တရုတ်နိုင်ငံက မြန်မာ့အရေးတွင် မတူညီသော ဘက်အသီးသီးနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ဆက်လက် အသုံးပြု၍ တက်ကြွစွာ ကြားဝင်ချိတ်ဆက်ရေး ဖော်ဆောင်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောကြားသည်။
ဝမ်ယီက ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃ ရက်တွင် တရုတ်နိုင်ငံ ချင်းဟွာတက္ကသိုလ်၌ ကျင်းပခဲ့သည့် (၉) ကြိမ်မြောက် ကမာ္ဘ့ငြိမ်း ချမ်းရေးဖိုရမ်၌ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဇူလိုင်လ ၅ ရက် ထုတ်ပြန်ချက်အရ သိရ သည်။
မြန်မာ့အရေးတွင် စစ်ကောင်စီ၏ အကြမ်းဖက် နှိမ်နင်းမှုများအပေါ် အသံတိတ်နေပြီး မိမိအကျိုးစီးပွားထိမှသာ အသံထွက် တတ်သည်ဖြစ်ရာ တရုတ်နိုင်ငံ၏ အဆိုပြုချက်သည် လက်တွေ့ ဖြစ်နိုင်ပါမည်လောဟု စဉ်းစားစရာ ဖြစ်လာသည်။
နိုင်ငံခြားရေးဝန်ကြီး ဘာပြောလဲ
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ၎င်းထပ်တလဲလဲ ပြောလေ့ရှိသည့် အတိုင်းပင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ တည်ငြိမ်ရန် မျှော်လင့်ပြီး အာဆီယံနည်းလမ်းဖြင့် မြန်မာနိုင်ငံအခြေအနေ “အဆင်ပြေချောမွေ့စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေး (Soft Landing)” ကို လျင်မြန်စွာဖော်ဆောင်နိုင်ရန် တွန်းအားပေးခြင်းအား ထောက်ခံကြောင်း ဆိုသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းရေးဖြစ်စဉ်တွင် ကြုံရသည်အခက်အခဲများသည် အခြေခံအားဖြင့် ပြည်တွင်းရေး သာ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ကပ်ရောဂါ တိုက်ဖျက်ရေးနှင့် စီးပွားရေး စသည့် အကူအညီများကို ပေး အပ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ဆက်လက်၍ ၎င်းက မြန်မာ့အရေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်အတွင်း၌ ဆွေးနွေးမှုကတဆင့် နိုင်ငံရေး ဖြေရှင်း၍ အကြမ်းဖက်ကိစ္စရပ်များ ထပ်မံဖြစ်ပွားမှုကို ရှောင်ကြဉ်ကာ နိုင်ငံနှင့် လူနေမှုအဖွဲ့အစည်း တည်ငြိမ်မှုကို မြန်မြန် ဆန်ဆန် ပြန်လည် ဖော်ဆောင်ရမည် ဖြစ်ကြောင်း ပြောသည်။
ထို့ပြင် ဝမ်ယိက နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့်လည်း မြန်မာ့အရေးတွင် သဘောထားကွဲလွဲမှု ရင်ကြားစေ့ရေးကို အထောက်အကူပြုသည့် ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ပြီး တဖက်သတ် အရေးယူ ဒဏ်ခတ်မှုနှင့် မသင့်လျော်သည့် ကြား ဝင်မှုကို ရှောင်ကြဉ်သင့်ကြောင်း သတိပေးသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ကြားဝင်ချိတ်ဆက်ပေးမည်ဆိုသည့် ကိစ္စအပေါ် မည်ကဲ့သို့ သဘောထားသည်ကို သိရှိနိုင် ရန် ဧရာဝတီက စစ်ကောင်စီ၏ သတင်းပြန်ကြားရေးအဖွဲ့နှင့် ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ထံ စာပို့ မေးမြန်းထားသော်လည်း တစုံတရာ ပြန်လည်တုံ့ပြန်ခြင်း မရှိသေးပေ။
လက်တွေ့မှာ တရုတ် ဘာလုပ်နေလဲ
သို့သော်လည်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွင် လက်တွေ့အားဖြင့် တရုတ်နိုင်ငံ၏ အပြုအမူများမှာ ၎င်းတို့၏ အပြော နှင့် မညီဘဲ စစ်ကောင်စီကိုသာ ထိတွေ့ ဆက်ဆံနေကြောင်း တွေ့ရသည်။ တရုတ်နိုင်ငံသည် NLD အစိုးရနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိခဲ့သော်လည်း ရုရှားနှင့် စစ်ဘက်ရေးရာ ကဏ္ဍတွင် ပိုမို အလွမ်းသင့်လာသော မြန်မာစစ်တပ်ကို ၎င်းတို့နှင့် လည်း မကင်းကွာရန် လုပ်ဆောင်နေသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်း Chen Hai သည် အာဏာသိမ်း ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့ပြီး ၎င်းအား မြန်မာခေါင်းဆောင်အဖြစ် ရည်ညွှန်းပြီး ကြေညာချက်ထုတ်ခဲ့မှုနှင့် ဦးဝဏ္ဏမောင်လွင်ကို တရုတ်- အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ချုံချင့် တွေ့ဆုံပွဲ ဖိတ်ပြီး ၂ နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး အကူအညီပေးမည်ဟု ပြောဆိုခြင်းတို့က ထင်ရှားသော ဥပမာများ ဖြစ်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ Facebook Page ကလည်း ဇူလိုင်လ ၆ ရက်တွင် ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီနှင့် ကမာ္ဘနိုင်ငံရေးပါတီများ၏ ထိပ်သီးညီလာခံသို့ Video Link ဖြင့် USDP ဒုက္ကဋ္ဌ ဦးခင်ရီ၊ ဗဟို အတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေး၊ ပါတီ ပြောရေဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော် တို့ တက်ရောက်ခဲ့ကြောင်းကို ထုတ်ပြန်ခဲ့သည်။
မြန်မာလူထု ထောက်ခံသည့် ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သည်လည်း တရုတ်နိုင်ငံနှင့် ဆွေးနွေးခွင့် ရရန် ချည်းကပ်နေပြီး NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း အာဆီယံက NUG အား လုံလောက်သည့် ထိတွေ့ဆက်ဆံမှု မပြုသည့်အပေါ် စိုးရိမ်မိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိထံ ဇွန်လ ၇ ရက်တွင် စာပေးပို့ ပြောကြားခဲ့သေးသည်။
တရုတ်ဘက်က တစုံတရာ တုံ့ပြန်မှု ရှိမရှိ မသိရသေးစဉ်မှာပင် NUG ယာယီသမ္မတ ဒူဝါလရှီးလသည် ဇူလိုင်လ ၁ ရက် တွင် ကျရောက်သည့် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်မှု နှစ် ၁၀၀ ပြည့်အခမ်းအနားအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
အဆိုပါ သဝဏ်လွှာတွင် တရုတ်နိုင်ငံ အစိုးရအနေနှင့် တရားမဝင် မြန်မာစစ်ကောင်စီနှင့် မပတ်သက်ရန် တိုက်တွန်းထား ပြီး တရုတ်ကွန်မြူနစ်ပါတီနှင့် လူထုထောက်ခံမှုရှိသည့် NUG ကြား ဘုံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း ရေးသားထားသည်။
လက်ရှိကာလအထိမူ NUG နှင့် တရုတ်နိုင်ငံအစိုးရ (သို့မဟုတ်) ပါတီအကြား ထင်ရှားသည့် ပူးပေါင်းဆောင်ရွက်မှု တစုံ တရာ မတွေ့ရသည်ဖြစ်ရာ လတ်တလောတွင် တရုတ်နိုင်ငံသည် NUG နှင့် ခပ်ခွာခွာနေဆဲ ဖြစ်သည်ဟု ယူဆစရာရှိသည်။
ဝိရောဓိဖြစ်နေဆဲ ကြားဝင်ချိတ်ဆက်ရေး
နိုင်ငံရေး လေ့လာသုံးသပ်သူအချို့ကမူ တရုတ်နိုင်ငံ၏ ကြားဝင်ချိတ်ဆက်ပေးရေး အစီအစဉ်သည် လက်တွေ့ဖြစ်နိုင်ချေ ရှိ မရှိ အငြင်းပွားနေကြသည်။
တရုတ်နိုင်ငံတွင် နေထိုင်သည့် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောကမူ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများစွာ ရှိနေသဖြင့် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး လုပ်ဆောင်နိုင်ရန် တရုတ်နိုင်ငံဘက်က ကြိုးပမ်းနေ ခြင်း ဖြစ်ကြောင်း သုံးသပ်သည်။
“ရှီကျင့်ဖျင်ရဲ့ BRI (ခေတ်သစ်ပိုးလမ်းမ စီမံကိန်း) က ဗမာပြည်ကို ဖြတ်ဖို့ ကိစ္စက တော်တော်အရေးကြီးတယ်၊ ဗမာပြည် ဟာ ပထဝီနိုင်ငံရေးအရလည်း အရေးပါတယ်။ အရှေ့အာရှနဲ့ အရှေ့တောင်အာရှ ကြားမှာဖြစ်တာကိုး။ မြန်မာပြည် မတည် မငြိမ်ဖြစ်ရင် သူတို့ရဲ့ BRI စီမံကိန်း ထိခိုက်နိုင်တာကိုး။ အဲဒါကြောင့် ကြိုးစားနေပုံရတယ်။ သဲလွန်စလေးတွေ မြင်ရ သလောက်တော့ ဝမ်ယိ ပြောတာမှာ တွေ့တွေ့ နေရတယ်” ဟု ၎င်းက ဆိုသည်။
ဒေါက်တာ လှကျော်ဇောက မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ချုပ်ငြိမ်းရေး လုပ်ဆောင်ရာတွင် တိုက်ပွဲပုံစံ တမျိုးတည်း ဖြင့် တိုက်နေခြင်းထက် စေ့စပ်ဆွေးနွေးရေး အပါအဝင် တိုက်ပွဲပုံစံမျိုးစုံဖြင့် ဖော်ဆောင်သင့်ကြောင်း သုံးသပ်သည်။
“ကျမတို့မှာ စစ်မက်ရေးရာမှာ ပိုပြီး ကြီးအောင်လုပ်ဖို့ဆိုရင် နိုင်ငံရေးအရလည်း နောက်ကနေ လိုက်ရဦးမှာ။ တဖြည်းဖြည်း နဲ့ ကျမတို့ ပြည်သူတွေက လက်နက်ကိုင် တိုက်နေတာရော။ CDM လုပ်နေတာရော။ စစ်ကောင်စီကို စေ့စပ်ဆွေးနွေးပွဲ တွန်းပို့နိုင်တဲ့ အားတွေ ဖြစ်နိုင်တယ်ဗျ။ ကျမတော့ အားပေးတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသူ တဦးကမူ အချက် (၂) ချက်ကို ထောက်ပြကာ တရုတ်နိုင်ငံ၏ ချည်းကပ်မှု အလုပ် မဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
ပထမအချက်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ လွတ်မြောက်ရေး တောင်းဆိုမှု မရှိဘဲ ဘက်အသီးသီးနှင့် ကြားဝင်ညှိပေးမည်ဟု ပြောနေခြင်း ဖြစ် ကြောင်း ၎င်းကဆိုသည်။
“ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ပုဂ္ဂိုလ်တွေ လွတ်မြောက်ရေး တောင်းဆိုမှု မပါဘဲနဲ့ ဘယ် ဘက်အသီးသီးနဲ့ ဆွေးနွေးမှာ လဲဆိုတဲ့ ကိစ္စက ပြဿနာပါ။ အဲဒီသဘောထားကို ရှင်းလင်းအောင် မလုပ်ဘဲနဲ့ တရုတ်က ညှိနှိုင်းတွေ့ဆုံပြီး ဖြေရှင်းရေး ဆိုတာကလည်း ဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး” ဟု မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေး လေ့လာသူ တဦးက ပြောသည်။
ဒုတိယအချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှုထောင့်မှ ကြည့်ကာ ပြဿနာများကို ဖြေရှင်းမည်ဟု ပြောဆိုနေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပျက်ပြယ်သွားပြီဟု အာဏာသိမ်းမှု ဆန့် ကျင်သည့် ပြည်သူအများက ယုံကြည်နေကြကြောင်း ၎င်းကပြောသည်။
“NUG က ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာပြီးပြီ ပြည်သူတရပ်လုံးကလည်း အဲဒီစာအုပ်တွေကို မီးပုံရှို့ ပြီးတဲ့ အခြေအနေမှာ တရုတ်က ဘယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံအပေါ်မှာ ဆွေးနွေးမှာလဲဆိုတဲ့ ကိစ္စကလည်း ပြဿနာ ရှိပါတယ်။ အဲဒါကြောင့် သူတို့ရဲ့ အပြုသဘောဆောင်သယောင် အဆိုပြုလာတဲ့ ဘက်အသီးအသီး ညှိနှိုင်း ဖြေရှင်းဖို့ ဆို တာ ဖြစ်နိုင်ခြေ မရှိဘူးလို့ ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသူ တဦးက ပြောသည်။
မည်သို့ပင်ဖြစ်စေ သေချာသည်က မြန်မာ့အရေး တရုတ်က ကြားဝင်စေ့စပ်ပေးမည်ဆိုသည့် ကိစ္စအပေါ် မြန်မာပြည်သူ လူထုက မယုံကြခြင်းဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ပြောကြားချက်နှင့် ပတ်သက်သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ Facebook Post အောက် တွင် အာဏာသိမ်းစစ်တပ်ကိုသာ ထိတွေ့ဆက်ဆံနေသည့် တရုတ်နိုင်ငံကို ဆန့်ကျင်ကြောင်း ရေးထားသော သဘောထား မှတ်ချက်ပေါင်း ၂၀၀၀ ကျော်မှာ မြန်မာလူထု၏ သံသယကို ဖော်ပြနေခြင်းပင် ဖြစ်ပေသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း တဦးကမူ တရုတ်၏ ကြားဝင်စေ့စပ်ပေးမည် ဆိုသည့် အစီအစဉ်သည် မတူညီ သောဘက်အသီးသီးက တရုတ်အပေါ်ယုံကြည်ခြင်း သို့မဟုတ် တရုတ်၏ ဩဇာလွှမ်းခြင်းခံနေရပါက အလုပ်ဖြစ်နိုင် သော် လည်း လက်ရှိအခြေအနေမှာ ထိုသို့ ဖြစ်မနေသဖြင့် အောင်မြင်ရန် မလွယ်ကြောင်း ပြောသည်။
“စစ်တပ်ကလည်း တရုတ်ကို ယုံပုံမရဘူး။ ဒါကြောင့် အာဏာသိမ်းပြီးနောက်မှာ ရုရှားနဲ့သွားပေါင်းတာပေါ့။ နောက်တခုက လူထုကလည်း သူ့ကိုမယုံဘူး။ လူထုယုံတာက ဒေါ်အောင်ဆန်းစုကြည်၊ စစ်တပ်က အာဏာသိမ်းလိုက်ပေမယ့် အုပ်ချုပ် လို့လည်း မရဘဲ ကြာနေမယ်ဆိုရင် တရုတ်က ရုရှားရဲ့ အကူအညီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ထုတ်ပြီး စေ့စပ်မယ် ဆိုရင်တော့ အလုပ်ဖြစ်နိုင်တယ်” ဟု ၎င်းကဆိုသည်။
You may also like these stories:
တရုတ်- မြန်မာ ကုန်သွယ်ရေး ရပ်တန့်လုနီးပါး ဖြစ်နေ
မြန်မာစစ်အာဏာသိမ်းမှု၏ ကြံရာပါ ဘယ်သူတွေများလဲ
စစ်ခေါင်းဆောင် မိသားစုဝင်နှင့် ဆက်စပ်လုပ်ငန်းများကို အမေရိကန် ထပ်တိုးအရေးယူ
တရားဝင်မှု ရရှိရေး စစ်ကောင်စီက အိမ်နီးချင်းများကို သယံဇာတ ထုတ်ရောင်းနေသည်