အစိမ်းရောင် စစ်ယူနီဖေါင်းဝတ်ထားသာ ဗိုလ်ချုပ်ထွန်းထွန်းနောင်နှင့် သူ၏တိုင်းမှူးများသည် ၎င်းတို့၏ ဖိနပ်များကို ချွတ်လိုက်ပြီး နီညိုရောင်သင်္ကန်းဝတ်ထားသော ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးရှေ့တွင် ဒူးထောက်လိုက်ကြသည်။ လက်များကိုဆန့်တန်းပြီး ထိုဘုန်းကြီးကို အလှူဒါနများပြုလုပ်ကာ တရားနာပြီး ဘုန်းတော်ကြီး၏ ဉာဏ်ပညာကို ချီးကျူး ဂုဏ်ပြုကြသည်။ ထိုနေ့သည် မြန်မာနိုင်ငံတွင် စစ်တပ်၏ အထွဋ်အထိပ် အာဏာကို စစ်အာဏာသိမ်းမှုဖြင့် ကျစ်လစ်ခိုင်မာအောင်လုပ်ပြီး သုံးရက်အကြာ ဖေါ်ဖေါ်ဝါရီလ ၄ ရက်နေ့ဖြစ်ပြီး စစ်ကောင်စီသည် နိုင်ငံအတွင်း သြဇာအကြီးမားဆုံး ဘာသာရေးခေါင်းဆောင်များအနက် တဦးဖြစ်သူ သီတဂူဆရာတော် အရှင်ဉာဏိဿရကို အရိုအသေပေးနေခြင်းဖြစ်သည်။
၁၉၈၀ ခုနှစ်များနှောင်းပိုင်းက အာဏာရှင်စစ်တပ်ကို ဆန့်ကျင်သည့် ဒီမိုကရေစီလှုပ်ရှားမှုတွင် သီတဂူဆရာတော် ပါဝင်ထောက်ခံခဲ့မှုမှာ ယခုနောက်ဆုံး အာဏာသိမ်းမှုတွင် စစ်တပ်ကို လက်ခံခြင်းနှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်။
တခါက ဒီမိုကရေစီ သူရဲကောင်းဖြစ်သော သီတဂူဆရာတော် မကြာသေးမီနှစ်များအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ဗိုလ်ချုပ်များထံမှ အလှူဒါနများကို လက်ခံနေသည့် ပုံများက ဆရာတော်သည် ဒီမိုကရေစီ ဆန္ဒပြသူ အဖြစ်မှ အာဏာပွဲစားအဖြစ် ပြောင်းလဲသွားခြင်းကို ဖေါ်ပြနေသည်။ ပိုမိုကျယ်ပြန့်စွာဆိုရပါက မြန်မာနိုင်ငံမှ ထိပ်တန်း ဗုဒ္ဓဘာသာဘုန်းကြီးများ လွန်ခဲ့သော နှစ် ၃၀ အတွင်း အစိုးရဆန့်ကျင်သူအဖြစ်မှ လက်နက်ကိုင် အမျိုးသားရေး ဝါဒထောက်ခံသူဖြစ်သွားသည့် လှုပ်ရှားမှုကို ဖေါ်ပြနေခြင်း ဖြစ်သည်။
၁၉၈၈ ခုနှစ်က ဆန္ဒပြပွဲများတွင် ပါဝင်ပြီးချိန်နောက်ပိုင်းတွင် သီတဂူဆရာတော်သည် မြန်မာနိုင်ငံမှ ဆယ်စုနှစ် များစွာကြာပြီဖြစ်သည့် ဒီမိုကရေစီရေးတိုက်ပွဲတွင် ဒီမိုကရက်တစ်နှင့် စစ်အစိုးရနှစ်မျိုးလုံးကို သစ္စာခံမှု လျှော့ကျလာသည်။ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒနှင့် ဗုဒ္ဓဘာသာကို အမျိုးသား ဦးစားပေးအဖြစ် ထိန်းထားလိုသော ဆန္ဒတို့သည် မြန်မာနိုင်ငံမှ ဘုန်းကြီးများအကြား လွှမ်းမိုးသော အတွေးအခေါ်ဖြစ်သည်။ စာရေးသူတို့ ယခင်ကရေးသားခဲ့သည့်အတိုင်း ဗုဒ္ဓဘာသာဝင်မဟုတ်သူများအားလုံးသည် မြန်မာ့ဘာသာရေး လက္ခဏာအတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟု ယူဆသော စစ်တပ်၏တင်းမာသော အစ္စလမ် ဆန့်ကျင်ရေး ရပ်တည်ချက်ကြောင့် ဗုဒ္ဓဘာသာ အမျိုးသားရေးဘုန်းကြီးများသည် စစ်အုပ်ချုပ်ရေးကို မကြာခဏဆိုသလို ထောက်ခံကြသည်။ သီတဂူဆရာတော်သည် ဒီမိုကရေစီ၏ပြယုတ်အဖြစ်မှ စစ်ကောင်စီထောက်ခံသူအဖြစ် ပြောင်းလဲသွားရသည့်အကြောင်းများတွင် ထိုအချက်ကလည်း အခန်းကဏ္ဍတခုမှ ပါဝင်သည်။
သီတဂူဆရာတော်သည် ၁၉၃၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က ဧရာဝတီမြစ်အရှေ့ဖက်ကမ်းအနီး ဗြိတိသျှကိုလိုနီများအုပ်ချုပ်သည့် ကျေးလက်ဒေသဖြစ်သော သဲကုန်းမြို့နယ်တွင် ဖွားမြင်သည်။ နိုင်ငံ လွတ်လပ်ရေးရပြီး ၉ နှစ်အကြာ ၁၉၅၇ ခုနှစ်တွင် ဘုန်းကြီးဝတ်ပြီးနောက် ဗုဒ္ဓဘာသာအစဉ်အလာ အဆင့်များမြင့်တက်လာသည်။ ထေရဝါဒ ဗုဒ္ဓဘာသာလွှမ်းမိုးသော မြန်မာနိုင်ငံတွင် သာမန်လူသားများ၏ နေ့စဉ်ဘဝများသည် ဘာသာရေးအဆုံးအမနှင့် လှူဒါန်းမှုများမှတဆင့် သံဃာ ဟုခေါ်သော ဘုန်းကြီးအသိုက်အဝန်းပေါ် မှီခ်ိုနေသည်။ မြန်မာနိုင်ငံတွင် သံဃာများသည် အရေးပါသောအခန်းမှ ပါဝင်နေသည်မှာ ရာစုနှစ်များစွာကြာပြီး သံဃာများသည် ဘာသာရေးခေါင်းဆောင်အခန်းမှသာမက လူမှုနိုင်ငံရေး အပြောင်းအလဲများတွင် ဆက်စပ်ပေးသူများအဖြစ်လည်း လုပ်ကိုင်ကြသည်။ ၁၉၇၇ ခုနှစ်တွင် သီတဂူ ဆရာတော်သည် သူ၏ပထမဆုံး ဘုန်းကြီးကျောင်းကို ထူထောင်ပြီး ဆွဲဆောင်မှုရှိသော တရားများ ဟောကာ ၁၉၈၀ ခုနှစ်များတွင် ပရဟိတတိုးတက်ရေးလုပ်ငန်းများကို စတင်လုပ်ကိုင်သည်။
၁၉၈၀ ခုနှစ်များ ကုန်ဆုံးခါနီးသောအခါ ဦးနေဝင်းနှင့် သူ၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ အာဏာရှင် အစိုးရ စတင်ပြိုကျပြီး ၁၉၈၈ ခုနှစ်သို့ ရောက်သောအခါ ယခု ၈ လေးလုံးသိကြသည့် တနိုင်ငံလုံးဆန့်ကျင်ကန့်ကွက် အာဏာဖီဆန်မှုတွင် အရှိန်အဟုန် အမြင့်မားဆုံးဖြစ်သည်။ ကျောင်းသားများသည် ထိုဆန္ဒပြပွဲများကို အခြေခံအားဖြင့် လှုံ့ဆော်သော်လည်း ဘုန်းကြီးများက ပူးပေါင်းပါဝင်ကြပြီး စစ်တပ်က ၎င်းတို့၏ထုံးစံ နည်းပရိရာယ်များဖြင့် သွေးခွဲရန် ကြိုးစားကြောင်း ထိုစဉ်က ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကာလက်တန်ကောလိပ်မှ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ ဦးထွန်းမြင့်က တွေ့ဆုံမေးမြန်းမှုတခုတွင် စာရေးသူတို့ကို ပြောသည်။
ထိုကာလအတွင်း သီတဂူဆရာတော်သည် လူသိများပြီးဖြစ်ကာ အစိုးရကိုဆန့်ကျင်သည့် တရားများဟောသည်။ ထင်ရှားသော တရားတပုဒ်တွင် သီတဂူဆရာတော်က အစောပိုင်း ဗုဒ္ဓဘာသာ ကျမ်းဂန်များမှ မင်းကျင့်တရားဆယ်ပါးကို ကိုးကားပြီး ဆိုရှယ်လစ်ပါတီကို ဝေဖန်သည်။ ထို့ကြောင့် သူသည် နိုင်ငံခေါင်းဆောင်များ၏အာဏာကိုသာမက ဘာသာတရားကိုင်းရှိုင်းသည့် ဗုဒ္ဓဘာသာဝင်များအဖြစ် ၎င်းတို့၏ တရားဝင်မှုကိုပါ မေးခွန်းထုတ်သည်။ ထိုတရားနှင့် ဆန္ဒပြသူများကို နောက်ပ်ိုင်းတွင် နှိပ်ကွပ်မှုများကြောင့် သီတဂူဆရာတော်သည် အမေရိကန်ပြည်ထောင်စုတွင် ကာလတခု သွားရောက်နေခဲ့ရဖွယ်ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် သီတင်းသုံးစဉ် သီတဂူဆရာတော်သည် ကမ္ဘာ့ဘာသာကြီးများကိုလေ့လာသည်။ အမေရိကန် ပြည်ထောင်စုမှ ပြန်လာသောအခါ သီတဂူဆရာတော်ကို ကိုးကွယ်သူ အကြီးအကျယ် များပြားလာသည်။
သီတဂူဆရာတော်သည် မြန်မာနိုင်ငံအတွင်း အလှူဒါနလုပ်သည့် အလေ့အထကို တဖြည်းဖြည်းပြောင်းလဲအောင် ဦးဆောင်လုပ်ကိုင်သည်။ သူ၏ဘာသာရေးဆိုင်ရာ အခန်းကဏ္ဍအပြင် သူသည် လောကီနှင့် လူမှုအသိစိတ်ရှိသော အလှူဒါနများကိုလည်း သူထောက်ပံ့သည်။ ဘုန်းကြီးကျောင်းများနှင့်မဆိုင်သည့် အဖွဲ့အစည်းများနှင့် လုပ်ငန်းများကိုပါ ထောက်ပံ့သည်။ အလှူဒါနအများစုကို ဘုန်းကြီးများနှင့် ဘုန်ကြီးကျောင်းများသို့ တိုက်ရိုက်ပေးနေကြသော်လည်း ထိုကိစ္စသည် သိသာသော အပြောင်းအလဲ၏ အစဖြစ်သည်။ တိုရွန်တို တက္ကသိုလ်မှ ခေတ်ပြိုင်နိုင်ငံရေး သဘောတရား ဆိုင်ရာ လက်ထောက်ပါမောက္ခ နှင့် မြန်မာ့နိုင်ငံရေး လေ့လာသူ မက်သရူး ဝေါ်လ်တန်က “ မြန်မာပြည်သူတွေက ဒီလိုလုပ်ငန်းတွေကို ကိုယ့်ဒေသမှာ ကိုယ်လုပ်ကြတာ။ ဒါပေမယ့် စနစ်တကျ လှူဒါန်းတဲ့ အလေ့အထနဲ့ပတ်သက်တဲ့ လူတွေရဲ့ အမြင်ကို ပြောင်းလဲသွားစေတဲ့ ဘုန်းကြီးအနည်းငယ်ထဲမှာ သီတဂူ ဆရာတော်လည်း ပါတယ်” ဟု ပြောသည်။
သီတဂူဆရာတော်၏ ဂုဏ်သတင်းသည် ထိုစဉ်က စစ်အုပ်စုဆန့်ကျင်ရေး လှုပ်ရှားမှုနှင့်အတူ ဆက်လက် ကြီးထွားနေသည်။ ၂၀၀၇ ခုနှစ်တွင် ရွှေဝါရောင်တော်လှန်ရေး သံဃာထောင်ပေါင်းများစွာက စစ်အုပ်ချုပ်ရေး၏ တရားမျှတမှု ကင်းမဲ့သည့် မူဝါဒများကို ဆန့်ကျင်ပြီး လမ်းမများပေါ်သို့ တက်လာကြသည်။ သို့သော် သီတဂူဆရာတော်သည် ထိုလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခြင်း မရှိပေ။ ထိုလှုပ်ရှားမှုတွင် အခြားသံဃာ ထောင်ပေါင်းများစွာ ပါဝင်နေသော်လည်း ဤတကြိမ်တွင် ပါဝင်ခြင်းမရှိသည့်အပြင် သူ၏ကျောင်းတိုက်မှ အခြားသံဃာများကိုလည်း မပါဝင်စေရန် တားမြစ်သည်။
ထိုစဉ်က ဆန္ဒပြပွဲများတွင် ဘုန်းကြီးအများအပြားသည် ဒီမိုကရေစီ လိုလားသောကြောင့် ပါဝင်ကြသော်လည်း ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒကို ယုံကြည်သူ တိုးပွားလာပြီး၂၀၀၇ လှုပ်ရှားမှုသည်လည်း ထိုရည်မှန်းချက်အတွက် နည်းလမ်းတခုဖြစ်သည်။ ထိုသို့သော သူများအတွက် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခြင်းသည် အခြေခံလွတ်လပ်ခွင့်နှင့် တန်းတူညီမျှခွင့်ကို ယုံကြည်ခြင်းမှ မြစ်ဖျားခံလာသည်မဟုတ်ကြောင်း အောက်စဖို့ဒ်တက္ကသိုလ် Exeter College မှ လူမှုမနုဿဗေဒဆရာ မြန်မာနိုင်ငံတော်နှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ ကျော်ကြားသော ပညာရှင် မီလင် မက်ကေးက စာရေးသူများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။
သီတဂူဆရာတော်၏ ဂုဏ်သိက္ခာ ပိုမိုကြီးမားလာခြင်းမှာ အများပြည်သူဘဝတွင် ပိုမိုပါဝင်ဆောင်ရွက်လာသော အခန်းကဏ္ဍနှင့်လည်း သက်ဆိုင်သည်။ ၂၀၀၈ ခုနှစ်သို့ရောက်သောအခါ မြန်မာနိုင်ငံတွင် လူ ၁၀၀၀၀၀ ကျော်သေဆုံးစေသည့် နာဂစ်ဆိုင်ကလုန်းအပြီး မုန်တိုင်းဒဏ်ခံဒေသများသို့ သီတဂူဆရာတော်က သင်္ဘောများ၊ ထရပ်ကားများဖြင့် ကယ်ဆယ်ရေးပစ္စည်းများပေးပို့သောအခါ ဆရာတော်၏ ဂုဏ်သတင်းသည် ပိုမိုမြင့်မားလာသည်။ မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံရသော မြို့နယ် ၄ ခုတွင် ကယ်ဆယ်ရေးဌာနများကို တပတ်အတွင်း ထူထောင်နိုင်ခဲ့သည်။ ထို့ကြောင့် ဆရာတော်ကို လူထုထောက်ခံမှုကျယ်ပြန့်စေပြီး ထိုအချိန်တွင် နိုင်ငံရေးသြဇာအာဏာနှင့် ဆရာတော်အကြား ဆက်စပ်မှု မြင့်မားလာခြင်းနှင့်လည်း တိုက်ဆိုင်နေသည်။ ထိုစဉ် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအာရုံစိုက်မှု တိုးလာခြင်းနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအလားအလာတို့ကြောင့်လည်း သီတဂူဆရာတော်သည် ပိုမိုအာရုံစိုက်ခံရလာသည်။ မြန်မာနိုင်ငံ ခရီးစဉ်များအတွင်း သမ္မတဘားရက်အိုဘားမားနှင့် ပုပ်ရဟန်မင်းကြီး ဖရန်စစ်တို့ သီတဂူ ဆရာတော်နှင့် တွေ့ဆုံခဲ့သည်။ ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံအနောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင်များ ပဋိပက္ခဖြစ်ပွားသောအခါ သီတဂူဆရာတော်သည် ကြားဝင်စေ့စပ်သူတဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး လူမှုအသိုင်းအဝန်းများအကြား ဒဏ်ရာဒဏ်ချက်များကို ကုသရေးအတွက် ဘာသာပေါင်းစုံ ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည်။ သို့သော် သီတဂူဆရာတော်သည် အစ္စလာမ်ခြိမ်းခြောက်မှုကို သတိပေးသော တရားများကိုလည်း တဖက်တွင် ဟောကြားနေသည်။
၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် အတင်းကျပ်ဆုံး မွတ်ဆလင်ဆန့်ကျင်ရေး ဥပဒေများကို ပြဋ္ဌာန်းပြီး အစဉ်အလားအားဖြင့် ပုဂ္ဂလိကဘဝအတွက် သတ်မှတ်ထားသော ကိစ္စများတွင်ပါ မကြုံစဖူးဝင်ရောက်စွက်ဖက်လာသည်။ ထိုဥပဒေများအရ မွတ်ဆလင်လူဦးရေ အများဆုံးရှိသော ဒေသများတွင် အမျိုးသမီးသမီးများ ကိုယ်ဝန်တခုနှင့် တခုအကြား ၃ နှစ်နှင့်အထက်ခြားထားရန် လိုသည်။ ဘာသာကူးပြောင်းရန် အတွက် ဒေသဆိုင်ရာ အစိုးရထံမှ ခွင့်ပြုချက်တောင်းခံရန် လိုသည်။ အိမ်ထောင်ရေး ဖေါက်ပြန်ခြင်းနှင့် အိမ်ထောင်တခုမက ယူခြင်းကို ပိတ်ပင်သည်။ ထိမ်းမြားလက်ထပ်ခြင်းကို တဦးက ကန့်ကွက်ပါက ထိုထိမ်းမြားလက်ထပ်ခြင်းကို ပိတ်ပင်နိုင်သည်။ သီတဂူဆရာတော်သည် ထိုဥပဒေများကို ကြိုဆိုထောက်ခံရုံသာမက နိုင်ငံရေးတွင် ဘာသာရေးဖြင့် ဝင်ရောက်စွက်ဖက်ခြင်းကို မှန်ကန်ကြောင်းပြသည့် ယခင်ဖြစ်ရပ်များအဖြစ် သူမြင်သော ကိစ္စများကိုပင် ပြန်လည်ကိုးကားပြောဆိုသည်။ လွန်ခဲ့သော ရာစုနှစ်တခုက ကွန်မြူနစ်ဝါဒ ပျံ့နှံ့မှုကို တားဆီးရန် ပုပ်ရဟန်းမင်းများက ခရစ်ယာန် ဒီမိုကရက်တစ် ပါတီများကို ကူညီဖွဲ့စည်းပေးသည့်အတိုင်း ဗုဒ္ဓဘာသာခေါင်းဆောင်များသည် အစ္စလမ်ဘာသာ ပျံ့နှံ့မှုကို နိုင်ငံ၏ဥပဒေများဖြင့် တားဆီးရန် ကြိုးစားနိုင်သည်ဟု သီတဂူဆရာတော်ကပြောသည်။ ထိုအချိန်မှစတင်ပြီး သီတဂူဆရာတော်သည် တရားတော်အရ တားမြစ်ထားသည့်တိုင် ဘုန်းကြီးများ စစ်မှုထမ်းရေးအယူအဆကို သြဇာကြီးအောင်နှင့် မွတ်ဆလင်အသိုက်အဝန်းအတွက် နိုင်ငံတော်အမိန့်ဥပဒေများကို အကောင်းအထည်ဖေါ်အောင် လုပ်ဆောင်သည်။
သီတဂူဆရာတော်က စစ်တပ်နှင့် ဘုန်းကြီးများကို အမျိုးအကျိုးစီးပွားအတွက်ဟုဆိုကာ ညီညွတ်စေသောအခါ ထိုသို့လုပ်ရန် လှုံဆော်ခြင်းနှင့် မှန်ကန်ခြင်းကို ပြသရန် အတိတ်က ဒဏ္ဍာရီများကို ကိုးကားသည်။ ဥပမာအားဖြင့်ဆိုရပါက ၂၀၁၇ ခုနှစ် တရားတခုတွင် သီတဂူဆရာတော်က အရေးပါသော ထေရဝါဒ ဗုဒ္ဓဘာသာကျမ်းဂန်တခုကို အသုံးပြုသည်။ ထိုကျမ်းစာသည် အနုရဒါပူရ ဘုရင့်နိုင်ငံတော် (ယနေ့ခေတ် သီရိလင်္ကာနိုင်ငံ၏ အစ်ိတ်အပိုင်း) မှ ဒုဌဂါမဏိဘုရင်က မှန်ကန်မှုနှင့် ပတ်သက်သည့် ဗုဒ္ဓဘာသာအယူအဆများအား အကြမ်းနည်း စစ်မက်အင်အားဖြင့် အနိုင်ယူခြင်းအကြား ဆက်စပ်လိုက်သည်ကို သရုပ်ဖေါ်သည်။ ထိုတရားသည် စစ်ပွဲတွင် ထောင်နှင့်ချီသတ်ဖြတ်ခြင်းကို ဒဏ္ဍာရီက မှန်ကန်ကြောင်းပြသည်။ ထိုဒဏ္ဍာရီက ရှေးခေတ်ဘုရင်များ၏ ရန်သူများသည် လူသားအစစ်များ မဟုတ်သည့် သဖွယ် ဖေါ်ပြသည်။ ရန်သူသည် ရန်သူအစစ်ဖြစ်လျှင် သွေးချောင်းအစီးဆုံးစစ်ပွဲများသည် မမှားဟု သီတဂူဆရာတော်က ဆိုလိုပုံရသည်။
ထိုသို့သောဆွေးနွေးချက်များကို ယခင်ကလည်း ဘုရင်များနှင့် ဘုန်းကြီးများက သွေးချောင်းစီးမှုများသည် လိုအပ်သည့်လုပ်ရပ်များဖြစ်ကြောင်းပြရန် သုံးခဲ့ကြပြီး မွတ်ဆလင်များသည် မြန်မာနိုင်ငံမှ လူများစု လူမျိုးနှင့် ဘာသာအတွက် အနီးဆုံးရန်သူဖြစ်ကြောင်း တက်ကြွစွာ သရုပ်ဖေါ်သော နိုင်ငံတော်နှင့် ဘာသာရေးခေါင်းဆောင်များက ရန်သူကို လူသားမဟုတ်သည့်သဖွယ် ပုံဖေါ်ရန် အားထုတ်မှု၏ တစိတ်တပိုင်းဖြစ်သည်။ ထိုသို့ကြီးထွားလာသော အမျိုးသားရေး ဘာသာရေးဝါဒသည် မကြာခဏဆိုသလို ဝေဖန်ခံရသည်။ သီတဂူဆရာတော်၏ စကားများသည် အန္တရာယ်များကြောင်း အခြားထင်ရှားသည့် ဆရာတော်တပါးက ဝေဖန်သည်။ သို့သော် ထိုသို့ဝေဖန်သံများမှာ တဦးတယောက်တည်း၏ ဝေဖန်မှုဖြစ်နေသည်။ သီတဂူဆရာတော်၏ ဗုဒ္ဓဘာသာက မွတ်ဆလင်လူမှုအသိုက်အဝန်းကို ဖိနှိပ်ရာတွင် လိုအပ်မှန်ကန်ကြောင်း ဖေါ်ပြသည့် ဇာတ်လမ်းသည် မြန်မာနိုင်ငံတွင် အဓိကလွှမ်းမိုးသည့် ဇာတ်လမ်းဖြစ်နေသည်။
သူ၏ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီ အခန်းကဏ္ဍနှင့်အတူ သီတဂူဆရာတော်သည် နိုင်ငံ၏ ဘာသာရေးနှင့် နိုင်ငံရေးဘဝတွင် ထင်ရှားသောခေါင်းဆောင် ဖြစ်နေစေရန် ဆက်လက်လုပ်ကိုင်သည်။ သူသည်တခါတရံတွင် ကြီးမားသော လူအုပ်ကြီးများကို တရားဟောသည်။ သူနှင့်အတူ ဗီဒီယိုရိုက်ကူပေးသူများကိုလည်း ခေါ်ယူထားပြီး သူ၏တရားများနှင့် တရားအပြန်အလှန်ဆွေးနွေးခြင်းများကို မှတ်တမ်းတင်ထားသည်။ တဖြည်းဖြည်းဖြင့် သူသည် နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမှ ခေါင်းဆောင်များနှင့် ဆက်ဆံရေးကိုလည်း ပြုစုပျိုးထောင်သည်။ မြန်မာခေါင်းဆောင်များက သူ၏မွေးနေ့ပွဲများကို တက်ရောက်ကြသည်။ ထို့အပြင် သူသည် သူ၏ နိုင်ငံတကာအဆက်အသွယ်များကိုလည်း သူ ဂုဏ်ယူထုတ်ဖေါ်ပြောဆိုလေ့ရှိသည်။ သူနှင့် အိုဘားမားတို့ ရိုက်ကူးထားသော ဓါတ်ပုံကို သူ၏ကျောင်းများတွင် ချိတ်ဆွဲသည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းကြောင့် သံဃာအသိုက်အဝန်းမှ ပိုမို အမျိုးသားရေးဆန်သော အဖွဲ့ဝင်များထံမှ တိတ်တဆိတ်ဝေဖန်မှုများကိုလည်း ဖြစ်စေသည်။ တခါက သူ ဒုတိယဥက္ကဌလုပ်ခဲ့သည့် မဘသ ဟုခေါ်သော မြန်မာမျိုးချစ်အဖွဲ့အစည်းထံမှပင် ဝေဖန်မှုများကို ခံရသည်။ မက်ကေး ပြောသည့်အတိုင်းဆိုရပါက “ ဥပမာပြရရင် မဘသ ခေါင်းဆောင်ပိုင်းမှာ သူ့ကို နိုင်ငံတကာဆရာတော်လို့ ရည်ညွှန်းသုံးနှုန်းတာမျိုး မကြာခဏရှိတယ်။ ဒီအသုံးအနှုန်းရဲ့ အဓိပ္ပါယ်က သူ့ရဲ့အကျိုးစီးပွားဟာ သူ့ရဲ့ပုဂ္ဂလိကဂုဏ်သတင်းကို ဗဟိုပြုပြီး နိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန်တည်ဆောက်ထားတယ်။ မြန်မာဗုဒ္ဓဘာသာနိုင်ငံရေးကို ကာကွယ်စောင့်ရှောက်ဖို့ မဟုတ်ဘူးလို့ အဓိပ္ပါယ် သက်ရောက်တယ်” ဟု ဆိုရမည်ဖြစ်သည်။
သို့သော် ယခုနှစ်တွင် သီတဂူဆရာတော်၏ အခန်းကဏ္ဍသည် ထပ်မံပြောင်းလဲသွားပြန်သည်။ စစ်ကောင်စီက ဆန္ဒပြသူများကို စတင်သတ်ဖြတ်ပြီးနောက် သူနှုတ်ဆိတ်နေသောကြောင့် ဝေဖန်ခံရသည်။ သူ၏လူမှုကွန်ရက် စာမျက်နှာများတွင်ပင် ဝေဖန်ခံရသည်။ သို့သော် မတ်လသို့ရောက်သောအခါ သီတဂူဆရာတော်သည် နှုတ်ဆိတ်မနေတော့ဘဲ အခြားသော ထင်ရှားသည့် ဆရာတော်များနှင့်အတူ ကြေညာချက်တစောင်ထုတ်ပြန်ပြီး စစ်ကောင်စီတပ်များကို ထိန်းချုပ်ရန်နှင် လက်နက်မဲ့အရပ်သားများကို အကြမ်းဖက်ချေမှုန်းခြင်း ချက်ခြင်းရပ်ရန် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တောင်းဆိုသည်။ ၁၉၈၈ ခုနှစ်က ကဲ့သို့ပင် မင်းကျင့်တရား ဆယ်ပါးကိုလိုက်နာရန် စစ်ကောင်စီခေါင်းဆောင်ပိုင်းကို တောင်းဆိုသည်။
မြန်မာနိုင်ငံမှ ယုံကြည်ကိုးကွယ်ခံထိုက်သော ဘာသာရေး ခေါင်းဆောင်များအကြား ဆက်ဆံရေးသည် ရှုပ်ထွေးသည်။ မြန်မာမိသားစုအများစုသည် ဘုန်းကြီးကျောင်းများသို့ အလှူဒါနများ ပြုလုပ်ကြသော်လည်း ၎င်းတို့တွင် ရွေးချယ်စရာ အများအပြားရှိနေသည်။ နိုင်ငံရေးအရ ထုတ်ဖေါ်ပြောဆိုသော ဘုန်းကြီးများသည် ၎င်းတို့ကိုးကွယ်ဆည်းကပ်သူများက အခြားဘုန်းကြီးကျောင်းများသို့ အလှူဒါနပြောင်းရွှေ့လုပ်ကိုင်မည့် အန္တရာယ်ကို ရင်ဆိုင်ရနိုင်သည်။ စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ပြည်သူအများစုကဆန့်ကျင်ကြောင်း ထင်ရှားသည့် လက္ခဏာများရှိသောကြောင့် သီတဂူဆရာတော် ရပ်တည်ချက်ပြောင်းရန် ဖိအားပေးခံရသည်ဟုဆိုလျှင် လုံး၀ အံ့သြစရာ မဟုတ်ပေ။
လွန်ခဲ့သောဆယ်စုနှစ်တခုက မြန်မာနိုင်ငံသည် နိုင်ငံရေးတိုးတက်မှုအတွက် အလားအလာကောင်းသော နေရာဖြစ်သည်။ ထိုနောက်ပိုင်းတွင် ကမ္ဘာတဝန်း အာဏာရှင်စနစ် ပြန်လည်အသက်ဝင်လာခြင်းကြောင့် မြန်မာခေါင်းဆောင်များသည် လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သတ်ဖြတ်ကြသည်။ ထူးခြားသည့် မည်သည့်နိုင်ငံတကာ စုပေါင်းတုန့်ပြန်မှုမျှ မရှိသေးဘဲ စစ်ကောင်စီ၏ အဆိုးရွားဆုံး လုပ်ရပ်များကိုလည်း အခြားနိုင်ငံများမှ အာဏာရှင်များက တိတ်တဆိတ်ထောက်ခံနေသည်။ ဦးထွန်းမြင့်ပြောသည့်အတိုင်းဆိုပါက “ ကမ္ဘာတဝန်းမှာ အာဏာပိုင်ဝါဒ ခေါင်းထောင်ထလာခြင်းဟာ နေရာတိုင်းက ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဖြစ်တယ်” ဟုသာ ဆိုရမည်ဖြစ်သည်။ သို့သော် သီတဂူဆရာတော်အပါအဝင် ခေါင်းဆောင်များကို အများပြည်သူဝေဖန်မှုများက အချည်းနှီးမဖြစ်ပေ။ ယခုနှစ် ဆန္ဒပြပွဲများသည် မြန်မာ့လူ့အဖွဲ့အစည်း အစိတ်အပိုင်းများ အားလုံးအကြား ရရန်ခက်ခဲသည့် ညီညွတ်မှုကို ပြသလိုက်သည်။ မြန်မာနိုင်ငံမှ အထင်ရှားဆုံး အမျိုးသားရေး ဝါဒီဖြစ်သည့် သီတဂူဆရာတော်က စစ်ကောင်စီ၏ အကြမ်းဖက်မှုကို ဝေဖန်ခြင်းအား ဖြစ်စေသည့် အများပြည်သူဝေဖန်မှုများနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် တောင်းဆိုမှုများ၏ စွမ်းရည်သည် ဒီမိုကရေစီအပေါ် ခြိမ်းခြောက်မှုကို တွန်းလှန်နိုင်သည်ဆိုသည့် မျှော်လင့်ချက်ကို ဖြစ်စေသည်။
(Brenna Artinger သည် လွတ်လပ်သော သုတေသီဖြစ်ပြီး အောက်စဖို့ဒ်တက္ကသိုလ်မှ ဗုဒ္ဓဘာသာဆိုင်ရာ မဟာဘွဲ့ရထားသည်။ Michael Rowand သည် နိုင်ငံတကာရေးရာ စာရေးဆရာနှင့် အာဖရိက ASAP ၏ ဖွံ့ဖြိုးတိုးတက်ရေး ဒါရိုက်တာဖြစ်သည်။ Foreign Policy ပါ ၎င်းတို့ ၂ ဦး ရေးသားသော A Famous Buddhist Teacher Is Under Fire for Backing Myanmar’s Junta ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ခေါင်းဆောင်များအတွက် ဆုတောင်းပေးရန် မြန်မာ ခရစ်ယာန်သာသနာပိုင် တိုက်တွန်း
နိုင်ငံတော်သြဝါဒ စရိယ ဈေးကုန်းဆရာတော် လေယာဉ်ပျက်ကျမှုကြောင့် ပျံလွန်တော်မူ
ဘာသာရေးပရိဝုဏ်တွင် ခိုလှုံသူများကို ပစ်မှတ်မထားရန် ကက်သလစ်ဆရာတော်ကြီး မေတ္တာရပ်ခံ
မြန်မာတို့နှင့် လောကီအစီအရင်များ