ဆောင်းပါး

ကိုဗစ်တတိယလှိုင်း တနိုင်ငံလုံး စိုးရိမ်နေရပြီ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ၄ လကျော်အကြာ ဇွန်လဆန်းမှ စတင်ကာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမှာ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်သည်။

ကိုဗစ်တတိယလှိုင်း ဖြစ်ပွားမှု ပိုးတွေ့ရှိနှုန်း မိုးပေါ် ထိုးတက်နေပြီး သေဆုံးမှုကလည်း စံချိန်တင် မြင့်လာသည်။

ဇွန်လ၂၈ ရက်မှ စတင်ကာ ပိုးတွေ့ရှိသူ ၁,၀၀၀ အထက်သို့ ရောက်ရှိလာရာမှ ယမန်နေ့ည ထုတ်ပြန်ချက်တွင် ၃,၆၀၂ ဦး သို့ ရောက်ရှိလာသည်။ သေဆုံးမှုကလည်း ဇွန်လ ၂၈ ရက်မှ စတင်ကာ ၁၀ ဦး အထက်တွင် နေ့စဉ် သေဆုံးလာရာမှ ဇူလိုင် ၄ ရက်တွင် ၃၅ ဦး၊ ဇူလိုင် ၅ ရက်တွင် ၄၂ဦး နှင့် ဇူလိုင် ၆ ရက်တွင် ၅၂ ဦးအထိ ရှိလာသည်။

စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် လူနှင့် ဆေးဝါး အထောက်အကူ ပစ္စည်း မလုံလောက်ခြင်း၊ မူဝါဒနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ လက်ရှိ တာဝန်ရှိသူများတွင် စေတနာ မရှိခြင်း၊ စစ်တပ်၏ အုပ်ချုပ်ရေးစနစ်ကို ပြည်သူများက ပူးပေါင်းဆောင်ရွက်မှု မပြုခြင်းစသည့် အကျိုးဆက်များက ယခုအခါ တနိုင်ငံလုံးတွင် ကိုဗစ်ကပ်ရောဂါအတွက် စိုးရိမ်နေရပြီ ဖြစ်သည်။

ကိုဗစ်လူနာများကို ကုသပေးနေသူ ဆရာဝန်တဦးက “အခု တွေ့တဲ့ ပိုးက ကူးစက်မှုနှုန်း အရမ်းမြန်တယ်။ မျိုးရိုးဗီဇကွဲပေါ့။ ကိုယ်လက်ကိုက်ခဲတယ်။ အနံပျောက်တယ်ဆိုတာနဲ့ စစ်လိုက်။ Positive ချည်းပဲ။ မြန်မာပြည်မှာ ထိုးထားတဲ့ ကာကွယ်ဆေးကလည်း အခု မျိုးရိုးဗီဇကွဲအတွက် မပါဘူး။ ဒါပေမယ့် ထိုးထားရင်တော့ အရမ်းကြီး မဆိုးတော့ဘူးပေါ့။ ကူးတာကိုတော့ မကာကွယ်နိုင်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ထို့ကြောင့် ဧရာဝတီသတင်းဌာနက ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့ရှိ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေများကို စုစည်းဖော်ပြပေးလိုက်ပါသည်။

ရန်ကုန်

စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားချက်စာရင်းဇယားများအရ ကိုဗစ်တတိယလှိုင်းတွင် ရန်ကုန်မြို့သည် ကိုဗစ်ပိုးတွေ့ရှိသူ ၃,၄၀၀ ကျော်ဖြင့် တတိယနေရာတွင် ရှိနေသည်။

ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပွားသည့် မေလကုန်မှ စတင်ကာ ရန်ကုန်မြို့တွင် ပိုးတွေ့ရှိမှုများ ရှိနေခြင်း ဖြစ်သော်လည်း ဇွန်လတွင် ရုတ်တရက် ပိုးတွေ့ရှိမှု မြင့်တက်လာခြင်း ဖြစ်သည်။

စစ်ကောင်စီက ထုတ်ပြန်နေသည့် ကိန်းဂဏန်းအချက်အလက်များနှင့် မြေပြင်က ကိန်းဂဏန်းများက လွန်စွာ ကွာခြားနေ

ထိုကဲ့သို့ ရုတ်တရက်မြင့်တက်လာသည့် အကြောင်းရင်းများတွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ မဟော်သဓာ ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ဇွန်လ ၉ ရက်နေ့မှ စတင်ပြီး အစုလိုက်အပြုံလိုက် ကိုဗစ်ကူးစက်မှုများဖြစ်ပွားခြင်းကလည်း အကြောင်းရင်း တချက်ဖြစ်နေသည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ မဟော်သဓာ ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ဇွန်လ ၉ ရက်နေ့၌ ကူးစက်မှုများ စတင်ဖြစ်ပွားခဲ့ရာ ဇွန်လ ၁၆ ရက်အထိ ကိုဗစ်ဖြစ်ပွားသူ ၃၅၀ ဦး အထိ ရှိလာခြင်းဖြစ်သည်။

အဆိုပါ အချက်အလက်များသည် စစ်ကောင်စီက ထုတ်ပြန်နေသည့် ကိန်းဂဏန်းအချက်အလက်သာ ဖြစ်ပြီး မြေပြင်တွင် ကိုဗစ်ဖြစ်ပွားမှုသည် အဆိုပါ ကိန်းဂဏန်းများထက် များနေကြောင်း ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်နေသည့် ပရဟိတ အဖွဲ့များထံမှ သိရသည်။

ကျန်းမာရေးယန္တရားပြိုကျနေပြီဖြစ်သဖြင့် ဆက်စပ်သူများကို စနစ်တကျ ကောက်ခံမှုနှင့် အသွားအလာ ကန့်သတ်မှု မရှိခြင်း၊ ကွာရန်တင်းစင်တာများ မရှိခြင်း၊ ဆေးရုံဆေးခန်းများက လက်ခံကုသပေးနိုင်ခြင်း မရှိခြင်း၊ ပြည်သူလူထုက ကိုဗစ်ကို သတိမပြုမိခြင်း၊ ကိုဗစ်မျိုးစိတ်သစ်သည် ကူးစက်မှု အလွန်မြန်ဆန်ခြင်းတို့ကြောင့် ကိုဗစ်တတိယလှိုင်းမှာ ကူးစက်နှုန်း အလွန်မြင့်တက်လာကြောင်း သိရသည်။

ကိုဗစ်လူနာများ ကူညီရေး ပြုလုပ်ပေးနေသည့် စမ်းချောင်းမြို့နယ် ပရဟိတ အဖွဲ့မှ အဖွဲ့ဝင် ၁ ဦးက “ဒုတိယလှိုင်းမှာဆိုရင် ကွာရတင်းစင်တာတွေ ရှိတဲ့အတွက် contact တွေ မပြန့်တော့ဘူး။ ထိထိရောက်ရောက် စစ်ဆေးနိုင်တယ်။ ကုသပေးနိုင်တယ်။ အခု တတိယလှိုင်းမှာ ကွာရန်တင်းစင်တာတွေ မရှိတော့ဘူး။ တတိယလှိုင်းမှာ လူနာအရေအတွက် များတယ်။ ထိန်းသိမ်းနိုင်တဲ့ အနေအထား မရှိသေးဘူး” ဟုဆိုသည်။

ပရဟိတအဖွဲ့များအား ကိုဗစ်သံသယလက္ခဏာများဖြင့် ဆက်သွယ်လာသဖြင့် ဆေးရုံများသို့ ပို့ဆောင်လျှင်လည်း ဆေးရုံများက လက်ခံကုသနိုင်သည့် အခြေအနေမရှိကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။

ထို့ပြင် ယခင်ပထမလှိုင်း၊ ဒုတိယလှိုင်းများတွင် ဖွင့်လှစ်ခဲ့သည့် ကိုဗစ်ကုသရေး စင်တာများ မရှိတော့သည့် အတွက် လူနာများကို အိမ်သို့ ပြန်လည်ပို့ဆောင်ပေးရသည့် အနေအထားဖြစ်နေကြောင်းလည်း စုံစမ်းသိရှိရသည်။

“ကုတင်ပြည့်တယ်တို့ ဆေးရုံမှာ ဆရာဝန်အလုံအလောက် မရှိတဲ့ ပြဿနာတွေကြောင့်လားတော့ မသိဘူး။ အချို့လူနာတွေကျ တန်းစစ်ပြီး လက်မခံချင်လည်း လက်မခံဘူး။ လက်ခံချင်လည်း လက်ခံလိုက်တယ်။ မှန်းလို့တော့ မရဘူး” ဟု တာမွေမြို့နယ် ပရဟိတအဖွဲ့ဝင် တဦးက ဆိုသည်။

ဆေးရုံ၊ ဆေးခန်းများတွင် ကုသရန် အခက်အခဲဖြစ်နေသည်ကို စိုးရိမ်သဖြင့် ပြည်သူများက အိမ်တွင် အောက်ဆီဂျင်ဗူးများ ဆောင်ထားရသည့် အခြေအနေများဖြစ်ပေါ်နေပြီး အောက်ဆီဂျင်လှူဒါန်းနေသည့် အဖွဲ့အစည်းများသို့လည်း အကူအညီ တောင်းခံမှုများ အဆက်မပြတ်ရောက်ရှိနေကြောင်း သိရသည်။

“ဆေးရုံသွားရင် မကုပေးတော့ဘူး။ တက်လို့မရတော့ဘူး လက်ခံမယ့် ဆေးရုံမရှိဘူးဆိုတော့ တချို့က အောက်ဆီဂျင်တွေ ငှားကြတယ်။ ကိုယ့်အိမ်ထဲမှာပဲ ကိုယ်ဆေးသောက်။ အိမ်ထဲမှာခွဲနေပြီးတော့ ကိုယ့်အိမ်မှာကိုယ် ကုတဲ့လူက များတယ်” ဟု ရန်ကုန်မြို့တွင် အောက်ဆီဂျင် အကူအညီပေးနေသည့် အဖွဲ့မှ အဖွဲ့ဝင် တဦးကပြောသည်။

ယင်းသို့ ကူညီနေသည့်အဖွဲ့များ ရှိနေသည့်တိုင်အောင် အောက်ဆီဂျင် မလုံလောက်မှု ပြဿနာကို ရင်ဆိုင်နေရပြီး ညအချိန်တွင် အောက်ဆီဂျင် ပြတ်တောက်ပါက အသက်အန္တရာယ်ကို စိုးရိမ်နေရသည့် အခြေအနေများကို ကြုံတွေ့နေရခြင်း ဖြစ်သည်။

ကိုဗစ်လူနာရှင် တဦးက “တနေ့ညက အောက်ဆီဂျင်က ၇၀ အောက်ရောက်နေပြီ ဘယ်မှာမှ ရှာမရဘူး။ အောက်ဆီဂျင် ရှာလို့ရတဲ့ အချိန်ကျတော့ ည ၂ နာရီလောက် ဖြစ်နေပြီ။ ဒါပေမယ့် လာမပို့ရဲကြဘူး။ တညလုံးလုံး ပို့မယ့်ကားနဲ့ အောက်ဆီဂျင်ရှာရင်း ရင်တမမနဲ့ မိုးလင်းသွားရတယ်။ ဘာမှ မဖြစ်ခဲ့လို့သာ ပြန်ပြောနိုင်တာ” ဟု ပြောသည်။

ပရဟိတအဖွဲ့ လူနာတင်ယာဉ်များလည်း ကိုဗစ် ပြဿနာကို အပြင်းအထန် ရင်ဆိုင်ဖြေရှင်း နေရပြီး ပရဟိတအဖွဲ့တခုကဆိုလျှင် ၎င်းတို့ထံ နေ့စဉ်ပျမ်းမျှ ဆက်သွယ်သူ ၁၀ ဦးခန့်အထိ ရှိလာနေပြီး လမ်းကြောင်း ၇ ခုခန့်အထိ သွားရောက် ကူညီပေးနေရကြောင်း ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် သုံးပုံ နှစ်ပုံ စုစုပေါင်း မြို့နယ် ၃၀ ကျော်တွင် ကိုဗစ်ဖြစ်ပွားနေပြီး လက်ရှိတွင် ကိုဗစ်ကုသနိုင်သည့် ဆေးရုံများသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံ၊ ဝေဘာဂီ၊ သင်္ဃန်းကျွန်းဆေးရုံ၊ ဖောင်ကြီး၊ အင်းလျားစင်တာ နှင့် ပုဂ္ဂလိကဆေးရုံအားဖြင့် ပန်းလှိုင်ဆေးရုံ တို့တွင် ဖြစ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်ထားချက်များအရ သိရသည်။

သို့သော်လည်း အဆိုပါဆေးရုံများသို့ ကိုဗစ်သံသယလူနာများ သွားရောက်ပို့ဆောင်သော်လည်း လက်ခံကုသပေးနိုင်သည့် အခြေအနေ မရှိတော့ကြောင်း ပရဟိတအဖွဲ့များထံက သိရသည်။

ထို့ပြင် တပ်မတော်ဆေးရုံတွင်လည်း ကိုဗစ်လူနာများကို အပြည့်အဝ လက်ခံကုသပေးခြင်း မရှိဘဲ ၎င်းတို့နှင့် နီးစပ်ရာများကိုသာကုသပေးလျက်ရှိကာ ဆရာဝန်ရော၊ ဆေးဝါးပါ လုံလောက်မှု မရှိကြောင်း စုံစမ်းသိရှိရသည်။

တတိယလှိုင်းတွင် ကိုဗစ်ဖြစ်ပွားမှုသည် မြန်ဆန်နေပြီး အောက်ဆီဂျင် ကျဆင်းပြီး သေဆုံးသည့် လူနာ များပြားလျက်ရှိကြောင်း ကိုဗစ်လူနာများ ကုသပေးနေသည့် ဆရာဝန်တဦးက ပြောသည်။

၎င်းက “တတိယလှိုင်းမှာ အရမ်းဖြစ်ပြီးတော့ အရမ်းဆုံးကြတယ်။ အသွင်ပြောင်းပေါ့။ ကူးစက်မှုက ဒုတိယလှိုင်းထက်စာရင် အရမ်းမြင့်နေတယ်။ အသက်ကြီးပိုင်းတောင်မဟုတ်ဘူး။ လူငယ်တောင် ရောဂါနောက်ခံရှိရင် အောက်ဆီဂျင်ကို တရက်တည်းမှာ အပြီးကျသွားတာ။ ၁ ရက်တည်းမှာ အောက်ဆီဂျင်ကျပြီး ချက်ချင်းဆုံးသွားတာ ရှိတယ်” ဟု ပြောသည်။

အဆိုပါအခြေအနေ အရပ်ရပ်များနှင့် လူဦးရေ ထူထပ်များပြားရာ ရန်ကုန်တိုင်းတွင် ကိုဗစ်ကူးစက်မှု အဆမတန်ဖြစ်လာပါက မထိန်းချုပ်နိုင်မည့် အခြေအနေကိုလည်း ပြည်သူများက စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

နေပြည်တော်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင်လည်း ကိုဗစ် – ၁၉ ရောဂါပိုး ဖြစ်ပွားမှုများက ပြီးခဲ့သည့် ဇွန်လဆန်းမှ စတင်ကာ ပြန်လည် မြင့်တက်လာခဲ့ပြီး ယခု တတိယလှိုင်းအတွင်း ဇူလိုင်လ ၃ ရက်နေ့အထိ နေပြည်တော်တွင် ကိုဗစ် ဖြစ်ပွားသူ ၂၁၂၇ ဦး ရှိကြောင်း နေပြည်တော် ကောင်စီက သတင်း ထုတ်ပြန်ထားသည်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်စာသင်တိုက်တွင် သံဃာ ၇ ပါး ကိုဗစ်ပိုး စတွေ့ ရှိခဲ့ရာမှ တကျောင်းလုံး ကူးစက်ခံခဲ့ရပြီး အပါး ၂၀၀ ကျော်အထိ ပိုးတွေ့ ရှိမှု ဖြစ်ပွားခဲ့သည်။

 လက်ခံမယ့် ဆေးရုံမရှိဘူးဆိုတော့ တချို့က အောက်ဆီဂျင်တွေ ငှားကြတယ်။ ကိုယ့်အိမ်ထဲမှာပဲ ကိုယ်ဆေးသောက်။ အိမ်ထဲမှာခွဲနေပြီးတော့ ကိုယ့်အိမ်မှာကိုယ် ကုတဲ့လူက များတယ်

“အဲဒီ မစိုးရိမ်စာသင်တိုက်မှာ ကူးတော့ အဲဒီနားက ရိုးမဘဏ် ပိတ်လိုက်ရတယ်။ အဲဒီနားက ဆေးခန်းတချို့ ပိတ်ရတယ်။ ကိုယ်ပိုင် အထက်တန်းကျောင်းတခု ပိတ်ရတယ်။ ကွမ်းယာဆိုင်တို့ ညဈေးတို့ တဖြည်းဖြည်း ပိတ်လိုက်ရတယ်။ အခုတော့ ဆေးဆိုင်နဲ့ ကုန်ခြောက်ဆိုင်က လွဲရင် အကုန်ပိတ်ခိုင်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတယ်”ဟု သပြေကုန်း ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ဇွန်လ ၃ ရက်နေ့အထိ ပိုးတွေ့ ရှိသူ စုစုပေါင်း ၆၇၀ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် ၅၀ ဦး၊ ဥတ္တရသီရိမြို့နယ်တွင် ၄၈ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် ၁၄၂ ဦး၊ ဇေယျာသီရိ မြို့နယ်တွင် ၆၅၀ ဦး၊ ပျဉ်းမနားမြို့နယ်တွင် ၂၁၃ ဦး၊ လယ်ဝေးမြို့နယ်တွင် ၁၂၆ ဦး၊ တပ်ကုန်းမြို့နယ်တွင် ၆၀ ဦး အထိ ရှိနေသည်။

ပြင်ပမှ ပြန်ဝင်လာသူများကိုလည်း စစ်ဆေးရာတွင်လည်း ၁၆၉၈ ဦးတွင် ရောဂါပိုး တွေ့ ရှိခဲ့ရကြောင်း သိရသည်။

ကိုဗစ်ရောဂါပိုး တွေ့ရှိရသူများ အလွန်များပြားလာပြီး အနံပျောက်သူများလည်း များလာသဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ကိုဗစ်ပိုး စစ်ဆေးပေးခြင်းကို ဇွန်လ ၃ ရက်နေ့က စတင်ပြုလုပ်ပေးခဲ့ရာ ပိုးတွေ့ ရှိသူ အလွန် များပြားသဖြင့် ဆေးရုံတွင် ကုတင် လုံလောက်အောင် မရှိတော့ကြောင်း နေပြည်တော်မှ ကျန်းမာရေး အရာရှိတဦးက ပြောသည်။

ဇွန်လ ၅ ရက်နေ့မှ စတင်ပြီး ကိုဗစ်လူနာများကို ကုတင် စီစဉ်ပေးနိုင်ခြင်း မရှိ၍ အိမ်များတွင် Stay Home နေရန်သာ ပြန်လွှတ်နေရကြောင်းလည်း သိရသည်။

ကျန်းမာရေး အရာရှိတဦးက“ကုတင် ၁၀၀၀ မှာ သံသယတွေ အနံပျောက်တဲ့သူတွေ စစ်ပေးနေတယ်။ ပိုးတွေ့တဲ့လူတွေကို စည်ပင်ဧည့်ရိပ်သာ ၂ မှာ ထားတယ်။ လူတွေ အဲဒီမှာလည်း အများကြီးပဲ။ ဆိုးတာကတော့ ၃၊ ၄ ရက်လောက် ရှိနေပြီ။ ဆေးရုံကို ပိုးရှိတဲ့လူတွေလည်း ရောက်လာကြတယ်။ နေရာ မပေးနိုင်လို့ ပူညံပူညံတွေလည်း ဖြစ်နေကြတယ်”ဟု ပြောသည်။

ကိုဗစ်လူနာများ ထားရှိသည့် နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင်လည်း သက်ဆိုင်ရာက အခန်းတခုနှင့် ကုတင်တလုံးသာ စီစဉ်ပေးနိုင်ပြီး မည်သည့် ထောက်ပံ့မှု ပစ္စည်းမှ မရသဖြင့် ကိုဗစ်လူနာများအတွက် အခက်အခဲများ ရှိနေသည်။

ဇူလိုင်လဆန်းအတွင်း ပိုးတွေ့သူ အရမ်းများလာသဖြင့် ဇွန်လ ၄ ရက်နေ့မှ စတင်ကာ နေပြည်တော်ကောင်စီက ပိုးတွေ့ လူနာစာရင်းကို မထုတ်ပြန်ရဲတော့သလို နေပြည်တော်ရှိ ကျန်းမာရေး တာဝန်ရှိသူများကိုလည်း ဧရာဝတီက ဆက်သွယ် မေးမြန်းသည့်အခါ ဖြေဆိုရန် ငြင်းဆိုကြသည်။

“ကုတင် ၁၀၀၀ မှာ စစစ်တာမှာ ၃ ရက်ပဲ ရှိသေးတယ်။ အဲဒီမှာ ကေ့စ်တွေက အုန်းအုန်းနဲ့ တက်လာတာ။ ယုံတောင် မယုံနိုင်ဘူး။ ကုတင် ၁၀၀၀ မှာ ကိုဗစ် လူနာ ၇၀ ကျော် ရှိတယ်။ လူနာတွေကို ကုတင် ၃၀၀ မှာ ထားတယ်။ ပုဗ္ဗသီရိဆေးရုံမှာ ထားတယ်။ ဒက္ခိဏသီရိ ဆေးရုံမှာ ထားတယ်။ အဲဒီမှာလည်း လူနာတွေ အပြည့်ပဲ”ဟု နေပြည်တော်ရှိ စေတနာ့ဝန်ထမ်းတဦးက ပြောသည်။

NLD အစိုးရ လက်ထက်က ကိုဗစ် ကာကွယ်ရေးအတွက် ပရဟိတ လုပ်ခဲ့ဖူးသူတဦးကလည်း ယခု စစ်ဆေးနိုင်သည့် အခြေအနေအရ ပိုးတွေ့ ရှိသူမှာ အကုန် လိုက်စစ်မည် ဆိုပါက ယခုထက် ပိုများနိုင်ကြောင်း၊ ယခင် ကူညီပေးရေးအဖွဲ့ တွင် ပါဝင်ခဲ့သူများမှာလည်း နိုင်ငံရေး အခြေအနေအရ ထွက်ပြေးနေရသဖြင့် စေတနာ့ဝန်ထမ်း လုပ်မည့်သူလည်း မရှိကြောင်း ပြောသည်။

“လဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေ ဇွန် ၅ ရက်နေ့က စပြီး ပါဆယ်ပဲ ရတော့တယ်။ လူတွေလည်း ပုံမှန် သွားလာ နေကြတုန်းပဲ။ နောက်တချက်က စားသောက်ဆိုင်တွေ ရပ်လိုက်ပြီဆိုရင် ကျောင်းတွေလည်း ပိတ်သင့်တယ်လို့ ထင်တယ်။ ကျောင်းတွေ ကူးရင် ထိန်းမနိုင် သိမ်းမရ ဖြစ်ကုန်လိမ့်မယ်။ ကလေးတွေဆိုတော့ အကုန် သတိထားနိုင်မှာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

ထို့ပြင် နေပြည်တော်ရှိ အစိုးရ ဌာနများအနက် ဗဟိုဘဏ်၊ လူဝင်မှု ကြီးကြပ်ရေးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် နိုင်ငံတော် စီမံအုပ်ချုပ်မှု ကောင်စီရုံးတို့တွင်ပါ ကိုဗစ် ကူးစက်မှုများ ရှိနေပြီး ကျန်းမာရေးဌာနက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တခုကိုသာလျှင် တရုံးလုံး ကိုဗစ်ပိုး စစ်ပေးကြောင်း သိရသည်။

မန္တလေးမြို့

မန္တလေးတွင်လည်း မြို့နယ် ၇ မြို့နယ် ဖြစ်သည့် အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည် ကြီးတံခွန်၊ ပုသိမ်ကြီးနှင့် အမရပူရ စသည်တို့တွင် ကိုဗစ် – ၁၉ ရောဂါပိုး ကူးစက်ခံရပြီး နေ့စဉ် သေဆုံးသူ ဦးရေ ၁၀ ဦးခန့် ရှိကြောင်း မန္တလေးအခြေစိုက် ပရဟိတသမားများက ပြောသည်။

တတိယလှိုင်းအတွင်း မန္တလေးမြို့တွင် ဇွန်လ ၅ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့အထိ ရောဂါအတည်ပြုလူနာ ၂၃၉ ဦး၊ သေ ဆုံး ၂၉ ဦး၊ ရောဂါပြန်လည်သက်သာလာသူ ၆၄ ဦးနှင့် ဆက်လက်ကုသမှုခံယူနေသူ ၁၄၆ ဦး ရှိကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီး၏ ထုတ်ပြန်ချက်များအရ သိရသည်။

နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ကိုဗစ်ပိုးတွေ့ ရှိသူ အလွန် များပြားသဖြင့် ကုတင် လုံလောက်အောင် မရှိတော့

မန္တလေးမြို့တွင် ပိုးကူးစက် ဆက်တိုက် မြင့်တက်လာသဖြင့် မြို့နယ် ၇ ခုစလုံးကို Stay at Home အဖြစ် သတ်မှတ်လိုက်ပြီး ဇူလိုင်လ ၅ ရက်နေ့မှ စတင်ကာ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့် ရောင်းချရန် ဆုံး ဖြတ်ခဲ့ကြသည်။

“မန္တလေးမှာ ကိုဗစ်က တော်တော်ကိုဆိုးနေပြီ။ မြို့နယ်တိုင်း လိုလိုမှာကို ဖြစ်တဲ့သူတွေက တိုးလာတယ်။ ကုသရေး စင်တာတွေမှာ လူတွေက အပြည့်ပဲ။ လူနာတွေကသာ ပြည့်တာ။ ကုသပေးတဲ့ ဆရာဝန်တွေ Volunteer တွေက မရှိဘူး။ အဲဒီတော့ တချို့က သူတို့ဟာ သူတို့အိမ်မှာပဲ ဖြစ်သလို ကုနေကြတယ်”ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

ယခုအခါ အာဏာသိမ်း စစ်ကောင်စီက မန္တလေးမြို့ ၊ ချမ်းမြသာစည် လေဆိပ်ဟောင်းတွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် ကုတင် ၂၀၀ ဆံ့ ကိုဗစ်ကုသရေး စင်တာကို ဆောက်လုပ်လျက် ရှိကြောင်း သိရသည်။ သို့သော် ဆရာဝန် မရှိသဖြင့် စင်တာ တည်ဆောက်ပြီးစီးသော်လည်း ကုသပေးမည့်သူမရှိပါက အလုပ်ဖြစ်မည် မထင်ကြောင်း အမည်မဖော်လိုသော ပရဟိတသမားတဦးက ပြောသည်။

မန္တလေးမြို့တွင် ကိုဗစ် ကူးစက်မှု အများစုသည် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ပြန်လည်ဖွင့်ခွင့်ပေးလိုက်သည့် စားသောက်ဆိုင်များနှင့် KTV များမှ အဓိက ပြန်လည် ကူးစက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး လက်ရှိ ကြံ့ခိုင်ရေး အမတ်ဟောင်း၊ စစ်ကောင်စီ၏ မန္တလေးတိုင်း ဥက္ကဌ ဦးမောင်ကို ရှယ်ယာထည့်ဝင်ထားသည့် နန်းရှေ့ ရေစစ် ကန်အနီးရှိ KTV လည်း ပါဝင်ကြောင်း သိရှိရသည်။

ပဲခူး

ပဲခူးတိုင်းအတွင်းရှိ မြို့များတွင်လည်း ကိုဗစ် – ၁၉ ရောဂါ ပိုးကူးစက်မှုများက သိသိသာသာ မြင့်တက်လာလျက်ရှိသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင်လ ၄ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ပဲခူးတိုင်းတွင် ပိုးတွေ့လူနာ ၂၅၅ ဦး ရှိပြီး သေဆုံးသူ ၃ ဦး ရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းအရ တောင်ငူ၊ လက်ပံတန်း၊ ပဲခူး၊ ကဝ၊ ဖြူး၊ ရွှေတောင်၊ ဒိုက်ဦး၊ မင်းလှ၊ အုတ်ဖို၊ သာ ယာဝတီ၊ ကြို့ပင်ကောက်၊ မိုးညို၊ ထန်းတပင်၊ ပြည်၊ ပန်းတောင်း၊ ကျောက်တံခါး၊ ရေတာရှည်၊ နတ်တလင်း၊ ပေါင်းတည်၊ ဇီးကုန်း၊ ကျောက်ကြီး၊ ညောင်လေးပင်နှင့် ပေါက်ခေါင်းမြို့တို့တွင် ကိုဗစ်ပိုးတွေ့သူများ ရှိနေသည်။

စားသောက်ဆိုင်တွေ ရပ်လိုက်ပြီဆိုရင် ကျောင်းတွေလည်း ပိတ်သင့်တယ်လို့ ထင်တယ်။ ကျောင်းတွေ ကူးရင် ထိန်းမနိုင် သိမ်းမရ ဖြစ်ကုန်လိမ့်မယ်

အဆိုပါမြို့များထဲမှာ တောင်ငူနှင့် လက်ပံတန်းသည် ပိုးတွေ့သူ ၄၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး ပဲခူးမြို့နယ်သည် ပိုးတွေ့သူ ၃၉ ဦးဖြင့် တတိယအများဆုံး ဖြစ်နေကြောင်း၊ ကျန်မြို့များမှာ တမြို့လျှင် ပိုးတွေ့သူ ၂၀ အောက်သာ ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဗစ်ပိုးတွေ့သူများလာသဖြင့် ပဲခူးတိုင်းထဲက သာယာဝတီ၊ မင်းလှနှင့် ဖြူးမြို့နယ်များကို နေအိမ်မှာနေထိုင်ရေး (Stay at Home) အမိန့်ကို ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၂ ရက်တွင် ကြေညာခဲ့သည်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော အချက်အလက်များနှင့် မြေပြင်တွင် ပိုးတွေ့လူနာများအား ကွာရန်တင်း စင်တာများသို့ ပို့ပေးနေသည့် လူမှုကူညီရေးအသင်းများ၏ ပြောဆိုချက်များအကြား လူနာအရေအတွက် မတူညီ ကွဲလွဲချက်များလည်း ရှိနေသည်။

လူမှုကူညီရေးအသင်းများ၏ ပြောဆိုချက်အရ ပိုးတွေ့သူအရေအတွက်မှာ စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အရေအတွက်ထက် ၂ ဆ၊ ၃ ဆ ပိုများနေသည်။

ပဲခူးတိုင်းအတွင်း ပိုးတွေ့သူ အများဆုံးဖြစ်သည့် တောင်ငူမြို့ ၌ ဒေသခံလူမှုကူညီရေးအသင်းနှင့် နီးစပ်သူများက ဇူလိုင်လ ၅ ရက်နေ့အထိ တောင်ငူမြို့နယ်တွင် ပိုးတွေ့သူ စုစုပေါင်း ၃၀၀ နီးပါး ရှိနေပြီဖြစ်ကြောင်း ပြောသည်။

ကိုဗစ်ရောဂါပိုးသည် ပြီးခဲ့သည့် ရက်ပိုင်းက တောင်ငူထောင်မှ ပြန်လွှတ်လိုက်သည့် နိုင်ငံရေးအကျဉ်းသား ၅၁ ယောက် နှင့်အတူ ပါလာပြီး လူအများသို့ ထပ်ဆင့်ပျံ့နှံ့သည်ဟု ဒေသခံများက ယုံကြည်ကြသည်။

လက်ရှိတွင် တောင်ငူမြို့၌ လူအများကို မလိုအပ်ဘဲ အပြင်မထွက်ရန် မြို့အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားပြီး အစားအစာ ရောင်းချသည့် လက်ဖက်ရည်ဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားကြောင်း တောင်ငူမြို့နေ အစိုးရဝန်ထမ်းတဦးက ပြောသည်။

Stay at Home ကြေညာသည့် စာရင်းတွင် ပါဝင်သည့် သာယာဝတီမြို့နယ်တွင်လည်း ဇူလိုင်လ ၅ ရက်နေ့အထိ ပိုးတွေ့ လူနာ ၁၇၀ နီးပါး ရှိနေပြီဖြစ်ကြောင်း ပိုးတွေ့လူနာများကို ကွာရန်တိုင်း စင်တာများသို့ ပို့ပေးနေသည့် သာယာဝတီမြို့နယ်ရှိ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက ပြောပြသည်။

“ကိုဗစ်ကြောင့် အသက်သေဆုံးတဲ့ လူတွေလည်း ရှိပါတယ်။ ၄ ယောက်လောက် ရှိပါတယ်။ လောလောဆယ်တော့ ပြည်သူ့ကျန်းမာရေးရယ်၊ ကုသရေးပိုင်းရယ်၊ ထွေအုပ်ရယ်၊ အရပ်ဘက် ပရဟိတအဖွဲ့တွေ အားလုံးပူးပေါင်းပြီးတော့ ဆောင်ရွက်နေတယ်”ဟု ၎င်းက ပြောသည်။

သာယာဝတီမြို့နယ်တွင် ဈေးများ၊ ကျောင်းများပိတ်ထားပြီး တအိမ်လျှင်တယောက်သာ အပြင်ထွက်ခွင့် ပြုထားတော့သည်။ စေတနာ့ဝန်ထမ်းအဖြစ် ကူညီချင်သူများနှင့် ကိုဗစ်လူနာများကို အစားအစာ၊ ဆေးဝါးထောက်ပံ့လိုသည့် အလှူရှင်များမှာ အာဏာမသိမ်းခင် ကိုဗစ် ဒုတိယလှိုင်းကာလလို အမြောက်အမြား ရှိမနေကြောင်း သာယာဝတီမြို့နယ်ရှိ လူမှု ကူညီရေး အသင်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

“ဘယ်လောက်ရှားသလဲဆိုရင် ရှိကို မရှိတာဗျ။ အရင်တုန်းကတော့ အလှူရှင်တွေ သူ့ဟာနဲ့သူ ရှိပါတယ်။ ကျနော်တို့ တနိုင်ငံလုံး ကိုဗစ်ဆိုးတဲ့နေရာတွေ၊ ကိုဗစ်များတဲ့နေရာတွေမှာ လူတွေတော်တော်များများ လှူကြပါတယ်။ အခုကတော့ ဆေးရုံတက်နေတဲ့ သူတွေလည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်စားဝတ်နေရေး ဖြေရှင်း ဒီလိုပဲ သွားနေရတော့တယ်”ဟု ၎င်းက ဆိုသည်။

ပဲခူးတိုင်း၏ မြို့တော်ဖြစ်သည့် ပဲခူးမြို့နယ်တွင်လည်း ပိုးတွေ့လူနာများ ပိုမိုများပြားလာကြောင်း ပိုးတွေ့လူနာများကို Quarantine စင်တာများသို့ ပို့ပေးနေသည့် လူမှုကူညီရေးအသင်းအချို့က ဧရာဝတီသို့ပြောသည်။

ပဲခူးမြို့နယ်တွင် ပိုးတွေ့သူ ၁၈၀ ခန့်ရှိနေပြီး ၂၀ ကျော်မှာ ပဲခူးမြို့ထဲမှ ဖြစ်ကြောင်း၊ ပဲခူးမြို့နယ်တွင် စံချိန်တင်ပိုးတွေ့သူများ နေသည့် နေရာမှာ ပဲခူးမြို့နယ် ထုံးကြီး ကျေးရွာနှင့် ကျောက်တန်းကျေးရွာတို့ ဖြစ်ကြောင်း သိရသည်။

“ပဲခူးမြို့နယ်အတွက် အဲဒီ ၂ ရွာကပဲ စံချိန်တင်ပိုးတွေ့နေတာ။ အဲဒီ ၂ ရွာကနေပဲ ၁၅၀ ကျော်လောက် ကျနော်တို့ သယ်ထားပြီးပြီ။ ပိုးတွေ့တဲ့သူတွေထဲမှာ စာသင်ကျောင်းမှာ ကျောင်းတက်နေတဲ့ ကလေးတွေလည်း ပါတယ်။ အခုတော့ အဲဒီ ၂ ရွာမှာ စာသင်ကျောင်းတွေ ပိတ်လိုက်ပြီ။ အခုက ပဲခူးမြို့နယ်ထဲမှာ ကိုဗစ်အခြေအနေက စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်” ပဲခူးမြို့မှ ပရဟိတသမားတဦးက ဆိုသည်။

ကုသရေး စင်တာတွေမှာ လူတွေက အပြည့်ပဲ။ လူနာတွေကသာ ပြည့်တာ။ ကုသပေးတဲ့ ဆရာဝန်တွေ Volunteer တွေက မရှိဘူး။

ပဲခူးမြို့နယ်တွင် ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းအထိ သေဆုံးသွားသော ကိုဗစ်လူနာ ၅ ဦးရှိကြောင်း ပဲခူးမြို့အခြေစိုက် လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

ထို့အတူ ပဲခူးမြို့နှင့် ၁၀ မိုင်ကျော်သာ ဝေးသည့် အင်းတကော်မြို့နယ်ရဲစခန်းတွင်လည်း စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၈ ဦး ကိုဗစ်ရောဂါပိုးတွေ့ရှိထားသဖြင့် ရဲစခန်းကို အဝင်အထွက် ပိတ်ပင်ကန့်သတ်ထားကြောင်း ပဲခူးမြို့အခြေစိုက် လူမှုကူညီရေး အသင်းအချို့က ပြောသည်။

ရှမ်းပြည်နယ်

ကိုဗစ် -၁၉ ရောဂါပိုး ကူးစက်မှု မြင့်တက်နေသည့် ပြည်နယ်များထဲတွင် ရှမ်းပြည်နယ်သည်လည်း ပါဝင်နေသည်။

ရှမ်းပြည်နယ်တွင်း ဇွန် ၂၈ ရက်မှ ဇူလိုင် ၅ ရက်၊ စုစုပေါင်း ၈ ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ဦးရေ ၁၅၀၀ ကျော်ပြီဖြစ်ကာ ပိုးတွေ့လူနာနှင့် ဆက်စပ်၍ ရောဂါခြေချုပ်စခန်းများ၊ နေအိမ်များတွင် စောင့်ကြည့်အခြေအနေဖြင့် နေနေရသူ ဦးရေမှာ ၄၀၀၀ နှင့် အထက် ရှိနေသည်။

ကိုဗစ်ရောဂါပိုးသည် တောင်ငူထောင်မှ ပြန်လွှတ်လိုက်သည့် နိုင်ငံရေးအကျဉ်းသား ၅၁ ယောက် နှင့်အတူ ပါလာသည်ဟု ဒေသခံများက ယုံကြည်ကြသည်။

ရောဂါပိုး ကူးစက်ခံထားရသူများမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း နှင့် အရှေ့ပိုင်းတို့မှ မြို့နယ်ပေါင်း ၂၉ ခုတွင် နေထိုင်သူများ ဖြစ်သည်။

ရောဂါပြန့်ပွားမှု အမြင့်ဆုံး ဖြစ်နေသည့် မြို့နယ်များမှာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် လောက်ကိုင်မြို့၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လားရှိုး၊ နောင်ချိုနှင့် သီပေါ၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တောင်ကြီးမြို့ တို့ဖြစ်သည်။

အဆိုပါ ရောဂါပြန့်ပွားမှု အမြင့်ဆုံး ဖြစ်နေသည့် မြို့များသည် ၈ ရက်တာအတွင်း ရောဂါပိုး ကူးစက်ခံရသူဦးရေ ၁၀၀ ကျော်မှ ၃၈၀ အထိ တွေ့ရှိထားသည့် မြို့များ ဖြစ်သည်။

လောင်ကိုင်မြို့တွင်း နေထိုင်သည့် ကျန်းမာရေးဝန်ထမ်းတဦးက “လောင်ကိုင်တမြို့နယ်ထဲမှာတင် ရောဂါပိုး ကူးခံထားရသူ ၄၀၀ နီးပါးရှိနေပြီ။ တိတိကျကျ စာရင်းထွက်ထားတာ ၃၈၀ ကျော်ပေါ့။ Quarantine ဆောင်မှာ ထားပြီး စောင့်ကြည့်နေတာ ပိုး ရှိ မရှိ စစ်နေတာတွေကလည်း ၁၀၀၀ နဲ့ အထက်ရှိတယ်။ ဒီမှာတော့ အကုန်လုံးက ထိန်းချုပ်နိုင်အောင် ထပ်မပြန့်အောင် ကြိုးစားနေကြတယ်”ဟု ပြောသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် လောက်ကိုင်မြို့သည် ရှမ်းပြည်နယ်အတွင်း ရောဂါပိုးကူးစက်ခံရသူ တွေ့ရှိ သူဦးရေ အများဆုံး မြို့ ဖြစ်သည်။

လောက်ကိုင်မြို့သည် တရုတ်-မြန်မာ နယ်စပ်မြို့ ဖြစ်ကာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းအပြင် လောင်းကစားဝိုင်းများ၊ ကာစီနိုရုံများ၊ ဟိုတယ်လုပ်ငန်းများဖြင့် စည်ကားသည့် မြို့ ဖြစ်သည်။

 ပိုးတွေ့တဲ့သူတွေထဲမှာ စာသင်ကျောင်းမှာ ကျောင်းတက်နေတဲ့ ကလေးတွေလည်း ပါတယ်။

တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ခုနှစ်အတွင်းမှစ၍ နယ်စပ်ဂိတ်များကို ပိတ်ကာ ကုန်သွယ်ရေး ပြုလုပ်သည့် ကားများကိုလည်း ကားသာ အဝင်ခံပြီး မြန်မာနိုင်ငံသားများကို နယ်စပ်ဖြတ်ကျော်ခွင့်ကို ပိတ်ထားသည်။

မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံဘက်သို့ တင်ပို့သည့် ကုန်ပစ္စည်းများကို နယ်စပ်ဂိတ်တွင် ကားထားခဲ့ရပြီး တရုတ်နိုင်ငံ ဘက်မှ တရုတ်နိုင်ငံသားက လာရောက်မောင်းယူပြီး ကုန်သွယ်ရေးကို ဆက်လက် ဆောင်ရွက်လျက် ရှိသည်။

လောက်ကိုင်မြို့တွင်း ဇွန် ပထမပတ်အထိ လောင်းကစားဝိုင်းများ၊ ကာစီနိုရုံများနှင့် ဟိုတယ်လုပ်ငန်းများတွင် လူစည် ကားနေခဲ့သော်လည်း ယခုအခါ ရောဂါပိုး ကူးစက်မှု အမြင့်ဆုံး ဖြစ်လာသဖြင့် မြို့တွင်းဆိုင်များကို အာဏာပိုင်များက ပိတ်ခိုင်းထားပြီး မြို့တွင်း၌ ကိုးကန့်စစ်သားများနှင့် ပြည်သူ့စစ်တပ်ဖွဲ့များက တင်းတင်းကြပ်ကြပ် စောင့်ကြည့်မှုများ ရှိနေသည်ဟု ဒေသခံအချို့က ပြောသည်။

ကိုဗစ် – ၁၉ ရောဂါပိုး အစုလိုက်အပြုံလိုက် ကူးစက်သည့်ထဲတွင် လောင်းကစားဝိုင်းများနှင့် ကာစီနိုရုံများ ပါဝင်သည်ဟု ဒေသခံအချို့က ပြောသော်လည်း လောက်ကိုင်မြို့တွင်း တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းအချို့ကို မေးမြန်းရာ အတည်ပြုပြောဆိုခြင်း မရှိပါ။

UWSA က ထိန်းချုပ်သည့် နယ်မြေများ အတွင်းသို့ ကိုးကန့်နယ်ဘက်မှ ဝင်မလာရန် ပိတ်ပင်ထားပြီး ခိုးဝင်လာပါက ပြစ်ဒဏ်ပေးမည်

ကိုးကန့်ဒေသတွင်း ကိုဗစ် – ၁၉ ရောဂါပိုး ကူးစက်ခံရမှု မြင့်တတ်နေသဖြင့် ကိုးကန့်နှင့် နယ်နိမိတ်ထိစပ်နေသည့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ထိန်းချုပ်သည့် နယ်မြေများ အတွင်းသို့ ကိုးကန့်နယ်ဘက်မှ ဝင်မလာရန် ပိတ်ပင်ထားပြီး ခိုးဝင်လာပါက ပြစ်ဒဏ်ပေးမည်ဟု ဆိုသည်။

ကိုးကန့်အာဏာပိုင်များသည်လည်း ၎င်းတို့ မြို့တွင်း ရောဂါကူးစက်ပြန့်ပွားနေမှုကို ထိန်းချုပ်နိုင်ရန်အတွက် အစိုးရ ထိန်းချုပ် နယ်မြေနှင့် ကိုးကန့်ဒေသ ဝင်ပေါက်ဖြစ်သည့် ကွမ်းလုံမြို့အထွက် ချင်းရွှေဟော်မြို့အဝင်တွင် ကိုဗစ် – ၁၉ ရောဂါပိုး စစ်ဆေးရေး စင်တာနှင့် ရောဂါခြေချုပ် စင်တာတို့ကို တည်ဆောက်နေပြီဖြစ်သည်။

စင်တာနှစ်ခု တည်ဆောက်ပြီးပါက ကွမ်းလုံမြို့ဘက်မှ တဆင့် ကိုးကန့်ဒေသတွင်းသို့ ဝင်လာမည့်သူများကို ထိုစင်တာတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခြင်း၊ မသင်္ကာသူများ ရောဂါခြေချုပ်စင်တာတွင် Quarantine ဝင်ခိုင်းခြင်းများ ပြုလုပ်မည်ဟု သိရသည်။

လောက်ကိုင်မြို့သည် ရှမ်းပြည်နယ်အတွင်း ရောဂါပိုးကူးစက်ခံရသူ ဦးရေ အများဆုံး မြို့ ဖြစ်သည်။

ရှမ်းပြည်နယ်တွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ဒုတိယအမြင့်ဆုံးဖြစ်သည့် လားရှိုးမြို့သည်လည်း ၈ ရက်တာ အတွင်း ရောဂါပိုး ကူးစက်ခံရသူဦးရေ ၃၀၀ နီးပါး ရှိနေပြီ ဖြစ်သည်။

ထိုသို့ ရောဂါပိုး ကူးစက်ခံရမှု အမြင့်ဆုံး ဖြစ်နေသည့် လောက်ကိုင်နှင့် လားရှိုးမြို့နယ်များကို ဇူလိုင် ၂ရက်မှစ၍ Stay at Home (နေအိမ်တွင် နေထိုင်ရေး) နေထိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ကြေငြာထားသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်၌ ၈ ရက်တာအတွင်း ရောဂါပိုး ကူးစက်ခံရသူထဲမှ သေဆုံးသူ ဦးရေသည် ၉ ဦးသာ ရှိသည်ဟု ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများ၊ သံသယ လူနာများကို ကူညီပေးနေသည့် ပရဟိတ အသင်းသားများက သေဆုံးသူ ဦးရေမှာ ၄၀ နှင့် အထက်ရှိပြီဟု ပြောဆိုကြသည်။

လားရှိုးမြို့တွင် ပရဟိတလုပ်ဆောင်နေသူတဦးက “ဇွန်လကုန်ပိုင်းကနေ မနေ့ကထိ လားရှိုးမှာ ကိုဗစ်သံသယလို ဖျားပြီး အသက်ရှုကျပ်ပြီး ရုတ်တရက် သေဆုံးတာ ၂၀ ကျော်တယ်။ ရှမ်းမြောက်မှာပဲ တခြား နောင်ချို၊ သီပေါ၊ နမ့်ခမ်း၊ အဲ့ဘက်တွေ မှာလည်း သေဆုံးတာတွေ ၂ ယောက်စ၊ ၃ ယောက်စနဲ့ ရှိတာ စုစုပေါင်း ဦးရေ ၄၀ ကျော်ပါပြီ”ဟု ပြောသည်။

You may also like these stories:

ကိုဗစ်ပိုးတွေ့သူနှုန်း မြင့်လာ၊ တရက်အတွင်း ၅၂ ဦး အထိ သေဆုံးမှုရှိ

ကိုဗစ်ပိုး ထိန်းချုပ်မှု ကလေးမြို့ခံများ ကိုယ်အားကိုယ်ကိုးကြရ

စစ်တပ်မိသားစုများပင် ကိုဗစ်-၁၉ ကုသရေး မရေရာ

လိုင်ဇာနဲ့ မိုင်ဂျာယန်မှာ လူဦးရေ ၃၀ ရာခိုင်နှုန်းက ကိုဗစ်ကာကွယ်ဆေး ထိုးပြီးပြီ

Did you find apk for android? You can find new Free Android Games and apps.
Loading