက်ဆုံးနေ့တွေကို စိတ်ပူပန်ခြင်းကြီးစွာနဲ့ ရေတွက်နေရတဲ့ ဘ၀ ရောက်နေပါပြီ။
၁၉၆၂ ခုနှစ် ဆိတ်ငြိမ်မျိုးဆက်ကနေ လက်ဆင့်ကမ်းပေးလိုက်တဲ့ ကျောင်းသားသမဂ္ဂစိတ်ဓာတ်ဟာ ၁၉၇၅-၇၆ ခုနှစ် မျိုးဆက်နဲ့ ၁၉၈၈ ခုနှစ် မျိုးဆက်တွေရဲ့ လက်ထဲက တဆင့်၊ အပြီးသတ် အောင်ပွဲကို ခံယူဖို့အတွက် ဒီနေ့ခေတ် Gen Z တွေရဲ့ သံမဏိလက်ထဲကို ထိုက်ထိုက်တန်တန် ရောက်ရှိလို့ နေပါပြီ။
မွန်မြတ်ခိုင်ကျည်တဲ့ အဲဒီ သမဂ္ဂစိတ်ဓာတ် ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ပါစေ။
(မောင်မောင်မြင့်သည် ပြည်ပရောက် သတင်းစာဆရာတဦး ဖြစ်သည်။)
You may also like these stories:
ကုလသမဂ္ဂစစ်မြေပြင်က မြန်မာ့ ဒီဒေး (D-Day)
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဘာလဲ ဘယ်လဲ
စစ်ကောင်စီ ဝါဒဖြန့်စာအုပ်များက သမိုင်းကို ပြင်ရေးရန် မျှော်လင့်နေ
ကျောင်းမတက်ဘဲ ပညာတတ်အောင် ဘယ်လိုသင်မလဲ