မိုင်ထောင်ချီကွာဝေးသောနေရာတခုမှ စစ်အာဏာသိမ်းမှုသည် သစ်ပင်များနှင့် စိမ်းစိုနေသည့် နယူးယောက်လမ်းရှိ မြေဝါရောင်အဆောက်အအုံထဲက ရုံးကို နှစ်ခြမ်းကွဲသွားစေသည်။
အဆောက်အအုံအောက်ထပ်မှ အလင်းရောင် မှိန်ဖျော့စွာ ထွန်းထားသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းက်ိုယ်စားလှယ်ရုံးသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ရွေးကောက်ခံ အစိုးရကို ဖြုတ်ချသည့် စစ်ကောင်စီထံမှ အမိန့်များကို ခံယူနေသည်။
အဆောက်အအုံအပေါ်ထပ်တွင် အများပြည်သူလေးစားခံရသော သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် နိုင်ငံကို ထိန်းချုပ်ခွင့်ပြန်လည်ရရှိရန် ကြိုးစားသည့် မြေအောက် (ဘက်ပြောင်းလာသော) သံတမန်အဖွဲ့ကို ထိရောက်စွာ ဦးဆောင်နေသည်။ သူ၏ အစည်းအဝေးခန်းမတွင် စစ်တပ်နှင့်ပတ်သက်သည့် ယခင်သံအမတ်ကြီးများ၏ ဓါတ်ပုံများကို ချိတ်ဆွဲထားသောကြောင့် သူသည် မည်သူတို့ကိုဆန့်ကျင်နေသည်ကို သတိပေးနေသကဲ့သို့ ဖြစ်နေသည်။
စစ်ကောင်စီ သက်ဆိုးရှည်လေလေ မြေအောက် (ဘက်ပြောင်းလာသော) သံတမန်များအတွက် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရန် ခက်လေလေ
အဆောက်အအုံအပေါ်ထပ်တွင် အများပြည်သူလေးစားခံရသော သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် နိုင်ငံကို ထိန်းချုပ်ခွင့်ပြန်လည်ရရှိရန် ကြိုးစားသည့် မြေအောက် (ဘက်ပြောင်းလာသော) သံတမန်အဖွဲ့ကို ထိရောက်စွာ ဦးဆောင်နေသည်။ သူ၏ အစည်းအဝေးခန်းမတွင် စစ်တပ်နှင့်ပတ်သက်သည့် ယခင်သံအမတ်ကြီးများ၏ ဓါတ်ပုံများကို ချိတ်ဆွဲထားသောကြောင့် သူသည် မည်သူတို့ကိုဆန့်ကျင်နေသည်ကို သတိပေးနေသကဲ့သို့ ဖြစ်နေသည်။
ကမ္ဘာတဝှမ်းရှိ မြန်မာသံဝန်ထမ်း ဒါဇင်ပေါင်းများစွာသည် စစ်အာဏာသိမ်းပြီးနောက် အခက်အခဲတခုကို ရင်ဆိုင်ရသည်။
ရာထူးတွင် ဆက်လက်နေကာ ဒီမိုကရေစီလိုလားသော ဆန္ဒပြသမား ရာပေါင်းများစွာကို သတ်ဖြတ်ပြီး ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားသည့် စစ်ကောင်စီကို ကိုယ်စားပြုမည်လား သို့မဟုတ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ထုတ်ဖေါ်ပြောဆိုပြီး ရာထူးမှ ထုတ်ပယ်ခံကာ မြန်မာနိုင်ငံတွင် ကျန်ရစ်သော မိသားစုများကို အန္တရာယ်ကျရောက်ခံမည်လား ရွေးချယ်ကြရသည်။
ဦးကျော်မိုးထွန်း အပါအဝင် ဒေသအနှံ့အပြားမှ မြန်မာသံဝန်ထမ်း အနည်းဆုံး ၂၁ ဦးက စစ်ကောင်စီထိန်းချုပ်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်ဟု ဆုံးဖြတ်ကြသည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်မည့်အစား ၎င်းတို့သည် စစ်ကောင်စီ၏ သတင်းစကားများကို အာခံရန် ၎င်းတို့၏ အဆက်အသွယ်များနှင့် ပြည်ပတွင် နှိုင်းယှဉ်ချက်အားဖြင့် ဘေးအန္တရာယ်ကင်းမှုကို တိတ်ဆိတ်စွာ အသုံးပြုနေကြသည်။
၎င်းတို့၏ လုပ်ဖေါ်ကိုင်ဖက်အများအပြား၏ အမြင်တွင် ၎င်းတို့သည် ဘက်ပြောင်းသွားသူများ၊ တာဝန်နှင့် အမိန့်ကို ကျောခိုင်းသူများဖြစ်သည်။ CNN သတင်းဌာနနှင့် တွေ့ဆုံခဲ့သော သံတမန် အများအပြားကမူ ၎င်းတို့သည် လက်တွေ့တွင် ဖေဖေါ်ဝါရီလက ဖြုတ်ချခံရသည့် ဒီမိုကရေစီအစိုးရကို သစ္စာခံသူများဖြစ်ကြောင်း ပြောသည်။
ထို့ကြောင့် အခြားနိုင်ငံများကလည်း ၎င်းတို့ကို ထိုအတိုင်းမြင်လာသည်။
၎င်းတို့သည် အောင်ပွဲတခုရပြီးဖြစ်သည်။ ကုလသမဂ္ဂသည် ဦးကျော်မိုးထွန်းကို သူ၏ရာထူးတွင်ဆက်လက်နေခွင့်ပေးပြီး စစ်ကောင်စီက အစားထိုးခန့်အပ်ခြင်းကို ပယ်ချသည်။ ထို့ကြောင့် သူသည် စစ်ကောင်စီကို ထုတ်ဖေါ်ဆန့်ကျင်သည့် သံတမန်များအနက် တဦးတည်းသော မူလရာထူးတွင် ကျန်ရှိသူဖြစ်နေသည်။
ထိုမျှဖြင့် ပြည့်စုံခြင်း မရှိသေးပေ။ စစ်ကောင်စီသည် သူ့နေရာတွင် အစားထိုးရန် မည်သည့်အချိန်တွင်မဆို ထပ်မံကြိုးစားနိုင်ပြီး စစ်ကောင်စီ သက်ဆိုးရှည်လေလေ မြေအောက် (ဘက်ပြောင်းလာသော) သံတမန်များအတွက် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရန် ခက်လေလေပင်ဖြစ်သည်။
စစ်အာဏာသိမ်းမှု
ဘာလင်တွင် အသက် ၄၉ နှစ်ရှိပြီဖြစ်သော ဒေါ်ချောကလျာသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ကျမ်းသစ္စာကျိန်ဆိုသည်ကို ကြည့်ရန်အတွက် ညနက်အောင်စောင့် နေခဲ့သည်။
NLD ကိုလွန်ခဲ့သောနှစ်က ရွေးကောက်ပွဲတွင် မဲတောင်ပြိုကမ်းပြိုပေးပြီး ရွေးချယ်ခဲ့ပြီး ဖေဖေါ်ဝါရီလ ၁ ရက်နေ့သည် လွှတ်တော် စတင်ခေါ်ယူရန် စီစဉ်ထားသော နေ့ဖြစ်သည်။ သို့သော် ထိုနေ့နံနက်တွင် ပြည်သူများ အိပ်ယာနိုးလာသောအခါ မြို့တော်နေပြည်တော်တွင် စစ်ဝတ်စုံ ဝတ်ဆင်ထားသူများကို အုပ်စုလိုက်တွေ့နေရသည်။ ရုပ်သံလိုင်းများ ပြတ်တောက်နေသည်။ နောက်လာသည့် ရက်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့ဝင်များ လိုက်လံဖမ်းဆီးခံရသည် သို့မဟုတ် ဖမ်းဆီးခံရသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သံတမန်များနှင့် သံရုံးဝန်ထမ်းများသည် အတိတ်က ဖိနှိပ်မှုသို့ ပြန်သွားခြင်းကို ခုခံဆန့်ကျင်နေခြင်းဖြစ်သည်။
ထိုဖြစ်ရပ်သည် စိတ်နှလုံးကြေကွဲစရာကောင်းကြောင်း ဘာလင်ရှိမြန်မာသံရုံး တတိယအတွင်းဝန် ဒေါ်ချောကလျာ ပြောသည်။ သူသည် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တဦးအဖြစ် နိုင်ငံ၏ သမိုင်းဝင် ၁၉၈၈ ခုနှစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့် အရေးတော်ပုံတွင်ပါဝင်ခဲ့ဖူးပြီး နောက်ဆက်တွဲ ဖြိုခွဲမှုများအတွင်း သူငယ်ချင်းများ သတ်ဖြတ်ခံရသည်ကို တွေ့ခဲ့ဖူးသည်။ သူသည် မြန်မာနိုင်ငံတွင် ရက်စက်ကြမ်းကြုတ်သည့် စစ်အုပ်စုတခု အုပ်ချုပ်သည့် လွန်ခဲ့သော ၂၃ နှစ်က နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ဖေဖေါ်ဝါရီလတွင် စစ်အာဏာသိမ်းမှုဖြစ်သောအခါ သူသည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်န်ိုင်မည် မဟုတ်ကြောင်း ချက်ခြင်း သိလိုက်သည်။ ပြည်သူများ မည်မျှအထိ အန္တရာယ်ကျရောက်ရသည်ကို သူမမေ့နိုင်ပေ။ “ဒီတကြိမ်မှာ ကျမတို့ လက်ပိုက်ကြည့်နေလို့ မရဘူးလေ” ဟု သူပြောသည်။
ကြီးထွားလာသော လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုကို လူသိရှင်ကြားထောက်ခံရေး ဘာလင်ရှိ အခြားသံရုံးဝန်ထမ်းများအကြောင်း ပြောသောအခါ တချို့့သည် စစ်ကောင်စီကို ထောက်ခံနိုင်ကြောင်း ဒေါ်ချောကလျာ သတိထားပြောသည်။
တသက်တာသံတမန်အဖြစ် အသက်မွေးဝမ်းကြောင်းခဲ့သော နိုင်ငံခြားရေး ဝန်ထမ်းအများအပြားသည် မြန်မာနိုင်ငံကို အဆင်းရဲဆုံးအဆင့် ၊ အထီးကျန်မှုနှင့် ပြည်တွင်းစစ်သို့ ဆွဲချခဲ့သည့် စစ်အုပ်ချုပ်ရေး ရာစုဝက်အတွင်း ဝင်ရောက်လုပ်ကိုင်ခဲ့သူများ ဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ်တခုကျော်က စစ်ခေါင်းဆောင်များက အာဏာကို ၎င်းတို့ ဆက်လက်ချုပ်ကိုင်ပြီး နိုင်ငံတွင်ရွေးကောက်ပွဲကျင်းပရန်၊ စီးပွားရေးကို ဖွင့်ပေးရန်နှင့် ဒီမိုကရေစီတပိုင်း အသွင်ကူးပြောင်းရန် အစီအစဉ်ကို လုပ်ဆောင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲနိုင်ခြင်းသည် တိုက်ရိုက်စစ်အုပ်ချုပ်ရေးနောက်ပိုင်း ကျင်းပသည့် ဒုတိယမြောက် ဒီမိုကရေစီကျသော ရွေးကောက်ပွဲ ဖြစ်သည်။ ထိုပါတီသည် နိုင်ငံကို ဦးဆောင်နေပုံရသော်လည်း လက်တွေ့တွင်မူ စစ်တပ်သည် သြဇာအာဏာ ကြီးမားသည့် အင်အားစုတခု အဖြစ် ဆက်လက်ရပ်တည်နေသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သံတမန်များနှင့် သံရုံးဝန်ထမ်းများသည် အတိတ်က ဖိနှိပ်မှုသို့ ပြန်သွားခြင်းကို ခုခံဆန့်ကျင်နေခြင်းဖြစ်သည်။
အာဏာသိမ်းမှုကို ဆန့်ကျင်ပြောကြားပြီး စစ်ကောင်စီကို ဆန့်ကျင်သည့်လှုပ်ရှားမှု မအောင်မမြင် ဖြစ်ပါက အိမ်ပြန်မရတော့မည်ကို ဒေါ်ချောကလျာ သိနေသည်။ အန္တရာယ်များသော်လည်း သူ လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
“ကျမတို့ ဘဝတလျှောက်လုုံးမှာ စစ်အာဏာရှင်စနစ်ကို သည်းခံနေရသလို ဖြစ်နေတယ်။ ဒီလှုပ်ရှားမှုမှာ ကျမတို့ ပါဝင်သင့်တယ်။ ပြီးတော့ ဒီလှုပ်ရှားမှုက စစ်အာဏာသိမ်းမှုကို ဖြုတ်ချနိုင်မယ်လို့ ကျမတို့ထင်တယ်။ နောက်ဆုံးမှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အမြစ်ဖြတ် ဖယ်ရှားနိုင်မယ်လို့ ထင်တယ်” ဟု သူပြောသည်။
ဝါရှင်တန်ရှိ မြန်မာသံရုံးမှ အသက် ၂၉ နှစ်အရွယ် အငယ်တန်း သံတမန်တဦးဖြစ်သူ ဒေါ်သက်ထားမြရည်စံသည် ဥရောပမြိ့ကြီးနှစ်ခုမှ သဘောထားချင်း တိုက်ဆိုင်သည့် အခြားသံတမန်နှစ်ဦးနှင့် စိတ်အားထက်သန်စွာ ပြောဆို ဆွေးနွေးခဲ့သည်ကို အမှတ်ရနေသည်။ ထိုစဉ်က သူသည် ပထမဆုံးအကြိမ် ပြည်ပတွင် တာဝန်ထမ်းဆောင်ခြင်း ဖြစ်သော်လည်း သူနှင့် အခြားငယ်ရွယ်သော သံတမန်များသည် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှု သို့မဟုတ် CDM ကိုထောက်ခံရေး အရာရာကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ စစ်ကောင်စီအောက်တွင် နိုင်ငံသည် ပုံမှန်အတိုင်းလည်ပတ်နေခြင်းကို တားဆီးရန် CDM လှုပ်ရှားမှုအတွင်း မြန်မာတနိုင်ငံလုံးမှ ပြည်သူများ အလုပ်မဆင်းဘဲနေကြသည်။
CDM လုပ်တဲ့ သံတမန်တိုင်းက ငါတို့တခုခုလုပ်လို့ရတယ်လို့ စဉ်းစားမိကြတယ်။ ငါတို့ဟာ ဒီမိုကရေစီလိုလားတဲ့ ဒီလှုပ်ရှားမှုကို အကျိုးပြုနိုင်တယ်၊ ကူညီနိုင်တယ်လို့ စဉ်းစားလာကြတယ်
သို့သော် ပြည်ပနိုင်ငံတခုတွင် သီးခြားဖြစ်နေပြီး ပြည်တွင်းတွင် ကျန်ရစ်သော မိသားစုများအတွက် စိုးရိမ်ခြင်းနှင့် နောက် ဘာဆက်ဖြစ်မည်ကို မသိခြင်းတို့ကြောင့် ၎င်းတို့သည် ၎င်းတို့အကြံအစည်များကို ချက်ခြင်းဆောင်ရွက်ခြင်း မပြုကြပေ။
သင်္ကေတဆန်သော အမူအရာ
ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့တွင် ဦးကျော်မိုးထွန်းသည် မန်ဟက်တန်ရှိ Upper West Side မှ သူ၏ရုံးခန်းမှ ကုလသမဂ္ဂ တွင်ပြောကြားမည့် ကြေညာချက်နှစ်စောင်နှင့်အတူ ထွက်ခွာလာသည်။ တခုမှာ စစ်ကောင်စီက ရေးသား အတည်ပြုပေးလိုက်သည့် ကြေညာချက်ဖြစ်ပြီး အခြားတခု သူ လျှို့ဝှက်ရေးသားထားသည့် ကြေညာချက်ဖြစ်သည်။
အဖွဲ့ဝင် ၁၉၃ ဦးပါဝင်သည့် အထွေထွေညီလာခံတွင် သူ စကားပြောရမည့် အလှည့်ရောက်သောအခါ ဦကျော်မိုးထွန်းသည် သံတမန် စံသတ်မှတ်ချက်များမှ ပြတ်ပြတ်သားသား လမ်းခွဲကာ လက်ချောင်းသုံးချောင်းထောင် အလေးပြုလိုက်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို မည်သည့်နည်းလမ်းဖြင့်မဆို ပြန်လည်ထိန်းသိမ်းရန် ကမ္ဘာသို့တောင်းဆိုလိုက်သည်။ လက်ချောင်း သုံးချောင်းထောင် အလေးပြုသည့် အမူအရာမှာ မြန်မာနိုင်ငံမှ ခုခံရေးလှုပ်ရှားမှုအတွက် Hunger Games ဇာတ်ကားမှ နမူနာယူထားခြင်းဖြစ်သည်။
“လက်ရှိထောက်ခံမှုတွေအပြင် အပြစ်မဲ့ပြည်သူတွေကို ဖိနှိပ်မှု ချက်ခြင်းရပ်ဖို့၊ ပြည်သူတွေကို အာဏာချက်ခြင်း ပြန်ပေးဖို့နဲ့ ဒီမိုကရေစီကို ချက်ခြင်းပြန်လည်ထိန်းသိမ်းဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းဆီက အပြင်းထန်ဆုံး အရေးယူမှုတွေကို ကျနော်တို့ လိုအပ်ပါတယ်” ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၂၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဝါရင့်သံတမန် အမြဲတမ်းပြုံးနေတတ်သူ ဦးကျော်မိုးထွန်းပြောသွားခဲ့သည်။
သူ၏ မိန့်ခွန်းအပြီးတွင် နေပြည်တော်ရှိ စစ်ကောင်စီခေါင်းဆောင်များသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ရုံးမှ ဝန်ထမ်းများကို ဆက်သွယ်ခဲ့ပြီး ထို”ရမ်းကားသော သံအမတ်”နှင့် ထိတွေ့ဆက်ဆံခြင်းမပြုရန် ပြောကြောင်း CNN သတင်းဌာနသို့ သူပြောသည်။ နယူးယောက်ရှိ မြန်မာသံရုံးဝန်ထမ်း ၁၄ ဦးအနက် ၅ ဦးသည် မကြာမီ နှုတ်ထွက်ပြီး မြန်မာနိုင်ငံသို့ ပြန်ကြမည်။
နောက်တနေ့တွင် စစ်ကောင်စီက သူ့ကို ရာထူးမှ ဖယ်ရှားလိုက်ပြီး ကမ္ဘာတဝှမ်းမှ မြန်မာသံရုံးများအနေဖြင့် သူ့ကို ရှောင်ရှားရန် ညွှန်ကြားချက်ထုတ်ပြန်ကြောင်း သူပြောသည်။
သို့သော် အခြေအနေမှာ နောက်ကျသွားပြီဖြစ်သည်။ သူ၏မိန့်ခွန်းသည် မြန်မာသံရုံးများနှင့် ကောင်စစ်ဝန် ရုံးများသို့ ပျံ့နှံ့နေပြီးဖြစ်သည်။
ထိုပြဿနာကြောင့် ကုလသမဂ္ဂသည် သူ့ကို အဖွဲ့အစည်းတွင် ဆက်လက်ထားရန်နှင့် စစ်ကောင်စီက တင်ပြသည့် ကိုယ်စားလှယ်သစ် ခန့်အပ်ခြင်းကို လက်ခံရန်အကြား ရွေးချယ်ရန် ဖြစ်လာသည်။ သို့သော် စစ်ကောင်စီက တင်ပြသည့် ကိုယ်စားလှယ်သစ်ကို လက်ခံခြင်းသည် စစ်အာဏာသိမ်းမှုကိုထောက်ခံသည့် အပြုအမူ ဖြစ်နေသည်။
ကုလသမဂ္ဂသည် ဦးကျော်မိုးထွန်းကို ခန့်အပ်သည့် အစိုးရအဖွဲ့ဝင်အများစုသည် ဖမ်းဆီးခံထားရ သို့မဟုတ် ပုန်းအောင်းနေကြရသော်လည်း ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက ထောက်ခံရန် ဆုံးဖြတ်လိုက်သည်။ ကမ္ဘာတဝှမ်းတွင် ဦးကျော်မိုးထွန်း၏ မိန့်ခွန်းသည် အခြားလူများကို စိတ်ဓာတ်ခွန်အားများ ပေးနေပြီဖြစ်သည်။
၂၀၂၀ ပြည့်နှစ်နိုဝင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ကိုယ်စားပြုစဉ်က ဦးကျော်မိုးထွန်းသည် ရိုဟင်ဂျာများအတွက် လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို လူသိရှင်ကြား ပယ်ချခဲ့သည်။
ဘာလင်တွင် ဒေါ်ချောကလျာသည် မျက်ရည်မဆည်နိုင်ဖြစ်ရသည်။ နောက် ရက်အတန်ကြာသောအခါ မတ်လ ၄ ရက်နေ့တွင် လုပ်ဖေါ်ကိုင်ဖက် ကောင်စစ်ဝန်ထမ်း ၆ ဦးရှိသည့်အနက် သူနှင့် အခြားကောင်စစ်ဝန်ထမ်း ၂ ဦးက ၎င်းတို့သည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း Facebook တွင် ကြေညာလိုက်သည်။
“ကျမတို့ ရှုံးရင် ကျမတို့ အိမ်ပြန်လို့ မရတော့ဘူး။ ဒါပေမယ့် သူတို့ရဲ့အလုပ်ကိုတော့ မလုပ်နိုင်ဘူး” ဟု သူရေးသည်။ ထိုပို့စ်ကို လိုက်လုပ်သူ ၁၀၀၀၀ ကျော်ရှိသည်။
နောက် ၆ ရက်ကြာသောအခါ အမိန့်မနာခံမှုဖြင့် သူ့ကို အလုပ်မှ ထုတ်ပယ်လိုက်သည်။
ဝါရှင်တန်တွင်လည်း ဒေါ်သက်ထားမြရည်စံသည် အလုပ်မှထွက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြောက်ထားသည့် အစိုးရအတွက် လုပ်ပေးရသည့်အတိုင်း ကွန်ဂရက်သို့ဖြစ်စေ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ဖြစ်စေ စာရွက်စာတမ်းများကို စစ်ကောင်စီအတွက် သူ မပို့ပေးချင်ပေ။
ဦးကျော်မိုးထွန်း၏ မိန့်ခွန်းကြောင့် သူ ရဲရင့်လာသည်။ “CDM လုပ်တဲ့ သံတမန်တိုင်းက ငါတို့တခုခုလုပ်လို့ရတယ်လို့ စဉ်းစားမိကြတယ်။ ငါတို့ဟာ ဒီမိုကရေစီလိုလားတဲ့ ဒီလှုပ်ရှားမှုကို အကျိုးပြုနိုင်တယ်၊ ကူညီနိုင်တယ်လို့ စဉ်းစားလာကြတယ်” ဟု သူပြောသည်။
ဧပြီလကုန်သို့ရောက်သောအခါ သူသည် ဝါရှင်တန်ပို့စ် သတင်းစာ အတွေးအမြင်ကဏ္ဍတွင် ဆောင်းပါးတစောင် ရေးသားပြီး စစ်ကောင်စီကို မြန်မာခေါင်းဆောင်များအဖြစ် မည်သည့်အတွက် အသိအမှတ်မပြုနိုင်သည်ကို သူ ရှင်းပြသည်။
“ပုံမှန်အားဖြင့် သံတမန်တွေဆိုတာ ပြည်ပမှာ ကိုယ့်နိုင်ငံကို ကိုယ်စားပြုရတာပဲ။ ဒါပေမယ့် စစ်ကောင်စီက ကိုယ့်ပြည်သူကို ကိုယ်ပြန်သတ်နေလို့ သူတို့ကို တရားဝင်အစိုးရလို့ အသိအမှတ်မပြုနိုင်ဘူး” ဟု သူရေးသည်။
ဒေါ်သက်ထားမြရည်စံကို မေလ ၄ ရက်နေ့တွင်အလုပ်မှ ထုတ်ပယ်သည်။ ဒီမိုကရေစီရေးကို ထောက်ခံကြောင်း ကြေညာပြီးသည့်နောက်ပိုင်းတွင် ဖခင်နှင့် စကားမပြောရသေးကြောင်း၊ သူ့ကို အကျပ်အတည်းကျရောက်စေသောကြောင့် ဖခင်က စိတ်ဆိုးနေမည်ဟု သူထင်ကြောင်းလည်း ပြောသည်။
ယခုအခါ ၎င်းတို့ နှစ်ဦးလုံးသည် ဦးကျော်မိုးထွန်း ဦးဆောင်သည့် ပြန့်ကျဲနေသော CDM သံတမန်များ ကွန်ရက်နှင့် ပူးပေါင်းဆောင်ရွက်နေသည်။ ထိုကွန်ရက်သည် နိုင်ငံတွင် ဆက်လက်ပေါ်ပေါက်နေသည့် ဆန့်ကျင်ခုခံရေးလှုပ်ရှားမှုနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို ပြည်ပအစိုးရများ သိရှိအောင် လုပ်ကိုင်နေသည့် ကွန်ရက်ဖြစ်သည်။
၎င်းတို့သည့် မကြာသေးမီက ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပြည်ပသံတမန်များ အသိအမှတ်ပြုရန်လည်း လုပ်ဆောင်နေသည်။ NUG သည် နိုင်ငံတွင် အရပ်သားအုပ်ချုပ်ရေး ပြန်လည် ထိန်းသိမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အစိုးရမှ လက်ကျန်လူများဖြင့် ဖွဲ့စည်းထားသည့် စင်ပြိုင် အစိုးရဖြစ်သည်။
မြန်မာစင်ပြိုင်အစိုးရ လုပ်ငန်းဆောင်ရွက်ပုံ
ဗင်နီဇွဲလားအတိုက်အခံလှုပ်ရှားမှုကို နိုင်ငံတကာက အသိအမှတ်ပြုလိုက်သကဲ့သို့ပင် ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ထူးခြားသော ခြေကုပ်ရသွားခြင်းသည် နိုင်ငံတကာအသိအမှတ်ပြုမှု ရရန် NUG အတွက် အဖိုးမဖြတ်နိုင်သော နိဒါန်းကောင်းဖြစ်နိုင်သည်။ သို့သော် လက်ရှိအချိန်အထိ အောင်မြင်မှုအနည်းငယ်သာ ရသေးသည်။
စစ်ကောင်စီကို မကြိုက်တဲ့ ကျမရဲ့ လုပ်ဖေါ်ကိုင်ဖက် အများကြီးရှိပြီး စစ်အာဏာသိမ်းတာကိုလည်း သူတို့ လက်မခံကြဘူး။ ဒါပေမယ့် ဒီလှုပ်ရှားမှုမှာ သူတို့ မပါနိုင်ကြဘူး။ ကျမတို့က လူ့အခွင့်အရေး အခြေအနေကို ထည့်သွင်းစဉ်းစားတဲ့ ဥရောပနိုင်ငံတခုမှာ ရောက်နေတာ ကံကောင်းတာ
စစ်ကောင်စီကိုဖယ်ရှားပြီး ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းကာ တိုင်းပြည်ကိုပြန်လည်တည်ဆောက်ရင်း မည်သည့်လူမျိုးဖြစ်စေ လူတိုင်းအတွက် ပိုမိုကောင်းမွန်သောနေရာကို ဖန်တီးလိုကြောင်း NUG ကပြောကြားထားသည်။ NUG သည် မြန်မာနိုင်ငံတွင် ကျယ်ပြန့်သော ထောက်ခံမှု ရရှိထားပုံရှိသော်လည်း တိုင်းရင်းသားလက်နက်အဖွဲ့အစည်းအများအပြား အပါအဝင် အချို့သူများက သံသယရှိကြသည်။
မြန်မာနိုင်ငံမှ များပြားလှသော တိုင်းရင်းသားများကို စစ်အုပ်စုအဆက်ဆက်က ဖိနှိပ်ကြပြီး နိုင်ငံတော်ကမကထပြု ခွဲခြားဆက်ဆံခြင်း၊ ပဋိပက္ခ၊ မြေယာသိမ်းယူမှုနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို ခံကြရသည်။ ဒေါ်အောင်ဆန်းစုကြည် အာဏာရသော်လည်း ထိုကိစ္စများသည် ရပ်ဆိုင်းသွားခြင်း မရှိပေ။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များက အနောက်ပိုင်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်ဆလင်များအပေါ် လူမျိုးစုသုတ်သင်သည့် စစ်တပ်၏ စစ်ဆင်ရေးများကို တုံ့ပြန်ပုံအတွက် နိုင်ငံတကာ ပြစ်တင်ရှုတ်ချခံရသည်။ ထိုစစ်ဆင်ရေးများကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူ ၁ သန်းနီးပါး ထွက်ပြေးရသည်။ စစ်တပ်ကမူ ၎င်းတို့သည် အကြမ်းဖက်သမားများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ပြောပြီး ထိုလုပ်ရပ်များကို ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာတရားရုံးတွင် သွားရောက်ခုခံသည်။
NLD အစိုးရသည် ရိုဟင်ဂျာဆိုသည့် စကားကိုပင် အသိအမှတ်မပြုဘဲ ၎င်းတို့ကို နိုင်ငံသားဖြစ်ခွင့်မပေးသဖြင့် နိုင်ငံမဲ့များဖြစ်သွားစေသည်။ ၂၀၂၀ ပြည့်နှစ်နိုဝင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ကိုယ်စားပြုစဉ်က ဦးကျော်မိုးထွန်းသည် ရိုဟင်ဂျာများအတွက် လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို လူသိရှင်ကြား ပယ်ချခဲ့သည်။
ယနေ့ NUG အစိုးရတွင် ရိုဟင်ဂျာ ကိုယ်စားလှယ်ပါဝင်ခြင်းမရှိပေ။ ထိုအချက်သည် NUG ကို နိုင်ငံတကာ အသိအမှတ်ပြုရေးအတွက် လုပ်ဆောင်ရာတွင် အခက်အခဲဖြစ်ကြောင်း ပိုမိုပြသလာသည်။ ၂၀၂၁ ခုနှစ် မေလက အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ကြားနာမှုတခုတွင် ကယ်လီဖိုးနီးယားမှ အောက်လွှတ်တော်ကိုယ်စားလှယ် တက်လီယူက NUG သည် ရိုဟင်ဂျာကို ကိုယ်စားမပြုသောကြောင့် မထောက်ခံကြောင်း အသိအမှတ်ပြုခြင်းကို ဆန့်ကျင်ကြောင်းပြောသည်။
“ရိုဟင်ဂျာ ကိုယ်စားပြုမှုမပါရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက NUG အစိုးရကို အသိအမှတ် မပြုသင့်ဘူး။ အရင်အစိုးရတုန်းက ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ သတ်ဖြတ်တယ်။ NUG အစိုးရဟာ ရိုဟင်ဂျာတွေကို လူမျိုးစုသုတ်သင်ခြင်း ရပ်ဖို့ ကတိပြုရမယ်” ဟု အထက်ပါကြားနာမှုအပြီး တွစ်တာတွင် သူရေးသည်။
တိုင်းရင်းသားများအတွက် ပိုမိုကြီးမားသည့် အခွင့်အရေးများ၊ ကိုယ်စားပြုမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ခြင်းအပါအဝင် နိုင်ငံတည်ဆောက်ရန် မည်သည့်အားထုတ်မှုမဆိုတွင် ၎င်းတို့၏ တောင်းဆိုချက်များကို ဗဟိုပြုရမည်ဖြစ်ကြောင်း တိုင်းရင်းသား ပြည်သူအများအပြားက တောင်းဆိုကြသည်။ ထိုအချက်သည် အတိတ်မှ လူ့အခွင့်အရေး ချိုးဖေါက်မှုများကို ကိုင်တွယ်ဖြေရှင်းပြီး လူများစုဖြစ်သော ဗမာတိုင်းရင်းသားများကို မျက်နှာသာမပေးသည့် ပိုမိုမျှတသော စနစ်ထူထောင်ရန် အခွင့်အလမ်းဖြစ်ကြောင်း အများအပြားကပြောသည်။
ဘာသာရေးအရ၊ လူမျိုးရေးအရ၊ အခြားအကြောင်းအရ လူနည်းစုဖြစ်နေသူ တိုင်းရင်းသားအားလုံး၏ အခွင့်အရေးများသည် အနာဂတ် အရပ်သားအစိုးရတွင် တန်းတူဖြစ်သင့်ကြောင်း ဦးကျော်မိုးထွန်းပြောသည်။ “ရိုဟင်ဂျာနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ စိုးရိမ်ပူပန်မှုတွေကို ကျနော်တို့လည်း ပူပန်ပြီး ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်က သူတို့တွေ့ကြုံရတာတွေအတွက် စိတ်မကောင်းဘူး” ဟု သူပြောသည်။
သံရုံးများအတွင်း တင်းမာမှုများ
ကုလသမဂ္ဂတွင် ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားပြီး နောက်တနေ့တွင် ဝါရှင်တန်ဒီစီရှိ သူ၏လုပ်ဖေါ်ကိုင်ဖက်များထံမှ အရေးပေါ် သတင်းစကားကို သူကြားသိရသည်။
ဝါရှင်တန် ဒီစီတွင်အခြေစိုက်သည့် စစ်ကောင်စီလိုလားသော မြန်မာသံအမတ် ဦးအောင်လင်းသည် နယူးယောက်ရှိ သူ၏ရုံးခန်းသို့ ရုတ်တရက်လာရောက်ရန်ရှိကြောင်း၊ သတိထားရန် လိုကြောင်း ထိုလုပ်ဖေါ်ကိုင်ဖက်များက သူ့ကိုပြောသည်။
ထိုစကားသည် တနာရီအတွင်း နယူးယောက်ရှိ မြန်မာအသိုက်အဝန်းအကြား ပျံ့နှံ့သွားပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးအနီးတွင် လူအုပ်စုဖြစ်လာကြောင်း သူပြန်ပြောပြသည်။ ဦးကျော်မိုးထွန်း၏အဆိုအရ ဝါရှင်တန် ဒီစီမှ သံအမတ်သည် ရထားဖြင့်ရောက်လာပြီး ထိုရပ်ကွက်သို့ရောက်လာသော်လည်း ကြီးမားလှသော လူအုပ်ကိုတွေ့သောကြောင့် ပြန်လှည့်ပြီး ဝါရှင်တန် ဒီစီသို့ ပြန်သွားကြောင်း သိရသည်။
“ကျနော်တို့ မြန်မာအသိုင်းအဝိုင်းက အဲဒီလို အကာအကွယ်ပေးပါတယ်။ အဲဒီနောက်ပိုင်း ကျနော်တို့ တယောက်နဲ့ တယောက် စကားမပြောကြဘူး” ဟု ဦးကျော်မိုးထွန်းပြောသည်။
ဝါရှင်တန်မှ သံအမတ်သည် မည်သည့်အတွက် လာသည်ကို ရှင်းရှင်းလင်းလင်း မသိရသလို ဝေဖန်ပြောကြားပေးရန် CNN ၏ တောင်းဆိုမှုကိုလည်း အကြောင်းပြန်ကြားခြင်းမရှိပါ။ သူသည် ဦးကျော်မိုးထွန်းကို ရုံးခန်းမှမောင်းထုတ်ရန် ကြိုးစားမည်ကို အချို့က စိုးရိမ်ကြသည်။
အလားတူဖြစ်ရပ်မျိုးသည် လန်ဒန်တွင် ဧပြီလက ဖြစ်ခဲ့သည်။ လန်ဒန်တွင် ဗြိတိန်န်ိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စွာမင်း စစ်ကောင်စီကို ဆန့်ကျင်ပြောကြားသည့် အစောဆုံး သံအမတ်များတွင် ပါဝင်ပြီး စစ်ကောင်စီဘက်က ရပ်တည်သည့် သံရုံးဝန်ထမ်းများက သူ့ကို သံရုံးပြင်ပတွင် သော့ခတ်ထားသည်။ အာဏာသိမ်းမှုဟု သူပြောသောဖြစ်ရပ်တွင် သူသည် သံရုံးအတွင်း ဝင်ခွင့်မရသောကြောင့် သူ၏ ကားအတွင်းတွင် အိပ်စက်ရသည်။
CDM လှုပ်ရှားမှုတွင် ပါဝင်သော သံတမန်များသည် အမေရိကမှ ဂျနီဗာနှင့် တိုကျိုအထိ တကမ္ဘာလုံးတွင် အခြေစိုက်နေကြသည်။ သို့သော် အာရှနိုင်ငံများမှ မြန်မာသံတမန်များသည် ဥရောပနှင့် အမေရိကန် ပြည်ထောင်စုကဲ့သို့ လူ့အခွင့်အရေးကိစ္စများကို ထုတ်ဖေါ်ပြောဆိုသည့် နိုင်ငံများနှင့် မတူသော အန္တရာယ်ကို ရင်ဆိုင်ရကြောင်း ဒေါ်ချောကလျာပြောသည်။
“စစ်ကောင်စီကို မကြိုက်တဲ့ ကျမရဲ့ လုပ်ဖေါ်ကိုင်ဖက် အများကြီးရှိပြီး စစ်အာဏာသိမ်းတာကိုလည်း သူတို့ လက်မခံကြဘူး။ ဒါပေမယ့် ဒီလှုပ်ရှားမှုမှာ သူတို့ မပါနိုင်ကြဘူး။ ကျမတို့က လူ့အခွင့်အရေး အခြေအနေကို ထည့်သွင်းစဉ်းစားတဲ့ ဥရောပနိုင်ငံတခုမှာ ရောက်နေတာ ကံကောင်းတာ” ဟု သူပြောသည်။
တိုကျိုရှိ မြန်မာသံတမန်နှစ်ဦးက စစ်ကောင်စီအကြမ်းဖက်မှုများကို ရှုတ်ချလိုက်သောအခါ ၎င်းတို့ကို စစ်ကောင်စီကအလုပ်ဖြုတ်လိုက်ကြောင်း ဒေသခံမီဒီယာများပြောသည်။ ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကို မြန်မာသံရုံးက ပယ်ဖျက်လိုက်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
ဂျာမန်အစိုးရသည် ဒေါ်ချောကလျာနှင့်သူ၏ လုပ်ဖေါ်ကိုင်ဖက်များ၏ သံတမန်အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းခွင့်ပေးပြီး အနည်းဆုံးလက်ရှိအချိန်အထိ ထောက်ခံပေးနေချိန် ဘက်ပြောင်း သံတမန်အများအပြားအတွက် ထိုမျှ ရှင်းရှင်းလင်းလင်း မရှိပေ။ မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်မည်ကို မဆုံးဖြတ်ရသေးကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက မေလတွင် ပြောသည်။ ထိုစဉ်က ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တိုရှီမစ်ဆု မိုတီဂီက ၎င်းတို့၏နေထိုင်ခွင့်ကို မဖျက်သိမ်းသေးကြောင်း ပြောသည်။ သို့သော် ၎င်းတို့၏ အခြေအနေမှာ မေလမှ စတင်ပြီး တိုးတက်မှု မရှိကြောင်း ဂျပန်နိုင်ငံခြားရေး အရာရှိတဦးက ပြောသည်။
တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်သည် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေစဉ် တောင်ကိုရီးယားရှိ အင်အား ၂ သောင်းခန့်ရှိ မြန်မာအသိုက်အဝန်းမှ အချို့က စိတ်ပျက်လာကြသည်။ လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုကို ထောက်ခံသည့် မြန်မာစစ်ကောင်စီ ပြစ်တင်ရှုတ်ချရေးကော်မတီက သံအမတ်ကို ဆက်သွယ်ပြီး ပြည်သူများနှင့်အတူ ရပ်တည်ရန်ပြောသည်။
” သူက ပြည်သူတွေနဲ့မရပ်တည်ဘဲ လူသတ်သမားတွေနဲ့ရပ်တည်တယ်” ဟု အထက်ပါ ကော်မတီ ပူးတွဲ ခေါင်းဆောင် ကိုစိုးမိုးသူက ဧပြီလတွင်ပြောသည်။ ကိုစိုးမိုးသူသည် တောင်ကိုရီးယားသို့ ၁၉၉၅ ခုနှစ်ကပင် ရောက်နေသူဖြစ်သည်။ “သံအမတ်က ကျနော်တို့နဲ့ရပ်တည်ရင် သူ့အနေအထားကို ကျနော်တို့က မြန်မာ့ ဒီမိုကရေစီအရေးကို ကူညီဖို့ သုံးလို့ရတယ်။ စစ်အာဏာရှင်စနစ်ကို ထောက်ခံပြီး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားမှာ သူနေရဲတာကို ကျနော်တို့ စိတ်မကောင်းဘူး”
ရှေ့ဆက်မည်သို့ဖြစ်မည်နည်း
စစ်ကောင်စီကို ကိုယ်စားပြုရန် ငြင်းဆန်သော သံတမန်များသည် ၎င်းတို့၏ ပြည်ဝင်ခွင့် ဗီဇာအဆင့်အတန်းနှင့် မည်သည့်နေရာတွင် နေနိုင်မည်နှင့်ပတ်သက်ပြီး လေးနက်ပြီး လက်တွေ့ကျသော ပြဿနာကို ရင်ဆိုင်နေရသည်။
စစ်ကောင်စီက ဒေါ်ချောကလျာ၏ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်လိုက်ကြောင်း ကြေညာသည်။ သူ့ကို မြန်မာနိုင်ငံသို့ ပြန်ပို့ပါက ရောက်လျှင်ရောက်ခြင်း သူအဖမ်းခံရမည်ဖြစ်သည်။ သူသည် နိုင်ငံမဲ့ဖြစ်သွားကြောင်း ဒေါ်ချောကလျာပြောသည်။
ဂျာမဏီရှိ မြန်မာသံရုံးက ငှားထားပေးသည့် တိုက်ခန်းတွင် ဒေါ်ချောကလျာနေထိုင်ခဲ့ဖူးသော်လည်း ရာထူးမှ ထုတ်ပယ်ခံရသောအခါ ထိုအခန်းကို ဆုံးရှုံးသွားသည်။ CNN က ဒေါ်ချောကလျာကို ဆက်သွယ်သောအခါ သူသည် အလှူဒါနအဖွဲ့အစည်းတခုက ပေးချေမှုဖြင့် ဟိုတယ်တခုတွင် နေထိုင်နေသည်။
လတ်တလောတွင် သူ့ကို ဂျာမန်န်ိုင်ငံခြားရေးရုံးက ထောက်ခံနေသေးသည်။ သူ၏ လုံခြုံရေးအတွက် စိုးရိမ်ကြောင်းလည်း ဂျာမန်နိုင်ငံခြားရေး ဌာနက ပြောကြားထားသည်။ သူနှင့် သူ၏လုပ်ဖေါ်ကိုင်ဖက်များကို ဂျာမန်နိုင်ငံခြားရေးဌာနက သံတမန်များအဖြစ် တရားဝင် အသိအမှတ်ပြုခြင်း မရှိကြောင်း သူပြောသော်လည်း ၎င်းတို့၏ သံတမန်ပြည်ဝင်ခွင့်ကို ဇွန်လကုန်အထိ အတည်ပြုထားကြောင်း တရားမဝင်ပြောကြားထားသည်ဟု ဆိုသည်။
သူတို့က စစ်ကောင်စီကို ဆန့်ကျင်ဖို့ နေ့တိုင်းအသက်ကိုရင်းနေရတယ်။ ကျမတို့ဟာ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်တဲ့အတွက် ပြည်သူတွေက စစ်ကောင်စီကို ဆန့်ကျင်ရင် ကျမတို့လည်း ဆန့်ကျင်ရမယ်
လုံခြုံပြီး ရေရှည်အတွက်ကောင်းမွန်သည့် အဖြေတခုရှာနေကြောင်း ဂျာမန်နိုင်ငံခြားရေး ဝန်ကြီးဌာက သတင်းရင်းမြစ်တခုက ပြောသည်။
ဒေါ်ချောကလျာကဲ့သို့ပင် ဝါရှင်တန်ရှိ ဒေါ်သက်ထားမြရည်စံသည်လည်း ဖြတ်တောက်ခံထားရသည်။ လခ မရ၊ ကျန်းမာရေး အာမခံမရ။ နိုင်ငံကူးလက်မှတ်လည်း မရှိတော့ပေ။ အမေရိကန်ပြည်ထောင်စုမှ သူမ၏ အနာဂတ်သည် စိတ်ဖိစီးစရာကောင်းသလို ကြောက်စရာလည်း အနည်းငယ်ကောင်းကြောင်း သူပြောသည်။ သို့သော် ပြည်တွင်းမှ မြန်မာပြည်သူများက စစ်ကောင်စီကို ခုခံမှုကြောင့် ဆက်လက်ရပ်တည်ရန် စိတ်ခွန်အားကို ဖြစ်စေကြောင်း သူပြောသည်။
” သူတို့က စစ်ကောင်စီကို ဆန့်ကျင်ဖို့ နေ့တိုင်းအသက်ကိုရင်းနေရတယ်။ ကျမတို့ဟာ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်တဲ့အတွက် ပြည်သူတွေက စစ်ကောင်စီကို ဆန့်ကျင်ရင် ကျမတို့လည်းဆန့်ကျင်ရမယ်” ဟု သူပြောသည်။
ထိုပြဿနာအလုံးစုံသည် စက်တင်ဘာလတွင် ကျင်းပမည့် အထွေထွေညီလာခံတွင် ရှေ့တန်းသို့ ထပ်ရောက်လာဦးမည်ဖြစ်သည်။ ထိုအထွေထွေညီလာခံတွင် စစ်ကောင်စီက သူ့နေရာတွင် အစားထိုးမည့်သူ တဦးကို တင်သွင်းပါက ဦးကျော်မိုးထွန်းရရှိထားသော ကုလသမဂ္ဂ၌ ကိုယ်စားပြုခွင့်က ထပ်မံစမ်းသပ်ခံရမည်ဖြစ်သည်။
” ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကိုယ်စားပြုခွင့်ရခြင်းသည် အရေးပါသည်” ဟု Center for a New American Security ၏ Indo-Pacific Security Project မှ သုတေသီ နှင့် ကမ္ဘာ့အမျိုသမီး ကိစ္စရပ်များဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ကယ်လေး ကာရီက Just Security တွင်ရေးသားသည်။
“လက်တွေ့ကျကျပြောရမည်ဆိုလျှင် နယူးယောက်ရှိ ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့်သည် NUG အစိုးရအနေဖြင့် မြေပြင်တွင် ဆက်လက်တိုက်ပွဲဝင်ပြီး ၎င်းတို့ပိုင် မဏ္ဍိုင်အဖွဲ့အစည်းများကို တည်ဆောက်နေချိန်တွင် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရေး အားထုတ်မှုအတွက် ခြေကုပ်စခန်းဖြစ်နိုင်သည်” ဟု သူ ဆက်လက်ရေးသားသည်။
ယခုတကြိမ် ကုလသမဂ္ဂအထွေထွေညီလာခံ စုံညီအစည်းအဝေးတွင် ထိုပြဿနာကို တင်ပြခြင်းမရှိသေးကြောင်း ကုလသမဂ္ဂ ပြောခွင့်ရသူတဦးက CNN သို့ပြောသည်။ ဇွန်လအစောပိုင်းက အထွေထွေ ညီလာခံသည် စစ်အာဏာသိမ်းမှုကို ရှုတ်ချသည့် ဆုံးဖြတ်ချက်ကို အများစုမဲဖြင့် အတည်ပြုခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီဖက်က လုပ်လာနိုင်သည့် လုပ်ရပ်ကို ကြိုဆိုခြင်း မရှိသည့် သဘောဖြစ်သည်။
နိုင်ငံတကာ အသိုက်အဝန်းက ကျမတို့အပေါ်မှာ အကြိမ်ကြိမ် ပျက်ကွက်ခဲ့တယ်လို့ ကျမတို့ ခံစားရပေမယ့် အခုတကြိမ်ကတော့ မြန်မာအတွက် နောက်ဆုံးအခွင့်အရေးဖြစ်တယ်။ ဒီတကြိမ်မှာ ကျမတို့မအောင်မြင်ရင် မျှော်လင့်ချက် မရှိတော့ဘူး။ တနိုင်ငံလုံး လုံး၀ ဖျက်ဆီးခံရသလို ဖြစ်သွားမယ်
နိုင်ငံတကာအသိုက်အဝန်းသည် ထိုထက်မက လုပ်ဆောင်ရန်လိုကြောင်း ဒေါ်ချောကလျာပြောသည်။ နိုင်ငံခြားအစိုးရများက NUG ကို အသိအမှတ်ပြုစေချင်သည်။ ထိုသို့အသိအမှတ်ပြုခြင်းသည် မြန်မာနိုင်ငံ၏ တခုတည်းသော အနာဂတ်ဖြစ်သည်ဟု သူမြင်သည်။
” နိုင်ငံတကာ အသိုက်အဝန်းက ကျမတို့အပေါ်မှာ အကြိမ်ကြိမ် ပျက်ကွက်ခဲ့တယ်လို့ ကျမတို့ ခံစားရပေမယ့် အခုတကြိမ်ကတော့ မြန်မာအတွက် နောက်ဆုံးအခွင့်အရေးဖြစ်တယ်။ ဒီတကြိမ်မှာ ကျမတို့မအောင်မြင်ရင် မျှော်လင့်ချက် မရှိတော့ဘူး။ တနိုင်ငံလုံး လုံး၀ ဖျက်ဆီးခံရသလို ဖြစ်သွားမယ်” ဟု သူပြောသည်။
” ဒီမိုကရေစီနိုင်ငံအနေနဲ့ ကျမတို့ ဆက်လက် ရှင်သန်နိုင်တော့မှာ မဟုတ်ဘူး” ဟု သူပြောသည်။
(CNN မှ The junta overthrew the government they represented. What happens next for Myanmar’s diplomats in limbo? ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ကုလသမဂ္ဂစစ်မြေပြင်က မြန်မာ့ ဒီဒေး (D-Day)
မဟာဆုတ်ကပ်အတွင်း ရောက်ပေမယ့် မြန်မာပြည်သူတွေ အရှုံးမပေး
ပြည်သူ့ကာကွယ်ရေးတပ်များ၏ လာရာနှင့် လားရာ
တော်လှန်ရေး အင်အားစုများ ညီညွတ်မည်ဟု ယုံကြည်ကြောင်း ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများပြော