ရွေးကောက်ပွဲ ရလဒ်ကို ငြင်းပယ်ပြီး မဲစာရင်း အကြောင်းပြ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေနဲ့ နိုင်ငံသား အခွင့်အရေး ထိခိုက်စေတဲ့ ဥပဒေပြင်ဆင်မှုတွေဟာ တရားဥပဒေ စိုးမိုးရေးကို ပျက်သုဉ်းစေခဲ့တယ် လို့ အမေရိကန်ရှေ့နေများအသင်း (ABA) က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
နိုင်ငံသား လွတ်လပ်မှုနဲ့ လုံခြုံမှု အခွင့်အရေးတွေအပေါ် အာမခံထားတဲ့ ဥပဒေတွေကို အာဏာသိမ်းခေါင်း ဆောင်တွေရဲ့ သဘောထားနဲ့ ပြင်ဆင် ပယ်ဖျက်နေတာတွေ၊ ရှေ့နေတွေအပေါ် အရေးယူနေတာတွေကို ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဇူလိုင် ၅ ရက် ရက်စွဲနဲ့ ABA ဥက္ကဋ္ဌ Patricia Lee Refo ပေးပိုခဲ့တဲ့ အိတ်ဖွင့် ပေးစာမှာ ဖော်ပြထားပြီး နိုင်ငံတကာ ဥပဒေစံနှုန်နဲ့ ပဋိဉာဉ်တွေကိုလည်း ချိုးဖောက်နေတယ်လို့လည်း ထောက် ပြထားပါတယ်။
အမေရိကန်နိုင်ငံရဲ့ တရားလွှတ်တော် ရှေ့နေတွေ၊ ဥပဒေပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ABA ဟာ ဥပဒေ ပညာရပ်ဆိုင်ရာ စံတွေနဲ့ ကျင့်ဝတ်တွေ အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဩဇာလွှမ်းမိုးမှုရှိတဲ့ အဖွဲ့အစည်းကြီး တခုလည်း ဖြစ်ပါတယ်။
အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတွေကို ပစ်မှတ်ထား ဖိနှိပ်ဖို့အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မတွေနဲ့ ရာဇ ဝတ်ကျင့်ထုံး ပုဒ်မ ပြင်ဆင်မှုတွေကို ABA က အဓိက ထောက်ပြထားပြီး လူ့အခွင့်အရေး ကြေညာစာတမ်းပါ ထုတ်ဖော် ပြောဆိုခွင့်နဲ့ စုဝေးခွင့်တွေကို ဟန့်တားကာ စွပ်ခံရသူတွေရဲ့ မိသားစုဝင်တွေအပြင် ဆန္ဒပြသူတွေ၊ ရှေ့နေတွေ၊ သတင်းသမားတွေနဲ့ အခြားသူတွေအပေါ် အငြင်းပွားဖွယ် ဖမ်းဆီးချုပ်နှောင်တဲ့ အန္တရာယ်တွေ မြင့်မားစေခဲ့တယ်လို့လည်း ဆိုထားပါတယ်။
“တရားဥပဒေ စိုးမိုးရေးက လုံးဝကို ပျက်ယွင်းသွားတဲ့ အနေအထားဖြစ်တယ်၊ နိုင်ငံသားတွေရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်နဲ့ လုံခြုံရေးတွေလည်းပဲ ပျောက်ဆုံးသွားတယ်၊ နိုင်ငံသားအခွင့်အရေးတွေလည်း ဆုံးရှုံးသွားတာ တွေ့ရတယ်”
ABA ရဲ့ထောက်ပြမှုတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းမှ ဥပဒေရေးရာ ကျွမ်းကျင်သူတဦးက “မြန်မာနိုင်ငံမှာရှိတဲ့ ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့တွေက ဒီလိုဆောင်ရွက်ဖို့ ပျက်ကွက်နေတဲ့ အတွက် အမေရိကန်ရှေ့နေအဖွဲ့က အိတ်ဖွင့်ပေးစာ ပေးတယ်လို့ပဲ မြင်ပါတယ်၊ ရှုတ်ချတာ၊ ပြစ်တင်တာ စတဲ့ အငြင်းပွားဖွယ် စကားတွေပါနေပေမယ့် အားလုံးခြုံကြည့်ရင် မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ် အပြုသဘော ဆောင်တဲ့ အဓိပ္ပာယ်တွေ့ရပါတယ်” လို့ သုံးသပ်ပါတယ်။
စစ်အုပ်စု အနေနဲ့ အာဏာတည်မြဲရေးအတွက် ဆန္ဒပြသူတွေကို ဖိနှိပ်ဖို့ ကြိုးပမ်းရာမှ ရာဇသတ်ကြီးဥပဒေ ပြင်ဆင်ခြင်းဖြင့် ဖျက်သိမ်းပြီးဖြစ်တဲ့ အရေးပေါ် စီမံမှု အက်ဥပဒေပါ ပြဋ္ဌာန်းချက်အချို့ ပြန်လည် အသက်သွင်း ခဲ့သလို နိုင်ငံသားတယောက်ရဲ့ လွတ်လပ်လုံခြုံမှုကို အာမခံထားတဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေပါ ပုဒ်မတွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။
ဥပဒေတွေ ပြင်ဆင်ပယ်ဖျက်တဲ့နေရာမှာ လူထုရဲ့အကျိုးစီးပွားကို ရှေးရှုရမှာဖြစ်သလို လူထု ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကနေ ဆွေးနွေးပြီး ပြင်ဆင်တာမျိုး မဟုတ်ဘဲ အာဏာသိမ်းစစ်အုပ်စု အလိုကျ ပြင်ဆင်နေတာဟာ အန္တရာယ်များတယ်လို့ ဥပဒေအကြံပေးတဦးက ပြောပါတယ်။
“တရားဥပဒေ စိုးမိုးရေးက လုံးဝကို ပျက်ယွင်းသွားတဲ့ အနေအထားဖြစ်တယ်၊ နိုင်ငံသားတွေရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်နဲ့ လုံခြုံရေးတွေလည်းပဲ ပျောက်ဆုံးသွားတယ်၊ နိုင်ငံသားအခွင့်အရေးတွေလည်း ဆုံးရှုံးသွားတာ တွေ့ရတယ်” လို့ ၎င်းက ပြောပါတယ်။
အာဏာရှင် လက်ကိုင်တုတ် ပုဒ်မ ၅(ည) နှင့် ၅၀၅(က)
စစ်အစိုးရတွေ လက်ထက်တလျှောက် လူထုအပေါ် နှိပ်ကွပ်ဖိနှိပ်ခဲ့တဲ့ ၁၉၅၀ ခုနှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေကို NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပေမယ့် စစ်ကောင်စီဟာ အာဏာသိမ်းပြီး နှစ်ပတ်အတွင်းမှာပဲ ပြန်အသက်သွင်းလိုက်ပါတယ်။
အဓိအားဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄(ဂ)၊ ပုဒ်မ ၁၂၄(ဃ)၊ ပုဒ်မ ၅၀၅(က) ပြင်ဆင်ဖြည့်စွက်ချက်တွေ ဟာ အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၃ နဲ့ ၅ ပါ ပြဋ္ဌာန်းချက်တွေကို ပြန်လည်ထည့်သွင်းလိုက်တာပဲ ဖြစ် တယ်လို့ ရှေ့ နေတဦးက ပြောပါတယ်။
ယခင်စစ်အစိုးရလက်ထက် နိုင်ငံရေးအရ လှုပ်ရှားသူတွေကို ဖိနှိပ်ရာမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပုဒ်မ ၅(ည)လို့ ယနေ့ခေတ် နွေဦးတော်လှန်ရေးမှာ ထောင်နဲ့ချီတဲ့ ဖမ်းဆီးခံရသူတွေကလည်း ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခြင်း ခံနေကြရပါတယ်။
ယခင်မူလ ပြဋ္ဌာန်းချက်ပုဒ်မ ၅၀၅(က)ဟာ ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိသလို အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ သာ ချမှတ်နိုင်ပေမယ့် စစ်ကောင်စီရဲ့ ပြင်ဆင်ဖြည့်စွက်ချက်မှာတော့ ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သလို ၃ နှစ်အထိ လည်း ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မ ဖြစ်လာပါတယ်။
ဒါ့ပြင် အသစ်ဖြည့်စွက်တဲ့ ပုဒ်မ ၁၂၄ (ဂ)ဟာ ထောင်ဒဏ်နှစ် ၂၀ အထိချမှတ်နိုင်သလို ပုဒ်မ ၁၂၄(ဃ) ဟာ လည်း ၇ နှစ်အထိ ထောင်ဒဏ် ချမှတ်နိုင်တဲ့ပုဒ်မတွေဖြစ်ပါတယ်။
တခြားသော ပြင်ဆင်မှုအနေနဲ့ နိုင်ငံတော်နဲ့ အစိတ်အပိုင်းတခုခုကို စစ်မက်ပြိုင်ဆိုင်စေခြင်းဆိုတဲ့ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၁ ကိုလည်း ပြင်လိုက်ပါသေးတယ်။ ဒီပုဒ်မဟာ တ သက်တကျွန်းပြစ်ဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။
ပုဒ်မ ၁၂၁ ပြင်ဆင်ရာမှာ ထူးခြားချက်အနေနဲ့ ဖွဲ့စည်းအခြေခံဥပဒေအရ တည်ထောင်ခန့်အပ်တဲ့ လုပ်ငန်းအဖွဲ့ တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်သော နည်းလမ်း(သို့) တခြားနည်းလမ်းတခုခုနဲ့ဖြစ်စေ ပြုပြင်ပြောင်း လဲဖို့ လုပ်ဆောင်တာ၊ ပူးပေါင်းလှုံ့ဆော်တာတွေဟာ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးကျူးလွန်တယ် လို့ ဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်။
ဥပဒေရေးရာ ကျွမ်းကျင်သူတချို့ကတော့ ဒီပြင်ဆင်ချက်ဟာ ရွေးကောက်ပွဲ မဲစာရင်းအမှားကို အကြောင်းပြ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ မသမာမှုတွေရှိလာတဲ့အခါ အရေးယူနိုင်အောင် ထည့် သွင်းလိုက်တာလို့ သုံးသပ်မှုတာတွေလည်း ရှိပါတယ်။
ဒီအပြင် ယခင်အစိုးရ လက်ထက်တလျှောက် လုပ်ဆောင်တာတွေ၊ ဥပဒေပြဋ္ဌာန်းတာတွေနဲ့ ပတ်သက်လို့ အခြေခံ ဥပဒေနဲ့ မညီကြောင်း၊ ဆန့်ကျင်ကြောင်း ပြောဆိုလာတဲ့ စစ်တပ်ဟာ အစိုးရအဖွဲ့ဝင်တွေအပေါ် အရေးယူနိုင်ဖို့ ပြင်ဆင်ချက်အနေနဲ့လည်း ယူဆသူတွေ ရှိကြပါတယ်။
နောက်ဆုံး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်ခဲ့ တာဟာ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉(စ)နဲ့ ငြိစွန်းတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြီးခဲ့တဲ့ ရုရှားနိုင်ငံခရီးစဉ် အင်တာဗျူးတခုမှာ ပြောခဲ့ပါသေးတယ်။
အဲဒါတွေအပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှုလို့ လူသိများတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က) ပြင်ဆင်ချက်မှာလည်း ယခင်ပြဋ္ဌာန်းချက်မှာ မပါတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ထည့်သွင်းလိုက်ပါတယ်။
ဒါဟာ နွေဦးတော်လှန်ရေး အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမခံရမီ အစောပိုင်းဆန္ဒပြပွဲတွေမှာ စစ်တပ်နဲ့ စစ်သားတွေ အပေါ် ပြောဆိုကြွေးကြော်တာတွေမှာ ထိခိုက်စေတယ်လို့ ယူဆရင် ကြီးလေးတဲ့ ပြစ်ဒဏ်နဲ့ အရေးယူနိုင်ဖို့ ပြင် ဆင်လိုက်တာဖြစ်ပါတယ်။
ပုဒ်မ-၁၂၄(က) ပြစ်ဒဏ်ဟာ ငွေဒဏ်နဲ့အတူ ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ၊ ၇ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေ ဒဏ် သက်သက်ဖြစ်စေ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
ဒီပုဒ်မနဲ့ ပတ်သက်လို့ NLD အစိုးရလက်ထက်က တရားစွဲခံရတဲ့ စစ်တပ်အရာရှိဟောင်း ဘူးလက်လှဆွေ ကို တော့ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက အမှုရုတ်သိမ်းလိုက်ပါတယ်။ သူ့လိုပဲ ပုဒ်မ ၁၂၄ (က)နဲ့ တရား စွဲ ခံထားရတဲ့ မဘသ ဆရာတော် ဦးဝီရသူကတော့ ယခုထိ အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
“ပြင်ဆင်လိုက်တဲ့ ရာဇသတ်ကြီး ပုဒ်မတွေက မူလရှိနေပြီးသား ပုဒ်မတွေနဲ့ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ပေါ်ပေါက်လာတဲ့ လူထုအုံကြွမှု၊ ဆန္ဒဖော်ထုတ်မှု၊ သပိတ်တွေကို အရေးယူဖို့ မလုံလောက်တဲ့အတွက် ပြင်ဆင် ပြဌာန်းလိုက်တယ်လို့ပဲ မြင်ပါတယ်” လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတဦးက သုံးသပ်ပါတယ်။
ရာဇဝတ်ကျင့်ထုံးဥပဒေ ပြင်ဆင်ချက်အနေနဲ့ကတော့ စစ်ကောင်စီက ပြင်လိုက်တဲ့ ပုဒ်မတွေကို ရဲအရေးပိုင်မှု အဖြစ်နဲ့ ပြောင်းလဲလိုက်တာဖြစ်သလို ပုဒ်မ ၅၀၅(က) ကိုလည်း ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ပြုလိုက်တာ ဖြစ်ပါ တယ်။
“ရာဇသတ်ကြီးကို ပြင်တယ်ဆိုတာ အင်မတန်မှ အန္တရာယ်များတယ်၊ ရာဇသတ်ကြီးဆိုတာ ကျနော်တို့ရဲ့ Mother Law (အခြေခံဥပဒေ) ကတောင် သူ့ကို မှီငြမ်းရတယ်၊ သူအဲဒီလိုမျိုး ပြင်လို့မရဘူးခင်ဗျ။ ဒီဥပဒေက အတည်ပြုမလား ဆိုတာကလည်း မဖြစ်နိုင်ဘူး၊ သူ့အတွက်သုံးဖို့ပဲ”လို့ ဥပဒေအကြံပေး တဦးကလည်း သုံးသပ်ပါတယ်။
နိုင်ငံသားအခွင့်အရေးကို ငြင်းပယ်ခြင်း
အာဏာသိမ်း စစ်ကောင်းစီရဲ့ ဆိုးဝါးတဲ့ ဥပဒေပြင်ဆင်မှု အနေနဲ့လည်း နိုင်ငံသား အခွင့်အရေးတွေကို အာမခံ ထားတဲ့ “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ” ပါ ပုဒ်မ ၅၊ ပုဒ်မ ၇၊ ပုဒ်မ ၈ တို့ကို ရပ်ဆိုင်းလိုက်တာပဲ ဖြစ်ပါတယ်။
ဒီအတွက် လူတဦးအပေါ်၂၄ နာရီထက် ကျော်လွန်ချုပ်နှောင်တာတွေ၊ နောက်ယောင်ခံလိုက်တာတွေ၊ ဖုန်းကြား ဖြတ်နားထောင်တာတွေ၊ တရားဝင်ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးတာ၊ အဓမ္မ ရယူတာတွေဟာ စစ် ကောင်စီတပ်ဖွဲ့ဝင်တွေ စိတ်ကြိုက် လုပ်ဆောင်ခဲ့ကြပါတယ်။
“ဒီအခွင့်အရေးတွေကို ပယ်ဖျက်လိုက်တာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်တဲ့ ပြဋ္ဌာန်းချက်လည်းဖြစ် သွားတယ်၊ နိုင်ငံအတွင်းမှာရှိနေတဲ့ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နဲ့လုံခြုံမှုကို တိုက်ရိုက်ထိပါးပြီး တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားသွားစေတဲ့ အကြောင်းအရင်း တခုဖြစ်ပါတယ်” လို့ ဥပဒေရေးရာ ကျွမ်းကျင် သူတဦးက မှတ်ချက်ပြုပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၇၆ မှာ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာ ယာရေးနှင့် အများပြည်သူ အကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင် ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ (သို့) တည်ဆဲဥပဒေ တရပ်ရပ်အရ ခွင့်ပြုသည့် ကိစ္စမှတပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့် မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်းခြင်း မပြုရ” လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါ့ပြင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးဥပဒေကို ပြင်ဆင်ခြင်းအားဖြင့်လည်း ဧည့်စာရင်းဥပဒေကို စစ်ကောင်စီ ပြန် လည် အသက်သွင်းခဲ့ပါတယ်။
ဒီလို ဥပဒေတွေ ပြင်ဆင်တဲ့ အကျိုးဆက်ကတော့ လက်နက်ကိုင် စစ်ကောင်စီတပ်ဖွဲ့တွေဟာ နိုင်ငံသားတဦး၊ နေအိမ်တခုကို ဧည့်စာရင်း အကြောင်းပြကာ အကြမ်းဖက်ရှာဖွေဖမ်းဆီးတာတွေ၊ ပိုင်ဆိုင်မှု အကျိုးစီးပွား ဖျက်ဆီးတာတွေနဲ့ လုယက်မှုတွေဟာ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။
“ဒီဥပဒေတွေ ပြင်ဆင်လိုက်ခြင်းရဲ့ အကျိုးသက်ရောက်မှုတွေဟာ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာတာ တွေ့ရ တယ်။ နိုင်ငံတနိုင်ငံနဲ့ လူအဖွဲ့အစည်းတခုမှာ ရှိကို ရှိနေရမယ့် နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်နဲ့ လုံခြုံမှုဟာ လုံးဝ ပျက်သုဉ်းသွားတယ်” လို့ ရှေ့နေတဦးက ပြောပါတယ်။
အဲဒါအပြင် အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အီလက်ထရွန်းနစ် ဆက်သွယ်ရေးဥပဒေ၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေ စတဲ့ ဥပဒေတွေကိုလည်း အာဏာတည်မြဲရေးအတွက် ပြင်ဆင်တာတွေ လုပ်ခဲ့ပါတယ်။
နိုင်ငံတော် အာဏာသိမ်းပြီး ဥပဒေတွေ စိတ်ကြိုက်ပြင်ဆင်ခဲ့တဲ့ စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇူလိုင် ၁၀ အထိ ရက်ပေါင်း ၁၆၀ အတွင်း လူ ၆၆၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး ငါးထောင်ကျော်ဟာ ဆက်လက်ချုပ် နှောင် ခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန် ထားပါတယ်။
ဒီလို ဖမ်းဆီးချုပ်နှောင်ခံရသူတွေထဲ နိုင်ငံရေး ပြစ်မှုတွေအတွက် ကူညီကာကွယ်ဖို့ကြိုးပမ်းတဲ့ ရှေ့နေ ၁၇ ဦးခန့် လည်း ပါဝင်ပြီး ဖမ်းဆီးခံရသူ အများစုဟာ စစ်ကောင်စီ စိတ်ကြိုက် ပြင်ဆင် ပြဋ္ဌာန်းထားတဲ့ ပုဒ်မတွေနဲ့ တရား စွဲခံ ကြရပါတယ်။
ယင်းကာလအတွင်း စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့်လဲ အသက်မပြည့်သေးတဲ့ ကလေးငယ်များ အပါအဝင် လူကိုးရာခန့် သေဆုံးခဲ့ရပြီး အချို့မှာ ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့တာ ပဲဖြစ်ပါတယ်။
အာဏာသိမ်းစစ် ကောင်စီရဲ့ တရားစီရင်မှုမဲ့ သတ်ဖြတ်မှုတွေ၊ အတိုက်အခံများအပေါ် အငြင်းပွားဖွယ် ဖမ်းဆီး တာ၊ ချုပ်နှောင်တာ၊ ဖိနှိပ်ဖို့ ဥပဒေပြင်ဆင်တာတွေဟာ အခြေခံအခွင့်အရေးတွေ လေးစားလိုက်နာရေး မူတွေနဲ့ အညီ ဆောင်ရွက်ဖို့နဲ့ အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ)ရဲ့ ပဋိဉာည်အရ လူ့အခွင့်အရေး မြှင့် တင်ကာကွယ်ဖို့ မြန်မာနိုင်ငံရဲ့ တာဝန်ဝတ္တရားတွေကို အတိအလင်း ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ အမေရိ ကန် ရှေ့နေများအသင်း (ABA) က ထောက်ပြထားပါတယ်။
တရားစီရင်ရေးစနစ် လွတ်လပ်ဖို့၊ ရှေ့နေတွေကို အန္တရာယ်မပေးဖို့၊ ဥပဒေမဲ့ သတ်ဖြတ်ဖမ်းဆီးတာတွေ ရပ်တန့် ပြီး ကျူးလွန်တဲ့ စစ်တပ်အရာရှိတွေကိုလည်း နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေနဲ့အညီ အပြစ်ပေး အရေးယူဖို့လည်း ABA က အကြံပြု တိုက်တွန်းထားပါတယ်။
You may also like these stories:
ဒီပဲယင်းကို အာဏာသိမ်း စစ်တပ် ဘယ်လိုစီးနင်း တိုက်ခိုက်ခဲ့သလဲ
ရုပ်ရှင်ဖန်တီးသူ မအိမ့် စစ်ကြောရေးတွင် ခြေချောင်းများ ကျိုးသည့်အထိ နှိပ်စက်ခံရဟု ဆို
မြင်းခြံမှ NLD အမာခံထောက်ခံသူ ၂ ဦး စစ်ကြောရေးတွင် သေဆုံး